Photo- Kyaw Zay Ya
ဘန်ဘွေးကုန်း (မေ၊၂ဝ၁၇)
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်လောက်ကကောလင်းဒေသတစ်ခုလုံးမှာ ‘ဒေါ်ဗျိုင်းကိုတော့အစိုးရက တိုက်တစ်လုံး၊ ကားတစ်စီးပေးတယ်’ဆိုပြီး ဟိုးလေးတကျော်ကျော် ပျံ့နှံ့ခဲ့ဖူးတယ်။
အသက် ၆၆ နှစ် အရွယ် ဒေါ်ဗျိုင်းကစစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခန်သာတိုက်နယ်ထဲက ဘန်ဘွေးကုန်းရွာမှာ နေတယ်။ ဒီရွာက ကောလင်းမြို့ရဲ့ အရှေ့ဘက်မှာတည်ရှိပြီး ကောလင်းကနေ မိုင် ၂ဝ လောက်ဝေးတဲ့ ကျောက်ပုထိုးတောင်ခြေမှာ ရှိတယ်။ ကျောက်ပုထိုးတောင်ဆိုတာ မြန်မာနိုင်ငံမှာ လက်ရှိတူးဖော်နေတဲ့ အကြီးဆုံးရွှေသတ္တုတွင်းလုပ်ကွက် ငါးခုထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။
ဒေါ်ဗျိုင်းဟာ ဒီရွှေကြောကို ၁၉၈ဝခုနှစ်ဝန်းကျင်က တွေ့ရှိ ခဲ့တာဖြစ်တယ်။သူ ရွှေကြောကို တွေ့ခဲ့တာလည်း အိပ်မက်ဆန်လှတယ်။ ကျောက်ပုထိုးတောင်မှာ ရွှေရှိတယ်ဆိုတာကို သူ့စိတ်ထဲကအလိုလို ခံစားသိရှိနေပြီး သွားတူးကြည့်ဖို့လည်း တစ်စုံတစ်ရာက စေ့ဆော်နေခဲ့တယ်။
တစ်ရက်တော့ ဝန်းသိုမြို့နယ်ဘက်က ရွှေတွင်းမှာ အလုပ်သွားလုပ်နေတဲ့ခင်ပွန်းဖြစ်သူ အိမ်ပြန်လာတဲ့အချိန်မှာရွှေကျင်တဲ့ အင်ဝိုင်း (ဆန်ကောပုံစံသစ်ထွင်းလင်ဗန်း )ကိုယူ ၊ ခင်ပွန်းကိုပါခေါ် ပြးီဒေါ်ဗျိုင်း ကျောက်ပုထိုးတောင်ခြေဘက်ကို ထွက်ခဲ့တယ်။ အဲဒီနောက် တောင်ခြေတစ်နေရာက မြေကြီးတချို့ကို ပေါက်တူးနဲ့တူးယူပြီး ရေရှိတဲ့နေရာမှာ အင်ဝိုင်းနဲ့ကျင်ကြည့်တဲ့အခါ ရွှေတွေ ပါလာတော့တယ်။
”စတွေ့တွေ့ချင်းတော့ ပျော်တာပ။လင်မယားနှစ်ယောက် တိတ်တိတ်လေးပြန်လာခဲ့တာပ။ ဘယ်သူ့ကိုမှ မပြောဘဲနဲ့နောက်ရက်တွေလည်း သွားတူးတာပ”လို့ဒေါ်ဗျိုင်းက ရွှေစတွေ့ ခဲ့တဲ့ အခြေအနေကိုဒေသခံလေသံနဲ့ ပြန်ပြောပြတယ်။
သူတို့ မိသားစုတစ်စုတည်း ၁၅ရက်လောက်တူးခဲ့တယ်။ တစ်နေ့ကိုတစ်မတ်သား၊ ငါးမူးသားအထိ ရရှိခဲ့တယ်လို့ သူကပြောပြတယ်။ ဒါဟာ လက်နဲ့ ရွှေကျင်သူတွေအတွက် အလွန်ကို များပြားတဲ့ ရွှေပမာဏပါ။ နောက်တော့ ရွှေသွားသွင်းတဲ့ ဒိုင်က တစ်ဆင့် ဒေါ်ဗျိုင်း ရွှေကျင်နေတဲ့နေရာကို တခြားသူတွေလည်း သိသွားကြပြီး ကျောက်ပုထိုးတောင်မှာ ရွှေထွက်တာကို တစ်နယ်လုံး သိသွားတယ်လို့ ဆိုတယ်။
အဲဒီနောက် တစ်လခွဲခန့်အကြာမှာပဲ ဒေသအာဏာပိုင်နဲ့ ရဲတပ်ဖွဲ့ကကျောက်ပုထိုးတောင်မှာ ရွှေတူးဖော်တာတွေကို တားမြစ်လိုက်ကြတယ်။ စပိတ်ပိတ်ချင်းမှာတော့ ဝင်တူးချင်သူတွေကနာရီအလိုက် အခကြေးငွေပေးပြီး ပြန်ရှာခွင့်ရသေးတယ်။ နောက်ပိုင်းမှာတော့ဒေသခံတွေကို တူးဖော်ခွင့် အပြီးတိုင်ပိတ်သိမ်းလိုက်ပြီး နိုင်ငံပိုင်လုပ်ကွက်အဖြစ်သိမ်းယူလိုက်တယ်လို့ ဒေါ်ဗျိုင်းကပြန်ပြောင်းပြောပြတယ်။
အဲဒီရွှေကြောကို စတွေ့ခဲ့တဲ့ ဒေါ်ဗျိုင်းကိုတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရက ဆုချတဲ့အနေနဲ့ ရန်ကုန်မှာတိုက်တစ်လုံး၊ ကားတစ်စီးပေးခဲ့တယ် ဆိုတဲ့ ကောလာဟလက ဒီကနေ့အထိကောလင်းဒေသမှာ လူပြောများနေဆဲ။ဒါကြောင့် ဒေသခံတွေက သူ့ကို ရွှေဗျိုင်းလို့ တင်စားခေါ်ကြတယ်။
ဒါပေမဲ့ ဒီအဆောင်အယောင်တွေကို ဒေါ်ဗျိုင်း တကယ်မရခဲ့ပါဘူး။ မရတဲ့အပြင် ဧက ၁,၄ဝဝ ကျော်လောက် ကျယ်ဝန်းတဲ့ အစိုးရပိုင် သတ္တုနယ်မြေသတ်မှတ်ချက်ထဲမှာ တစ်ဧကမပြည့်တဲ့ သူတို့မိသားစုပိုင် ရှိစုမဲ့စုလယ်မြေလေးပါ ဘာလျော်ကြေးမှ မရဘဲ သိမ်းဆည်းခံခဲ့ရသေးတယ်။ အခုတော့ နိုင်ငံရဲ့အကြီးဆုံးရွှေကြောတစ်ခုကို စတွေ့ခဲ့သူ ဒေါ်ဗျိုင်းဟာအများသူငါ စွန့်ပစ်ထားတဲ့ ဘူးခွံ၊ ပုလင်းခွံနဲ့ အတိုအစမှန်သမျှကို ကောက်ယူပြီးပြန်ရောင်းချကာ အသက်မွေးနေရပါတယ်။
ဒေါ်ဗျိုင်းနှင့် သူ၏နေအိမ် Photo- Kyaw Zay Ya
”ကျွန်မကနာမည်ကြီးထမင်းငတ်ပ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုကျန်တဲ့ ဆန်နှစ်ပြည်ကုန်ရင် ဘာလုပ်ရမှန်းမသိသေးတာပ။ နေထိုင်ရတာတော့ မြင်တဲ့အတိုင်းပ” လို့ မတ်လနှောင်းပိုင်းကတွေ့ဆုံစဉ် ဒေါ်ဗျိုင်းက ညည်းညည်းညူညူပြောတယ်။
ဒေါ်ဗျိုင်းနေအိမ်က ခြေတံရှည်၊သွပ်မိုး၊ ထရံကာအမျိုးအစား။ မပြုပြင်နိုင်တာ ကြာနေပြီဖြစ်တာကြောင့် အိမ်ရဲ့ထောက်တိုင်နဲ့ ထုပ်တန်းတချို့က ဆွေးမြည့်နေသလို ကာရံထားတဲ့ ထရံတွေကဟောင်းနွမ်းပေါက်ပြဲနေတာကို တွေ့ရတယ်။
လက်ရှိ သူနေထိုင်တဲ့ ရွာကလည်းရွာသစ်ဖြစ်ပြီး ယခင် ရွာဟောင်းနေရာကတော့ ရွှေမိုင်းလုပ်ကွက်ထဲ ပါသွားခဲ့ပါပြီ။
၁၉၈၂ လောက်မှာ အစိုးရပိုင်ရွှေတွင်းအဖြစ် စတင်တူးဖော်ခဲ့တဲ့ ဒီရွှေတွင်းကို ၂ဝဝ၇ ကစပြီး ပုဂ္ဂလိကနဲ့ အစိုးရအကျိုးတူ ပူးပေါင်းတူးဖော်နေပါတယ်။အကျိုးတူ တူးဖော်နေတဲ့ ထာဝရသတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ အဆိုအရ ဒီရွှေတွင်းတစ်ခုတည်းကနေ အစိုးရဟာ တစ်နှစ်ကို ရွှေစင်ပိဿာချိန်တစ်ရာလောက်ခွဲတမ်းရရှိနေပါတယ်။ ယနေ့ ရွှေဆိုင်တွေမှာ ပေါက်တဲ့ ဈေးနှုန်းနဲ့ဆိုရင် ကျပ်သိန်းကိုးသောင်းခန့်လောက် နိုင်ငံတော်ကရရှိနေတာပါ။
ဒီဒေသကနေ နိုင်ငံတော်ဝင်ငွေအများအပြားရရှိနေပေမယ့် ဒေါ်ဗျိုင်းတို့ရွာမှာ ဆေးရုံ၊ ဆေးခန်းမရှိဘူး။ ဆေးကုသဖို့ မိုင်ဝက်ခရီးလောက်ရှိတဲ့ ခန်သာတိုက်နယ်ဆေးရုံကို သွားကြရတယ်။တိုက်နယ်ဆေးရုံနဲ့ မပြီးတဲ့ ရောဂါဆိုရင်မိုင် ၂ဝ လောက် ဝေးတဲ့ ကောလင်းမြို့ကိုသွားရောက်ကုသရတယ်။
ရွှေစက်ရုံထဲမှာတော့ ဆေးရုံရှိပေမယ့် ဒေသခံတွေ ကုသခွင့် မရရှိကြဘူးလို့ဘန်ဘွေးကုန်းရွာသားတွေက ပြောပြတယ်။ ဒါ့အပြင် မိုးတွင်းမှာ သွားလာရခက်ခဲတဲ့ မြေသားလမ်းပဲ ရှိပါတယ်။အစိုးရ လျှပ်စစ်မီးလည်း မရရှိသလို ရေကိုလည်း အချိန်ပိုင်းနဲ့ အသုံးပြုနေရတယ်လို့ ရွာသားတွေက ပြောတယ်။
ဒီလိုကိုယ့်ဒေသက သယံဇာတတွေထွက်နေပေမယ့် အကျိုးခံစားခွင့်မရှိတာဟာ တွင်းထွက်သယံဇာတ ထုတ်လုပ်မှုအပေါ် အစိုးရရဲ့ စီမံခန့်ခွဲတဲ့စနစ်တွေကမျှတ ကောင်းမွန်ခြင်း မရှိတာ၊ တွင်းထွက်သယံဇာတကဏ္ဍမှာ တစ်လျှောက်လုံးဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်နေတာတွေကြောင့်လို့ သယံဇာတတူးဖော် ထုတ်လုပ်မှုအရေးလေ့လာနေသူတွေက ဆိုပါတယ်။
”အစိုးရရဲ့ သယံဇာတက ရတဲ့ဝင်ငွေကို ပြန်လည်ခွဲဝေမှု ပုံစံမမှန်တာရယ်၊ ဥပဒေပိုင်းနဲ့အုပ်ချုပ်စီမံမှုပိုင်းမှာအားနည်းတာတွေကြောင့် သယံဇာတကြွယ်ဝပေမယ့် ဒီအကျိုးကို လူထုကမခံစားရသလိုဖြစ်နေတာပါ”လို့ သဘာဝသယံဇာတအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာသိပ္ပံ (Natural Resource Governance Institute-NRGI) အဖွဲ့မြန်မာနိုင်ငံရုံးက တွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်မှုဆိုင်ရာ သုတေသီဦးမော်ထွန်းအောင်က ပြောတယ်။
နိုင်ငံတော်ဟာ သယံဇာတအားလုံးရဲ့ ပိုင်ရှင်ဖြစ်နေတာကြောင့် ဒီပြဿနာတွေမှာ တာဝန်အရှိဆုံးဖြစ်ပြီးသယံဇာတက ရရှိတဲ့ ဝင်ငွေတွေဟာသယံဇာတထုတ်လုပ်ခဲ့ရတဲ့ ဒေသတွေကိုပြန်လည်စီးဝင်မှုမရှိတာက ဆင်းရဲနွမ်းပါးမှုတွေကို ဖြစ်ပေါ်စေခဲ့တာလို့ သူက ဆိုပါတယ်။
NRGI အဖွဲ့က ရေနံ၊ ဓာတ်ငွေ့နဲ့သဘာဝတွင်းထွက်တွေရဲ့ အကျိုးကျေးဇူးတွေကို အများပြည်သူ ခံစားခွင့်ရရှိစေဖို့သုတေသနတွေ၊ နည်းစနစ်တွေ၊ နည်းပညာတွေ၊ မူဝါဒချမှတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အထောက်အကူပြု အကူအညီတွေပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်ပြီးမြန်မာနိုင်ငံမှာတော့ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ရုံးစိုက်ခဲ့တာ ဖြစ်ပါတယ်။
သတ္တုတွင်းဦးစီးဌာနရဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ဦးစိန်မြင့်ကလည်းလက်ရှိအစိုးရ ကျင့်သုံးနေတဲ့ အသုံးစရိတ်ခွဲဝေမှုပုံစံဟာ သယံဇာတ ထုတ်လုပ်ခံရတဲ့ ဒေသတွေအတွက် မျှတမှုမရှိဘူးလို့ပြောပါတယ်။
”သယံဇာတတူးဖော်ထုတ်လုပ်မှုကရတဲ့ ဝင်ငွေခွဲဝေမှုမှာ ထုတ်လုပ်တဲ့ ဒေ သက ပိုရသင့်တယ်။ နွားထီးငါးကျပ်၊ နွားမငါးကျပ်စနစ်နဲ့ ခွဲဝေဖို့မသင့်ဘူး။ သယံဇာတ ထုတ်ယူခံရတဲ့ ဒေသတွေကို ပိုပြီးခွဲဝေတဲ့ စနစ်ကတော့ ရှိသင့်နေပြီ”လို့သူက ထောက်ပြပါတယ်။
ဒါကြောင့်သယံဇာတထုတ်လုပ်မှုအပေါ် ဝင်ငွေခွဲဝေတဲ့ ကိစ္စကို လွှတ်တော်ပိုင်းက ဦးစီးခွဲခြမ်းသင့်ပြီး သုံးတဲ့ နေရာမှာတော့ သက်ဆိုင်ရာ လိုအပ်ချက်အ လိုက် ဆေးရုံ၊ စာသင်ကျောင်း၊ လမ်းစတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်သင့်တယ်လို့ သူကအကြံပြုပါတယ်။
သယံဇာတပေါတဲ့ တိုင်းပြည်
မြန်မာနိုင်ငံမှာ ထုတ်လုပ်နေတဲ့သယံဇာတတွေက အများကြီးပါ။ ရေနံ၊သဘာဝဓာတ်ငွေ့က စပြီး ကျောက်စိမ်း၊ပတ္တမြားနဲ့ ရွှေအပါအဝင် ရေအားလျှပ်စစ်အထိ ထုတ်လုပ်နေပါတယ်။ ဒါပေမဲ့ ဒီသယံဇာတတွေထွက်ရှိရာ မူရင်းဒေသတွေကတော့ဒေါ်ဗျိုင်းတို့ဒေသလိုပဲအခြေခံကျတဲ့ လမ်းပန်းဆက်သွယ်ရေးအပိုင်းမှာ တောင်ကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးမှုမရှိတာကို တွေ့နေရတယ်လို့ သယံဇာတတူးဖော်ထုတ်လုပ်မှုအရေး လေ့လာနေသူတွေက ဆိုပါတယ်။
ရွှေသတ္တုကို ကချင်ပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေက မြို့နယ်တချို့မှာ တွေ့ရပြီး လက်ရှိရွှေအများဆုံးထွက်တဲ့ဒေသတွေက တော့မ္တနလေးတိုင်းဒေသကြီးအတွင်းက စဉ့်ကူး၊ သပိတ်ကျင်း၊ သာစည်၊ ပုသိမ်ကြီး၊နွယ်ရုံ၊ ကွင်းသုံးဆယ်၊ မိုးထိ မိုးမိ၊ ပျဉ်းမနားဒေသတွေ၊ ကရင်ပြည်နယ် မဲဝိုင်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်း၊ မိုင်းယုနဲ့ တာလေဒေသတွေ ဖြစ်တယ်လို့ သတ္တုတွင်းဦးစီးဌာနက ပြောတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကဟုမ္မလင်းဒေသ၊ မ္တနလေးတိုင်းဒေသကြီးအတွင်းက သပိတ်ကျင်းဒေသ၊ စဉ့်ကူးဒေသတွေဟာ တရားဝင်ခွင့်ပြုမိန့်နဲ့ ရွှေတူးဖော်နေတဲ့လုပ်ကွက် အများဆုံး ရှိတဲ့နေရာတွေလို့ သတ္တုတွင်းဦးစီးဌာနကဆိုတယ်။
ကျောက်ပုထိုးရွှေစက်ရုံ အတွင်းပိုင်းတစ်နေရာ Photo- Kyaw Zay Ya
ရွှေသတ္တုပေါပေါများများရှိနေပေမယ့် အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ဒီသတ္တု တူးဖော်ထုတ်လုပ်ရာအရပ်ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ပတ်ဝန်းကျင်ထိခိုက်မှု
မြန်မာနိုင်ငံမှာရှိတဲ့ရွှေလုပ်ငန်းခွင်တွေမှာ ရွှေရရှိဖို့ ဓာတုဗေဒပစ္စည်းနှစ်မျိုးကို အဓိကအသုံးပြုနေကြရတယ်။ ဆိုင်ယာနိုက်(Cyanide) န့ဲပြဒါး (Mecury)ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ဥပဒေတွေအရဆိုရင် ဒီဓာတ်သတ္တုတွေကိုင်တွယ်အသုံးပြုဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာသာ အသုံးပြုခွင့်ရှိတယ်လို့ သယံဇာတတူးဖော် ထုတ်လုပ်မှု အရေးလေ့လာနေသူတွေကပြောတယ်။
ပြဒါးကိုတော့ ယခင်ကတည်းကရွှေတူးဖော်မှုလုပ်ငန်းတွေမှာ အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းမှာ ရွှေဖမ်းယူအား ပိုမိုကောင်းတဲ့ ဆိုင်ယာနိုက်ကိုရွှေတူးသမားတွေကပိုမိုအသုံးပြုလာကြတယ်လို့သတ္တုတွင်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိန်မြင့်က ဆိုတယ်။
ဆိုင်ယာနိုက်ကို အကြီးစားရွှေတူးဖော်မှုလုပ်ငန်းတွေနဲ့ အလတ်စားရွှေတူးဖော်မှု လုပ်ငန်းခွင်တွေမှာ အသုံးပြုနေပြီးပြဒါးကိုတော့ ဒေသခံ တစ်ပိုင်တစ်နိုင်တူးဖော်သူတွေက အသုံးပြုမှုပိုများတယ်။ကျောက်ပုထိုးရွှေတွင်းမှာတော့ ဆိုင်ယာနိုက်ကို အသုံးပြုပြီး ရွှေကို သန့်စင်ပါတယ်။
ရွှေပါတဲ့မြေစာကို ဆိုင်ယာနိုက်ကန်တွေထဲမှာ အရည်ဖျော်ရတယ်။ ထွက်လာတဲ့အရည်ကို ကာဗွန် (မီးသွေး) နဲ့တစ်ဆင့်ပြန်ဖမ်းပြီး သန့်စင်ရယူတယ်။ဆိုင်ယာနိုက်နဲ့ ရွှေကို အရည်ဖျော်တဲ့အခါမှာ ရေနဲ့ ဓာတ်ပြုပြီး ဟိုက်ဒရိုဆိုင်ယာနိုက်ဓာတ် ထွက်လာပါတယ်။ ဒီအက်ဆစ်က သူနဲ့ ထိတွေ့မိတဲ့ အရာဝတ္ထုတွေကိုတဖြည်းဖြည်း ဆွေးမြေ့သွားစေတယ်လို့သတ္တုတွင်း စစ်ဆေးရေးအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိန်မြင့်က ပြောတယ်။
”မျက်လုံးနဲ့မမြင်နိုင်တဲ့ အန္တရယ်ရှိတယ်။ မယုံရင် အဲဒီဆိုင်ယာနိုက်ကန်တွေဘေးမှာ ပုဆိုးအသစ်တစ်ထည်ကို ရေဆွတ်ပြီး သွားလှန်းထားလိုက်။တစ်လလောက်ဆိုရိပြီး ပြတ်ကျလာတာကို တွေ့ရလိမ့်မယ်”
မော်ကွန်းကလည်း ကျောက်ပုထိုးရွှေစက်ရုံနဲ့ ရွှေမိုင်းတွင်းထဲကိုဝင်ရောက်လေ့လာခဲ့ပါတယ်။ ဒီစက်ရုံကတန်ချိန် တစ်သိန်းခွဲကျ ကြိတ်ခွဲနိုင်တဲ့အကြီးစားစက်ရုံပါ။ လေ့လာချိန်မှာစက်ရုံက ပြင်ဆင်ရေးလုပ်ဆောင်နေချိန်မို့ရွှေသတ္တုပါတဲ့ ကျောက်သားတွေကိုကြိတ်ခွဲမှု ယာယီရပ်ဆိုင်းထားချိန်ပါ။ဒါပေမဲ့ အရည်ဖျော်ပြီး ရွှေကို ကျိုချက်ရယူနေတဲ့ဆိုင်ယာနိုက်ကန်တွေကတော့ရပ်နားထားခြင်းမရှိဘဲရွှေပါတဲ့ မြေစာတွေကို အရည်ကျိုနေပါတယ်။
ဆိုင်ယာနိုက်ကျိုချက်ကန်တစ်ခုရဲ့ဘေးနားမှာဆိုရင် အလုပ်သမားတချို့အိပ်စက်အနားယူနေတာလည်း တွေ့ခဲ့ရတယ်။ စက်ရုံအတွင်းပိုင်းမှာတော့ ဘက်ထရီအိုးတွေ အဖုံးဖွင့် လိုက်ရင်ရတဲ့အက်ဆစ်အနံ့မျိုးက လှိုင်လှိုင်ထနေပါတယ်။
ရွှေတူးဖော်ခွင့် လိုင်စင်တွေ ထုတ်ပေးနေတဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းကတော့ သူတို့ဌာနအနေနဲ့ ရွှေတူးဖော်ထုတ်လုပ်မှုတွေကိုသာ အဓိကကြီးကြပ်ဆောင်ရွက်ပြီး ပြဒါးနဲ့ဆိုင်ယာနိုက်အသုံးပြုမှု ထိန်းချုပ်ရေးကို တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ သတ္တုတွင်း ဦးစီးဌာနအနေနဲ့ သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းခွင်တွေမှာ ပြဒါးအဆိပ် အန္တရာယ်၊ဆိုင်ယာနိုက်အ ဆိပ်အ္တနရာယ်နဲ့ ခဲအဆိပ်အ္တနရာယ်ဆိုင်ရာ အသိပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေအသိပညာပေးနေတာတွေတော့ လုပ်ဆောင်နေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာသိန်းစိုးက မော်ကွန်းကို စာဖြင့် ဖြေကြားပါတယ်။
ပတ်ဝန်းကျင်ကို ဖျက်ဆီးတဲ့ ရွှေချေး
ကျောက်ပုထိုးရွှေတွင်းနားမှာရှိတဲ့လျော်ဖြူကုန်းရွာမှာ နေထိုင်တဲ့ အသက်၄၆ နှစ်အရွယ် ဒေါ်ခင်ဝင်းကြွေ ဆိုရင်ရွှေစက်ရုံက ထွက်လာတဲ့ ရွှေချေးတွေကြောင့် သူ့ရဲ့ လယ်မြေဧက ၂ဝ လောက်ပျက်စီးခဲ့ရတယ်။ (ရွှေချေးဆိုတာက ရွှေပါတဲ့မြေစာကို ဆိုင်ယာနိုက်နဲ့ ကျိုချက်လိုက်တဲ့အခါ ထွက်လာတဲ့ စွန့်ပစ်မြေစာပါ။)
မိုးရွာတဲ့အခါ ဒီမြေစာပုံတွေကို မိုးရေထိပြီး အနီးအနားက ဒေသခံတွေရဲ့လယ်တွေထဲကို အရည်တွေစီးဝင်တဲ့အခါ ဆိုင်ယာနိုက် အဆိပ်သင့်နေတဲ့ ဒီအရည်တွေကြောင့် စပါးပင်တွေ သေတာ၊လယ်ထဲက ကဏန်း၊ ငါးတို့လို ရေနေသတ္တဝါတွေ သေဆုံးတာတွေဖြစ်ရတယ်လို့ ဒေသခံတွေက ရှင်းပြတယ်။
ပြဒါးအသုံးပြု ရွှေကျင်နေသည့် ကောလင်းဒေသခံနှစ်ဦး Photo- Kyaw Zay Ya
စက်ရုံမရှိခင်က တစ်ဧက တင်း၈ဝနှုန်းလောက် ထွက်ခဲ့တဲ့ လယ်တွေကစက်ရုံတည်ဆောက် လည်ပတ်ပြီးတဲ့နောက်ပိုင်း ရွှေချေးရည်တွေ အဝင်ခံရတဲ့အခါ တင်း ၃ဝ ရဖို့ ဖျစ်ဖျစ်မြည်အောင်လုပ်ယူစိုက်ပျိုးရတယ်လို့ ဒေါ်ခင်ဝင်းကြွေက ပြန်ပြောပြတယ်။
”စပါးပင်တွေက ဝါလာပြီးတဖြည်းဖြည်းသေသွားတာ။ ထပ်စိုက်ရင်ရမှာပဲဆိုပြီး ပျိုးပင်တွေဝယ်ပြီးပြန်စိုက်ကြည့်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်လုပ်မရတော့ဘူး။ ရွှေချေးဝင်တာနဲ့ အဲဒီ လယ်ဟာ ပျက်တော့တာပဲ။ အပင်ရှင်တယ်ဆိုရင်တောင် အထွက်နှုန်းက ထိုးကျသွားတာပဲ”လို့ ဒေါ်ခင်ဝင်းကြွေက သူ့အတွေ့အကြုံကို ပြောတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့် ဒေသခံလယ်သမားတွေဟာ စက်ရုံကို လျော်ကြေးတောင်းခဲ့ပေမယ့် မသိကျိုးကျွံပြုငြင်းပယ်ခံခဲ့ကြရတယ်။ ၂ဝ၁၆အရောက်မှာတော့ ရွှေချေးတွေကြောင့် ပျက်စီးထိခိုက်နေတဲ့ လယ်ယာမြေတွေကို အစိုးရနဲ့ဖက်စပ်တူးဖော်နေတဲ့သတ္တုကုမ္ပဏီကပြန်လည်ဝယ်ယူပေးခဲ့တာကြောင့် ဒေါ်ခင်ဝင်းကြွေလည်း သူ့လယ်တွေကို ရောင်းချပစ်လိုက်တယ်။
ဒေါ်ခင်ဝင်းကြွေတို့ လယ်ယာမြေတွေ ပျက်စီးထိခိုက်နေမှုကို လျော်ကြေးရရှိအောင် ဝင်ရောက်ကူညီ ညှိနှိုင်းပေးခဲ့တဲ့ လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူ ဦးမင်းလွင်ကတော့ဒီပြဿနာတွေငြိမ်းအေးသွားတာ အခုမှ တစ်နှစ်ခန့်ပဲရှိသေးပြီး ”အရင်က ဒေသခံတွေ ဘာပြောပြော၊ စက်ရုံက ဂရုလည်း မစိုက်ဘူး။ဘာမှလည်းလုပ်မပေးဘူး။ နိုင်ငံတော်နဲ့အကျိုးတူ လုပ်နေတဲ့ လုပ်ငန်းဆိုတော့ဘယ်အာဏာပိုင်ကမှလည်း ဝင်ရောက်စွက်ဖက်ကူညီမှုမလုပ်ကြဘူး”လို့ မတ်လနှောင်းပိုင်းက မော်ကွန်းနဲ့ တွေ့ဆုံစဉ်ရှင်းပြတယ်။
ထာဝရသတ္တုတူးဖော်ရေး ကုမ္ပဏီ၊ကျောက်ပုထိုးရွှေတွင်းရဲ့ ဒါရိုက်တာဖြစ်သူ ဦးမြင့်ဆွေကတော့ သူတို့အနေနဲ့ ထိခိုက် ပျက်စီးမှုတွေအတွက် သင့်တင့်တဲ့နစ်နာမှုတွေကို ပြန်လည်ဆောင်ရွက်ပေးထားပြီးဖြစ်သလို လစဉ်လတိုင်းလည်း စက်ရုံနဲ့ ရွှေတွင်းဝန်းကျင်မှာရှိတဲ့ကျေးရွာ ၁၁ ရွာကို စီးပွားရေးဆိုင်ရာ လူမှုရေးအကူအညီအဖြစ် တစ်ရွာနှစ်သိန်းကျပ်နှုန်း ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။
ဆိုင်ယာနိုက်ဖြင့် ရွှေကျိုချက်နေသည့် ဝန်းသိုမြို့နယ်အတွင်းက တစ်ပိုင်တစ်နိုင် ရွှေလုပ်ငန်းခွင်တစ်ခု Photo- Kyaw Zay Ya
ဒါ့အပြင် ရွာတွေကို သွားတဲ့ လမ်းတွေ ခင်းပေးတာ၊ ဆေးပေးခန်းတွေဆောက်ပေးတာ၊ ကျောင်းဆရာမတွေငှားရမ်းပေးတာတွေကို သူတို့အနေနဲ့ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ဒါအပြင်အစိုးရရဲ့ ပြောင်းလဲလိုက်တဲ့မူဝါဒအရ သူတို့ စက်ရုံအနေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်(Environmental Management Plan-EMP )ကို ရေးဆွဲတင်ပြပြီး ဖြစ်ကြောင်း ဦးမြင့်ဆွေက ရှင်းပြတယ်။
ဒေါ်ခင်ဝင်းကြွေကတော့ ”စက်ရုံက လမ်းခင်းပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလမ်းခင်းပေးတဲ့ မြေကြီးတွေကရွှေချေးပါတဲ့ မြေစာတွေနဲ့ ရောနှောခင်းပေး တာမျိုးက ကျွန်မတို့ကြုံဖူးတယ်။ မိုးတွင်းဆိုရင် အဲဒီမြေသားလမ်းတွေရဲ့ ဘေးဘက်က မြောင်းတွေထဲမှာ ကဏန်း၊ငါးရှဉ့်တွေ သေကုန်ကြတာမျိုးတွေ့ဖူးတယ်”လို့ သူတို့ မြင်တွေ့ခဲ့ဖူးတာကိုပြန်ပြောပြတယ်။
လျော်ဖြူကုန်းကျေးရွာအနီးတွေ့ရသည့် နေကြာစိုက်ခင်း Photo- Kyaw Zay Ya
ယိုယွင်းလာတဲ့ ကျန်းမာရေး
လျော်ဖြူကုန်းကျေးရွာမှာ ကြုံနေရတဲ့ နောက်ထပ် ပြဿနာတစ်ခု ရှိပါသေးတယ်။ ဒါကတော့ အခုနောက်ပိုင်းရွာမှာ ကင်ဆာရောဂါဖြစ်ပွားပြီး သေဆုံးသူတွေရှိလာတဲ့ ပြဿနာပါ။ သူတို့ရွာသားတွေ မ္တနလေးဆေးရုံကို တက်ရောက်ပြီး ဆေးကုသမှု ခံယူတဲ့အခါ ရရှိလာတဲ့ စမ်းသပ်မှုရလဒ်ကို ဒေါ်ခင်ဝင်းကြွေပြန်ပြောပြတာပါ။ တိတိကျကျစာရင်းကောက်ထားတာမျိုးတော့ မရှိပါဘူး။
ကုန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီးရွာထဲမှာ ကင်ဆာကြောင့် သေဆုံးသူတွေပိုမြင့်တက်လာခဲ့ပြီး သူ့ရွာက သူ့မိတ်ဆွေမိသားစုဝင်သုံးဦးစလုံးဟာ ကင်ဆာနဲ့သေဆုံးခဲ့ရတယ်လို့ သူက ဆိုတယ်။
ရွှေစက်ရုံတည်ထောင်ပြီး နှစ်ပေါင်းသုံးဆယ်ကျော်အကြာမှာ သူတို့ရွာမှာဒီရောဂါဖြစ်ပွားနှုန်း မြင့်လာတာဖြစ်ပေမယ့် စက်ရုံနဲ့ပတ်သက်ဆက်နွှယ်သလားဆိုတာကိုတော့ သူလည်း အတိအကျမပြောနိုင်ဘူးလို့ ဒေါ်ခင်ဝင်းကြွေက ရှင်းပြတယ်။
ဒေါ်ခင်ဝင်းကြွေရဲ့ အစ်မဖြစ်သူဆိုရင်လည်း နာတာရှည် နေထိုင်မကောင်းဖြစ်နေသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ တစ်ရက်မှာတော့ မြို့က အသိမိတ်ဆွေဆရာဝန်တစ်ဦး ရွာကို အလည်ရောက်လာပြီး သူ့အစ်မရဲ့ ကျန်းမာရေးအခြေအနေကိုကြည့်ကာ ဒီလိုအက်ဆစ်နံ့ပြင်းပြင်းရနေတဲ့ဝန်းကျင်မှာ မနေထိုင်သင့်ကြောင်း သူ့အစ်မ မိသားစုကို အကြံပြုခဲ့ပါတယ်။
ဒါကြောင့် သူ့အစ်မမိသားစုဟာရွာမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီး မုံရွာဘက်ကိုပြောင်းရွှေ့ခဲ့ပြီးနောက ်သူ့အစ်မဖြစ်သူရဲ့ကျန်းမာရေးဟာပြန်လည်ကောင်းမွန်လာတယ်လို့ ဒေါ်ခင်ဝင်းကြွေက ပြောပြတယ်။
ကောလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာမိုးဆွေရဲ့အဆိုအရတော့ ကျောက်ပုထိုးရွှေတွင်းတည်ရှိတဲ့ ခန်သာတိုက်နယ်ဘက်မှာ သွေးတိုးနဲ့ ဆီးချိုရောဂါတွေအဖြစ်အများဆုံးလို့ ဆိုပါတယ်။
ရွှေထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့် ဝန်းသိုမြို့နယ် အတွင်းက စာသင်ကျောင်းတစ်ခုကို တွေ့ရစဉ် Photo- Kyaw Zay Ya
ဒါ့အပြင် ကောလင်းဒေသမှာအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊သွေးတိုးရောဂါနဲ့ အရေပြားရောဂါတွေဟာ အဖြစ်အများဆုံးရောဂါတွေထဲမှာပါဝင်နေပြီး ”ရာသီဥတု ပြောင်းလဲတာ၊လေထဲမှာ ဖုန်မှုန့်ပါဝင်မှုများတာ၊ စီးပွားရေး အဆင်မပြေတာကြောင့် စိတ်ဖိစီးတာတွေဖြစ်တာ၊ ရေကောင်းရေသန့်ရှားပါးတာတွေကြောင့် ဒီလိုရောဂါတွေအဖြစ်များလာတယ်လို့ ယူဆတယ်” လို့ကောလင်းမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမိုးဆွေက မော်ကွန်းကို ပြောပါတယ်။
ဒါအပြင် ရွှေသတ္တုလှိုင်လှိုင် ထွက်ပြီး နိုင်ငံတော်ဝင်ငွေကို အထောက်အပံ့ပေးနေတဲ့ ဒီဒေသမှာကောလင်းမြို့နယ်တစ်ခု လုံး ဆရာဝန်လေးဦးသာရှိတယ်လို့ဒေါက်တာမိုးဆွေကဆိုတယ်။ ဒါဟာကောလင်းမြို့နယ် လူဦးရေနဲ့ အချိုးချကြည့်ရင် ဆရာဝန်တစ်ဦးဟာ လူသုံးသောင်းခွဲကျော်ကို တာဝန်ယူထားရတယ်ဆိုတဲ့ သဘောပါ။
တရားမဝင် တူးဖော်များ
သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတဲ့ရွှေသတ္တုတူးဖော်ထုတ်လုပ်မှုကဏ္ဍမှာ အစိုးရပိုင်းက စီမံခန့်ခွဲမှုနဲ့လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် တရားမဝင် တူးဖော်မှုတွေ လည်း အများအပြားဖြစ်ပေါ်နေတယ်လို့ သယံဇာတ တူးဖော်ထုတ်လုပ်မှုအရေးလေ့လာနေသူတွေက ထောက်ပြပါတယ်။ ဒီအားနည်းချက်တွေကြောင့် နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာဆုံးရှုံးမှုဟာ အကြီးအကျယ် ဖြစ်ပေါ်နေရတယ်လို့ လေ့လာနေသူတွေက ပြောပါတယ်။
ရွှေသတ္တုတူးဖော်မှုတွေကို သတ္တုတွင်းဦးစီးဌာနရဲ့ လက်အောက်ခံဌာနက တစ်ခုဖြစ်တဲ့အမှတ် ၂ သတ္ထုတွင်းလုပ်ငန်းက ထိန်းချုပ်ထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းတူးဖော်တယ်။လက်ရှိရွှေတူးဖော်ခွင့် လိုင်စင်ချထားပေးပုံက အကြီးစားလုပ်ကွက်နဲ့ အသေးစားလုပ်ကွက်ပါ။ ဧက ၂ဝ အထက်ကို အကြီးစားလုပ်ကွက်လို့ သတ်မှတ်ပြီး ဧက ၂ဝအထိကိုတော့ အသေးစားလုပ်ကွက်အဖြစ် သတ်မှတ်တယ်။
အကြီးစားလုပ်ကွက်တွေကိုတော့သီးခြားတူးဖော်ခွင့် မပေးဘဲ အစိုးရနဲ့ဖက်စပ်တူးဖော်ရပါတယ်။ ကျောက်ပုထိုးရွှေတွင်းဆိုရင် အစိုးရ ၄ဝ ရာခိုင်နှုန်း၊ပုဂ္ဂလိက ၆ဝ ရာခိုင်နှုန်း အချိုး နဲ့ တူးဖော်နေတာဖြစ်ပါတယ်။ အသေးစား လုပ်ကွက်ကိုတော့ ပုဂ္ဂလိကပိုင် တူးဖော်ခွင့်ရှိပြီး တစ်နှစ်တူးဖော်ခ လိုင်စင်အခွန်ကရွှေစင် ၂၄ ကျပ်သားဖြစ်ပါတယ်။
ကောလင်းအနောက်ဘက်ခြမ်းဒေသရှိ တရားမဝင် ရွှေလုပ်ငန်းခွင်တစ်ခု Photo- Kyaw Zay Ya
မော်ကွန်းက စာနဲ့မေးမြန်းခဲ့တဲ့မေးခွန်းတွေကို သတ္တုတွင်းဦးစီးဌာနရဲ့ပြန်လည်ဖြေကြားချက်တွေအရ ၂ဝ၁၇၊မတ်အထိ နိုင်ငံတော်က ခွင့်ပြုမိန့်ထုတ်ပေးထားတဲ့ရွှေသတ္တုတူးဖော်မှုလုပ်ကွက်ဟာအကြီးစားလုပ်ကွက် ငါးကွက်နဲ့အသေးစားလုပ်ကွက် ၃၄၅ ကွက် ရှိပြီးလုပ်ကွက်တွေကနေ တစ်နှစ်ကို ပျမ်းမျှရွှေစင်ပိဿာ ၂၅ဝ ကျော်လောက် ရရှိနေတယ်လို့ဆိုပါတယ်။ ဒါက တရားဝင်ပေးသွင်းတဲ့ အခွန်စာရင်းဖြစ်ပြီး အခွန်မရတဲ့တရားမဝင်လုပ်ကွက်တွေလည်း ရှိတယ်လို့ သတ္တုတွင်းဦးစီးဌာနရဲ့ အဖြေလွှာမှာထည့်သွင်းဖြေကြားထားတယ်။
တရားဝင်သတ္တုတူးဖော်မှုဒေသမဟုတ်တဲ့ ကောလင်း အနောက်ခြမ်းဒေသရှိ အောက်ကလုံးရွာမှာ နေထိုင်တဲ့အသက် ၃၈ နှစ်အရွယ် ဦးအုန်းကျော်မြင့်က ရွှေထွက်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဥယျာဉ်ခြံမြေအတွင်းမှာ တရားမဝင် ရွှေတူးဖော်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကအင်ဂျင်စက်ကို အသုံးပြုပြီး တူးဖော်သူ(ဒေသအခေါ် စက်မျောတိုက်သူ) တစ်ဦးဖြစ်ပါတယ်။ တရားမဝင်ဆိုပေမယ့် တစ်ရာသီကို သိန်းနှစ်ဆယ်ကနေ သုံးဆယ့်ငါးသိန်းအထိ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို တရားမဝင် အခကြေးငွေပေးရတယ်လို့ သူက ဆိုပါတယ်။
”ဥက္ကဋ္ဌကစပြီး ဘောင်းဘီရှည်ဝတ်တဲ့လူမှန်သမျှ (ဌာနပေါင်းစုံက လူများ ) အကုန်ပေးရတယ်။ ဒါပေမဲ့ လုပ်ရတာလည်း ခိုးကြောင်ခိုးဝှက်နဲ့”လို့ ကွမ်းကို ဗျစ်ခနဲ ထွေးပစ်လိုက်ရင်း သူကဆိုတယ်။
ပေးကမ်းရတာတွေနဲ့ ရွှေအရနည်းလာခြင်းကြောင့် ရွှေတူးဖော်မှုကို သူရပ်နားထားတာ နှစ်နှစ်လောက် ရှိသွားပြီလို့ဦးအုန်းကျော်မြင့်က ပြောပြတယ်။ သူ့အနေနဲ့ ငွေကြေးပေးရပေမယ့် တရားမဝင် ရွှေတူးသမား ဖြစ်နေရတာထက်စာရင် အစိုးရကို တရားဝင်အခွန်သွင်းပြီးတူးဖော်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောပြတယ်။
ကိုယ်ပိုင်လယ်မြေထဲတွင် ရွှေတူးဖော်နေသည့် ကောလင်းဒေသခံတချို့ Photo- Kyaw Zay Ya
ဒေသခံ တစ်ပိုင်တစ်နိုင်တူးဖော်ချင်သူတွေကို တရားဝင် တူးဖော်ထုတ်လုပ်သူတွေဖြစ်လာအောင် အစိုးရအနေနဲ့စီမံခန့်ခွဲ မှု အပိုင်းမှာ အပြောင်းအလဲတွေစတင်လုပ်ဆောင်သင့်ပြီလို့ ဦးစိန်မြင့်ကအကြံပြုတယ်။ တစ်ပိုင်တစ်နိုင် တူးဖော်ချင်သူတွေကို အစုအဖွဲ့တွေ ဖွဲ့စည်းပေးပြီးသတ်သတ်မှတ်မှတ်လုပ်ကွက်တွေ သတ်မှတ်ပေးကာတူးဖော် ထုတ်လုပ်ခွင့်ပေးခြင်းအားဖြင့် အခွန်ရရှိမှု တိုးတက်လာအောင် လုပ်ဆောင်သင့်တယ်လို့ သူကဆိုပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပိုင်းမှာ ထိန်းသိမ်းနိုင်တာ၊ ပတ်ဝန်းကျင်မှာ ဓာတုဗေဒအဆိပ်သင့်မှုနှုန်းကို လျှော့ချနိုင်တာနဲ့ရွှေတူးဖော်ထုတ်လုပ်မှု ကဏ္ဍကနေနိုင်ငံတော်ရရှိတဲ့ အခွန်ဘဏ္ဍာပိုင်း တိုးတက်မှုတွေကို ခံစားရမယ်လို့ ဦးစိန်မြင့်က ထောက်ပြတယ်။
”နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးဆိုပေမယ့် လက်လုပ်လက်စားသမားတွေရဲ့ထုတ်လုပ်မှုက ပင်မအဖွဲ့အစည်းကြီးလောက် မရပေမယ့်၊ အဖွဲ့တွေများတဲ့အခါထုတ်လုပ်မှုက ထက်ဝက်လောက် ထွက်နေတာမျိုးတွေရှိတယ်။ တကယ်လည်းမြေပြင်မှာ တရားဝင်အမည်မပေါက်တဲ့အဖွဲ့ငယ်လေးတွေရဲ့ ထုတ်လုပ်မှုက မြင့်မြင့် မားမားရှိနေတယ်”လို့ ဝန်ထမ်းဘဝက သတ္တုတွင်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့ရတဲ့ သတ္တုတွင်းစစ်ဆေးရေး ကျွမ်းကျင်သူလည်း ဖြစ်သူ ဦးစိန်မြင့်က ပြောတယ်။
ဒါ့အပြင် သတ်သတ်မှတ်မှတ်နဲ့စနစ်တကျဖြစ်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့်ရွှေတူးဖော်ထုတ်လုပ်မှုကဏ္ဍရဲ့ စာရင်း အချက်အလက်တွေကိုပါတစ်ပြိုင်တည်းသိရှိလာရနိုင်ပြီး အမျိုးသားစီမံကိန်း ရေးဆွဲမှုလုပ်ငန်းစဉ်တွေကိုပါ အထောက်အပံ့ရလာနိုင်တယ်လို့သူက ဆိုပါတယ်။
လယ်ယာမြေအတွင်း ရွှေကျင်နေသည့် ကောလင်းဒေသခံတစ်ဦး Photo- Kyaw Zay Ya
”အခုဖြစ်နေတာမြန်မာနိုင်ငံမှာ ရွှေဘယ်လောက်ထွက်နေသလဲဆိုတာဘယ်သူမှမသိဘူး။ စနစ်တကျနဲ့ အသိအမှတ်ပြုပေးခြင်းအားဖြင့် သက်ဆိုင်ရာထွေအုပ်တွေ၊ နယ်မြေခံသတ္တုတွင်းဝန်ထမ်းတွေဟာ ကိုယ်နေရာ၊ ကိုယ့်ဒေသမှာရွှေဘယ်လောက်ထွက်သလဲဆိုတာအသေအချာသိလာနိုင်မယ်။ အထွက်နှုန်းကဘယ်လောက်ရှိတယ်။ နိုင်ငံတော်ကဘယ်လောက်ရနေတယ်။ ပုဂ္ဂလိက ဈေကွက်ထဲကို ဘယ်လောက်ဝင်နေတယ် ဆိုတာတွေ သိလာရမယ်”လို့ ဦးစိန်မြင့်ကအကြံပြုတယ်။
လျှော့ချရမယ့် ဗဟိုချုပ်ကိုင်မှု
အမျိုးသားစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကတော့ သယံဇာတတူးဖော်ထုတ်လုပ်မှု ကဏ္ဍမှာ အစိုးရရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာတွေ လေလွင့် ဆုံးရှုံး နေတာ ကိုဝန်ခံပါတယ်။ ဒါကြောင့်တူးဖော်မှု တိုင်းရဲ့ အခွန်ကိုရရှိအောင် လုပ်ဆောင်ကြဖို့ လိုသလို အခွန်ကင်းလွတ်နေတဲ့နယ်ပယ်တွေကိုလည်း ဥပဒေဘောင်ထဲဝင်လာအောင် လုပ်ဆောင်ဖို့ လိုနေသေးတယ်လို့ ဧပြီ ၂၄ က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာမော်ကွန်းရဲ့မေးမြန်းချက်ကို ဖြေကြားပါတယ်။
”သတ္တုလိုဟာမျိုးကျတော့ တချို့လည်း နိုင်ငံတော်က လုပ်ဆောင်တယ် ။ တချို့ကိုလည်း ပုဂ္ဂလိကကို ပေးလုပ်တယ် ။ဒီလိုနေရာမှာတော့ အခွန်ဝန်ထမ်းနဲ့ပြည်သူနဲ့ ညှိနှိုင်းပြီး လု ပ်တာတွေကြောင့်အခွန်တွေ လွတ်နေတာမျိုးတွေတော့ရှိတာပေါ့”လို့ ဒုတိယဝန်ကြီးက ပြောတယ်။
လက်ရှိသယံဇာတကဏ္ဍမှာ အစိုးရဆောင်ရွက်နေပုံက အားလုံးကို ပြည်ထောင်စုအဆင့်က ထိန်းချုပ်ထားပြီးတစ်နိုင်ငံလုံးကို စောင့်ကြည့်စစ်ဆေးတဲ့ပုံစံပါ။ တိုင်းနဲ့ ပြည်နယ်အစိုးရတွေကပြည်ထောင်စုက သတ်မှတ်လိုက်တဲ့ သယံဇာတ ထုတ်လုပ်မယ့် နေရာတွေနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးတဲ့အဆင့်နဲ့ အလုပ်လုပ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်သယံဇာတ ကဏ္ဍမှာ ဗဟိုဦးစီးထိန်းချုပ်မှုစနစ်ကိုလျှော့ချဖို့လိုတယ်လို့ NRGI အဖွဲ့က ဦးမော်ထွန်းအောင်ကပြောတယ်။
ရွှေကျင်ရာတွင် အသုံးပြုသည့် အင်ဝိုင်း Photo- Kyaw Zay Ya
ဒါကြောင့် ထုတ်လုပ်မှုပြုလုပ်တဲ့ဒေသတွေကို အကျိုးခံစားခွင့်ရစေဖို့အတွက် သယံဇာတတူးဖော်ထုတ်လုပ်မှုလုပ်ပိုင်ခွင့်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေထံ လုပ်ပိုင်ခွင့်ပေးရမယ်လို့ သူက အကြံပြုတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေမှာတော့ သယံဇာတထုတ်လုပ်မှုမှာ အကျိုးခံစားခွင့်နဲ့ စီမံခန့်ခွဲခွင့်တွေကို စနစ်တကျပိုင်းခြား သတ်မှတ်ထားတာတွေရှိတယ်လို့ သူကဆိုတယ်။ သယံဇာတထွက်ရှိရာ မူရင်းဒေသက ရာခိုင်နှုန်း ဘယ်လောက်၊သက်ဆိုင်ရာတိုင်း ဒေသ၊ပြည်နယ်အစိုးရက ရာခိုင်နှုန်းဘယ်လောက်၊ ဗဟိုအစိုးရက ရာခိုင်နှုန်း ဘယ်လောက် ခွဲဝေယူရမယ်ဆိုတာမျိုးတွေကို သတ်မှတ်ထားကြတယ်လို့ ဦးမော်ထွန်းအောင်ကရှင်းပြတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာတော့သယံဇာတတူးဖော်ထုတ်လုပ်မှုကနေရရှိတဲ့ဝင်ငွေကို ပုံစံအမျိုးမျိုးနဲ့ ခွဲဝေပိုင်းခြားသုံးစွဲကြတာ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီစနစ်ကို မဖော်ဆောင်နိုင်သေးဘူးလို့ အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မော်ကွန်းရဲ့ မေးမြန်းမှုကို နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေကြားတယ်။
စနစ်တကျစီမံပါ
မြန်မာနိုင်ငံဟာ သယံဇာတ ထုတ်လုပ်နေမှုတွေကနေ ရရှိ နေတဲ့ဝင်ငွေဟာအစိုးရအသုံးစရိတ်စုစုပေါင်းရဲ့ လေးပုံတစ်ပုံခန့် ရှိနေတယ်လို့ ဦးသိန်းစိန် အစိုးရလက်ထက်က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တဲ့ တွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်မှု၊ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဆိုင်ရာ အစီရင်ခံစာ (Myanmar-EITI)ကို ကိုးကားပြီး NRGI အဖွဲ့က ဦးမော်ထွန်းအောင်ကဆိုပါတယ်။
”နောက် ၁ဝ နှစ်အထိလည်းအစိုးရဘတ်ဂျက်မှာ ဒီသယံဇာတဝင်ငွေပါဝင်မှုက လျော့သွားမယ် မထင်ပါဘူး”လို့ သူက သုံးသပ်တယ်။
မြန်မာသယံဇာတကဏ္ဍဟာ ကြီးမားကျယ်ပြန့်တာဖြစ်တဲ့အတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရင် ခန့်ခွဲနိုင်သလောက်အစိုးရအတွက် အကျိုးဖြစ်ထွန်းစေပြီးပြည်တွင်းငြိမ်းချမ်းရေးကိုပါ သက်ရောက်မှုရှိနိုင်တဲ့ ဝင်ငွေရလမ်းတစ်ခုလို့ သူကသတိပေးတယ်။
သယံဇာတကဏ္ဍမှာ ထုတ်လုပ်မှုတွေကို စနစ်တကျ အခွန်စည်းကြပ်တာ၊ထုတ်လုပ်မှုဝင်ငွေအပေါ် အချိုးမျှတ ခွဲဝေယူတာတွေနဲ့ ခွဲတမ်းရရှိတဲ့ ဝင်ငွေတွေကို ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နိုင်ရင်လက်ရှိပြည်တွင်းစစ်ဖြစ်နေတဲ့ ဒေသတွေမှာပါ သဘောထားကွဲလွဲမှုတွေပြေလျော့နိုင်မယ်လို့ဦးမော်ထွန်းအောင်ကဆိုပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီကတော့၁၉၉၄ ခုနှစ် သတ္တုတွင်းဥပဒေကို ပြင်ဆင်လိုက်တဲ့ ၂ဝ၁၅ သတ္တုတွင်းဥပဒေပြင်ဆင်ချက်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးတော့မယ်လို့ဆိုပါတယ်။ ပြင်ဆင်လိုက်တဲ့ဥပဒေအရအရင်က သတ္တုတူးဖော်ထုတ် လုပ်မှုကဏ္ဍမှာ အသေးစားနဲ့ အကြီးစားထုတ်လုပ်မှုသာ ရှိရာကနေ အကြီးစား၊ အလတ်စား၊အသေးစားနဲ့ တစ်ပိုင်တစ်နိုင်ဆိုပြီး ခွဲခြားသတ်မှတ်ပြင်ဆင်လိုက်ပါတယ်။
အသစ်ရေးဆွဲထားတဲ့ သတ္တုတွင်းနည်းဥပဒေကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြထားပြီး နည်းဥပဒေ ထုတ်ပြန်နိုင်တာနဲ့တစ်ပြိုင်နက် တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေဟာ သယံဇာတကဏ္ဍမှာ တစ်ခါမှ မရှိဖူးသေးတဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် အသေးစားနဲ့ တပိုင်တစ်နိုင်လုပ်ငန်းတွေကို လိုင်စင်ချထားခွင့်နဲ့ ကြီးကြပ်ခွင့်ရရှိလာမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနအနေနဲ့အလတ်စားနဲ့အကြီးစားသတ္ထုတူးဖော်မှု တွေကိုသာ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ဧပြီ ၂၄ ရက်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ မော်ကွန်းရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။
မျှော်တလင့်လင့်
မကြာတော့တဲ့ကာလတွေမှာ ရွှေတူးဖော်ထုတ်လုပ်မှု ကဏ္ဍမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတော့မယ်ဆိုပေမယ့် ဒေါ်ဗျိုင်းတို့လို သယံဇာတ ထုတ်လုပ်နေတဲ့ဒေသတွေမှာနေထိုင်သူတွေကတော့ ဒီအကျိုးဆက်တွေကို ကာလတစ်ခုအထိ ရင်ဆိုင်နေရဦးမှာ ဖြစ်တယ်လို့သယံဇာတ တူးဖော်ထုတ်လုပ်မှု အရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ဝန်းသိုမြို့နယ်အတွင်းရှိ ကျောက်ပါးစပ်ရွှေမှော်အတွင်းက နေအိမ်များ Photo- Kyaw Zay Ya
မြေကြီးကရွှေသီးနေတဲ့ ဒေသဖြစ်ပေမယ့် ဒေါ်ဗျိုင်းတို့ ရွာကို ရောက်ဖို့ ဖုန်တထောင်းထောင်းထနေတဲ့ ကျောက်ကြမ်းလမ်းကို ဖြတ်ကျော်ရတယ်။ လက်ရှိအချိန်အထိ သူတို့ရွာမှာ အစိုးရ လျှပ်စစ်မီးလည်းမရှိဘူး၊ သုံးနေတဲ့မီးကလည်းရွှေတူးဖော်တဲ့ ကုမ္ပဏီက တစ်ယူနစ်ကို၁၂၅ ကျပ်နှုန်းနဲ့ ရောင်းပေးနေတာ ဖြစ်တယ်လို့ ဘန်ဘွေးကုန်းရွာသားတွေကပြောတယ်။ ချောင်း၊ မြောင်းတွေရဲ့ အသုံးဝင်မှုဟာလည်း သူတို့ဒေသမှာ မရှိသလောက် ပျက်စီးသွားပါပြီ။
ဒေါ်ဗျိုင်းကတော့ သူ စတင်တွေ့ရှိခဲ့ပေမယ့် ကိုယ်တိုင်လည်း ခံစားခွင့်မရသလို သူတို့ဒေသဖွံ့ဖြိုးရေးအတွက်လည်း အခုအချိန်အထိ အကျိုးမပြုသေးတဲ့ ဒီကျောက်ပုထိုးရွှေကြောကြီးကနေဒေသဖွံ့ဖြိုးရေးကို အထောက်အပံ့ပေးတဲ့ရွှေတူးဖော် ထုတ်လုပ်မှု ဖြစ်လာစေဖို့ နားလည်တတ်ကျွမ်းသူတွေက ဆောင်ရွက်ပေးစေချင်တယ်လို့ ဆိုတယ်။
”တစ်နိုင်ငံလုံး ကြီးပွားရေး ဖြစ်နေတဲ့ ရွှေကြောကို တွေ့ခဲ့ရတာပ။ ချမ်းသာတဲ့ လူတွေလည်း ချမ်းသာသွားကြပြီ။သူတို့ အဆင်ပြေသလို ကျွန်မတို့လည်းအဆင်ပြေချင်ပ”လို့ ဆိုရင်း ဒေါ်ဗျိုင်းကသူ့အိမ်ရဲ့ ခေါင်းရင်းဘက်က သူ စတင်တွေ့ရှိခဲ့တဲ့ ရွှေကြောရှိရာ ကျောက်ပုထိုးတောင်ကြီးကို တွေတွေကြီး လှမ်းကြည့်နေပါတော့တယ်။ ။
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျ ရေးသည်။