အစိုးရသစ်ကို စိန်ခေါ်နေတဲ့ လယ်ယာမြေပြဿ နာအပိုင်း(၁)

 

 ဝါးဘိုးတော

ဦးကံမြင့်ဟာ နေ့စဉ်ပုံမှန်လုပ်နေကျအတိုင်း ညနေပိုင်းမှာ သူ့ ကွမ်းခြံကို ရေလောင်းနေပါတယ်။ အဲဒီအချိန်မှာ သူ့ခြံထဲကို စစ်သားအယောက် ၂ဝ ခန့်ရောက်လာပါတယ်။ စစ်သားတွေကို မြင်လိုက်တာနဲ့ ဦးကံမြင့် သဘောပေါက်လိုက်ပါပြီ။

မနက်မိုးလင်းကတည်းက ဦးကံမြင့်တို့နေတဲ့ ဝါးဘိုးတောရွာ အနီး ဝန်းကျင်ဥယျာဉ်ခြံတွေထဲက လူနေအိမ်တွေကို တပ်ပိုင်မြေ ကျူးကျော် တယ်ဆိုပြီး စစ်သားတွေက လိုက်လံဖျက်ဆီးနေကြတာပါ။ တချို့အိမ်တွေ ဆိုရင် မီးရှို့ပြီးတောင် ဖျက်ဆီးခံရပါတယ်။

တခြားအိမ်တွေကို ဖျက်ဆီးနေလို့ သူ့ဆီလည်းရောက်လာမယ်ဆို တာသိပေမယ့် လွန်ခဲ့တဲ့ သုံးရက်ကမှ မီးဖွားထားတဲ့ မိန်းမနဲ့ ကလေးရှိနေတာကြောင့် အရာရှိ(စစ်ဗိုလ်)ကို အကျိုးအကြောင်းပြောပြ၊ တောင်းပန်ပြီး ဆက်နေခွင့်တောင်းမယ်လို့ သူစိတ်ကူးခဲ့တာပါ။

ဒါပေမဲ့ သူစိတ်ကူးတွေဟာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ ဘယ်လိုမှ တောင်းပန်လို့ မရခဲ့ပါဘူး။ ဝါးပိုးဝါးတိုင်၊ ပျဉ်ခင်း၊ ဓနိမိုးထားတဲ့ သူ့အိမ်လေးဟာ ဖျက်ဆီးခံလိုက်ရပြီး မိနစ် ၂ဝ အတွင်း မြေပြင်မှာ ပြားပြားဝပ်ပျက်စီးသွားပါတော့တယ်။

”မီးနေသည်ရဲ့ မီးဖိုကိုပါ ကန်ချပြီး အကုန်ဖျက်သွားတာ”လို့ လွန်ခဲ့တဲ့ရှစ်နှစ်ကျော် (၂ဝဝ၈၊ မတ်)က ကြုံတွေ့ခဲ့ရတဲ့ အဖြစ် အပျက်ကို ဦးကံမြင့်က မေးကြောတွေ ထောင်လာတဲ့အထိ အံကို ကြိတ်ရင်း ပြန်ပြောပြပါတယ်။

အဲဒီနေ့က ဦးကံမြင့်နဲ့အတူ ဥယျာဉ်ခြံပိုင်ရှင် ၃ဝ ကျော်ရဲ့ အိမ်တွေ ဖျက်ဆီးခံလိုက်ရပါတယ်။ တပ်ဘက်က ဥယျာဉ်ခြံမြေနဲ့ လယ်မြေဧက ၃ဝဝ လောက်ကို သိမ်းပိုက်လိုက်တယ်လို့ ဦးကံမြင့်က ဆိုပါတယ်။

အိမ်အဖျက်ခံလိုက်ရပြီးနောက် ဇနီးဖြစ်သူနဲ့သားကို ရွာထဲကို ရွှေ့ပြောင်းချင်ပေမယ့် မီးမထွက်သေးတဲ့ မီးနေသည်တစ်ဦး ကို တခြားအိမ်တွေက လက်ခံပေးဖို့ ရွာဓလေ့အရ ဝန်လေးနေကြပါတယ်။ ဒါကြောင့် ပျက်စီးသွားတဲ့ အိမ်ရဲ့ အပျက်အစီးတွေထဲကမှ ကောင်းနိုးရာရာ ပျဉ်တွေကို ရွေးထုတ်ပြီး မြေကြီးပေါ်မှာ ခင်းလိုက်ပါတယ်။

အဲဒီညက မွေးခါစ သားငယ်လေးအပါအဝင် သားလေး ယောက်နဲ့ ဦးကံမြင့်တို့လင်မယားနှစ်ယောက်ဟာ အမိုးအကာ မပါတဲ့ ပျဉ်ခင်းပေါ်မှာ အိပ်ခဲ့ကြရပါတယ်။

ရုတ်ခြည်းဆိုသလို ဘဝပျက်သွားတဲ့အတွက် ဇာတိရွာကို စွန့်ခွာပြီး ထွက်ပြေးချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့ပေမယ့် ငွေ ကြေးအခက်အခဲရှိတာကြောင့် ဦးကံမြင့်တို့မိသားစုဟာ ရွာထဲက ဆွေမျိုးတစ်ဦးရဲ့ ခြံနောက်ဘက်မှာ ဝါးတိုင်နဲ့ ဓနိမိုးအိမ်တစ်လုံးကို ဖြစ်သလိုပြန်ဆောက်ပြီး နေခဲ့ရပါတယ်။

ဦးကံမြင့်နေထိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ဝါးဘိုးတောရွာကို ပုသိမ်မြို့ကနေ ဆိုင်ကယ်နဲ့သွားရင် နာရီဝက်လောက်ဆို ရောက်ပါတယ်။ အိမ်ခြေ ၁၂ဝ ခန့်ရှိတဲ့ ရွာပါ။ ဖျက်ဆီးခံရတဲ့အိမ်တွေဟာ ကျေးရွာတစ်ဝိုက်က ဥယျာဉ်ခြံတွေထဲမှာ ဆောက်လုပ်ထားတဲ့ ခြံပိုင်ရှင်တွေရဲ့အိမ်တွေပါ။

မြန်မာနိုင်ငံမှာ ဦးကံမြင့်တို့လို မြေယာတွေကို ပုံစံမျိုးစုံနဲ့ အသိမ်းခံခဲ့ရပြီး လက်ရှိမှာပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ မြေယာ ဧရိယာဟာ ဧကပေါင်း သုံးသန်းနဲ့ ငါးသန်းကြားမှာရှိနေတယ်လို့ သိမ်းဆည်းမြေများ ပြန်လည်ပေးအပ်ရေး စုံစမ်းစစ်ဆေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ၂ဝ၁၆၊ မေလအတွင်း နေ ပြည်တော်မှာ မော်ကွန်းနဲ့ တွေ့ဆုံမေးမြန်းစဉ်က ပြောကြားခဲ့ ပါတယ်။ ဒီကိန်းဂဏန်းဟာ ခန့်မှန်းတဲ့အရေအတွက်သာဖြစ်ပြီး စာရင်းအတိအကျကို မရရှိသေးပါဘူး။ လက်ရှိမှာလည်း တိုင်စာ တွေက ဆက်လက်တက်လာဆဲမို့ အခုလိုခန့်မှန်းရတာလို့ လွှတ် တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

အထက်ပါ ကိန်းဂဏန်းအရဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုး မြေဧရိယာစုစုပေါင်းဧက ၁၉ သန်းဝန်းကျင်ရဲ့ ငါးပုံတစ်ပုံ လောက်ဟာ သိမ်းဆည်းခံရမှုကြောင့် အငြင်းပွားမှုဖြစ်နေတဲ့ မြေယာတွေပါ။

မြေယာသိမ်းဆည်းမှုတွေမှာ အများဆုံး အငြင်းပွားနေတာ ဟာ တပ်မတော်က သိမ်းဆည်းထားတဲ့ မြေယာကိစ္စတွေလို့ စုံ စမ်းစစ်ဆေးခဲ့တဲ့ (အရင်အစိုးရလက်ထက်) ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက်စုံစမ်းရေး (လယ် ယာမြေစုံ စမ်းဖော်ထုတ်ရေး)ကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဦးကံမြင့်ဟာ ဥယျာဉ်ခြံမြေတွေကို သူ့ရဲ့ မိဘတွေဆီက အမွေအဖြစ်ဆက်ခံပြီး လုပ်ကိုင် နေတာပါ။ ဒါပေမဲ့ သူအပါအဝင် သူ့ရွာမှာရှိတဲ့ ဥယျာဉ်ခြံပိုင်ရှင်တွေအားလုံးမှာလည်း မြေပိုင် ဆိုင်မှုအတွက် မှတ်ပုံတင်ထားတာမျိုးတော့ မရှိပါဘူး။ ဒေသဓလေ့အရ ဥယျာဉ်ခြံမြေကို ဘယ်သူက ဘယ်နေရာပိုင်တယ်ဆိုတာတော့ သိ ကြပါတယ်။

၁၉၉၅-၉၆ နောက်ပိုင်းမှာ မွေးမြူရေး အတွက်ဆိုပြီး ဧရာဝတီတိုင်း အခြေစိုက်တပ် ရင်းငါးခုက သူတို့ရွာအနီးမှာ မြေယာသိမ်းမှုတွေ စလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက မွေးမြူရေးလုပ်ကိုင်တဲ့ တပ်ရင်းတွေဟာ ဒေသခံတွေကို နှင်မထုတ်ခဲ့ပါဘူး။

သုံးနှစ်ခန့်အကြာမှာတော့ တပ်ရင်းတွေဟာ မွေးမြူရေး လုပ်ငန်းတွေကိုရပ်ပြီး ပြန်သွားခဲ့ကြပါတယ်။ ဒီအခါ ဦးကံမြင့် တို့ဟာ မြေယာတွေပြန်ရပြီလို့တွေးထားခဲ့ပေမယ့် မွေးမြူရေး လုပ်တဲ့တပ်ရင်းတွေပြန်သွားပြီး မရှေးမနှောင်းမှာပဲ လစရ-၁ဝ လို့ ဒေသခံတွေခေါ်တဲ့ အမှတ် ၁ဝ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီ ယာတပ်ရင်းက ရောက်လာပြီး ထပ်မံသိမ်းဆည်းလိုက် ပါတယ်။ ဒီတပ်ရင်းက ဝါးဘိုးတောရွာနဲ့ တစ်မိုင်အကွာလောက်မှာ တည်ထားတဲ့ တပ်ရင်းတစ်ခုပါ။

မွေးမြူရေးတပ်တွေ သိမ်းခဲ့တဲ့နေရာတွေအပြင် ဥယျာဉ်ခြံ နဲ့ လယ်ယာမြေတွေကိုပါ ဒီတပ်ရင်းက တဖြည်းဖြည်းတိုးချဲ့ မြေသိမ်းယူခဲ့ရာက ဦးကံမြင့်ရဲ့ ဥယျာဉ်ခြံမြေတွေပါ သိမ်းခံလိုက် ရတာပါ။

သိမ်းယူစဉ်အစပိုင်းမှာ ဒီတပ်ရင်းက လယ်တစ်ဧက စပါး ခုနစ်တင်း၊ ကွမ်းတစ်ပင် ငွေငါးကျပ်၊ ဝါးတစ်ဧက သုံးထောင် စသဖြင့် သီးပင်စားပင်အမျိုးအစားပေါ်မူတည်ပြီး သီးစားခယူ လုပ်ကိုင်ခွင့်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂ဝဝ၈၊ မတ် အရောက်မှာ တော့ ဒေသခံတွေကို ဆက်လက်လုပ်ကိုင်ခွင့် မပေးတော့ဘဲ မောင်းထုတ်ခဲ့တယ်လို့ ဦးကံမြင့်က ပြောပြတယ်။ ဥယျာဉ်ခြံမြေတွေ အသိမ်းခံလိုက်ရပေမယ့် ”ဘာလျော်ကြေးမှ မရခဲ့ဘူး”လို့ သူက ဆိုပါတယ်။

ဒီတပ်ရင်းဟာ ဝါးဘိုးတောရွာနဲ့ ဆက်စပ်နေတဲ့ သရက် တစ်ပင်နဲ့ မာလာချောင်ရွာတွေမှာလည်း မြေသိမ်းယူထားတယ်လို့ ဦးကံမြင့်က ဆိုပါတယ်။ အခုဆိုရင် သူကိုယ်တိုင်က ဝါးဘိုးတော၊ သရက်တစ်ပင်၊ မာလာချောင်ရွာတွေက သိမ်းဆည်းခံရတဲ့ မြေတွေနဲ့ပတ်သက်ပြီး ပြန်လည် အသနားခံစာတင်ပြတောင်းဆို နေတဲ့ မြေပိုင်ရှင်တွေအနက် တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ လစရ-၁ဝ သိမ်းခဲ့တာက ဥယျာဉ်ခြံမြေနဲ့ လယ်မြေဧက စုစုပေါင်း တစ်ထောင်ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်တက်လာတဲ့ နောက် မြေယာသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးမယ်လို့ ကြေ ညာလိုက်တဲ့အချိန်မှာ ဦးကံမြင့်တို့ဟာ မြေယာတွေပြန်လည်ရဖို့ အသနားခံစာကို အကြိမ်ကြိမ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဘာမှမထူးခြားခဲ့ဘူးလို့ ၂ဝ၁၆၊ မတ်လ တတိယပတ်မှာ ဦးကံမြင့်က မော်ကွန်းမဂ္ဂဇင်းကို ပြောပြပါတယ်။

အရင်အစိုးရ ဘယ်လိုရှင်းခဲ့လဲ

သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မီ ရက်ပိုင်းအလို (၂ဝ၁၆၊ မတ် ၁၇ ရက်)မှာ လယ်ယာမြေစုံစမ်းဖော်ထုတ်ရေးကော် မရှင်က တင်ပြထားတဲ့ မြေယာအမှုကိစ္စရပ်တွေအနက် ၇၆ ရာ ခိုင်နှုန်း (အမှုပေါင်း ၁၇,၇၁၈ အနက် ၁၃,၅၉၆ မှု) ကို ဖြေရှင်းပေးခဲ့ပြီးပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လယ်ယာမြေစုံစမ်းဖော်ထုတ်ရေးကော်မရှင်မှ တင်ပြလာ တဲ့ အစီရင်ခံစာတွေထဲက မြေဧက တစ်သိန်းလေးသောင်းကျော် (၁၄၇,၄၈၆)ကို ပြန်စွန့်လွှတ်မယ်လို့လည်း ဒုသမ္မတ(၂)ဦးဉာဏ်ထွန်းဦးဆောင်တဲ့ လယ်ယာမြေစီမံခန့်ခွဲမှုဗဟိုကော်မတီက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ လွှတ်တော်ရဲ့စုံစမ်းစစ်ဆေးမှုမှာ မပါဝင်ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနက ဧကတစ်သိန်းကိုးသောင်းနီးပါး (၁၈၉,၁၅၃ ဧက)၊ ကုမ္ပဏီ/အဖွဲ့အစည်းတွေက ဧကလေး သောင်းခွဲဝန်းကျင်(၄၄,၅၇၇ ဧက)နဲ့ အခြားဝန်ကြီးဌာနတွေက ဧကနှစ်သောင်းကျော်(၂၂,၂၉၃ ဧက)ကိုလည်း သီးခြားပြန်စွန့်လွှတ်မယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်က တင်ပြလာ တာမဟုတ်ဘဲ အစိုးရအဖွဲ့ကို တိုက်ရိုက်တိုင်ကြားတဲ့အမှုပေါင်း တစ်ထောင်နှစ်ရာခန့်ကို ဖြေရှင်းပေးတာဟာလည်း ၃၁ ရာခိုင် နှုန်းကျော်အထိ ပြီးစီးနေပြီလို့ အထက်ပါထုတ်ပြန်ချက်မှာ  ဖော် ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ မြေပြင်က အချက်အလက်တွေနဲ့ ကွာဟမှုရှိနေတာကြောင့် ”လိမ်တယ်လို့ ပြောမယ်”လို့ လက်ရှိပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဦးစိန်ဝင်းက မေလ ဒုတိယအပတ်၊ နေပြည်တော်မှာ မော်ကွန်းနဲ့တွေ့ဆုံမေးမြန်းစဉ် မှတ်ချက်ပေးပါတယ်။

”ထုတ်ပြန်ချက်က တစ်ဦးချင်း၊ တစ်မြို့ချင်းစီရဲ့ အမှု အလိုက် အသေးစိတ်ဖော်ပြတာမျိုးမဟုတ်ဘဲ Over all (လုံး ပေါင်း)ပြောပြီး ဒီလောက်ရာခိုင်နှုန်း(၇၆ ရာခိုင်နှုန်း) ဖြေရှင်းခဲ့ တယ်ဆိုလို့ အခုလိုပြောရတာ”လို့ အထက်ပါအတိုင်း မှတ်ချက် ပေးရခြင်းအကြောင်းကို ဦးစိန်ဝင်းက ရှင်းပြပါတယ်။

သူဟာ ပြီးခဲ့တဲ့လွှတ်တော် လယ်ယာမြေစုံစမ်းဖော်ထုတ်ရေးကော်မရှင်မှာလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် ခဲ့သူဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ မြေယာပြဿနာ တွေကို ဖြေရှင်းပေးခဲ့ပေမယ့် ထိရောက်မှန်ကန်တဲ့ နည်းလမ်းနဲ့ဖြေရှင်းပေးခဲ့တာမျိုးမဟုတ်ဘူးလို့ လယ်ယာမြေစုံစမ်းဖော်ထုတ် ရေးကော်မရှင်မှ အဖွဲ့ဝင်တွေအပါအဝင် မြေယာအရေးဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကလည်း ထောက်ပြ ဝေဖန်ပါတယ်။

ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အားနည်းတာ၊ မြေယာစီမံ ခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းတဲ့နေရာမှာ မြေယာသိမ်းယူ စဉ်က ပါဝင်ခဲ့တဲ့ ဌာနတွေကို ဦးဆောင်စီမံခန့်ခွဲခွင့်ပြုတာ၊ လွှတ်တော်ရဲ့ အကြံပြုချက်တွေနဲ့ အစိုးရရဲ့ မြေပြင်မှာ အကောင် အထည်ဖော်မှုတွေ ကွဲလွဲတာတွေဟာ မြေယာပြဿနာ မပြေလည်ရခြင်းရဲ့ အဓိက အားနည်းချက်တွေဖြစ်တယ်လို့ သူတို့က ထောက်ပြဝေဖန်ပါတယ်။

အဓိကအားဖြင့် မြေယာသိမ်းဆည်းခဲ့စဉ်က ပါဝင်ခဲ့တဲ့ မြေစာရင်းဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ စည်ပင်သာယာလို အဖွဲ့တွေကို မြေယာပြန်လည်ပေးအပ်တဲ့နေရာမှာ စိစစ်ခွင့်ပေး လိုက်တာဟာ မြေယာပြဿနာဖြေရှင်းရေးအတွက် မအောင် မြင်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုလို့  ဦးစိန်ဝင်းက ယူဆပါတယ်။

”စေတနာအပြည့်နဲ့ ဘယ်လောက် လုပ်ပါ့မယ်ပြောပြော။ သူ့ပေါင်ကိုတော့ သူ ဖွဖွလေးထောင်းမှာပဲ။ အဲဒီတော့ မှန်မှန် ကန်ကန် မျှမျှတတ မဖြစ်လာနိုင်ဘူး”လို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်သူ ဦးစိန်ဝင်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က သိမ်းဆည်းမြေတွေကို လယယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)ထုတ်ပေးပြီး မူလမြေပိုင်ရှင် လယ်သမားတွေထံပြန်ပေးရန် အကြံပြုခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ သီးစားခနဲ့ယူပြီး တစ်ဆင့် လုပ်ကိုင်နေတဲ့သူတွေကိုသာ ပုံစံ(၇)ထုတ်ပေးခဲ့တာကြောင့် လွှတ်တော် အကြံပြုချက်တွေကို ပြောင်းပြန် အကောင် အထည်ဖော်လိုက်ကြတယ်လို့ ဦးစိန်ဝင်းက ဆိုပါတယ်။

”ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ထားတဲ့ လမ်းညွှန် ချက်ဟာ ဥပဒေတစ်ခုကဲ့သို့ တည်တယ်။ ဒါကို အရင်အစိုးရ ဝန်ကြီးချုပ်တွေက အကောင်အထည်မဖော်တဲ့အပြင် ပြောင်းပြန် တောင်လုပ်ပစ်လိုက်တယ်”လို့ သူက ထောက်ပြတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ယခင်လယ်ယာမြေစုံစမ်းဖော်ထုတ်ရေးကော်မရှင် အတွင်းရေးမှူးလည်း လုပ်ခဲ့တဲ့ ဦးသိန်းထွန်းက မြေပြင်မှာ မြေယာပြဿ      နာတွေ မပြေလည်သေးတဲ့ အကြောင်းရင်းကို အခုလိုပြောပါတယ်။

”မူလပိုင်ရှင်တွေကို ပြန်ပေးပါလို့အကြံပြုတယ်။ သူတို့ (အစိုးရ) ကျတော့ မူလလက်ငုတ်တွေ၊ လက်ရှိ လက်ငုတ် (သီး စားသမား)တွေ မစဉ်းစားဘူး။ ရှင်းပြီးပြီဆိုတဲ့ဟာကိုပဲ အပေါ် (မြေယာစီမံခန့်ခွဲမှုဗဟိုကော်မတီ)ကို တင်လိုက်တာ”

တချို့ဒေသတွေမှာ ကုမ္ပဏီတွေ၊ အစိုးရဌာနတွေက သိမ်း ထားတဲ့ မြေယာတွေကို စွန့်လွှတ်လိုက်ကြပေမယ့် အစိုးရရဲ့ လုပ် ထုံးလုပ်နည်းတွေ အားနည်းချက်တွေကြောင့် သီးစားချထားသူ တွေသာ မြေယာတွေရသွားပြီး မူလပိုင်ရှင်လက်ထဲ မြေယာပြန် မရောက်တာမျိုးတွေဖြစ်နေတာလို့ ဦးသိန်းထွန်းက ထောက်ပြပါတယ်။

ဌာနဆိုင်ရာတွေဘက်က ထွက်လာတဲ့သတင်းတွေအရ မြေယာအငြင်းပွားမှုတွေကို သက်ဆိုင်ရာခရိုင်တစ်ခုချင်းအလိုက် သတ်မှတ်ထားတဲ့ လအပိုင်းအခြားတစ်ခုအတွင်း သတ်မှတ်ပေး တဲ့ မြေယာအမှုအရေအတွက်ကို ပြီးပြတ်အောင် ဖြေရှင်းပေးပါ ဆိုတဲ့ ဗဟိုရဲ့ ညွှန်ကြားချက်ကို အောက်ခြေဌာနဆိုင်ရာအဖွဲ့တွေ က ပြည့်မီအောင် ဖြေရှင်းခဲ့ရတာတွေ ရှိတယ်လို့ မြေယာအရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြေယာ မဏ္ဍိုင်အဖွဲ့ (Land Core Group) မှ အမှုဆောင်ညွှန်ကြား ရေးမှူးဖြစ်တဲ့ ဦးရွှေသိန်းက ရှင်းပြပါတယ်။ (ဥပမာ- ခရိုင်တစ်ခု ကို သုံးလအတွင်း အငြင်းပွားမှု ၁၅ဝ အထိ အနည်းဆုံးဖြေရှင်း ဆောင်ရွက်ပေးရန်ဆိုသော ညွှန်ကြားချက်မျိုးကိုဆိုလိုတာပါ။)

အခြားသော ဦးစားပေးလုပ်ငန်းတာဝန်တွေနဲ့ ပြည့်နေတဲ့ အောက်ခြေဌာနဆိုင်ရာတွေကို ခွဲတမ်းနဲ့ ချက်ချင်းဖြေရှင်းရမယ် လို့ လမ်းညွှန်ချက်ပေးခြင်းဟာ မြေပြင်အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့တွေအတွက် အခက်တွေ့စေခဲ့ပါတယ်။ ဒါကြောင့် အခုအချိန် အထိ မပြီးပြတ်သေးတဲ့ မြေယာအငြင်းပွားမှုတွေ အများအပြား ကျန်နေတာလို့ ဦးရွှေသိန်းက ထောက်ပြပါတယ်။

သူဟာ အရင်အစိုးရလက်ထက် အမျိုးသားမြေအသုံးချမှု မူဝါဒကြမ်းရေးဆွဲခဲ့တဲ့ လုပ်ငန်းစဉ်မှာ မြေယာနဲ့ဆက်စပ်တဲ့ဌာနဆိုင်ရာတွေနဲ့ တစ်နှစ်ခွဲလောက် လက်တွဲဆောင်ရွက်ခဲ့တဲ့ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

မြေယာ ပြန်မရသေးတဲ့ သူများ

မတ် ၁၇ ရက်က ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ ကြေညာချက်မှာပါ တဲ့ ‘စုံစမ်းရေးကော်မရှင်မှ ပေးပို့လာသော အစီရင်ခံစာ အပိုင်း အသီးသီးပါ မြေကိစ္စများအပေါ် စိစစ်ဖြေရှင်း ဆောင်ရွက်ပြီးစီးမှု’ ဆိုတဲ့ခေါင်းစဉ်အောက်မှာဆိုရင် ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဖြေရှင်းရန် အမှုတွဲပေါင်း ၁,၅၄၃ ခုရှိပြီး ယင်းအနက်မှ ၁,၅၁၈ ခု ဖြေရှင်းပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၈ ရာခိုင်နှုန်းကျော် ဖြေရှင်းပြီးပြီဆိုတဲ့သဘောပါ။

ဒါပေမဲ့ မော်ကွန်းက ကွင်းဆင်းလေ့လာခဲ့တဲ့ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ထဲက မြေသိမ်းခံရတဲ့ ဒေသခံ အများစုကတော့ အခုအချိန်အထိ မြေယာပြဿနာတွေကို ဖြေရှင်းပေးတာ မခံရသေးဘဲ အငြင်းပွားနေကြဆဲပါ။

လယ်မြေခုနှစ်ဧကနဲ့ ဥယျာဉ်ခြံမြေဧက နှစ်ဆယ်ကျော် အသိမ်းခံလိုက်ရတဲ့ ဦးကံမြင့်တို့ ဝါးဘိုးတောရွာက အသက် ၆၇ နှစ်အရွယ် ဦးမြအုန်းဆိုရင် သိမ်းဆည်းခံလိုက်ရတဲ့ မြေတွေပြန် ရဖို့ အသနားခံတိုင်ကြားရာကတစ်ဆင့် မြေသိမ်းတဲ့ တပ်ရင်း လစရ(၁ဝ)က သူ့ကိုတရားပြန်စွဲခဲ့လို့ ငါးနှစ်လောက် အမှုရင်ဆိုင် ခဲ့ရပါတယ်။

မြေသိမ်းခံခဲ့ရလို့ စီးပွားရေးပျက်၊ အခြေမဲ့သလောက် ဖြစ်နေချိန်မှာ တရားပါ အစွဲခံလိုက်ရတာပါ။ ဘိုးဘွားစဉ်ဆက် လုပ် စားခဲ့တဲ့ သူရဲ့လယ်မြေတွေ ပြန်ရဖို့ ရွာကနေ နှစ်နာရီလောက် စက်ဘီးစီးသွားရတဲ့ ပုသိမ်မြို့မှာ တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါ တယ်။ သူနဲ့ အခြားသူရှစ်ဦးကို ဒီတပ်ရင်းက တရားစွဲခဲ့တာပါ။

၂ဝ၁၅၊ ဇွန်မှာ အဆုံးသတ်သွားတဲ့ ဒီအမှုမှာ ပိုင်ဆိုင်မှု အထောက်အထားခိုင်လုံတဲ့အတွက် ဦးမြအုန်း အနိုင်ရခဲ့ပါတယ်။

”တရားရင်ဆိုင်နေတုန်းကဆိုရင် အကြွေးကလည်းမြုပ် နေ။ မရှိ ရှိတာရောင်းပြီး အကြွေးချ(ဆပ်)ရတယ်။ နွားရှိရင် နွား ရောင်းပြီး ဆပ်ရတယ်”လို့ ဦးမြအုန်းက ပြောပြတယ်။

သူ့ဘက်က မှန်ကန်နေတဲ့အတွက် နောက်ဆုံးမှာ အင်အား ကြီးတဲ့ တပ်မတော်လို အဖွဲ့အစည်းကို အနိုင်ရခဲ့တာကြောင့် ”ဂုဏ်ယူတယ်”လို့ ပြောရင်း ဦးမြအုန်းက ရယ်ပါတယ်။

တရားနိုင်ခဲ့တဲ့အတွက် ဦးမြအုန်းရဲ့ လယ်မြေခုနစ်ဧကက တော့ ပြန်ရပါပြီ။ ဒါပေမဲ့ ဥယျာဉ်ခြံမြေတွေကိုတော့ တပ်မတော် က ဆက်လက်သိမ်းထားဆဲပါ။

”ဒေါသတော့ဖြစ်မိတယ်။ အဲဒီအချိန်မှာ မော်မကြည့်ရဲတဲ့ အချိန်ဆိုတော့ ဘယ်လိုမှ မလုပ်နိုင်ခဲ့ဘူး။ ကံကိုပဲ ပုံချလိုက် တယ်။ ဒါဟာ မင်းဘေးမင်းဒဏ်သင့်တယ်လို့ပဲ ဖြေသိမ့်လိုက် တယ်”လို့ သူခံစားနေရတာကို ဦးမြအုန်းက ရင်ဖွင့်ပါတယ်။

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့က အသက် ၆ဝ အရွယ် ဦးကြည်ဝင်းဆိုရင် တပ်မတော်က သိမ်းယူထားတဲ့ ပင်လယ်ကမ်း ခြေက သူ့ရဲ့အုန်းခြံခြောက်ဧကကို ပြန်ရရှိဖို့ ကြိုးစားနေသူပါ။ ၁၉၉၆ ဝန်းကျင်မှာ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အတွက် တပ်မတော်က သူအပါအဝင် ဥယျာဉ်ခြံပိုင်ရှင် ၁၆ ဦးရဲ့ အုန်းခြံ ၃၇ ဧကကို သိမ်းယူခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်တာကို လာကြည့်မယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အတွက် နားနေဆောင် ဆောက်လုပ်ဖို့  သူတို့ မြေတွေကို သိမ်းခဲ့တာလို့ ဦးကြည်ဝင်းက ဆိုပါတယ်။

ဒါပေမဲ့ လေ့ကျင့်ရေးဟာ နှစ်နှစ်ဆက်တိုက်လုပ်ပြီးတဲ့ နောက်ပိုင်း ဆက်မလုပ်တော့တာ ယနေ့အထိပဲလို့ ဒေသခံတွေ က ပြောပြတယ်။ ဒါကြောင့် ဦးကြည်ဝင်းနဲ့ အခြားမြေသိမ်းခံရ သူတွေဟာ သူတို့အုန်းခြံတွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုအချိန်အထိ ပြန်မရသေးပါဘူး။

လက်ရှိမှာ ဦးကြည်ဝင်းတို့ အုန်းခြံတွေကို အနောက် တောင်တိုင်းစစ်ဌာနချုပ်က ထိန်းသိမ်းထားဆဲဖြစ်ပြီး  စစ်သား တချို့ စောင့်ကြပ်နေတယ်လို့ ဒေသခံတွေက ပြောပြတယ်။

နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းတွေမလုပ်ဆောင်ဘဲ နှစ်ပေါင်းများစွာ ဒီအတိုင်းပစ်ထားတဲ့ အုန်းခြံတွေကို ပြန်ပေးဖို့ ဒေသခံတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည် အသနားခံတင်ပြခဲ့ကြပါတယ်။

မြေယာအငြင်းပွားမှုတွေကို စုံစမ်းစစ်ဆေးနေချိန်မှာ အငြင်းပွားမြေယာပေါ်မှာ အဆောက်အအုံဆောက်တာ၊ မြေပြု ပြင်တာ၊ အရောင်းအဝယ်လုပ်တာတွေကို ပြည်ထောင်စုလွှတ်တော်က တားမြစ်ခဲ့ပါတယ်။

ဒီညွှန်ကြားချက်ကို သိထားတဲ့ ဦးကြည်ဝင်းတို့ ဒေသခံ တွေဟာ အုန်းခြံတွေထဲမှာ တပ်မတော်က အဆောက်အအုံတချို့ အသစ်ထပ်ဆောက်တဲ့အခါ ဓာတ်ပုံရိုက်ပြီး လွှတ်တော်ကော်မတီကို တင်ပြဖို့ ကြိုးစားခဲ့ပါတယ်။

သို့ပေမဲ့ ဓာတ်ပုံရိုက်သူတွေကို တပ်မတော်က ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲခဲ့တာကြောင့် ဆိုင်ကယ်နဲ့ နှစ်နာရီလောက် သွားရတဲ့ပုသိမ်မြို့မှာ ဒေသခံတချို့ဟာ ကိုးလကြာ အမှုရင်ဆိုင်ခဲ့ ရပါတယ်။ အဆုံးမှာတော့ တရားရုံးက ပိုက်နက်ကျူးလွန်မှုနဲ့ ဒဏ်ငွေ ပေးဆောင်ခိုင်းခဲ့ပါတယ်။

ပြီးတော့ ပြည်ထောင်စုလွှတ်တော် မြေယာစုံစမ်းဖော်ထုတ် ရေးကော်မရှင်အဖွဲ့က ဒီမြေသိမ်းဆည်းမှုကို လာရောက်စစ်ဆေး ထားပေမယ့် ယခုအချိန်အထိ မထူးခြားဘူးလို့ ဦးကြည်ဝင်းက ပြောတယ်။

”အစိုးရသစ်လက်ထက်မှာ ပြန်လည်တောင်းဆိုမှုတွေ ဆက်လုပ်မှာ။ ကျွန်တော်တို့က လျော်ကြေးငွေထက် မြေယာကို ပဲ ပြန်လိုချင်တာ”လို့  ဦးကြည်ဝင်းက ပြောတယ်။

မြေယာသိမ်းဆည်းမှုတွေဟာ တပ်မတော် နဲ့ပတ်သက်နေ တာကြောင့် တပ်မတော်ကို အင်တာဗျူးခွင့်ရဖို့အတွက် မော် ကွန်းမဂ္ဂဇင်းက သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း သတင်းအချက်အလက်ရယူခွင့်လျှောက်လွှာနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှတစ်ဆင့် တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့ကို မတ် ၁၁ ရက်က အီးမေးလ်ပို့ခဲ့ပါတယ်။

သတင်းမီဒီယာဥပဒေမှာ ၁၄ ရက်အတွင်း ပြန်လည်ဖြေ ကြားရမယ်လို့ ပါရှိပါတယ်။ မတ် ၃၁ရက်မှာ ဒုတိယအကြိမ် ထပ်မံအီးမေးလ်ပို့ခဲ့ပေမယ့် (သတင်းမီဒီယာကောင်စီက စစ်တပ်ကို အကြောင်းကြားထားကြောင်း အသိပေးစာမှလွဲ၍) ဒီနေ့ အထိ တပ်မတော်မှ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကျော်ဇေယျ ရေးသည်။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."