မေတ္တာငတ်၍သေဆုံးခြင်း

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Essay ဖြစ်ပါသည်။

မြတ်စုမွန်

နေ့အချိန်တွင် ကြမ်းပြင်ကြား၊ ပျဉ်ထောင်ကြား တို့မှ တိုးဝင်လာသည့် အလင်းရောင်နှင့် ညအချိန် သူ့ခြင်ထောင်ပေါ်က ဝါကြင့်ကြင့်မီးလုံးတစ်ပွင့်မှ အလင်းရောင်တို့ကလွဲ၍ ဘာအလင်းရောင်မှ မရှိ၊ ဘာလေကောင်းလေသန့်မှ မရသည့် အခန်းကျဉ်း လေးတစ်ခုတွင် ကျွန်မ ခင်မင်ဖူးသည့် အဘွားအို တစ်ဦး ရှိသည်။

သူ့ခန်္ဓာကိုယ်သည် အသားအရေ ပြည့်ပြည့်ဖြိုးဖြိုးလည်း မဟုတ်။ အရိုးပေါ်အရေတင်နေသည့် ပိန်လှီ မွဲခြောက်သော အသွင်အပြင်လည်းမဟုတ်။ သူ့မျက်နှာတွင် သွားပွတ်တံဖြင့် ညီ ညီညာညာခြစ်ထားသည့် သနပ်ခါးအရေးအကြောင်းလေးများ ကို မီးရောင်မှိန်မှိန်အောက်တွင် မြင်ရတတ်သည်။

သူ့မျက်နှာတွင် မွေးရာပါ အမှတ်အသားများလို ဖြစ်နေ သည့် မဲှဲ့ခြောက်ကွက်များရှိသည်။ သူ့လက်သည်းများသည် ခပ် ညိုညို မာကျောကျော။ သူ့ဆံပင်ကို ယောကျ်ားဆံပင်လို တိုတို ကပ်ကပ်လေးညှပ်ထားသည်။

စားသောက်စရာလေး တစ်ခုခုကိုင်ကာ ရောက်လာလေ့ ရှိသည့် ကျွန်မကိုမြင်လျှင် ဘေးစောင်းလေး လှဲလျောင်းနေရာမှ သူ့တံတောင်ဆစ်ကို အားပြုကာ ထထိုင်ဖို့ကြိုးစားသည်။ ကျွန်မ ကိုမြင်လိုက်ချိန်တွင် သူ့ပျော်ရွှင်မှုကို သူ့မျက်လုံးနှင့် နှုတ်ခမ်းများ တွင် အထင်းသားမြင်ရသည်။

 

သူ့လည်ပင်းသည် သူ့ခေါင်းကို မနိုင်တော့သလို တုန်နေ သည့်အရှိန်ကို ထိန်း၍  ““ဟေ..စုစုလာတယ်။ ဘယ်ခါပြန် ရောက်နေလဲ””ဟု မေးလေ့ရှိသည်။

အိုမင်းခြင်းအရေပြားကို ခြုံထားသည့် သူ့လက်ဖမိုးများ၊ ခြေသလုံးများနှင့် ကျောကုန်းတို့ကို ပွတ်ကာ ““အမေကြီး၊ နေ ကောင်းလား””ဟု ကျွန်မက မေးလိုက်လျှင် သူခံစားနေရသည့် ဝေဒနာများအကြောင်း၊ အိပ်မပျော်ခြင်းများအကြောင်းနှင့် သူ့ ကို ဂရုမစိုက်သူများအကြောင်း တစ်စွန်းတစ်စကို အသံခပ်တိုး တိုးဖြင့် ပြတ်တောင်းပြတ်တောင်းပြောပြတတ်သည်။ သူ့အပေါ်ဂရုမစိုက်သူများအကြောင်းကို ပြောချိန်တွင် သူ့အသံမှာ လေသံ မျှသာ ကြားရလောက်အောင် တိုးတိမ်သွားတတ်သည်။

သူနေရသည့်အခန်းကလေးသည် ၁၀ ပေပတ်လည် အကျယ်ခန့်ရှိသည်။ ခြေတံရှည် ပျဉ်ထောင်အိမ်ကြီးတစ်လုံး၏ ခြေရင်းဘက်ခြမ်းတွင်ရှိသည်။ ထိုနေရာသည် ယခင်က အိပ်ခန်း အဖြစ် ရည်ရွယ်၍ ဖွဲ့ထားသည့်နေရာမဟုတ်။ အိမ်ရှေ့ လှေကားမှ တက်လျှင် အိမ်နောက်ဖေး မီးဖိုချောင်သို့ တန်းတန်းမတ်မတ်ဝင် သွားရသည့် လျှောက်လမ်းတစ်နေရာကို တစ်ဖက်က တံခါးပိတ် လိုက်ပြီး တစ်ဖက်က အခန်းစီးအဝတ်ဖြင့် ကာရံထားသည့် မည် ကာမတ်္တအခန်း ဖြစ်သည်။

ကြမ်းပြင်ပေါ်တွင် သဘော့ဖျာ တစ်ချပ်ရှိသည်။ ရာသီဥတု ပူသည့် နွေရာသီတွင် ထိုသဘော့ဖျာပေါ်တွင် ခေါင်းအုံးလေးတစ် လုံး ရှိသည်။ ရာသီဥတုအေးသည့် ဆောင်းတွင်း၊ မိုးတွင်အချိန်မျိုး တွင် ထိုသဘော့ဖျာပေါ်တွင် အညာစောင်တစ်ထည်  (သို့မဟုတ်) နှစ်ထည်ထပ်၍ ခင်းထားတတ်သည်။ ကြမ်းပြင်ပေါ်တွင် သဘော့ ဖျာ၊ သဘော့ဖျာပေါ်တွင် အညာစောင် ခင်းထားသည့် နေရာ သည် သူ့အိပ်ရာဖြစ်၏။

ထိုအိပ်ရာတွင် ပက်လက်လှန်၍ လှဲလိုက်လျှင် အနားတွေ ပင့်တင်ထားသည့် ခြင်ထောင်ငယ်တစ်လုံးကိုတွေ့ရမည်။ အိပ်ရာ ပေါ်တွင် ထိုင်လိုက်လျှင် ထိုခြင်ထောင်နှင့် ဦးခေါင်းက ထိနေတတ် သည်။ ကျွန်မရောက်သွားချိန်တိုင်း မည်သည့်အခါမျှ ဖြုတ်သိမ်း ထားခြင်းမရှိသည့် ထိုခြင်ထောင်လေးသည် မည်သည့်အရောင် ဟုပင် ပြောရခက်လောက်အောင် ဟောင်းနေပေပြီ။

““ထိုင်ရထရ လွယ်အောင် ကိုယ့်ခုတင်နဲ့ကိုယ် အိပ်ချင် တယ်””ဟု သူ တောင့်တတတ်သည်။

သူ့အိပ်ရာခြေရင်း ထောင့်ဘက်ကြမ်းပြင်တွင် လေး ထောင့်အပေါက်ငယ်တစ်ခုရှိပြီး ထိုအပေါက်သည် သူ၏ အိမ်သာ ဖြစ်သည်။ အညစ်အကြေးများကို ထိုကြမ်းပြင်မှတစ်ဆင့် မြေပြင် ပေါ်သို့ စွန့်ရသည်။

ကျွန်မသွားသည့်အချိန်တိုင်း သူသည် လှဲနေတတ်သည်။ သို့မဟုတ် ခြေထောက်ဆန့်ကာ ထိုင်နေတတ်သည်။ သို့မဟုတ် သူ့အိပ်ရာနှင့် သုံးပေပတ်လည် အနီးဝန်းကျင်သို့ ဖင်ရွှေ့ဖင်ရွှေ့ ဖြင့် ရောက်နေတတ်သည်။  သူ၏ပိုင်နက်သည် လေကောင်းလေ သန့်ရော၊ အလင်းရောင်ပါ ကောင်းစွာမရသည့် ထိုဆယ်ပေပတ် လည် အခန်းငယ်လေးသာဖြစ်သည်။

ချော်လဲသည့်ဒဏ်ကြောင့် ပေါင်ရိုးဒဏ်ရာရကာ လမ်း မလျှောက်နိုင်တော့သည့်နောက်ပိုင်း သည်အခန်းငယ်ထဲမှ လွဲ လျှင် အိမ်တစ်အိမ်လုံးရှိ မည်သည့်နေရာကိုမျှ သူမရောက်နိုင် တော့တာ နှစ်ပေါင်းအတန်ကြာခဲ့ပြီ။ သူ့မိသားစုဝင်များကို အသံ ကြားရသည်မှတစ်ပါး စုံစုံလင်လင်မမြင်ဖူးသည်မှာလည်း ကြာ ခဲ့ပြီ။ အပြင်လောကကိုဆိုလျှင် သာ၍ ဝေးတော့သည်။

ထိုအခန်းငယ်သည် သူ၏ အိပ်ရာ၊ သူ၏ ထမင်းစားခန်း၊ သူ၏ အိမ်သာဖြစ်သည်။ လမ်းမလျှောက်နိုင်သည်ကလွဲလျှင် သူ က နာတာရှည်ရောဂါသည်တော့ မဟုတ်။ အသက်ကြီးလာ၍ မျက်စိအမြင်မွဲလာသည်ကလွဲ၍ ကျန်းမာရေးချို့တဲ့နေခြင်း မရှိ။ သို့တိုင် သူ့ကို မိသားစုဝင်များက ဘာကြောင့် အိမ်အပြင် မထုတ် ကြသလဲဆိုတာကို ကျွန်မကိုယ်တိုင် နားမလည်။

ကျွန်မသည် နယ်ပြန်တိုင်းလိုလို သူ့ဆီကိုဝင်၍လည်သည်။ သူကြိုက်တတ်သည့် ကိတ်မုန့်အိအိကလေးနှင့် လိမေ်္မာ်သီး အချို့ ဝယ်သွားသည်။ သူနှင့် စကားစမြည်ပြောသည်။ နေကောင်း အောင်နေဖို့မှာလျှင် သူက ““အမေကြီးက နေမကောင်းတာမှ မဟုတ်တာ၊ ပေါင်က မထောက်နိုင်လို့ လမ်းမလျှောက်နိုင်တာဘဲ ရှိတာ””ဟု သူက ပြောတတ်သည်။

သူသည် သနပ်ခါးကြိုက်သည့် အမယ်အိုတစ်ယောက် ဖြစ် သည်။ သူ့ကို တမင်တကာသွား၍ နှုတ်မဆက်လျှင် မည်သူကမျှ မမြင်နိုင်သည့်တိုင် သနပ်ခါးလေးလိမ်းကျံ၍ သပ်သပ်ရပ်ရပ်နေ တတ်သည်။ ထိုအခန်းထဲသို့ ပြောင်းရွှေ့နေရကာစ နှစ်များကဆို လျှင် သူ့မျက်နှာတွင် သနပ်ခါးလေးဖွေးနေအောင်လိမ်းထား သည်ကို မြင်နိုင်သည်။ နှစ်တွေကြာလာသည်နှင့်အမျှ သူ့ခြေရင်း တွင် မြင်နေကျ သနပ်ခါးကျောက်ပြင်လေးပင်လျှင် မတွေ့ရတော့။

ကျွန်မရောက်သွားလျှင် ““သနပ်ခါးလိမ်းချင်တယ်၊ သူတို့ က မဝယ်ပေးဘူး””ဟု ခပ်တိုးတိုးပြောတတ်သည်။

သူနှင့် ကျွန်မ စတင်ရင်းနှီးသိကျွမ်းခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့။ ကျွန်မ မူလတန်းအရွယ်တွင် ကျွန်မတို့၏ ဘေးအိမ် သို့ သူတို့မိသားစုပြောင်းရွှေ့လာခဲ့ကြသည်။ ကျွန်မထက် အနည်း ငယ်ကြီးသည့် ညီအစ်မနှစ်ဦးလည်း ပါလာရာ အဖော်မင်သော ကျွန်မအတွက်တော့ အိမ်နီးနားချင်းဆွေမျိုးရင်းဆိုသည့် စကား အတိုင်း ထိုအိမ်သည် လည်ပတ်ရာအိမ်၊ ထိုအိမ်သည် ကစားရာ နေရာ ဖြစ်ခဲ့သည်။

အမေကြီးသည် ထိုအိမ်၏ အသက်အကြီးဆုံးသူဖြစ်သည်။ အမေကြီးတွင် ခင်ပွန်းဖြစ်သူ မရှိတော့ပေ။ ထိုအိမ်တွင် အသက် ၅၀ အရွယ် သူ့သမီးနှင့် သမက်တို့ရှိသည်။ ကျွန်မထက် အသက် အနည်းငယ်ကြီးသည့် မြေးမလေး နှစ်ဦး ရှိသည်။

ပိန်ပိန်ပါးပါးခန်္ဓာကိုယ်၊ အသားညိုညို၊ အရပ်ခပ်ပုပု အသွင်အပြင်ရှိ အမေကြီးသည် ထိုအိမ်၏ မီးဖိုချောင်တာဝန်ကို ယူသည်။ မကျဉ်းမကျယ်အနေအထားရှိသည့်  ခြံ၏ သန့်ရှင်းရေး ကို တာဝန်ယူသည်။

ကျွန်မသွားလည်သည့်အချိန်တိုင်း မိသားစုဝင်များ စား သောက်ရန်အတွက် တစ်ခုခုချက်ပြုတ်နေသည်ကို တွေ့ရတတ် သည်။ သို့မဟုတ် ခြေတံရှည်အိမ်၏အောက်တွင် သန့်ရှင်းရေး လုပ်ချင် လုပ်နေတတ်သည်။ တစ်ခါတစ်ရံတွင် အိမ်ရှေ့လှေကားမှ တက်လျှင် အိမ်ပေါ်ရောက်ရောက်ချင်းတွေ့ရသည့် ခုံတန်းရှည် တွင် သနပ်ခါးအဖွေးသားဖြင့်ထိုင်ကာ ရေနွေးကြမ်း သောက်ချင် သောက်နေတတ်သည်။ သူကြိုက်တတ်သည့် ဆေးပြင်းလိပ်ကြီး ဖွာချင်ဖွာနေတတ်သည်။ ထိုအိမ်ကြီး၏ နောက်ဖေးခန်း ခေါင်း ရင်းဘက်ရှိ သူ့ခုတင်ပေါ်တွင် ခြေတွဲလောင်းချကာ ထိုင်လျက် ကျောလယ်လောက်ရှိသည့် သိမ်လှီလှီဆံပင်ကို ဖြီးသင်နေ တတ်သည်။

ထိုအမေကြီးသည် ကျွန်မကို ခင်သည်။ သူတို့အိမ်သို့ သွား လျှင် ကျွန်မကို စကားတွေဖောင်ဖွဲ့အောင် ပြောလေ့ရှိသည်။ အတန်းပညာတွေ အောင်မြင်ပြီး တက်္ကသိုလ်တက်ရန် အရွယ် ရောက်လာသည့်အခါ ကျွန်မအိမ်မှထွက်ကာ ရပ်ဝေးမြေတွင် ပညာရေး၊ အလုပ်အကိုင်အတွက် အခြေချသည့်နောက်ပိုင်း အမေကြီးကို မေ့မေ့ပျောက်ပျောက်ပင် ရှိခဲ့သည်။

တစ်နှစ်တစ်ကြိမ် (သို့မဟုတ်) နှစ်နှစ်၊ သုံးနှစ်ကြာမှ တစ် ကြိမ်သာ အိမ်ပြန်ဖြစ်ခဲ့ရာ ထိုအခါမှသာ အမေကြီးကို တွေ့သည်။ နှုတ်ဆက်ဖြစ်သည်။ အစောပိုင်းနှစ်တွေက သူ့ကို သွားလာလျက် ပင် တွေ့ရသည်။ နောက်ပိုင်းတွင် သူကျန်းမာရေး မကောင်းဟု သတင်းကြားသည်။ ကျွန်မလည်း အိမ်မပြန်ဖြစ်တော့ သူ့ကို သတင်းသွားမမေးဖြစ်။ ကျွန်မရောက်သည့် အကြိမ်တွင်တော့ သူ့ကို သူ့မူလခုတင်၊ မူလအိပ်ရာတွင် မတွေ့ရတော့ဘဲ ခြေရင်း ဘက်ရှိ ဆယ်ပေပတ်လည် အခန်းငယ်ထဲတွင် တွေ့ရလေတော့သည်။

သူကြိုက်တတ်သည့် အသီးအနှံလေးနှင့် စားသောက်စရာ လေးများကို ဝယ်ခြမ်းသွားသည်။ အမေကြီးသည် ကျွန်မလာလျှင် ပျော်သည်။ ကျွန်မကို တိုင်သလိုလို စကားတွေဆိုသည်။ ဘိုး ဘွားရိပ်သာသို့ ပို့ပေးလျှင် သူယခုထက်ပို၍ အဆင်ပြေမည်ဟု ထင်ကြောင်း ပြောတတ်သည်။

““အမေကြီးဆီကို လာလည်တာ နင်တစ်ယောက်တည်း ရှိတယ်””ဟု ဆိုတတ်သည်။

တစ်နေကုန် မည်သူနှင့်မျှ စကားပြောဖော် မရှိသည့် အမေ ကြီးသည် ကျွန်မကို မြန်မြန်မပြန်စေချင်။ သူ့ဘေးတွင် အကြာ ကြီး နေစေချင်သည်။ အသက် ၈၀ ကျော်အရွယ် အမေကြီး၏ အထီးကျန်မှုတို့က ကာလကြာလာသည်နှင့်အမျှ ပို၍ သိပ်သည်း လာသည်ကို ကျွန်မ ခံစားမိသည်။

ကျွန်မထက် အသက်ကြီးသော်လည်း ကျွန်မနှင့် ကစား ဖော်ငယ်သူငယ်ချင်းလို ဖြစ်နေသည့် အမေကြီး၏ မြေးသည် ကလေးငယ်လေး မွေးထားသည်။ အမေကြီး၏ မြစ်ဖြစ်သူ လမ်း လျှောက်တတ်စ ထိုကလေးငယ်သည် အမေကြီး၏ အခန်းငယ်ထဲ သို့ စူးစမ်းသလိုကြည့်လျှင်၊ ဝင်ချင်ဟန်ပြုလျှင် ကျန်မိသားစုဝင် များက ကလေးကို ချက်ချင်း ခေါ်ယူသွားကြသည်။ အမေကြီး သည် သူ၏ သွေးသား၊ သူ၏ မြစ်ကလေးကို ကိုင်တွယ်ကြည့်ချင် ပုံရသည်။ ပွေ့ဖက်ချင်သည့် အမူအရာဖြင့် လက်ကမ်းလိုက်ချိန် တွင် ထိုကလေးကို သူ့မိခင်က အခြားအကြောင်းပြချက် တစ်ခုခု ဖြင့် ခေါ်ယူသွားနှင့်ပြီ ဖြစ်သည်။ ဒုတိယ မြစ်ကလေး မွေးဖွားလာ ချိန်တွင် ကလေးငိုသံကလေးကို ကြားရသည်မှလွဲလျှင် ကလေး ကို အမေကြီး မြင်ပင် မမြင်ဖူးတော့ပေ။

သူကြိုက်တတ်သည့် အသီးအနှံလေးများ ဝယ်လာကာ အမေကြီးကို ကျွန်မက ကျွေးလျှင် ““နောက်ဖေး ခဏခဏသွား မှာစိုးလို့ အစားအစာတွေ အများကြီး မကျွေးပါနဲ့””ဟု အမေကြီး ၏ သမီးဖြစ်သူက ကျွန်မကို ဟန့်တားတတ်သည်။

““ဝမ်းတွေချုပ်တယ်၊ ဝမ်းနုတ်ဆေးလေးစားချင်တယ်၊ အကြောအခြင်တွေနာတယ်၊ ဒဏ်ကြေဆေးလေးလိမ်းချင်တယ်၊ ရေနဲ့ ဖျော်လို့ရတဲ့ သနပ်ခါးဘူးလေး ဝယ်ပေးပါဆိုတာ ဘယ်သူမျှ မဝယ်ပေးကြဘူး””စသဖြင့် အမေကြီးက ကျွန်မကို ခပ်တိုးတိုး ပြောလေ့ရှိသည်။

ကျွန်မလာလည်တိုင်း အမေကြီး၏ အခန်းငယ်ဆီသို့သာ တန်းတန်းမတ်မတ်သွားလေ့ရှိသည်ကို မနှစ်မြို့သည့် အမူအရာ အချို့ကို သူတို့၏ မျက်လုံးများ၊ အပြောအဆိုဟန်ပန်များမှ တစ် ဆင့် ပို၍မြင်လာရသည်။ အဖိုးအခအန မများသည့်တိုင် အမေ ကြီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကျွန်မ မဝံ့ရဲခဲ့။

နောက်ပိုင်းတွင် နယ်သို့ပြန်ရောက်သည့်တိုင် အမေကြီး ဆီကို ကျွန်မ မသွားဖြစ်ခဲ့။ ထိုအိမ်ရှေ့မှ ဖြတ်လျှင် စကားအသံ ကျယ်ကျယ်မပြောဘဲ တိုးတိုးတိတ်တိတ်သာ ဖြတ်သွားမိသည်။ ကျွန်မအသံကို အမေကြီး ကြားလျှင်၊ ကျွန်မ ပြန်ရောက်နေလျက် သူ့ဆီမလာမှန်းသိလျှင် သူဝမ်းနည်းမည်ကို စိုးသည်။

ကျွန်မသည် ထိုအခန်းငယ်ထဲမှ အပြင်လောကသို့ မရောက်ဖူးသည်မှာ နှစ်အတန်ကြာပြီဖြစ်သည့်အမေကြီးအား ဘီးတပ်ကုလားထိုင်ပေါ်တွင်တင်၍ တွန်းကာ အပြင်သို့ ပို့ပေး ချင်စိတ်ဖြစ်မိသည်။ ခဏတဖြုတ် အိမ်ပြန်ချိန်တွင်သာ အမေကြီး အကြောင်း ခေါင်းထဲရှိသော်လည်း အလုပ်ရှိရာ၊ အခြေချရာ အဝေးတစ်နေရာသို့ ပြန်ရောက်ချိန်တွင် မေ့မေ့ပျောက်ပျောက်ပင်။

နယ်ကိုပြန်မရောက်ဖြစ်တာ ကြာပြီးနောက် တစ်နေ့တွင် အမေကြီးဆုံးသွားပြီဟု သတင်းကြားရသည်။ အေးလွန်းသည့် ဆောင်းတစ်ညတွင် အမေကြီးသည် သူ့အခန်းငယ်ထဲတွင် မည်သူမျှ မသိလိုက်ခင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သွေးသားရင်းချာ အဘွားအရင်းဆုံးပါးချိန်က ထိုမျှ လောက်တောင် ဝမ်းမနည်းခဲ့သော်လည်း သည်အမေကြီး ဆုံး သည့် သတင်းကိုကြားရချိန်တွင် ကျူကျူပါအောင် ငိုချမိသည်။ ထိုတစ်နေ့တာလုံး ငူငူငိုင်ငိုင်နှင့် ဝမ်းနည်းမဆုံး ဖြစ်ခဲ့ရသည်။

““ဘိုးဘွားရိပ်သာပို့ရင် သူတို့ သိက်္ခာကျမှာစိုးလို့ ဘယ်ပို့ ပါ့မလဲ””ဟု ပတ်ဝန်းကျင်က ပြောသည့် စကားတချို့ကို ပြန်၍ ကြားယောင်မိသည်။ မြစ်ကလေးများကို သေသေချာချာပင် မမြင်ဖူးခဲ့သည့် အမေကြီး၏ ဖြစ်အင်ကို ထပ်တလဲလဲ တွေးနေ မိသည်။

အမေကြီးဆုံးပါးပြီးနောက် နယ်သို့ပြန်ရောက်သော်လည်း အမေကြီးမရှိတော့သည့် ထိုအိမ်သို့ ခြေဦးပင်လှည့်ချင် စိတ်မရှိ တော့။ ညီအစ်မသဖွယ် ခင်မင်ခဲ့သည့် အမေကြီး၏ မြေးဖြစ်သူ အပေါ်တွင်လည်း ခင်မင်မှုများက ပျောက်ဆုံးသွားသလိုပင်။

သူတို့အိမ်ရှေ့မှ ဖြတ်သွားဖြတ်လာပြုလျှင် နှုတ်ဆက်ခေါ် ပြောဖြစ်သော်လည်း အမေကြီး၏ နောက်ဆုံးကာလများကို ပြန် သတိရမိတိုင်း သူတို့အပေါ်တွင် ထားရှိခဲ့သည့် ကျွန်မ၏ ခင် မင်မှုတို့သည် အမေကြီးနှင့်အတူ ဆိတ်သုဉ်းပျောက်ကွယ်သွား သလို ခံစားလိုက်ရသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."