ပေါက်ကွဲတော့မယ့် မိလ္လာအိုးပေါ်က ရန်ကုန်

ပေါက်ကွဲတော့မယ့် မိလ္လာအိုးပေါ်က ရန်ကုန်

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature  ဖြစ်ပါသည်။

ဟေမာန်ပြည့်နှင့် အိရွှေဖြူ ရေးသည်။

ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉)

 

ရေစက်မောင်းတဲ့အသံလို တဝူးဝူး စက်သံတွေ ထွက်လာ ပြီး မကြာခင်မှာပဲ လေထဲမှာ ပုပ်အဲ့အဲ့အနံ့တွေ ထွက်ပေါ်လာ ပါတယ်။ အော့အန်ချင်လောက် အောင် ဆိုးရွားတဲ့ဒီအနံ့က စက်သံ အရှိန်ရလာတာနဲ့အမျှ ပိုပြီး ပြင်းထန်လာပါတယ်။

ဒီအနံ့တွေရဲ့ ဇာစ်မြစ်ကတော့ မရမ်းကုန်းမြို့နယ်က လူဦး ရေထောင်ဂဏန်းရှိတဲ့ မုဒိတာအိမ်ရာက နေ့စဉ်စွန့်ပစ်တဲ့ မိလ္လာတွေကို သိုလှောင်ထားတဲ့ အုတ်ကန်ကြီးဆီက လာတာပါ။ မိလ္လာကန်ထဲမှာရှိတဲ့ မစင်တွေကို နေ့စဉ် စက်နဲ့ခြေမွတဲ့အခါ ဒီအနံ့ဆိုးတွေက လှိုင်လှိုင်ထွက်ပေါ်လာမြဲ ဖြစ်ပါတယ်။

မစင်နဲ့အညစ်အကြေးတွေကိုခြေပြီး ထွက်လာတဲ့ အရည် ကြည်တွေကို မြောင်းထဲကနေတစ်ဆင့် စွန့်ထုတ်တာဖြစ်ပါတယ်။ ဒီအနံ့ဆိုးတွေကို အဲဒီအိမ်ရာနဲ့ ကပ်နေတဲ့ ရပ်ကွက်ကလူတွေ ခံစားနေရတာ  လေးနှစ်လောက်ရှိပြီလို့ မိလ္လာကန်နဲ့ ဘေးချင်း ကပ်လျက်အိမ်က အသက် ၈၂ နှစ်အရွယ် ဒေါ်တင်ကြည်က ပြောပါတယ်။

နေ့စဉ်ခြေမွနေတာကြောင့် အနံ့ဆိုးတွေက မနက်ပိုင်း ထမင်းချက်ချိန်တွေမှာ လွင့်ပျံ့လာတတ်သလို အချိန်သတ် မှတ်ချက်မရှိဘဲ ညဉ့်နက်သန်းခေါင်မှာလည်း လွင့်ပျံ့ချင် လွင့်ပျံ့ လာတတ်တယ်လို့ ရပ်ကွက်နေသူတွေက ပြောကြပါတယ်။

ဒေါ်တင်ကြည်တို့ရဲ့အိမ်လေးဟာ အောက်ထပ်ကို အုတ်နဲ့ စီဆောက်ထားပြီး အပေါ်ထပ်က သစ်သားနဲ့ဆောက်ထားတဲ့ နှစ် ထပ်အိမ်လေးပါ။ အနံ့ဆိုးတွေကာကွယ်ဖို့ တစ်အိမ်လုံးကို တာ လပတ်တွေနဲ့ ပတ်ပတ်လည်ကာရံထားတဲ့အပြင် အိမ်ထဲမှာ ပန် ကာသုံးလုံးဖွင့်ထားပေမယ့်လည်း အနံ့အသက်တွေက အိမ်ထဲကို ဝင်နေဆဲပါ။

““အနံ့နံလာရင်မူးရော၊ ခေါင်းမြီးခြုံထားရင်တောင်မရ ဘူး””လို့ သူက  အိမ်အပေါ်ထပ်မှာ ခေါင်းအုံးတွေကိုမှီလှဲနေရင်းက ညည်းတွားပါတယ်။

အဲဒီမိလ္လာကန်ဟာ ရန်ကုန်မြို့မှာကြုံတွေ့နေရတဲ့ မိလ္လာ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံ ကိန်းကို အကောင်ထည်ဖော်ဖို့ကြိုးစားနေတဲ့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေနဲ့ လက်ရှိရန်ကုန်မြို့ရဲ့ မိလ္လာစနစ်ကို အဆင့် မြှင့်တင်မှုတွေလုပ်ပေးဖို့ လိုအပ်နေပြီလို့ မြို့ပြအင်ဂျင်နီယာပညာ ရှင်တွေက သုံးသပ်ပါတယ်။

ရန်ကုန်ရဲ့ မိလ္လာစနစ်က ““ဖြစ်နိုင်သမျှ စောစောဖြေရှင်းဖို့လိုအပ်နေတဲ့ကိစ္စ”” ဖြစ်တယ်လို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency – JICA) က ရေနဲ့သန့်ရှင်းရေးကဏ္ဍရဲ့ ကိုယ်စားလှယ် Mr.Shinji Yasui (ရှင်ဂျီယာစုအီ) က သုံးသပ်  ပါတယ်။

JICAဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နဲ့ပူးပေါင်းပြီး “မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာရေးဆွဲခြင်းစီမံကိန်းနဲ့ မဟာရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း”ကို ရေးဆွဲခဲ့ ပါတယ်။

မိလ္လာစနစ်ပြုပြင်မှုတွေမလုပ်ရင် မြစ်၊ ချောင်း၊ ပင်လယ် စတဲ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေတာ၊ ရောဂါတွေ ပြန့်ပွားနိုင်ခြေ မြင့်တက်လာတာ၊ အနံ့ဆိုးတွေကြောင့် လူနေမှု အဆင့်အတန်းနိမ့်ကျတာအပြင် မြို့ရဲ့ပုံရိပ်ကို ယိုယွင်းပျက်စီးစေ တာ စတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ထောက် ပြပါတယ်။

အနံ့ဆိုးထွက်သည့် မရမ်းကုန်း၊ မုဒိတာ အိမ်ရာ အနောက်ဘက်မှ မိလ္လာကန်အား အပေါ်စီးမှ မြင်ရပုံ

Photo-Hay Man Pyae အနံ့ဆိုးထွက်သည့် မရမ်းကုန်း၊ မုဒိတာ အိမ်ရာ အနောက်ဘက်မှ မိလ္လာကန်အား အပေါ်စီးမှ မြင်ရပုံ

ရန်ကုန်မိလ္လာစနစ်

ရန်ကုန်မှာ လက်ရှိအသုံးပြုနေတာ ပိုက်လိုင်းမိလ္လာစနစ်နဲ့ မိလ္လာကန်စနစ်တို့ဖြစ်ပါတယ်။ မြို့တွင်းခြောက်မြို့နယ်မှာတော့ မိလ္လာပိုက်လိုင်းစနစ်ကို အသုံးပြုနေပြီး ကျန် ၃၃ မြို့နယ်မှာတော့ မိလ္လာကန်စနစ်ကို အသုံးပြုနေကြတာပါ။

ပိုက်လိုင်းစနစ်က ထွက်လာတဲ့ မိလ္လာနဲ့  မိလ္လာကန်စနစ် ကနေ ပြည့်လျှံလို့ စုပ်ယူလာတဲ့ မိလ္လာတွေကို သန်လျက်စွန်း ရေ ဆိုးသန့်စင်စက်ရုံကို ပို့ဆောင်သန့်စင်စေပြီး ထွက်လာ တဲ့အရည်ကြည်ကို ရန်ကုန်မြစ်ထဲကို စွန့်ပစ်တာပါ။ ဒါပေမဲ့ ဒီ နည်းလမ်းနှစ်ခုလုံးမှာ စိန်ခေါ်မှုအခက်အခဲတွေကိုယ်စီရှိနေတာ ဖြစ်ပါတယ်။

မြို့တွင်းခြောက်မြို့နယ်မှာ အသုံးပြုနေတဲ့ မိလ္လာပိုက်လိုင်း စနစ်ဟာ  အင်္ဂလိပ်လက်ထက် ၁၈၈၈ ကတည်းက တည်ဆောက်ခဲ့ တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော မိလ္လာပိုက်လိုင်း စနစ်ဖြစ်တယ်လို့ မြို့ပြစီမံကိန်း အင်ဂျင်နီယာတွေက ဆိုပါတယ်။

ပိုက်လိုင်းစနစ် အသုံးပြုတဲ့ မြို့နယ်တွေက ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပုဇွန်တောင်နဲ့ ဒဂုံမြို့နယ်ရဲ့ တစ်စိတ်တစ်ပိုင်းတို့ ဖြစ်ပါတယ်။ ဒီပိုက် လိုင်းစနစ်ဟာ ၁၉ ရာစုတုန်းက ခေတ်စားခဲ့တဲ့စနစ်တစ်ခုဖြစ်ပြီး ခေတ်ပြိုင်အနေနဲ့ အီဂျစ်နိုင်ငံက ကိုင်ရိုမှာ အသုံးပြုခဲ့သလို အိန္ဒိယနိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်ခဲ့ဖူးတဲ့ ကရာချိမှာလည်း သုံးခဲ့ပါ တယ်။ (အိန္ဒိယကနေ ပါကစ္စတန်ခွဲထွက်တဲ့အခါ ကရာချိမြို့ဟာ ပါကစ္စတန်နိုင်ငံ ပိုင်နက်ထဲကို ပါသွားပါတယ်။)

ပိုက်လိုင်းစနစ်မှာ အိမ်ခန်းတွေက စွန့်ထုတ်လိုက်တဲ့ မိလ္လာတွေဟာ မိလ္လာပိုက်လိုင်းခွဲကတစ်ဆင့် လမ်းကျယ်ကြီးတွေ အောက်မှာရှိတဲ့ စုပေါင်းသိမ်းဆည်းတဲ့ ပင်မပိုက်လိုင်းတွေဆီ ရောက်ပါတယ်။ အဲဒီပိုက်လိုင်းတွေကို ရောက်လာတဲ့ မိလ္လာ အညစ်အကြေးတွေကို မိလ္လာတွန်းစက် ၃၅ လုံးနဲ့တွန်းပြီး အနော် ရထားလမ်း၊ ကမ်းနားလမ်းနဲ့ ကုန်သည်လမ်းတစ်လျှောက်က မိလ္လာပြွန်မကြီးတွေကတစ်ဆင့် သန်လျက်စွန်း ရေဆိုးသန့်စင် စက်ရုံကို  တွန်းပို့တာဖြစ်ပါတယ်။

မိလ္လာပိုက်လိုင်းကို ဆောက်စဉ်တုန်းက လူဦးရေ လေး သောင်းစာအတွက်ပဲ ရည်ရွယ်ခဲ့ပြီး ၁၉၂၉ မှာတော့ လူဦးရေ နှစ်သိန်းစာအတွက် မိလ္လာအိုးတွေ ထပ်မံတိုးချဲ့  ပြင်ဆင်ခဲ့တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) က ဩန်ကြားရေးမှူး ဦးသိန်းမင်းက မှတ်တမ်းတွေကို ကိုးကားပြီးပြောပါတယ်။

လက်ရှိရန်ကုန်မြို့တွင်းခြောက်မြို့နယ်မှာ လူဦးရေ သုံး သိန်းနီးပါး ရှိလာပြီဖြစ်တဲ့အတွက် ပိုက်လိုင်းကြီးတွေကို စစ်ဆေး ချက်အရ  မိလ္လာပိုက်လိုင်းရဲ့ ကြံ့ခိုင်မှု အခြေအနေ၊ သယ်ဆောင် နိုင်မှု အခြေအနေဟာ လူဦးရေတိုးပွားမှုနဲ့ယှဉ်ရင် မလုံခြုံ တော့တဲ့ အခြေအနေဖြစ်နေပြီလို့ သူက ထောက်ပြပါတယ်။

အင်းစိန်မြို့နယ်၊ အောင်သိပ္ပံလမ်းတွင် နေအိမ်တစ်အိမ်၏ မိလ္လာကန်အား ရေပုပ်စုပ်ယာဉ်ဖြင့် စုပ်ယူနေစဉ်

Photo-Hay Man Pyae အင်းစိန်မြို့နယ်၊ အောင်သိပ္ပံလမ်းတွင် နေအိမ်တစ်အိမ်၏ မိလ္လာကန်အား ရေပုပ်စုပ်ယာဉ်ဖြင့် စုပ်ယူနေစဉ်

မြို့ပြဆိုင်ရာအင်ဂျင်နီယာပညာရှင် ဦးခင်မောင်ဌေးက လည်း ရန်ကုန်ရဲ့ မိလ္လာပိုက်လိုင်းစနစ်ဟာ လူဦးရေ အချိုးအစား နဲ့ယှဉ်ရင် “ဝန်နဲ့ အား မမျှ” တော့တဲ့ အခြေအနေရောက်နေပြီလို့ သုံးသပ်ပါတယ်။ သူက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရဲ့ ဒုတိယ ဥက်္ကဋ္ဌ (၄)ဖြစ်ပြီး ရေနှင့်သန့်ရှင်းမှုအပိုင်းကို ကိုင်တွယ်နေ သူပါ။

နောက်ထပ်ပြဿနာတစ်ခုကတော့ ပိုက်လိုင်းတစ်လျှောက် ပိတ်ဆို့မှုတွေကြောင့် အပြည့်အ၀ မစီးဆင်းနိုင်တော့တာပါ။ အိမ်သာမှာ ရိုးရိုးစက္ကူတို့၊ တုတ်တို့သုံးတာကြောင့် ပိတ်ဆို့တာ တွေ ရှိသလို နောက်ဖေးလမ်းကြားမှာ အမှိုက်ပစ်တာတွေကြောင့် လည်း ပိုက်လိုင်းထဲဆင်းပြီးသန့်ရှင်းရေးလုပ်တဲ့ လူဆင်းပေါက် (Manhole) တွေကို ပိတ်ဆို့စေပါတယ်။

နောက်တစ်ချက်က သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့အတွက် မိလ္လာပြွန်မကြီးရဲ့ သယ်ဆောင်နိုင်တဲ့စွမ်းရည်လည်း ကျဆင်းလာ တာကြောင့်ဖြစ်တယ်လို့  ဦးသိန်းမင်းက ပြောပြပါတယ်။

““ရေထဲမှာဆိုရင်လည်း ကြာရင်၊ အနည်တွေ ပါလာရင် အပြည့်အ၀ မစီးနိုင်တော့ဘူး။ မိလ္လာကျတော့ ပိုဆိုးတာပေါ့။ အနည်အဖတ်တွေ ပါတာပေါ့။ အဲဒီကျတော့ သူ့စွမ်းအားပြည့် အလုပ်မလုပ်နိုင်တော့ဘူး””လို့ဆိုပါတယ်။

မိလ္လာပြွန်မကြီးထဲကိုဆင်းပြီး စစ်ဆေးချက်အရ ၃၂ လက်မ အကျယ်ရှိတဲ့ ပိုက်နဲ့ ၃၆ လက်မအကျယ်ရှိတဲ့ပိုက်လိုင်း မှာ ပိုက်အရွယ်အစားရဲ့တစ်ဝက်လောက်က အနည်ထိုင်ပိတ်ဆို့ နေတယ်လို့   JICAနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ထုတ်ပြန်ခဲ့တဲ့ “မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ ရေးဆွဲ ခြင်း စီမံကိန်းနှင့် မဟာရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး စီမံ ကိန်းအစီရင်ခံစာ”မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ လည်း မိလ္လာပြွန်မကြီးကို ရှင်းလင်းနိုင်တဲ့ အခြေအနေမရှိဘဲ““မိလ္လာပိုက်လိုင်းတွေကို ထိန်းသိမ်းရုံလောက်ပဲ””လုပ်နိုင်တယ် လို့ ဦးသိန်းမင်းက ဆိုပါတယ်။

ဒီလိုပိုက်လိုင်းကြီးထဲမှာပိတ်ဆို့နေတာကို  ရှင်းမယ်ဆိုရင် လည်း မိလ္လာကထွက်တဲ့ဓာတ်ငွေ့တွေဟာ အန္တရာယ်များတဲ့ အတွက် လူအင်အားနဲ့ဆင်းပြီး ရှင်းလင်းတာမျိုး လုပ်လို့ မရနိုင် ဘူးလို့ သူကဆိုပါတယ်။ နိုင်ငံတကာမှာတော့ မိလ္လာပိုက်လိုင်း ပိတ်ဆို့မှုတွေကို စက်တွေနဲ့ သန့်ရှင်းလုပ်ဆောင်ပေမယ့် မြန်မာ နိုင်ငံမှာတော့ စက်ကိရိယာမပြည့်စုံတဲ့အတွက် လုပ်ဖို့ခက်ခဲ တယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ပိုက်လိုင်းတစ်လျှောက်မှာ အခန်းတွေ ပြုလုပ်ထားပြီး စက်ကိရိယာတွေနဲ့  ဆေးကြောတာ ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ မိလ္လာပိုက်လိုင်းစနစ်က ပိုက်လိုင်းတစ်ခု တည်းနဲ့ တိုက်ရိုက်တွန်းပို့တာဖြစ်တဲ့အတွက် ဆေးကြောဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မိလ္လာပိုက်လိုင်းကြီးကို ပြင်ဆင်ဖို့အခြားအခက်အခဲတစ်ခုလည်းရှိပါတယ်။ အဲဒါက ပိုက်လိုင်းရဲ့ အသေးစိတ် မြေပုံတွေ မရှိတော့တာပါ။ ပင်မ မိလ္လာပိုက်လိုင်းကြီး  မြေပုံတွေ ရှိပေမယ့် ရပ်ကွက်တွေထဲကို ဖြန့်ထားတဲ့ မိလ္လာပိုက်လိုင်းခွဲတွေ အတွက် အသေးစိတ်မြေပုံတွေ မရှိတော့တာပါ။ နာဂစ်မုန်တိုင်း အတွင်းမှာလည်း အချက်အလက်အချို့ ရာသီဥတုဒဏ်ကြောင့် ဆုံးရှုံးခဲ့ရတယ်လို့  ဦးသိန်းမင်းက ဆိုပါတယ်။

ဒါကြောင့် ပြင်ဆင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ကုန်ကျစရိတ် ပိုမိုများပြားစေတယ်လို့ သဘာဝပတ်ဝန်းကျင် အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ E Guard အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဦးစိုးမင်းက ထောက်ပြပါတယ်။

လက်ရှိစနစ်ကို ထိန်းသိမ်းရင်လည်း ပိုက်လိုင်းရဲ့ စွမ်းအား အပြည့်မရနိုင်တော့သလို ၂၀၄၀ မှာ လူဦးရေ ၁၀ သန်းအထိ တိုး တက်လာနိုင်တဲ့အတွက် လုံလောက်မှာမဟုတ်ဘူးလို့ မြို့ပြစီမံ ကိန်းပညာရှင်တွေက သုံးသပ်ပါတယ်။

အဲဒီအတွက် မိလ္လာပြွန်လိုင်းအသစ်လုပ်ဖို့ နိုင်ငံတကာ ပညာရှင်တွေက အကြံပြုထားတယ်လို့ ဦးသိန်းမင်းက ပြောပါတယ်။

ဗိုလ်တစ်ထောင်မြို့နယ် လေမှုတ်စက်ရုံဝန်းအတွင်း မြင်ကွင်း

Photo-Hay Man Pyae ဗိုလ်တစ်ထောင်မြို့နယ် လေမှုတ်စက်ရုံဝန်းအတွင်း မြင်ကွင်း

ဟိုမှာဒီမှာ ပြဿနာ

မြို့တွင်း ခြောက်မြို့နယ်က မိလ္လာပိုက်လိုင်းစနစ်မှာ ပြဿနာတွေ ရင်ဆိုင်နေရသလို စည်ပင်သာယာ နယ်နိမိတ် အတွင်းက အခြားမြို့နယ် ၃၃ ခုမှာအသုံးပြုတဲ့ မိလ္လာကန်တွေမှာ လည်း ပြဿနာတွေရှိနေပါတယ်။ အချို့ မြို့နယ်တွေမှာတော့ ရေလောင်းအိမ်သာနဲ့ ယင်လုံအိမ်သာကို မြေကျင်းတူးပြီး အသုံး ပြုကြပါတယ်။ မိလ္လာတွေ ပြည့်လာတဲ့အခါ စုပ်ထုတ်ကြသလို နေရာအသစ်မှာ ကျင်းပြောင်းတူးပြီး သုံးကြတာလည်း ရှိကြ       ပါတယ်။

မိလ္လာကန်စနစ် အသုံးပြုသူတွေဟာ ကန်ပြည့်တာ ဒါမှ မဟုတ် အနံ့ဆိုးထွက်တဲ့အခါတွေမှာ ရေပုပ်စုပ်ယာဉ်ငှားရမ်းပြီး ဖယ်ရှားတဲ့ နည်းလမ်းကို သုံးကြပါတယ်။ မိလ္လာကန်တွေကို ပုံမှန် ထိန်းသိမ်းတာမျိုး လုပ်ဖို့လိုအပ်ပြီး အနည်းဆုံး ခြောက်လ သို့ မဟုတ် တစ်နှစ် တစ်ခါလောက် လှယ်ပေးဖို့လိုတယ်လု့ိ မြို့ပြဆိုင် ရာ အင်ဂျင်နီယာပညာရှင်တွေက အကြံပြုပါတယ်။

ဒါပေမယ့်အများစုကတော့ ပုံမှန်လှယ်လေ့မရှိဘဲ အနံ့ ဆိုးထွက်မှ၊ ဒါမှမဟုတ်ပတ်ဝန်းကျင်က တိုင်ကြားလာတော့မှသာ ရှင်းလင်းလေ့ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ရန်ကုန်လို မိုးများတဲ့ဒေသမှာ မိလ္လာကန်စနစ်ဟာ လိုက် လျောညီထွေမှုမရှိဘူးလို့ JICA က ထုတ်ပြန်တဲ့ အစီရင်ခံစာ က ဆိုပါတယ်။ မိုးရွာလို့ ရေကြီးရေလျှံ ဖြစ်ပြီး မိလ္လာကန်တွေ ရေမြုပ် တဲ့အခါ ရေနဲ့ရောပြီးအညစ်အကြေးတွေ ပျံ့နှံ့လာနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

မိလ္လာကန်တွေကို ခေတ်မမီတော့တဲ့ တိုင်းပြည်နဲ့ မြို့ပြ တွေမှာသာ အိမ်တိုင်း အသုံးပြုတာမျိုး ဖြစ်တဲ့အတွက် မိလ္လာပိုက် လိုင်းစနစ်ကို လုပ်ကိုလုပ်သင့်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ဒုဥက္ကဋ္ဌ ဦးခင်မောင်ဌေးက အကြံပြုပါတယ်။ ပိုက်လိုင်း စနစ် ပြောင်းဖို့ဆိုရင် ပိုက်လိုင်းအတွက် မြေနေရာရှိရင် ပြောင်း နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဗိုလ်တစ်ထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံ

Photo-Hay Man Pyae  ဗိုလ်တစ်ထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံ

အထပ်မြင့်တွေဆီက မိလ္လာပြဿနာ

ဒီစနစ်နှစ်မျိုးအပြင် အထပ်မြင့်အဆောက်အအုံအတွက် မိလ္လာစနစ်ကတော့ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (Myanmar National Building Code) ၊ အထပ် မြင့်အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံဩန်းစစ်ဆေး ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ (Committee for Quality Control of High-rise Building Construction Project-CQHP) နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ် ထားတဲ့ နည်းစနစ်တွေသုံးပြီး နောက်ဆုံးသန့်စင်တဲ့ ရေကြည်ကို ကလိုရင်းခတ်ပြီးမှ ရေမြောင်းထဲကို တိုက်ရိုက်စွန့်ပစ်စေတာပါ။ CQHP ပေါ်ပေါက်ပြီးတဲ့အချိန် ၂၀၁၇ နောက်ပိုင်းမှ ဒီစနစ်ကို စတင်သုံးစွဲတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းမှာလည်း ပြဿနာရှိနေပါတယ်။ စမ်းချောင်း မြို့နယ်၊ ကံ့ကော်လမ်းက ခြောက်ထပ်တိုက်သစ်တစ်လုံးမှာ အဆို ပါစနစ်ကိုအသုံးပြုထားပေမယ့် ပတ်ဝန်းကျင်က အနံ့ဆိုးဒဏ်ကို ခံစားနေရပါတယ်။

မိလ္လာကန်ထဲမှာ သန့်စင်ပြီးထွက်လာတဲ့ရေဆိုးက အရောင် အဆင်းအားဖြင့် ကြည်လင်ပေမယ့် အနံ့အသက်က ကျန်နေတဲ့ အတွက် အိမ်ရှေ့ရေမြောင်းကနေတစ်ဆင့် စွန့်ထုတ်တဲ့အခါ အနံ့ ဆိုးပြသနာကို ပတ်ဝန်းကျင်က ခံစားနေရတာပါ။

““ထမင်းစားနေတုန်းလည်း ရေတွေက ဝေါဆိုဆင်းလာရင် အနံ့က တန်းခနဲကို ရောက်လာတာပဲ။ နံဟောင်နေတာပဲ။ ဘယ် လိုမှလည်းပိတ်လို့မရဘူး။ တခြားအချိန်ဆိုရင်တော့ရှောင်ပြေးလို့ရတယ်။ စားနေတဲ့အချိန်ဆိုရင်တော့ ရှောင်ပြေးလို့ကို မရ ဘူး””လို့ အဆိုပါတိုက်ရဲ့ တစ်အိမ်ကျော်က အသက် ၅၀ အရွယ် ဦးခင်မောင်ချိုက ဖွင့်ဟပါတယ်။

ဒီလိုခံစားနေရတာကို စည်ပင်ရုံး၊ မြို့နယ်အုပ်ချုပ်မှူးရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြိမ်ကြိမ်တိုင်ကြားပေမယ့် ထိထိရောက်ရောက် ဖြေရှင်းပေးတာ မရှိဘူးလို့ သူက ဆက်ပြော ပါတယ်။

မိလ္လာကန်ထဲကို ခတ်တဲ့ဆေးပမာဏ တိုးမြှင့်သုံးဖို့ စည် ပင်က ညွှန်ကြားပြီးနောက်မှာတော့ အနံ့ဆိုးသက်သာပေမယ့် သိပ်မကြာခင်ပဲ မူလအတိုင်း အနံ့ဆိုး ပြန်ထွက်လာတယ်လို့ ဦးခင်မောင်ချိုက စိတ်ပျက်လက်ပျက်နဲ့ ဖွင့်ဟပါတယ်။

စည်ပင်သာယာက ဒီကိစ္စနဲ့ပတ်သက်ပြီး ထိထိရောက် ရောက် ဖြေရှင်းပေးမှုမရှိတဲ့အပေါ် စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက မြို့တော်ဝန်ဟာ ကိုယ့် အလုပ်ကိုမလုပ်ဘဲ ပွဲတွေလိုက်တက်နေတဲ့ “ငဖြီးကြီး”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဝေဖန်ခဲ့ပါတယ်။

ဦးခင်မောင်ချိုတို့လမ်းထဲမှာ အရင်ကတည်းက အထပ် မြင့်တိုက်တွေ ရှိပေမယ့် ကန်ပြည့်ရင် မိလ္လာစုပ်တဲ့စနစ်ကိုပဲသုံးတဲ့အတွက်ကြောင့် ဒီလိုအနံ့ဆိုးပြဿနာမျိုး အရင်ကမကြုံဖူးဘူး လို့ ဆိုပါတယ်။ သန့်စင်ပြီးမိလ္လာရေကြည်ကို မြောင်းထဲ စွန့်ထုတ် တဲ့ စနစ် အသုံးပြုဖို့ဆိုရင် နောက်ဖေးရေဆိုးမြောင်းမရှိတဲ့ သူတို့ ရပ်ကွက် မှာ အဆင်ပြေမှာ မဟုတ်ဘူးလို့ သူကဆိုတယ်။

ဒီလိုမျိုး သန့်စင်ပြီး မိလ္လာရေကြည်စွန့်ထုတ်တဲ့နည်းလမ်းကလွဲလို့ မိလ္လာပိုက်လိုင်းစနစ်နဲ့ မိလ္လာကန်စနစ်က ထွက်တဲ့ အညစ်အကြေးတွေကို ဗိုလ်တထောင်မြို့နယ်ကသန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံမှာ သန့်စင်ကာ ရန်ကုန်မြစ်ထဲကို စွန့်ပစ်ပါတယ်။

ပိုက်လိုင်းကလာတဲ့မိလ္လာတွေကို သန့်စင်ပြီးစွန့်ပစ်တာ ဟာ ဆယ်စုနှစ်တစ်ခုကျော်ကျော်ပဲ ရှိပါသေးတယ်။ သန်လျက် စွန်း ရေဆိုးသန့်စင်စက်ရုံကို မတည်ဆောက်ရသေးတဲ့ ၂၀၀၆ မတိုင်ခင်အထိ မြို့ထဲပိုက်လိုင်းက မိလ္လာတွေကို ရန်ကုန်မြစ်ထဲကို တိုက်ရိုက်စွန့်ပစ်ခဲ့ကြတာပါ။

သန်လျက်စွန်းရေဆိုးသန့်စင်စက်ရုံကနေ တစ်နေ့ကို ရေ ဆိုးပမာဏ ဂါလန် ၃ ဒဿမ ၂၅ သန်း သန့်စင်ပေးနိုင်ပြီး လက်ရှိ အချိန်အထိတော့ လုံလောက်အောင် သန့်စင်ပေးနိုင်တဲ့ပမာဏ ဖြစ်တယ်လို့ ဦးသိန်းမင်းက ဆိုပါတယ်။

လက်ရှိမှာ ပိုက်လိုင်းနဲ့ ရေပုပ်စုပ်ယာဉ်တွေကနေ စုစု ပေါင်း တစ်နေ့ကို ဂါလန် ငါး သိန်းနီးပါးလောက် ဝင်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ၂၀၄၀ ကျရင် တိုးလာမယ့်လူဦးရေ ၁၀ သန်း အတွက်ဆိုရင် ရေဆိုးသန့်စင်စက်ရုံတွေ ထပ်မံတည်ဆောက်ဖို့ လိုတယ်လို့  သူက ဆက်ပြောပါတယ်။

လက်ရှိ သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံကိုလည်း ဂျပန်အစိုးရရဲ့ ချေးငွေအကူအညီနဲ့ တိုးချဲ့ပြုပြင်မှုတွေ လုပ်သွား ဖို့ စီစဉ်နေပြီး ၂၀၂၇ မှာအပြီးသတ်ဖို့ ရည်မှန်းထားတယ်လို့ JICA မှ Mr.Shinji Yasui ကမော်ကွန်းကိုပြောပါတယ်။

 

ကျန်းမာရေးဆိုးကျိုး

မိလ္လာတွေကို စနစ်တကျ သန့်စင်ပြီးမှ စွန့်ပစ်တာတွေ မလုပ်ရင် နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ် လာနိုင်တယ်လို့ မော်ကွန်းက တွေ့ဆုံခဲ့တဲ့ ဆရာဝန်နဲ့ မြို့ပြပညာ ရှင်များက ဆိုပါတယ်။

ရန်ကုန်က မြို့နယ်အများစုမှာ အဝီစိတွင်းရေကို အသုံးပြု တာများပါတယ်။ အဝီစိတွင်းနဲ့ မိလ္လာကန် (အိမ်သာ) ဟာ ပေ ၅၀ ကွာရမယ်လို့ သတ်မှတ်ထားပေမယ့် လိုက်နာလေ့ မရှိဘူးလို့ ဦးခင်မောင်ဌေးက ပြောပါတယ်။  

““လူနေစိပ်တဲ့နေရာတွေမှာ အဝီစိတွင်းနဲ့ မိလ္လာကန်တွေ က အရမ်းကို နီးကပ်နေတဲ့အတွက် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်””လို့ သူက ထောက်ပြပါတယ်။

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က မိလ္လာတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ရောဂါ ပိုး ၁၅ မျိုးလောက် ပါဝင်ပြီး အဲဒီအထဲမှာမှ လူကို ဒုက္ခအပေးဆုံး ပိုးက အီကိုလိုင်ဘက်တီးရီးယားဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိလ္လာကန်တွေကထွက်တဲ့ အနံ့ဆိုးတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင် တွေက ထောက်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါ်ခိုင်ခိုင်ဝင်းကတော့ မိလ္လာကန်က ထွက်တဲ့အနံ့ကို ““ကြာကြာ ရှူရင်တော့ အဆုတ်နဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်တာပေါ့””လို့ ဆိုပါတယ်။

မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာက မိလ္လာကန်ပြဿနာ ဆိုရင်လည်း စည်ပင်ကို အကြိမ်ကြိမ်တိုင်ကြားပေမယ့် သိသာတဲ့ ရလဒ် ထွက်မလာပါဘူး။ မရမ်းကုန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကလည်း ဒီပြဿနာကို ၂၀၁၈ ဇွန် တုန်းက လုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။ မုဒိတာ အိမ်ရာရဲ့ မိလ္လာစနစ်ကို မပြုပြင်ရင် ကုမ်္ပဏီကို တရားစွဲမယ်လို့  မြို့တော်ဝန်ဦးမောင်မောင်စိုးက လွှတ်တော်မှာ လာရောက်ဖြေ ကြားပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာတုန်းက တိုင်းလွှတ်တော် ကတိကဝတ် ကော်မတီက ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ မုဒိတာအိမ်ရာက မိလ္လာကန်ကို ခြောက်ပေနီးပါးရှိတဲ့ သွပ်ပြားတွေ လာရောက်ကာ ပေးတာကလွဲလို့ တခြားပြင်ဆင်ပေးတာမရှိသေးဘူးလို့ ရပ် ကွက်နေပြည်သူတွေက မော်ကွန်းကို ပြောပါတယ်။

““ကာလိုက်ပြီးတဲ့နောက်လည်း မထူးပါဘူး။ အနံ့က ပြင်း တာကိုး”” လို့ မိလ္လာကန်နဲ့ မျက်နှာချင်းဆိုင်အိမ်က မအေးမြင့် ကြည်က စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်နှစ်က သမိုင်း၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ကို ပြောင်းလာခဲ့ သူ ဖြစ်ပြီး အနံ့ဆိုးအခြေအနေကို မသိတာကြောင့် အိမ်ဝယ်မိခဲ့ တာလို့ ဆိုပါတယ်။

မုဒိတာအိမ်ရာ စတင်ဆောက်လုပ်စဉ်တုန်းက လက်ရှိ မိလ္လာကန်နေရာကို အမှိုက်ကန်ဆောက်မယ်လို့ ရပ်ကွက်ကို အသိပေးခဲ့တာဖြစ်တယ်လို့ မိလ္လာကန်နဲ့ကပ်လျက် အိမ်မှာ နေတဲ့ ကိုထွန်းနိုင်ဝင်းက ပြောပါတယ်။ ““မိလ္လာကန် ဆောက်မယ်မှန်း သာ သိရင် လက်ခံခဲ့မှာ မဟုတ်ဘူး””လို့ သူက ပြောပါတယ်။ ခု တော့ မိလ္လာအနံ့ဆိုးတွေကို နေ့စဉ် ရှူရှိုက်နေရတာကြောင့် သက်ကြီးပိုင်းတွေ မူးဝေအော့အန်တာတွေ ဖြစ်နေရတယ်လို့ လည်း ဆိုပါတယ်။

 

ဘယ်လိုဖြေရှင်းမလဲ

မိလ္လာနှင့် ရေဆိုး သိမ်းဆည်းသန့်စင်၊ စွန့်ပစ်တဲ့လုပ်ငန်း တွေအတွက် ကန်ထရိုက်စနစ်၊ လေလံစနစ်၊ တင်ဒါစနစ်တွေနဲ့  လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုနိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ မိလ္လာ၊ ရေဆိုးသန့်စင်မှုလုပ်ငန်း လုပ်ကိုင်ဖို့ လာ ရောက် တင်ပြတာမျိုး မရှိသေးဘူးလို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေး)မှ ညွှန်ကြားရေးမှူး ဦးသိန်းမင်းက ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ ရန်ကုန်မြို့ရဲ့ အနာဂတ်ကာလ ရေပေးဝေရေးလုပ်ငန်းတွေ၊ ရေ ဆိုးသန့်စင်ရေးလုပ်ငန်းတွေနဲ့ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းတွေကို  JICA အကူအညီနဲ့ အကောင်အထည်ဖော်လျက် ရှိပါတယ်။ အဲဒီစီမံကိန်းဟာ ၂၀၁၄ ကစပြီး ၂၀၄၀ အထိ ကြာမြင့် မှာ ဖြစ်ပါတယ်။

ရန်ကုန်ကို အဆင့်မြင့် မြို့ပြတစ်ခုဖြစ်ဖို့ ရေဆိုးသန့်စင် စက်ရုံသစ်တွေ တည်ဆောက်ပြီးရင်တော့  မိလ္လာစနစ်ကို စနစ် တကျ စီမံခန့်ခွဲနိုင်မှာဖြစ်တယ်လို့ မော်ကွန်းက ချဉ်းကပ်ခဲ့တဲ့ ပညာရှင်များက ဆိုပါတယ်။ အဲဒီစက်ရုံတွေ လည်ပတ်ဖို့နဲ့ ထိန်း သိမ်းဖို့ အစိုးရအနေနဲ့  မိလ္လာခွန်ကောက်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။

လက်ရှိမှာ ပြည်သူတွေဟာ မိလ္လာခွန်နဲ့ အကျွမ်းတဝင် မရှိသေးတဲ့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီအနေနဲ့  အကောင်အထည်ဖော်မယ့် ရေဆိုးသန့်စင်စနစ်ဟာ အများပြည်သူရဲ့ ကျန်းမာရေးနဲ့ မြို့တော်သန့်ရှင်းသာယာရေး အတွက် ဖြစ်တယ်ဆိုတာကို ပညာပေးရမှာ ဖြစ်တယ်လို့ Mr. Shinji Yasui က ပြောပါတယ်။

အခွန်ကောက်ဖို့ ဘယ်လိုစနစ်မျိုးနဲ့ ကောက်မယ်ဆိုတာကို JICA နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဆွေး နွေးနေဆဲဖြစ်တာကြောင့် အတိအကျမပြောနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

မိလ္လာခွန်ကောက်မယ်ဆိုရင်တော့ အိမ်တွေကနေ စွန့် ထုတ်လိုက်တဲ့ မိလ္လာတွေဟာ ပိုက်လိုင်းထဲကို ဝင်လာတဲ့ပမာဏ အပေါ် မူတည်ပြီး အခွန်ကောက်ခံဖို့လိုတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးခင်မောင်ဌေးက အကြံပြုပါတယ်။

E-Guard အဖွဲ့က ဒါရိုက်တာ ဦးစိုးမင်းကတော့ မိလ္လာခွန် ကောက်ခံတဲ့စနစ်ကို မပြောင်းလဲခင်မှာတော့ အစိုးရအနေနဲ့ ပြည်သူလူထုကို ပညာပေးတာတွေ၊ ရှင်းပြတာတွေ လုပ်ရမှာ ဖြစ် တယ်လို့ သူက အကြံပြုပါတယ်။

၂၀၄၀ ပြည့်နှစ်မှာ မဂ္ဂါစီးတီးဖြစ်လာမယ့် ရန်ကုန်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။

ဦးခင်မောင်ဌေးကတော့ နောက်ထပ်နှစ်ပေါင်း ၅၀ စာ လောက်အထိ ခန့်မှန်းတွက်ချက်ပြင်ဆင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက်္ကဋ္ဌ ဒေါက်တာ သန်းစိန်က မိလ္လာစွန့်ပစ်တာတွေ စနစ်မကျရင် ဝမ်းရောဂါနဲ့ အသည်းရောင်အသားဝါရောဂါ သံသရာပြတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ လက်ရှိ မိလ္လာပြဿနာနဲ့ပတ်သက်ပြီး သူက အခုလို မှတ်ချက်ပြုပါတယ်။

““ဗုံးက ရှိနေပြီ။ မကွဲသေးတာ။ ဒီစနစ်ကြီးသာ ဆက်ရှိနေ ရင် ကွဲသွားမှာ””

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."