အစိုးရသစ်ကို စိန်ခေါ်နေတဲ့ လယ်ယာမြေပြဿ နာအပိုင်း(၂)

                   

အစိုးရသစ်ရဲ့ ပထမခြေလှမ်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်ဟာ အာဏာလွှဲ ပြောင်းရယူပြီး မေလ ပထမအပတ်မှာပဲ အမိန့်ကြေညာစာ အမှတ် (၁၄/၂ဝ၁၆) ထုတ်ပြန်ကာ မြေယာသိမ်းဆည်းခံရမှု တွေကို ဖြေရှင်းဖို့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဦးဆောင်မယ့် ‘လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေးဗဟိုကော်မတီ’ကို ဖွဲ့စည်းလိုက်ပါတယ်။

ပြီးတော့ အစိုးရသစ်အနေနဲ့ လယ်ယာမြေအငြင်းပွားမှု ပြဿ      နာတွေကို အထူးဦးစားပေး အမြန်ဆုံးဖြေရှင်းဖို့ ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပြီးတဲ့အထိ ရပ်ဆိုင်း ထားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြတားမြစ်ခဲ့ပါတယ်။

မေလနောက်ဆုံးပတ်မှာ လုပ်ခဲ့တဲ့ လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော် မတီရဲ့ ပထမဆုံးအစည်းအဝေးမှာ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီး ယူက အစိုးရသစ်အနေနဲ့ မြေယာပြဿ  နာတွေ ဖြေရှင်းဖို့အတွက် ကျေးရွာ/ရပ်ကွက်အဆင့်အထိ အငြင်းပွားမှု ဖြေရှင်းရေးကော် မတီတွေကို ဖွဲ့စည်းသွားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်းကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

ကော်မတီမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေအပြင် ဒေသ အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေ၊ လူမှုအဖွဲ့ အစည်းကိုယ်စားလှယ်တွေနဲ့ လယ်သမားကိုယ်စားလှယ်တွေကို ပါ ထည့်သွင်းဖွဲ့စည်းရမယ်လို့ ပြောဆိုထားပါတယ်။

ဒီကော်မတီဟာ တိုင်းနဲ့ပြည်နယ်အလိုက် သိမ်းဆည်းခံရ တဲ့ မြေပမာဏနဲ့ ထိခိုက်တဲ့ လူဦးရေအပေါ်မူတည်ပြီး အထူးအဖွဲ့ တွေ ဖွဲ့စည်းဖြေရှင်းသွားမယ်လို့ အစည်းအဝေးမှာ ဒုသမ္မတ(၂) က ပြောကြားခဲ့ပါတယ်။

အစိုးရသစ်အနေနဲ့ လိုအပ်တဲ့ ဥပဒေတွေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ကာ မြေယာပြဿ      နာတွေကို ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် ဆောင်ရွက်မှာဖြစ်ပြီး ရှင်း လင်းလွယ်ကူတဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေချမှတ်ကာ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးမယ်လို့လည်း ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတက အဲဒီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

”အရင်အစိုးရက ၁၉၈၈ နောက်ပိုင်းသိမ်းဆည်းတာတွေ ကိုပဲ ဖြေရှင်းတာ။ အခုအစိုးရသစ်က နှစ်အကန့်အသတ်မထား ဘဲ မတရားသိမ်းဆည်းခံရတဲ့ မြေယာအားလုံးကို ဖြေရှင်းပေး သွားအောင် လွှတ်တော်ဘက်က စီစဉ်ပေးမယ်”လို့  တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဦးစိန်ဝင်းက ဆိုပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုကော်မတီရဲ့ အမည်မှာ ‘ပြန်လည်စိစစ်ရေး’လို့ သုံးစွဲထားတာဟာ အရင်အစိုးရလက်ထက် မှာ မဖြေရှင်းရသေးတဲ့ အမှုတွေအပြင် ဖြေရှင်းခဲ့ပေမယ့် နှစ်ဖက် မကျေနပ်တဲ့ အမှုတွေကိုပါ ပြန်လည် စစ်ဆေးမယ့် သဘောကို ဆောင်တယ်လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ဒါပေမဲ့ မြေယာအရေးဆောင်ရွက်ပေးနေသူ တချို့ကတော့ အခုအစိုးရသစ်ဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ ဖြစ်နေတဲ့ ပြဿ      နာ တွေကို ဖြေရှင်းနိုင်မယ့် မူဝါဒလုပ်ထုံးလုပ်နည်းတွေ အရင်မချ မှတ်ရသေးဘဲ ကော်မတီကို ဖွဲ့စည်းလိုက်တာကြောင့် အရင် အစိုးရ လုပ်ခဲ့သလို ဖြစ်နေတဲ့အတွက်  စောင့်ကြည့်ရမယ်လို့ ဝေ ဖန်ထောက်ပြပါတယ်။

ဥပဒေနဲ့လုပ်ထုံးလုပ်နည်း အားနည်းချက်များ

မြေယာမဏ္ဍိုင်အဖွဲ့မှ ဦးရွှေသိန်းကတော့ နိုင်ငံမှာ အခုဖြစ် နေတဲ့ မြေယာအရှုပ်အထွေးတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်မယ့် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ၂ဝ၁၂ လယ်ယာမြေဥပဒေရဲ့ အားနည်းချက်က မြေအမျိုးအစားအားလုံးကို ပိုင်ဆိုင်မှု အာမခံချက် မပေးနိုင်တာနဲ့ ပြည်သူတွေရဲ့လွတ်လပ်စွာ တရားစီရင်ခံပိုင်ခွင့်ကို ချိုးဖောက်ထားတာလို့ သူက ထောက်ပြတယ်။

လယ်ယာမြေဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရွှေ့ပြောင်း တောင်ယာတွေ မပါတဲ့အတွက် ပိုင်ရှင်က မှတ်ပုံတင်ချင်တယ် ဆိုရင် မှတ်ပုံတင်ခွင့်မရပါဘူး။ ဒါကြောင့် သူတို့ပိုင်တဲ့ ရွှေ့ပြောင်း တောင်ယာမြေဟာ တရားမဝင်ဘဲ အချိန်မရွေး မြေလွတ်၊ မြေလပ်၊ မြေရိုင်းအနေနဲ့ ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ကို ချထားပေးနိုင်တယ်လို့ ၂ဝ၁၂ လယ်ယာမြေဥပဒေရဲ့ အား နည်းချက်တစ်ခုကို ဦးရွှေသိန်းက ထောက်ပြပါတယ်။

ပြီးတော့ ၂ဝ၁၂ လယ်ယာမြေဥပဒေမှာ လယ်ယာမြေအမှု အခင်းတွေကို စစ်ဆေးဆုံးဖြတ်တဲ့အခါ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ် ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ မြေယာအမှုအခင်းဖြစ်တဲ့အခါ အစိုးရအဖွဲ့ရဲ့ အဆုံးအဖြတ်နဲ့ အပြီးအပြတ်ဖြစ်ရမယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် ပြဋ္ဌာန်းချက်ဟာ ပြည်သူတွေရဲ့ တရား စီရင်မှုဆိုင်ရာ ရပိုင်ခွင့်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ဦးရွှေသိန်းက သုံးသပ်ပါတယ်။

”ဒါက အခွင့်အရေးကာကွယ်တာ မဟုတ်ဘူး။ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ကို ပေးမထားတာဘဲ”

၂ဝ၁၃ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်မြှင့်တင်ရေးဥပဒေဟာဆိုရင်လည်း လုပ် ကွက်ငယ် တောင်သူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးထားခြင်း လုံးဝမရှိတဲ့အတွက် ပြန်လည်ပြင်ဆင်နိုင်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ကြိုးစားနေကြတယ်လို့ ဦးရွှေသိန်းက ပြောပြပါတယ်။

ပုသိမ်မြို့မှာ အခြေစိုက်ထားတဲ့ တောင်သူလယ်သမား သင်တန်းကျောင်းက ဒါရိုက်တာ ဦးတင်လင်းအောင်ကတော့ ၂ဝ၁၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို အခုလို မှတ်ချက်ပြု ပါတယ်။

   

”အကျိုးစီးပွားကာကွယ်ရေးဆိုတဲ့ စကားလုံးထည့်ထား ပေမယ့် အခန်း(၁)ကနေ (၈) အထိ ဘာမှ တောင်သူလယ်သမား ကို အကာအကွယ်ပေးထားတာ မပါဘူး”

ဦးတင်လင်းအောင်တို့အဖွဲ့ဟာ ကျေးရွာတွေမှာ လယ်ယာ မြေဥပဒေတွေနဲ့ပတ်သက်တဲ့ ရွာအထောက်အကူပြု လူငယ်တွေကို မွေးထုတ်ပေးတာ၊ မြေသိမ်းခံရတဲ့ တောင်သူတွေရဲ့ ပြဿ      နာ တွေကို ဌာနဆိုင်ရာတွေထံ ကူညီတိုင်ကြားပေးတာနဲ့ ဒေသခံ လူငယ်တွေကို ဥပဒေအထောက်အကူပြု သင်တန်းပေးတာတွေကို လုပ်ဆောင်ပါတယ်။

သူတို့အဖွဲ့ဟာ ဧရာဝတီတိုင်းရဲ့မြို့နယ်တိုင်းမှာ ကွန်ရက် ဖွဲ့စည်းထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုပါ။

အထက်ပါဥပဒေမှာ အဓိကအားဖြင့် ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီဆိုပြီး အဖွဲ့နှစ်ခု ပါဝင်ပါတယ်။  ဒီကော်မတီ တွေကို ဒုသမ္မတတစ်ဦးက ဦးဆောင်ပြီး တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ငွေကြေးချမ်းသာသူတွေနဲ့ အဓိကထားဖွဲ့စည်းတဲ့ အတွက် ”တစ်နိုင်ငံလုံးက လယ်သမားတွေအတွက် လွှတ်တော်က ချပေးလိုက်တဲ့ ဘတ်ဂျက်(ရန်ပုံငွေ)ကို သူဌေးတွေက ကိုင်ပြီး ခြယ်လှယ်သလို အဓိပ္ပာယ်သက်ရောက်စေတယ်”လို့ သူက  ဥပဒေရဲ့ အားနည်းချက်တစ်ခုကို ထောက်ပြပါတယ်။

”သူဌေးတွေသည် လယ်သမားဆိုပြီး အမည်ခံပါဝင်တဲ့ အခါ အောက်မှာ ဒုက္ခရောက်စေတယ်”လို့ သူက ဒီဥပဒေနဲ့ ပတ်သက်ပြီး သတိပေးပါတယ်။

ဒီလို လယ်ယာမြေအရေးဆောင်ရွက်ပေးနေတဲ့သူတွေ စိုးရိမ်နေတဲ့အချက်ကို တောင်သူလယ်သမားနှင့်အလုပ်သမား ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက သဘောတူပါတယ်။ အဲဒီ အခက်အခဲတွေနဲ့ပတ်သက်ပြီး ”လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ အများစုဟာ ပါတီတစ်ခုတည်းက လူတွေဖြစ်တဲ့အတွက် မတရား မြေသိမ်းခံရမှုတွေကို ဖြေရှင်းရာမှာ ညှိနှိုင်းဆောင်ရွက်မယ်”လို့ သူက ပြောပါတယ်။

ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူကလည်း မေလ နောက် ဆုံးပတ်မှာ လုပ်ခဲ့တဲ့ လယ်ယာမြေကော်မတီရဲ့ ပထမဆုံး အစည်း အဝေးမှာ မြေယာစီမံခန့်ခွဲတဲ့ဌာနတွေ၊ အဖွဲ့အစည်းတွေကြားမှာ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားနည်းခဲ့တာကြောင့် မြေယာပြဿ      နာ တွေ တက်ခဲ့တာလို့ ထောက်ပြသုံးသပ်ပါတယ်။

ဘယ်လိုအဖြေရှာမလဲ

လက်ရှိမှာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီဟာ မတရားမြေသိမ်းဆည်းခံရမှု ပြန်လည်ဖြေရှင်းပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ခုကို ရေးဆွဲနေပါတယ်။ ဒီလုပ်ထုံးလုပ်နည်းကို လွှတ်တော်မှာ အတည် ပြုပြဋ္ဌာန်းနိုင်အောင် စီစဉ်နေတယ်လို့ ဦးစိန်ဝင်းက ပြောပြတယ်။

ဒီလုပ်ထုံးလုပ်နည်းမှာ မြေစာရင်း၊ အုပ်ချုပ်ရေးနဲ့ စည်ပင် သာယာအဖွဲ့အစည်းတွေကို ပါဝင်ခွင့်ပေးထားမှာဖြစ်ပေမယ့် ယခင်အစိုးရလက်ထက်ကလို အဆုံးအဖြတ်ပေးတဲ့နေရာတွေမှာ ဦးဆောင်ခွင့် မပေးတော့ပါဘူး။ မြေသိမ်းယူခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင် ပတ်သက်မှုမရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဦးဆောင်ဖြေ ရှင်းမယ့် လုပ်ထုံး လုပ်နည်းမျိုး ရေးဆွဲထားတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

ဒီလုပ်ထုံးလုပ်နည်းတွေကိုကိုင်ပြီးတော့ ”ပြဿ      နာတစ်ခု ချင်းစီအပေါ်မှာ အခြေခံအဖြေထုတ်တဲ့ ပုံစံနဲ့ မြေယာသိမ်းဆည်း ခံရမှုတွေကို ဖြေရှင်းပေးမယ်”လို့ မေလ ဒုတိယအပတ်က မော်ကွန်းနဲ့ တွေ့ဆုံမေးမြန်းစဉ် သူက ပြောပါတယ်။

ဦးရွှေသိန်းကတော့ အစိုးရသစ်အနေနဲ့ တစ်နိုင်ငံလုံးက မြေယာသိမ်းဆည်းမှုတွေကို ဖြေရှင်းရာမှာ ပွင့်လင်းမြင်သာမှုကို အခြေခံပြီး ပါဝင်ပတ်သက်သူတွေ အားလုံးပါဝင်ခွင့်ရရှိရေးကို ရှေးရှုသင့်တယ်လို့ အကြံပြုပါတယ်။

မတူညီတဲ့ ဂေဟစနစ်ရှိတဲ့ ဒေသအမျိုးမျိုးအတွက် အငြင်း ပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်တွေ၊ သိမ်းဆည်းမြေများ ပြန်လည် ပေးအပ်ရေးလုပ်ငန်းစဉ်တွေကို ပညာရှင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ တောင်သူလယ်သမားကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့တွေနဲ့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့လိုတယ်လို့ ဦးရွှေသိန်းက အကြံျပြုတယ်။

နောက်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် မြေယူ ထားပေမယ့် လုပ်ငန်းမဖော်ဆောင်တဲ့ မြေယာ တွေကိုပြန်လည်သိမ်းယူတာတွေ လုပ်ဆောင် သင့်သလို မြေယာပေါ်မှာ အခြေခံလုပ်ကိုင်စားသောက်ချင်တဲ့ နိုင်ငံအနှံ့က မြေမဲ့၊ ယာမဲ့တွေကို လည်း မြေယာချပေးတဲ့ အစီအစဉ်တွေကို အစိုးရသစ်က ဦးစားပေးလုပ်ငန်းအဖြစ် ထည့် ထားသင့်တယ်လို့ သူက အကြံပြုပါတယ်။

လယ်ယာမြေနှင့်အခြားမြေများသိမ်း  ဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော် မတီအနေနဲ့ မြေပြင်မှာ လုပ်ငန်းဆောင်ရွက်မယ့် ဌာနဆိုင်ရာတွေကို တိကျတဲ့အမိန့်တွေ၊ ညွှန် ကြားချက်တွေ ထုတ်ပြန်ပေးဖို့လိုတယ်လို့ ဦးသိန်းထွန်းက အကြံပြုပါတယ်။

ကော်မတီတွေဖွဲ့စည်းရာမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေနဲ့ မြေစာရင်း ဦးစီးဌာနတွေဟာ ပါဝင်မှာဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီး တယ်လို့ သူက ဆိုပါတယ်။

အလားတူ အဓိကကျတဲ့မြို့နယ်မြေယာဖြေရှင်းရေးအဖွဲ့တွေ အနေနဲ့ အမှုတစ်ခုချင်းစီအလိုက် အပြီးအပြတ်ဖြစ်အောင် ဖြေ ရှင်းပေးဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

မြေယာမဲ့တို့ရဲ့ အိပ်မက်

တရားဝင်ပြန်ရတာမျိုးမဟုတ်သေးပေမယ့် ”တပ်သိမ်း မြေတွေ ပြန်စွန့်လွှတ်နေတယ်”ဆိုတဲ့ သတင်းစကားတွေ ကြား နေတာကြောင့် ဦးကံမြင့်အပါအဝင် ဝါးဘိုးတောရွာက ဥယျာဉ် ခြံပိုင်ရှင်တွေဟာ အသိမ်းခံလိုက်ရတဲ့ သူတို့ ဥယျာဉ်ခြံတွေမှာ အရဲစွန့်ပြီး ပြန်လည်အခြေချဖို့ ပြင်ဆင်နေကြပါတယ်။

ဒါကြောင့် ဒီနှစ်အစောပိုင်းမှာ ဦးကံမြင့်ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က သူထွက်ပြေးခဲ့ရတဲ့ ခြံမြေနေရာမှာ ဝါးတိုင်၊ ပျဉ်ခင်း၊ ဓနိမိုး အိမ်တစ်လုံးကို ပြန်လည်ဆောက်လုပ်နေထိုင်နေပါတယ်။

တစ်ချိန်က ဥယျာဉ်ခြံပိုင်ရှင်ကြီးဟာ အခုတော့ ပန်းရန် သမား၊ လက်သမား၊ ထင်းခုတ်၊ ဝါးခုတ်စတဲ့ အလုပ်တွေနဲ့ ကြုံရာ ကျပန်းလုပ်ရင်း မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရပါ တယ်။ သားတစ်ဦးက ဦးကံမြင့်နဲ့ အလုပ်လိုက်လုပ်ပြီး ကျန်တစ်ယောက် ကတော့ ဝါးဘိုးတောရွာထဲမှာ မုန့်ဟင်းခါးရောင်းပါတယ်။

”တစ်ယောက်တည်း လုပ်အားနဲ့ မိသားစု မဝတော့တဲ့အခါ ကလေးတွေလည်း အလုပ်ထွက်လုပ်ကြရတယ်”လို့ ဦးကံမြင့်က ရှင်းပြတယ်။

အသိမ်းခံရပြီးကတည်းက ထိန်းသိမ်းမှု မရှိတော့တဲ့အတွက် သူ့ရဲ့ ဥယျာဉ်ခြံဟာ ချုံ နွယ်တွေ၊ ဝါးရုံငုတ်တွေနဲ့ မြေအရိုင်းတစ်ခု လိုဖြစ်နေပါပြီ။ အရင်လို မိသားစုဝင်ငွေရခြံတစ်ခုဖြစ်လာဖို့ကတော့ အနည်းဆုံး သုံး နှစ်လောက် အချိန်ယူရမယ်လို့ သူက ဆိုပါ တယ်။  ခြံထဲကို အခုလိုပြန်ဝင်နေတာဟာ တရားဝင်မစွန့်လွှတ်သေးတဲ့ တပ်သိမ်း မြေဖြစ်နေတဲ့အတွက်  နောက်တစ်ကြိမ် နေအိမ်ကို လာဖျက်မှာ မစိုးရိမ်ဘူးလား လို့ ဦးကံမြင့်ကို မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

”အသေပဲခံတော့မယ်။ ရွှေ့တော့ မပေးတော့ဘူး” ။      ။

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကျော်ဇေယျ ရေးသည်။

အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."