Illustration – MAUNG NOE
ဖြူမှောင်တဲ့ နေ့လယ်ခင်း အသိုးထဲ
အစိုးမရတဲ့ ရန်ကုန်မိုးတွေ ပက်ဖျန်းလို့
ဗိုလ်ချုပ်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ
သူ့ကို ဝယ်မယ့်သူကို မျှော်စောင့်နေရှာသူကလေး
သူ့ခမျာ ဈေးဦးပေါက်သေးဟန်မတူ
လူကတော့ ကြွက်စုတ်တစ်ကောင်နဲ့ တူနေပြီ။
အနီးနားက ခုံးကျော်တံတားအောက်
ညအိပ်ရပ်နားတဲ့ အိမ်စီးကားတွေကြား
နားလည်မှုနဲ့ ဖွင့်ထားတဲ့ အမည်မဲ့ လက်ဖက်ရည်ဆိုင်ထဲမှာတော့
ဝါနီနီ တူညီဝတ်စုံနဲ့ အရောင်းစာရေးမကလေးတွေ
ထမင်းဘူး၊ ရေဘူးကိုယ်စီနဲ့ စုဝေး
စာကလေးတွေလို ကျွက်ကျွက်ညံနေကြ။
အဲဒီတစ်ချိန်တည်းမှာပါပဲ
မျက်နှာချင်းဆိုင် ဟိုဘက်အခြမ်းက
‘မြင်ကွင်းကျယ်’အမည်ရ ဟိုတယ်ကြီးထဲ
ထွားကျိုင်းဝဖီးတဲ့ ဘိုထီးကြီးနဲ့ ဘိုမကြီးနှစ်ယောက်
အနီရောင် ပြင်သစ်ဝိုင်ကို တစိမ့်စိမ့်သောက်လို့
အမေရိကန်စတိုင်လ် အမဲကင်ဆဲလဒ်ကို တအိအိဝါးကာ
အပြင်ဘက်က အာရှမြို့ပြအရသာကို ခံစားနေကြရဲ့။
(၁၁.၈.၂ဝ၁၆)-
၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။