ဖားမွေးမြု ရေး

ဖားမွေးမြု ရေး

 ၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ ကဗျာဖြစ်ပါသည်။

မင်းထက်မောင် ရေးသည်။

ကျွန်တော့်မှာ ဖားတစ်ကောင်ရှိတယ်

အကောင်ခပ်သေးသေး ဖားမွဲကလေးတစ်ကောင်ပါ

အဲဒီဖားမွဲကို ကျွန်တော်မွေးမြူထားတာ မဟုတ်ပါဘူး

ဖားမွဲကသာ ကျွန်တော့်ကို မွေးမြူထားခဲ့တာပါ

ဖားမွဲဟာ ကျွန်တော့်ကို မွေးမြူပြီး သူ့အလုပ်တွေ လုပ်ဖို့ စေခိုင်းတယ်

ကျွန်တော်ဟာ ဖားမွဲသောက်ဖို့ ကော်ဖီဖျော်ပေးရတယ်

ကွန်ပျူတာရိုက်ပေးရတယ် အိုက်ရင် ယပ်ခတ်ပေးရတယ်

လိုအပ်ရင် အင်တာနက်ထဲက သတင်းအချက်အလက်တွေ ရှာဖွေလို့

အရေးကြီးတာတွေ ထုတ်နုတ် ဘာသာပြန်ပေးရတယ်

မလိုအပ်ပါဘဲ အနှိပ်ခန်းကိုလည်း တစ်ခါတစ်ခါ ပို့ပေးရတတ်ပါတယ်

ဖားမွဲဟာ ကျွန်တော့်ကို လုပ်အားခငွေတွေ ပေးတယ်

ကျွန်တော်နဲ့ ကျွန်တော့်မိသားစု စားဖို့သောက်ဖို့

အဆင်ပြေရုံကလေးပါပဲ ဘာတစ်ခုမှ အပိုအလျှံမရှိဘူး

ဒီလောက်နဲ့ပဲ ဖားမွဲရဲ့ ကျေးဇူးတွေဟာ တော်တော်ကြီးလှပါပြီ

 

တစ်ခါတစ်ရံ ဖားမွဲဟာ ကျွန်တော့်ကို ဘီယာတွေ ဘာတွေ လိုက်တိုက်

တစ်ခါတစ်ရံ ဘောက်ဆူးတွေ၊ ဘာတွေ ပေးလိုက်နဲ့

တစ်ခါတစ်ရံတော့လည်း ဖားမွဲနဲ့ ကျွန်တော်ဟာ

ကိစ္စတစ်ခုခုမှာ သဘောထားချင်း သိပ်မတိုက်ဆိုင်ဘဲ

သူနိုင်ကိုယ်နိုင် စကားများ ငြင်းခုံတတ်ကြတယ်

ဒါပေမဲ့ သိပ်မကြာပါဘူး ပြဿနာအေးငြိမ်းသွားအောင်လို့

တစ်ဖက်ဖက်က အလျှော့ပေး လိုက်လျောလိုက်ရတာပါပဲ

များသောအားဖြင့်ကျွန်တော့်ဘက်က အလျှော့ပေးလိုက်ရတာပါ

တစ်ခါတလေတော့ ဖားမွဲဟာ သူ စိတ်ကောင်းဝင်နေတဲ့အခါ

ကျွန်တော် တောင်းဆိုတာတွေဟာလည်း သိပ်အရေးမကြီးဘူး

ထင်တဲ့အခါ

သူ့ဘက်က လိုက်လျောပြီး အလျှော့ပေးတတ်ပါတယ်

ဒါကလည်း ဆယ်ခါတစ်ခါလောက် ဆိုသလိုပါ

ဘာပဲဖြစ်ဖြစ် ဖားမွဲနဲ့ ကျွန်တော်ဟာ တော်တော်အဆင်ပြေပါတယ်

ဖားမွဲက ကျွန်တော့်ကို သဘောကျသလို

ကျွန်တော်ကလည်း ဖားမွဲကို ကိုယ့်အလုပ်ရှင်လို သဘောမထားဘဲ

ကိုယ့်ကျေးဇူးရှင်လိုပဲ သဘောထားခဲ့ပါတယ်။

 

ကျွန်တော့်မှာ ဖားတစ်ကောင်ရှိသလို

ဖားမွဲမှာလည်း ဖားတစ်ကောင်ရှိလေရဲ့

အဲဒီဖားက ဖားမွဲထက် အကောင်နည်းနည်းပိုကြီးတယ်

ဝဝဖြိုးဖြိုးရှိတဲ့ ဖားမည်းကြီးတစ်ကောင်ပါ

ကျွန်တော့်ကို ဖားမွဲက မွေးမြူထားသလို

ဖားမွဲကိုလည်း ဖားမည်းက မွေးမြူထားတာပေါ့

ဖားမည်းဟာလည်း ဖားမွဲကို မွေးမြူပြီး

သူ့အလုပ်တွေ လုပ်ဖို့ စေခိုင်းထားတာပါပဲ

 

ဖားမွဲဟာ ဖားမည်းကို ရေချိုးပေးရတယ်

စီးကရက် မီးညှိပေးရတယ် ပန်းသီးအခွံနွှာကျွေးရတယ်

ကုန်အဝင်အထွက်စာရင်းတွေ လုပ်ပေးရသလို

ငွေအဝင်အထွက်စာရင်းတွေလည်း လုပ်ပေးရတယ်

တစ်ခါတစ်ခါ ဖားမွဲဟာ ဖားမည်းကို

ရှိတ်စပီးယားရဲ့ ဆွန်းနက်ကဗျာတွေ ရွတ်ပြရသလို

တစ်ခါတစ်ခါတော့လည်း ဖားမွဲဟာ

ဖားမည်းကတော် ဈေးဝယ်ထွက်တာကို လိုက်ပို့ပေးနေရတတ်တယ်

ဖားမွဲဟာ ဖားမည်းနဲ့ ဖားမည်းရဲ့ မိသားစု ခိုင်းစေတာမှန်သမျှ

မညည်းမညူ တာဝန်ယူ လုပ်ပေးနေရသူပေါ့

ဖားမည်းဟာ ဖားမွဲကို သူ အချိန်မရွေး ခေါ်ခိုင်းနိုင်ဖို့

မိုဘိုင်းလ်ဖုန်းတစ်လုံး ပေးထားတယ်

မော်တော်ကားတစ်စီး ပေးထားတယ်

ဖားမရဲ့မိသားစုဟာလည်း ဖားမည်း ပေးထားတ့ဲတိုက်ခန်းကျယ်

ကြီးမှာ

ပျော်ပျော်ရွှင်ရွှင် ပြည့်ပြည့်စုံစုံနဲ့ နေထိုင်ကြတာပေါ့

ဖားမည်းဟာ ဖားမွဲရဲ့ ဆရာပဲ

ဖားမည်းဟာ ဖားမွဲရဲ့ အရှင်သခင်ပဲ

ဖားမည်းဟာ ဖားမွဲရဲ့ ဆရာသခင် ကျေးဇူးရှင်ဆိုတော့

ကျွန်တော်ကလည်း လေးလေးစားစား ဆက်ဆံရတာပါပဲ။

 

ကျွန်တော်နဲ့ ဖားမွဲဆီမှာ ဖားတစ်ကောင်စီ ရှိကြသလို

ဖားမည်းဆီမှာလည်း ဖားတစ်ကောင်ရှိတာပါပဲတဲ့

အဲဒီဖားဟာ ဖားမည်းထက် အဆပေါင်းများစွာ ကြီးမားတဲ့

ထွားထွားကျိုင်းကျိုင်း အရုပ်ဆိုးဆိုး ဧရာမဖားပြုပ်ကြီးတစ်

ကောင်တဲ့

အဲဒီဖားပြုပ်က ဖားမည်းကို မွေးမြူထားတာပေါ့

ကျွန်တော်တို့လိုပဲ ဖားမည်းဟာလည်း

ဖားပြုပ်အတွက် အလုပ်တွေ အများကြီး လုပ်ပေးရမှာပဲ

ဖားမည်းဟာ ဖားပြုပ်ကို ချိုင်းမွေးနုတ်ပေးရလေသလား

အခွန်ဆောင်တာတွေ ဘဏ်ငွေသွင်းတာတွေပဲ လုပ်ပေးရလေ

သလား

ဖားပြုပ်ရဲ့ သားသမီးတွေ ရယ်မောပျော်ရွှင် ဆော့ကစားဖို့ရာ

ပိုးဟပ်အရှင်တွေကိုများ လိုက်ဖမ်းပေးရလေသလား

ဖားမည်းဟာ ဖားပြုပ်ကို ဘာအလုပ်တွေများ လုပ်ပေးရသလဲဆို တာ

ကျွန်တော် သေသေချာချာ မသိသလို

အဲဒီ ဂုဏ်သရေရှိ ဖားပြုပ်ကြီးကိုလည်း

ကျွန်တော် တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးပါဘူး

ဖားမွဲပြောပြလို့ ဖားပြုပ်အကြောင်း နည်းနည်းပါးပါး

ကြားဖူးနားဝ ရှိရုံမျှလောက်ပါပဲ

ဖားပြုပ်ဟာ သိပ်အဆင့်မြင့်ပြီး သိပ်ချမ်းသာတယ်ဆိုပဲ

ဖားပြုပ်ဟာ အထပ် ၂ဝ ကျော်မြင့်တဲ့ တာဝါကြီးတွေနဲ့

လူအစည်ကားဆုံး စူပါမားကက်ကြီးတွေကို ပိုင်ဆိုင်သတဲ့

 

ဖားပြုပ်နဲ့ ဖားပြုပ်ရဲ့ ဆွေမျိုးတွေ ဖွင့်ထားတဲ့

စားသောက်ဆိုင်ကြီးတွေဟာလည်း အများကြီးရှိတယ်လို့ ဆိုတယ်

ဖားပြုပ်ဟာ အကြီးစားကုမ္ပဏီကြီး ၃ ခုကို တည်ထောင်ထားပြီး

ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေကိုလည်း

ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်လုပ်ကိုင်လို့ နေသတဲ့

ဖားပြုပ်ဟာ ပိုင်ဆိုင်မှုတွေ များပြားသလောက်

သြဇာအရှိန်အဝါကလည်း တော်တော်ကြီးမားပုံရပါတယ်

ဖားပြုပ်ဟာ တစ်လတစ်ခါ အစည်းအဝေးခေါ်ယူပြီး

သူ့လုပ်ငန်းအစီအစဉ်တွေကို ဆွေးနွေးတိုင်ပင်တတ်သတဲ့

အဲဒီလိုအခါမျိုးမှာ ဖားမည်းဟာ ဖားပြုပ်ညျွန်ကြားသမျှကို

အတွန့်တက်ဖို့ နေနေသာသာ ခေါင်းတောင် မော့မကြည့်ဝံ့ဘဲ

ဟုတ်ကဲ့ ဟုတ်ကဲ့လို့သာ တွင်တွင်ပြောလို့ နေရသတဲ့

ဘာလို့ဆို ဖားပြုပ်ဟာ ကြောက်ဖို့လည်း တော်တော်ကောင်းလို့ပဲတဲ့

ဖားပြုပ်ဟာ သူ မကြိုက်တာလုပ်တဲ့ ဖားမှန်သမျှကို အပြစ်ပေးတဲ့

အနေနဲ့

သူ့ပါးစပ်ပြဲပြဲကြီးကို ဟပြီး ကောက်မျိုစားသောက်ပစ်လိုက်တာ

ပဲတဲ့

ဒါကြောင့် ဖားမည်းဟာ ဖားပြုပ်ရှေ့မှာဆိုရင်

ယားလို့တောင် ခိုးမကုတ်ရဲတဲ့ ဘဝမျိုးနဲ့ နေရသလို

ဖားလောကမှာလည်း ဖားတိုင်းလိုလိုက ဖားပြုပ်ကို ရိုရိုကျိုးကျိုးနဲ့

တစ်ချက်မှ အမှားမခံဘဲ သတိထား ဆက်ဆံကြရသတဲ့

အဲဒီဖားပြုပ်မှာရော ကျွန်တော်တို့လို

သူ့ကို မွေးမြူထားတဲ့ နောက်ထပ်ဖားတစ်ကောင် ရှိလေသလား

မရှိဘူးလား

အဲဒါကို ဘယ်သူမှ တပ်အပ်သေချာ မသိနိုင်ကြပါဘူး။

 

မိတ်ဆွေ-ခင်ဗျားမှာရော ဖားတစ်ကောင်ရှိပါသလား

ခင်ဗျားနဲ့ ကျွန်တော်ဟာရော ဖားတွေပဲလား

ကမ္ဘာမှာ ဖားမွေးမြူရေးဟာ ဘယ်တုန်းက စတင်ခဲ့ပါသလဲ။

[ ပြီးပါပြီ။ ]

အမျိုးအစား - ကဗျာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."