ဒေါက်တာစိုင်းဦး ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးဆိုင်ရာ သုတေသနမှူး ပြည်ထောင်စု အင်စတီကျု နှင့် အင်တာဗျူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရ သက်တမ်း တစ်နှစ်တာကာလအတွင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် ပတ်သက်ပြီး လုပ်ဆောင်ခဲ့သည်များကို ပြည်ထောင်စု အင် စတီကျု၏ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးဆိုင်ရာ သုတေသနမှူး ဒေါက်တာစိုင်းဦးနှင့် မော်ကွန်းတို့ တွေ့ဆုံမေးမြန်းမှုများမှ ကောက်နုတ် ဖော်ပြထားပါသည်။

ပြည်ထောင်စုအင်စတီကျုသည် တိုင်းရင်းသား အဖွဲ့ အစည်း များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရ နှင့် ဌာနဆိုင်ရာများ၊ သတင်း မီဒီယာနှင့် နိုင်ငံတကာ အသိုင်း အဝိုင်းများ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်သည့် အဖွဲ့ အစည်းများအား သုတေသနပိုင်းဆိုင်ရာ၊ သတင်းအချက်အလက် အရင်းအမြစ်ဆိုင်ရာ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရေး အတွက် နည်းပညာပိုင်းတို့တွင် ကူညီထောက် ပံ့ပေးသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၂ဝ၁၃ တွင် စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။

မော်ကွန်း။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်း သားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင် မယ်ဆိုပြီး ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြခဲ့တယ်။ လက်ရှိအစိုးရဖြစ်လာချိန်မှာ ဒါတွေကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်ပြီလို့ သုံးသပ်ပါသလဲ။

ဒေါက်တာစိုင်းဦး။ ။ လက်ရှိ NLD အစိုးရက ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်တဲ့ ဆန္ဒတွေ အများကြီးတွေ့ရတယ်။ လုပ် ဆောင်တာနဲ့ လက်တွေ့ဖြစ်ပျက်တာနဲ့ ကွာဟမှုလေးတွေတော့ ရှိတယ်။ လုပ်ဆောင်တဲ့အခါ ထိရောက်မှုမှာ အားမလို အားမရမှု လေးတွေ အများကြီးရှိတာပေါ့။ တစ်ဖက်က အစိုးရရဲ့ ဆန္ဒတော့ ပေါ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်၊ ပြန် လည်ရင်ကြားစေ့ရေး လုပ်ဆောင်ချင်တဲ့ဆန္ဒပေါ့။ ဒါပေမဲ့ တစ် ဖက်က ဒီလုပ်ငန်းတွေက ရှေ့ရောက်သင့်သလောက် မရောက်ဘူး။

အဓိကကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ရှုပ်ထွေးနေတဲ့ ဗမာလူမျိုးစုနဲ့ ဗမာမဟုတ်သော လူမျိုးစု၊ အထူးသဖြင့် လက်နက် ကိုင်ပဋိပက္ခတွေကို အစိုးရက တချို့နေရာတွေမှာ နက်နက်နဲနဲ၊ နားလည်မှုမရှိတဲ့ ပုံစံမျိုး ရှိတယ်။ အဲဒီတော့ ဖြေရှင်းတဲ့အခါမှာ သိပ်ပြီးတော့ ထိရောက်မှုမရှိတာ တွေ့ရတယ်။ လက်ရှိ ငြိမ်းချမ်း ရေးလမ်းစဉ်ကို ဆက်ပြီး လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ် ချက်ပေါ့။ အဲဒီအပေါ်မှာလည်း သန္နိဋ္ဌာန်ချပြီးတော့ လုပ်ဆောင် နေတဲ့ သဘောရှိတယ်။ နိုင်ငံတကာနဲ့တွဲပြီး လုပ်မယ့် ဆန္ဒရှိတာ လည်း တွေ့ရတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ပြည်တွင်းမှာ ဖြစ်ပျက်နေတာ က အစိုးရက စစ်တပ်အပေါ်မှာလည်း လွှမ်းမိုးမှုမရှိတဲ့အခါကျ တော့ အကောင်အထည်ဖော်တဲ့အခါမှာ အားနည်းနေတာတွေ တွေ့ရတယ်။ ဒါက တစ်ပိုင်း။ နောက်တစ်ပိုင်းကတော့ ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်းသားတွေနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ အောင်မြင်သင့်သလောက်လည်း မအောင်မြင်သေးဘူး။ ဒါက လက်ရှိရှိနေတဲ့ တကယ်ပြဿနာ တွေရဲ့ အရင်းခံတွေကို သေချာ ကောင်းကောင်းမွန်မွန် မသိသေး တဲ့အတွက်ကြောင့်ဖြစ်တယ်။

မော်ကွန်း။ ။ အစိုးရက ဖြစ်နေတဲ့ ပြဿနာတွေကို သေချာ ကောင်းကောင်းမွန်မွန် မသိသေးဘူးဆိုတာတွေ ရှိတယ်ဆိုတော့ အဓိက ဘယ်လိုအချက်တွေကို ဆိုလိုချင်တာလဲ။ ဒါနဲ့ ပတ်သက် ပြီး နည်းနည်းထပ်ရှင်းပြပေးပါဦး။

ဒေါက်တာစိုင်းဦး။ ။ လုပ်ရပ်တွေအပေါ်မှာ ကျွန်တော်တို့ သုံး သပ်ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ချင်တဲ့ ဆန္ဒကို လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ တိုင်း ရင်းသားပြဿနာတွေက နှစ်ပေါင်းတော်တော်ကြာခဲ့ပြီဆိုတော့ တော်တော်ရှုပ်ထွေးနက်နဲနေပြီ။ ဆိုလိုချင်တာက ဒါသည် ရုပ် ပိုင်းရော၊ စိတ်ပိုင်းရော ပြဿနာရှုပ်ထွေးနက်နဲတာတွေ ဖြစ် တယ်။ လက်ရှိအစိုးရ လုပ်နေတာက ဖွံ့ဖြိုးတိုးတက်မှုကို တည် ဆောက်ပြီး ဖြေရှင်းသွားနိုင်တယ်ဆိုတဲ့ စဉ်းစားမှုမျိုးတွေလည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒါက နိုင်ငံရေးအရ ထိရောက်မှု မရှိဘူး။

တကယ့်ဖြစ်နေတာက တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်မှု အားနည်း လို့ တန်းတူညီမျှမှု မရှိတာလည်း တစ်ပိုင်း။ ဒါပေမဲ့ နှစ်ပေါင်း များစွာ ပဋိပက္ခတွေဟာ လူမျိုးရေး ပဋိပက္ခအသွင်ဆောင်လာ တယ်။ နောက်ပြီးတော့ လူမျိုးကြီး၊ လူမျိုးငယ်ဝါဒ ပုံစံတွေလည်း ဖြစ်လာတယ်။ အဲဒီတော့ ဗမာမဟုတ်တဲ့တိုင်းရင်းသားအများစုက သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ အများကြီးဖြစ်နေတယ်။ ဒါကို ကျွန်တော်ထင်တယ် အစိုးရက နက်နက်နဲနဲ သိပုံမရဘူး။ ဒါကို ဘယ်လိုဖြေရှင်းမယ် ဆိုတာ သိပ်ပြီးတော့ မတွေ့ရဘူး။

မော်ကွန်း။ ။ ဒီလိုမျိုးပြဿနာတွေအပေါ်မှာ အစိုးရအနေနဲ့ ဘယ် လိုကိုင်တွယ်သင့်သလဲ။

ဒေါက်တာစိုင်းဦး။ ။ ဆင်းရဲနွမ်းပါးမှုကလည်း တစ်ခုပေါ့။ နောက် တစ်ခုက တိုင်းရင်းသားတွေ တော်တော်များများမှာ အရင်စစ် အစိုးရလက်ထက် ကျင့်သုံးခဲ့တဲ့ ပေါ်လစီမှာက လူမျိုးရေး ခွဲခြား မှုတွေ အများကြီးဖြစ်ခဲ့တယ်။ အဲဒီအကျိုးဆက်တွေက တော် တော်ကြီးကြီးကို နက်နက်ရှိုင်းရှိုင်း ဖြစ်နေတယ်။ ဒါကို လက်ရှိ အစိုးရကလည်း နားလည်ရမယ်။ ဆယ်စုနှစ်ပေါင်းများစွာ ပြဿနာကို ချက်ချင်းတော့ ဖြေရှင်းလို့ မလွယ်ဘူး။ အဓိကတော့ မှန်မှန်ကန်ကန် ဖြေရှင်းဖို့လိုတယ်။

တစ်ဖက်ကဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းဖို့ပေါ်လစီနဲ့ ဗျူဟာ တွေချသလို တစ်ဖက်ကလည်း တိုင်းရင်းသားတွေ ဖြစ်ပျက်နေ တာက တန်းတူညီမျှမှုဆိုတာက သယံဇာတပစ္စည်းခွဲဝေမှု၊ ချမ်း သာကြွယ်ဝမှု ခွဲဝေမှုတစ်ခုတည်းတင်မကဘဲ တိုင်းရင်းသားတွေ က ကြီးသည်၊ ငယ်သည်ဖြစ်စေ၊ သူတို့မှာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ အခွင့်အရေးတွေက ပျောက်ကွယ်နေတာကြာပြီ။ အသိအမှတ် ပြုမှုကို ရှာနေတာ။ စိတ်ပိုင်းအရပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့က လည်း အရေးကြီးတယ်။

တန်းတူညီမျှမှုကို အမြဲတမ်းရုပ်ဝတ္ထုပစ္စည်းနဲ့ သွားပြီး စဉ်းစားတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ စိတ်ပိုင်းဆိုင်ရာတွေလည်း အများကြီးပါတယ်။ တိုင်းရင်းသားတွေ အဓိက လိုလားနေတာ သူတို့ရဲ့တည်ရှိမှုကိုအသိအမှတ်ပြုဖို့ပဲ။ လက်ရှိ မြင်နေရတာက အစိုးရအဆက်ဆက်က ကျင့်သုံးလာတဲ့ ပေါ်လစီ ဥပမာ- လူမျိုး တစ်မျိုး ရဲ့ အင်္ဂါရပ်တွေ၊ ရိုးရာတွေက တခြားလူမျိုးထက် ပိုပြီး ဦးစားပေးနေတာတွေရှိတယ်။ လက်ရှိအစိုးရမှာလည်း အပြောင်း အလဲတွေ မတွေ့သေးဘူး။ အဲဒါတွေက တိုင်းရင်းသားတွေက ကြည့်ပြီးတော့ ညီမျှမှုမရှိဘူးဆိုပြီး သိမ်ငယ်မှုတွေရှိတယ်။ အစိုးရက ဒါကို မြင်ဖို့ လိုအပ်တယ်။ မြင်မယ်ဆိုရင် ဖြေရှင်းမှု တွေလည်း ပိုပြီးတော့ ထိရောက်မှုရှိမယ်လို့ ထင်တယ်။

မော်ကွန်း။ ။ ၂ဝ၁၅ မှာ NLD က တိုင်းရင်းသားဒေသတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အနိုင်ရခဲ့တယ်။ တိုင်းရင်းသားဒေသတွေမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အနေနဲ့ ဒေသခံတွေရဲ့ အရေးကို ဆောင်ရွက်နိုင်မှုအပေါ်ကိုရော ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာစိုင်းဦး။ ။ NLD ရယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်ကို အစိုးရ ဖြစ်မလာခင်မှာ အားလုံးက အကြွင်းမဲ့ ယုံကြည် ကြတယ်။ အားကိုးကြတယ်။ ဒါပေမဲ့ အစိုးရဖြစ်လာတဲ့အခါကျ တော့ ဒါက တစ်ဖက်ကိုပဲကြည့်ပြီး အပြစ်ပုံချလို့တော့ မရဘူး။ လက်ရှိ အစိုးရကျင့်သုံးနေတဲ့ ပုံစံနဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ လွဲနေတာ တော်တော်များများရှိတယ်။ အထူးသဖြင့် ပြည်နယ် တွေမှာ။ တိုင်းရင်းသားတွေက သူတို့ရဲ့ဒေသ၊ သူတို့ရဲ့ခံစားမှုတွေ ရှိတယ်။ အဲဒီနေရာမှာ နိုင်ငံရေးဖော်ဆောင်တဲ့အခါ NLD က ရထားတဲ့ အခွင့်အရေးကို ကောင်းကောင်းမွန်မွန် အသုံးမချခဲ့ဘူး လို့ မြင်တယ်။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ လက်ရှိ အစိုးရခေါင်းဆောင်တွေကို အဲဒီပြည်နယ်သားတွေကို မခန့်မိတာ။

ဒါတွေက တိုင်းရင်းသားတွေဘက်မှာ ကျေနပ်မှုသိပ်မရ ဘူး။ နောက်တစ်ခုက NLD အစိုးရမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အရမ်းသြဇာကြီးတဲ့အခါကျတော့ သူတို့ပြောတာဆို တာတွေကို လူတွေက တန်ဖိုးထားတယ်။ ဒါပေမဲ့ လွဲမှားမှုရှိတယ်၊ တစ်ဖက်ဖက်လိုက်မှုရှိတယ်။ တိမ်းစောင်းမှုရှိတဲ့ ပုံစံဖြစ်လာတဲ့ အခါကျတော့ တိုင်းရင်းသားတွေဘက်မှာ စိုးရိမ်မှုတွေ ဖြစ်ပွား လာတယ်။

မော်ကွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရင်ကြားစေ့ ရေးအတွက် လုပ်ဆောင်မယ်လို့အားလုံးက မျှော်လင့်ခဲ့ကြ တယ်။ ဒါပေမဲ့ အစိုးရဖြစ်လာပြီး တပ်မတော်နဲ့ ရင်ကြားစေ့ရေး လုပ်တာ ပိုများနေပြီး တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးမှာ အားနည်းတယ်လို့ ဝေဖန်တာတွေ ရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။

ဒေါက်တာစိုင်းဦး။ ။ ကြည့်လိုက်ရင် အစိုးရက တပ်နဲ့ ပိုနီးကပ် အောင် လုပ်နေသလိုဖြစ်တယ်။ အခု NLD က တရားဝင်အစိုးရ ဖြစ်သွားပြီ။ တကယ့်လက်တွေ့လုပ်ရမယ့် လုပ်ငန်းက ဒီနိုင်ငံမှာ အဓိက တရားဝင် နောက်ထပ် Institution တစ်ခုက တပ်မတော် ဖြစ်နေတယ်။ တပ်မတော်နဲ့ ဘယ်လို အဆင်ပြေအောင် လက်တွဲ ရမယ့် အခြေအနေရှိနေတယ်။ တပ်မတော်နဲ့ ထိပ်တိုက်နေရင် အစိုးရရဲ့ လုပ်ငန်းတော်တော်များများ အခက်အခဲရှိနိုင်တယ်။ တပ်မတော်မှာ ရှိနေတဲ့ တပ်မတော်အရာရှိတွေ၊ ကျွမ်းကျင် ပုဂ္ဂိုလ်တွေက ဒီနိုင်ငံအကြောင်းကို ပိုနားလည်တယ်။

ဒါက NLD အစိုးရရဲ့ တပ်မတော်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ Strategy ပေါ့။ တပ်မတော်နဲ့ အဆင်ပြေအောင် လုပ်ရမယ်။ ပူး ပေါင်းလုပ်ရမယ်။ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာက တပ်မတော်နဲ့ အရမ်းနီးကပ်သွားတဲ့အခါကျတော့ တပ်မတော်ကို တွဲ လုပ်နေရသလား၊ တပ်မတော်ရဲ့ လုပ်နေတဲ့လမ်းစဉ်အတိုင်း သွား နေလားဆိုတာ ဝေဖန်မှုတွေ ရှိလာတယ်။ တစ်ဖက်က ငြိမ်းချမ်း ရေးမှာ ယုံကြည်မှုတည်ဆောက်နေတဲ့အချိန်မှာ အစိုးရက တပ်မတော်နဲ့လည်း နီးနီးကပ်လုပ်မယ်။ တစ်ဖက်မှာတိုင်းရင်းသားအစု အဖွဲ့တွေနဲ့ နီးစပ်မှု မတည်ဆောက်နိုင်ဘူး။ ဒါကလည်း လုပ်နည်း လုပ်ဟန်တွေလည်း ပါပါတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက် မှာ စိုးရိမ်မှုတွေ ရှိလာတယ်။

မော်ကွန်း။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ သွားနေတဲ့ လုပ်ငန်းစဉ်အပေါ်မှာ တိုင်းရင်းသားတွေအနေနဲ့ ယုံ ယုံကြည်ကြည် လိုက်ပါသင့်တယ်လို့ ထင်ပါသလား။

ဒေါက်တာစိုင်းဦး။ ။ အကြမ်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေရော၊ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေရော လက်ရှိအစိုးရရဲ့ လမ်းစဉ်ကို၊ စေ တနာကို အမြင်မှားတာတော့ မရှိဘူး။ ဒါပေမဲ့ လုပ်ငန်းပိုင်းမှာ ထိ ရောက်မှုမရှိတာရယ်၊ ပေါ်လစီပိုင်းအရရယ်ပေါ့။ ဥပမာဆိုရင် တချို့နေရာမှာ အခွင့်အရေးရှိရဲ့သားနဲ့ လက်ရှိအစိုးရက ကောင်း ကောင်းမွန်မွန် အသုံးမချနိုင်ဘူး။ ပြန်လည်ရင်ကြားစေ့ရေးဆိုတာ ရှိပြီးသား ငြိမ်းချမ်းရေးလမ်းစဉ်ရယ်၊ ဖြစ်ပျက်နေတဲ့ ချထားတဲ့ NCA အပြင် တခြားလုပ်နိုင်တာတွေ သိပ်ပြီးတော့ ထင်ထင်ရှား ရှား မတွေ့ရသေးဘူး။ ဥပမာအားဖြင့် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ကို ပင်လုံမှာ သွားလုပ်တယ်။ ကောင်းတဲ့ လက္ခဏာတွေ ရှိပါတယ်။ လုပ်ငန်းတွေတော့ တွေ့ရတယ်။ အောင်မြင်မှုအသီးအပွင့်တွေ အားရစရာမရှိသေးဘူး။

မော်ကွန်း။ ။ပည်သူရွေးချယ်တဲ့ အစိုးရလက်ထက်မှာ စစ်ပွဲတွေ က ပိုပြီးတော့ ပြင်းထန်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အစိုးရအနေနဲ့လည်း စစ်တပ်ရဲ့သြဇာကိုလည်း မလွှမ်း မိုးနိုင်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် သူ ဦးဆောင်တဲ့ အစိုးရအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်မှု က ဘယ်လိုမျိုးရှိလဲ။

ဒေါက်တာစိုင်းဦး။ ။ ယုံကြည်မှုဆိုတာထက် လုပ်ငန်းပိုင်းအရ ထိရောက်မှုမရှိတဲ့အခါကျတော့ စိတ်ပျက်မှုတွေ ရှိလာတယ်။ လက်ရှိ အစိုးရက ဒီထက်ပိုလုပ်နိုင်မလားလို့ မှျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာဘူး။ လက်ရှိအစိုးရက သူ့ရဲ့ရပ်တည်မှုအတွက် စစ်တပ်နဲ့ ပဋိပက္ခမဖြစ်အောင်ဘဲ ရှောင်နေတဲ့သဘော ဖြစ်နေတယ်။ အမှန် ဆို စစ်တပ်ကို ဦးဆောင်ပြီး သွားနိုင်တဲ့ပုံစံဖြစ်ရမယ်။ အားလုံးက သိတယ် စစ်တပ်ကို သွားပြီးတော့ အမိန့်ပေးလို့မရဘူး။ စစ်တပ် ကလည်း လက်ခံမှာမဟုတ်ဘူး။ သို့ပေမဲ့ စစ်တပ်လိုလားနေတဲ့ အစိုးရရဲ့ ကောင်းတဲ့နာမည်နဲ့ နိုင်ငံတကာထောက်ခံမှုကိုယူပြီး တော့ စစ်တပ်ကလည်း သူ့ရဲ့အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲနေ တာပဲ။ ဆိုတော့ စစ်တပ်ရဲ့ လိုချင်တာလည်း အစိုးရက သိနေတာ ပဲ။ ဒါပေမဲ့ တကယ့်နိုင်ငံရေးထွက်ပေါက်ကို သွားတဲ့အခါမှာ NLD ကသူ့ရဲ့နှစ်ပေါင်း ၂ဝ ကျော်အတိုက်အခံဖြစ်ခဲ့တဲ့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ သူ့ရဲ့လမ်းစဉ်က ဖော်ဆောင်နိုင်တာမရှိဘူး။ အမှန်ဆို သူက စစ်တပ်ကို နိုင်ငံရေးအရ ဦးဆောင်သွားဖို့ လိုအပ် တယ်။ ဒီလိုလုပ်မှ ထွက်ပေါက်ရမယ်နော်။ တိုင်းရင်းသားတွေနဲ့ ဒီလို စိတ်ရှည်ပြီး ဒါလေးတော့ ပေးလိုက်ရင်ဆိုတာမျိုးပေါ့။ ဒီလို မျိုး နိုင်ငံရေးထွက်ပေါက်တွေ၊ နိုင်ငံရေးနည်းလမ်းတွေ မလုပ်နိုင် ဘူး။ အဲဒီအခါကျတော့ သံတမန်လိုလို၊ နိုင်ငံရေး ရင်ကြားစေ့ရေး လိုလိုနဲ့ ဖြစ်နေတဲ့အခါကျတော့ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ရှေ့မရောက်ဘူး။ အရင်တုန်းက သူ့ကိုပဲ အရမ်းယုံကြည်အားကိုး ခဲ့တဲ့ တိုင်းရင်းသားတွေလည်း စိတ်ပျက်မှုတွေ အများကြီးဖြစ်လာ ပါ တယ်။

မော်ကွန်း။ ။ NLD အစိုးရဟာ အမျိုးသားရင်ကြားစေ့ရေး အတွက် ဆောင်ရွက်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုလတ် တလော နာမည်ကြီးနေတဲ့ ကိစ္စပေါ့။ အဲဒါကတော့ မွန်ပြည်နယ် ချောင်းဆုံကတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည် ပေးဖို့အတွက် ပြည်သူ့လွှတ်တော်အထိတင်ပြီး မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တယ်။ ဒါပေမဲ့ တံတားနာမည်ကို ဒေသခံအများစု ကလည်း မလိုလားဘူး။ ဒီလိုလုပ်တာဟာ သူတို့ဆန္ဒကို လျစ်လျူ ရှုတယ်လို့ ခံစားရတယ်။ NLD အနေနဲ့ အမျိုးသားရင်ကြား စေ့ရေးလို့ တောက်လျှောက်ပြောလာပြီးမှ ဘာကြောင့်ဒီလိုလုပ် ရပ်မျိုး လုပ်တယ်လို့ မြင်လဲ။ ဒီလိုလုပ်တာဟာ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးအတွက် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်လဲ။

ဒေါက်တာစိုင်းဦး။ ။ တိုင်းရင်းသားတွေရဲ့ ဘဝချွတ်ခြုံကျမှုဟာ သူတို့ဘဝမှာ ဘာမှ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိခဲ့ဘူး။ အဲဒါက ဆင်း ရဲနွမ်းပါးမှုနဲ့ တူသယောင်နဲ့ မတူဘူး။ စိတ်ပိုင်းဆိုင်ရာအရ အပယ် ခံရတယ်၊ အနှိမ်ခံရတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်ခဲ့တယ်။ အဲဒီအခါမှာ ဖိနှိပ်မှုအပေါ်မှာ တုံ့ပြန်မှုတွေ ရှိတယ်။ အဲဒီတံတားက တကယ် တော့ အစိတ်အပိုင်းသေးသေးလေးတစ်ခုပါ။ ဒါပေမဲ့ အဲဒီဟာရဲ့ အောက်မှာ ဖြစ်ပျက်နေတာကို မြင်ဖို့ လိုအပ်တယ်။

တိုင်းရင်းသားအများစုက ဗိုလ်ချုပ်အောင်ဆန်းကို လေး စားသမှုရှိကြတာပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို နေရာတကာတပ်ဖို့ မလိုဘူးလေ။ လမ်းတင်မကဘူး၊ နယ်တွေ တော်တော်များများမှာ၊ တိုင်းရင်းသားနယ်တွေမှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့၊ ဗမာနာမည်တွေ အများကြီးတပ်ကြတယ်။ ဒါကိုလည်း ဒေသခံတွေက မပျော်ကြဘူး။ ဥပမာ-တချို့မြို့နာမည် တွေဆိုရင် မြန်မာလိုပြန်ပေါင်းတဲ့အခါကျတော့ အသံထွက် အရမ်းလွဲတာတွေ၊ နီးရင် နီးစပ်သလို ရေးလိုက်တာတွေရှိတယ်။

လူဆိုတာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ကို မြတ်နိုးတဲ့ သဘာဝ ရှိတယ်။ ဒီတံတားကတော့ နည်းနည်းလေး ပြလိုက်တာပဲရှိတယ်။ ဒါလေးကအစ လက်ရှိအစိုးရက ပြန်လည်ရင်ကြားစေ့ရေးလုပ် မယ်ဆိုရင် ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ မြို့နာ မည်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လူတွေအားလုံးက ခေါ်လို့ ပျော်နေကြ တယ်ဆိုရင် ပြီးတာပဲ။ ဒါပေမဲ့ အခုဟာက ဟိုးအရင်တုန်းက ပေါ် လစီအရ နေရာတကာမှာသွားပြီးတော့ မြန်မာနာမည်တပ်ရမယ်။

တချို့ဒေသဆိုရင် အဲဒီနာမည်တောင် ကောင်းကောင်း မခေါ် တတ်တာ ရှိတယ်။ အဲဒီလိုမျိုး အရင်တုန်းက အစိုးရရဲ့ ပေါ်လစီကို အပြောင်းအလဲမရှိဘူးဆိုတာကို ဒီတံတားက ထပ်လောင်းပြတဲ့ ပုံစံပါပဲ။ အရင်ကတည်းက တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ သွားပြီးတော့ နာမည်သစ်တွေ ပေးလိုက်၊ သူများနာမည်ကို ဗမာ လိုပြန်ပြောင်းပြီးတော့ အသံပြောင်းပြီးမှည့်တာတို့လိုမျိုး အဲဒါ တွေကို ဒေသခံတွေက စားရသောက်ရတာ မဟုတ်ပေမယ့် သူတို့ ရဲ့ စိတ်ဆန္ဒအပေါ် လေးစားမှုမရှိဘူးလို့ မြင်တယ်။ သူတို့ကိုလုပ် ချင်သလို လုပ်နေတယ်ဆိုတဲ့ ခံစားချက်က ရှိနေခဲ့တာလေ။

တကယ်လို့ ဒီအစိုးရက ဒါတွေကို မြင်တယ်ဆိုရင် နိုင်ငံရေး အရ လူထုထောက်ခံမှုရအောင် အများကြီးလုပ်နိုင်တယ်။ ဒီကိစ္စ မှာတော့ လွှတ်တော်အထိ တင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို ယူတဲ့အခါကျတော့ တိုင်းရင်းသားတွေက ဘာမှလည်း အပြောင်း အလဲမရှိပါလား။ ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့အစိုးရ အဆက် ဆက်က ကျင့်သုံးခဲ့တဲ့ ပေါ်လစီတွေကို ပြန်သုံးသပ်ဖို့ လိုအပ်လာ တယ်။ တိုင်းရင်းသားတွေက ယုံကြည်မှုနည်းပါးတာတို့၊ တန်းတူ ညီမျှမှု မရှိဘူးလို့ ယူဆတာက ရုပ်ဝတ္ထုပစ္စည်းတင် မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာကိစ္စတွေပေါ့။ ဒီတံတားကိစ္စဆိုရင်လည်း လက်ရှိ အစိုးရက အများကြီး သင်ခန်းစာယူဖို့ကောင်းတယ်။

အစိုးရပိုင်းမှာ တိုင်းရင်းသားတွေကိုခေါ်ယူလက်တွဲပြီး လုပ်ဖို့ အချိန်ယူရမယ်ဆိုရင်တောင် ဒီနာမည်ပြောင်းတာက အချိန်မရွေးလုပ်လို့ရတာပဲ။ သူမြင်ရမှာက ဒီတံတားက ပြဿနာ မဟုတ်ဘူး။ ဒါတွေက ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းနဲ့လည်း သက်ဆိုင်တယ်။ ဒီအစိုးရက ဒါကို မမြင်တာလား၊ ဒါမှမဟုတ်ရင် သတိမထားမိတာလား။ အဲဒီအပေါ်မှာ သင်ခန်းစာယူပြီး ပြောင်း လိုက်လို့ရတယ်လေ။ အမှန်တကယ်ဆို ဒါဟာ အစိုးရအတွက် လည်း နိုင်ငံရေးအမြတ်အများကြီးရတယ်။ ခင်ဗျားတို့ နာမည် ကြိုက်သလိုမှည့်ဆိုရင် ပိုက်ဆံလည်း ဘာမှ မကုန်ဘူး။ အမြတ် လည်း အများကြီးရတယ်၊ ထောက်ခံမှုတွေအများကြီးရနိုင်တယ်။

မော်ကွန်း။ ။ ဒီလိုမျိုးတွေဆိုတော့ လက်ရှိ NLD အစိုးရရဲ့ တစ် နှစ်တာလုပ်ဆောင်ချက်တွေက ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။

ဒေါက်တာစိုင်းဦး။ ။ ကျွန်တော်တိ့ု့နိုင်ငံက ဒီမိုကရေစီဖြတ်သန်းမှု က အခုမှ စတဲ့အခါကျတော့ ပေါ်လစီကို လေ့လာပြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ယထာဘူတကျကျ လေ့လာပြီးတော့ မဲပေးတဲ့အဆင့် မရောက်သေးဘူး။ လူတွေက ပုဂ္ဂိုလ်ရေးကိစ္စ တွေနဲ့ မဲပေးတာရှိတယ်။ နီးစပ်မှုတွေနဲ့ မဲပေးတာရှိတယ်။ ကျွန် တော်ထင်တာက ကြားဖြတ်မှာ တခြားပါတီလေးတွေတော့ ရ ကောင်းရမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အများကြီး မရတာတောင်မှ သူက ဘာမှ ထိခိုက်မှုမရှိဘူး။ လွှတ်တော်မှာ သူ လွှမ်းမိုးနေပြီးသားပဲလေ။ ဒါပေမဲ့ တခြားပါတီလေးတွေပါလာရင် ပိုအားကောင်းလာတာပေါ့။ အခု ကျွန်တော်တို့ရဲ့ Democratic Culture က အရင်တုန်းကတော့ စစ်တပ်နောက်ခံတဲ့ပါတီက အားအကောင်းဆုံး။ အခုကျတော့ အတိုက်အခံ NLD က အား အကောင်းဆုံး။ သူတို့ရဲ့ အားကောင်းတဲ့ အတိုက်အခံ မရှိကြဘူး။ တိုင်းရင်းသားအင်အားစုတွေက အရမ်းအားနည်းနေတယ်။ သူ တို့အသံတွေ မရှိတော့ ဒီမိုကရေစီဖော်ဆောင်တဲ့အခါမှာ အခက် အခဲတွေ အများကြီး ရှိနေတယ်။ တစ်ဖွဲ့ ဖွဲ့ကပဲအရမ်းလွှမ်းမိုးနေတဲ့ သဘောရှိတယ်။

မော်ကွန်း။ ။ NLD အစိုးရလက်ထက်မှာတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာနအသစ်တစ်ခု ဖွဲ့လိုက်တယ်။ တစ် နှစ်တာကာလအတွင်း ဒီဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ လုပ်ဆောင်နိုင်တယ်လို့ မြင်ပါလဲ။

ဒေါက်တာစိုင်းဦး။ ။ အဲဒီဝန်ကြီးဌာန စပြီး ဖော်ဆောင်ကတည်းက သူ့အဓိကလုပ်ငန်းက ဘာလုပ်ငန်းလုပ်မလဲဆိုတာ ရှင်းရှင်းလင်း လင်းမရှိဘူး။ ပထမတော့ ဒီဝန်ကြီးဌာနက ငြိမ်းချမ်းရေးမှာ ပါ ဝင်လာမယ့် ဝန်ကြီးဌာနတစ်ခုလားလို့ ခန့်မှန်းကြည့်တယ်။ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်က တိုင်းရင်းသားတော်တော်များများနဲ့ ပတ်သက်နေတာကိုး။ ဒါပေမဲ့ အဲဒီမှာလည်း ပါဝင်လာတာ မရှိ တော့သူ့ရဲ့အလုပ်က ဘာလဲ၊ အခုလက်ရှိ ပြဋ္ဌာန်းတဲ့ဥပဒေတွေ၊ တိုင်းရင်းသားအခွင့်အရေးဥပဒေတွေ၊ ဒါကို လုပ်နေတာလားဆို တော့လည်း ဘာမှ ဟုတ်တိပတ်တိ မတွေ့ရသေးဘူး။ လုပ်နေတာ လား၊မလုပ်နေဘူးလားဆိုတာက တစ်နှစ်ဆိုတော့ ဝေဖန်ဖို့ နည်း နည်းစောနေသေးလား။ မဝေဖန်ဘဲနဲ့ ကြည့်နေရင်လည်း ဘာ များ ဖြစ်လာမလဲပေါ့။ လက်ရှိအစိုးရရဲ့ အားနည်းချက်တစ်ခုပေါ့။ ဒီမိုကရက်တစ်အစိုးရဖြစ်ရဲ့သားနဲ့ စီးပွားရေးမှာတော့ ဒီလို၊ တိုင်း ရင်းသားအရေးမှာတော့ ဒီလို၊ အစီအစဉ်တွေ ရှိတယ်။ ဒါတွေကို ဖော်ဆောင်နေတယ်ဆိုတော့ အကြမ်းဖျင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ဒါကြောင့်မို့လက်ရှိအစိုးရကို အားမလို အားမရ ဖြစ်တယ်။ စိုးရိမ်မှုတွေရှိတယ်။ တကယ်ပဲ အလုပ်မနိုင်ဘူးလား။ အဲဒီလို ဝေဖန်မှုတွေရှိတယ်။ လက်ရှိ NLD အစိုးရဖြစ်လာတာကို အားလုံးက ဝမ်းသာကြတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်ကြီး တိုး တက်ဖို့တော့ တစ်ဦးတစ်ယောက်တစ်ဖွဲ့တော့ လုပ်တာ မဟုတ် ဘူး။ တိုင်းပြည်မှာ အပြောင်းအလဲကို ဖန် တီးဖို့အတွက် လူတွေ အများကြီး အနစ်နာခံခဲ့တယ်။ NLD ရဲ့ အောင်မြင်မှုအတွက် နောက်ကနေ အများကြီးပံ့ပိုးကြတယ်။ ဒါကအားလုံးပါဝင်နိုင်ဖို့ပဲ။ ဒီမိုကရေစီလိုလားတဲ့ပြည်သူလူထုရဲ့တိုက်ပွဲပါပဲ။ NLD ကလည်း ပုထုဇဉ်လူသားပဲ။ ပေါ်လစီတွေ မရှင်းလင်းတဲ့အခါမှာ ပြည် သူတွေက စိုးရိမ်မှုတွေ ဝင်လာတယ်။ သူတို့ကျဆုံးမှာကို မလို လားဘူး။ သူတို့ကျဆုံးရင် ဒီမိုကရေစီ တိုက်ပွဲတစ်ခုလုံးကို သွား ထိခိုက်မှာ။

မော်ကွန်း။ ။ အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ ပြန်လည် ရင် ကြားစေ့ရေး လုပ်ဆောင်ဖို့အတွက် ဘယ်လိုအချက်တွေကို ဦးစားပေးပြီး လုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဒေါက်တာစိုင်းဦး။ ။ အစိုးရက လူထုထောက်ခံမှုရှိတယ်။ သူက နိုင်ငံရေးအတွေးအခေါ်သစ်နဲ့ လာရမယ်။ ဒါပေမဲ့ သူမလုပ်နိုင် ခဲ့ဘူး။ အဓိကတော့ စစ်တပ်သည် သူပြောသလိုလုပ်မှာမဟုတ်ဘူး။ ဒါလည်း အသေအချာပဲ။ စစ်တပ်ကို သူ ဦးဆောင်သွားရမှာ။ ဒါပေမဲ့ ပြားပြားဝပ်နေတဲ့ အတိုက်အခံဘဝကနေစပြီး နိုင်ငံရေး တိုက်ပွဲဝင်လာတဲ့အခါ နောက်ဆုံးမှာ အစိုးရဖြစ်လာတယ်။ တိုင်းပြည်တစ်ခုလုံးကို ရှေ့ကိုချီတက်တဲ့အခါမှာတိုင်းရင်းသား အဖွဲ့တွေဖြစ်စေ၊ ပဋိပက္ခတွေဖြစ်စေ စစ်တပ်ကျင့်သုံးနေတဲ့မူသည် တချို့ဟာကို မထိရောက်ဘူး။ တချို့က NLD က ပိုမိုပြီး ထိ ရောက်တဲ့ လမ်းစဉ်တွေရှိတယ်။ နိုင်ငံရေးအရ ပိုပြီးတော့ လုပ်နိုင် တယ်။ တိုင်းရင်းသားတွေနဲ့ ပွင့်ပွင့်လင်းလင်း လုပ်နိုင်တဲ့ပုံစံတွေ ဖော်ရမယ်။ လုပ်လည်းလုပ်နိုင်တဲ့၊ လုပ်လည်းလုပ်ရဲရမယ်။ ဘာ ကြောင့်လဲဆိုတော့ NLD နဲ့တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရင်းနှီးမှု၊ ဆက်စပ်မှုအများကြီးရှိတယ်။ သူတို့လုပ်နိုင်ရမယ်။ လုပ်ရဲရမယ်။ နိုင်ငံရေးအရ ဒီလိုဖြစ်စဉ်ကိုပဲ ဆက်သွားနေတာထက် စစ်တပ်ကို စိတ်ပိုင်းအရ အာမခံမှု ရှိရ မယ်။ စိုးရိမ်နေတာတွေကို မစိုးရိမ်နဲ့။ NLD သည် သူတို့စိုးရိမ်နေ တာတွေကို နိုင်ငံရေးအရ ကျော်ဖြတ်သွားနိုင်ရမယ်။ ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ဘောင်ထဲကသွားနေတာက တစ်ပိုင်း၊ အပြင်ကနေ တစ်ခါတလေ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ရဲ့ စစ်ဦးစီးချုပ်နဲ့ တိုင်းရင်းသားဘက်က အရေးပါတဲ့လူတွေနဲ့ ထိုင် ပြီးတော့တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အဖြေ ရှာလိုက်တာမျိုးတွေ၊ ဒါကိုလည်းပြည်သူတွေကိုပွင့်ပွင့်လင်း လင်းချပြတာမျိုးတွေ၊ ဒါတွေဟာဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့အများကြီးရောက်နိုင်အောင် ကူပေးနိုင်တယ်။ ပြန်လည် ရင် ကြားစေ့ရေးအတွက်လည်း အရေးကြီးတယ်။ အခုက တိုင်း ရင်းသားအများစုက Communication ပေါ့။ အစိုးရနဲ့ တိုက် ရိုက်ဆက်ဆံဖို့ လမ်းကြောင်းတွေ၊ အရေးပေါ်တယ်၊ ပြဿနာပေါ်တယ်ဆိုရင် အစိုးရနဲ့ ဆွေးနွေးဆက်သွယ်ရမယ့်လမ်းကြောင်း တွေ ပျောက်နေတယ်။ ဒါကလည်း အခက်အခဲတွေ ရှိနေတယ်။ အစိုးရက ဒါကို အသိအမှတ်ပြုသင့်တယ်။ တိုင်းရင်းသားတွေ စိုး ရိမ်တာမျိုးကို ပြတ်ပြတ်သားသား ရှင်းလင်းထုတ်လိုက်လို့ ရ တာရှိတယ်။ အဲဒီလိုလုပ်လိုက်ရင် သူ့ရဲ့ ဦးဆောင်မှုက အရမ်းကို အားကောင်းလာမယ်။ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုလည်း ရှိ လာမယ်။ တပ်မတော်ကနေ စိုးရိမ်နေတာတွေလည်း ပျောက် သွားမယ်။ ဒါပေမဲ့ အခုက အဲဒီလိုမဟုတ်ဘူး။ အဲဒီလိုမဟုတ်တဲ့ အခါကျတော့ အစိုးရရဲ့ ကဏ္ဍကို လူတွေက တဖြည်းဖြည်း ယုံ ကြည်အားထားမှု နည်းလာတယ်။
မော်ကွန်း။ ။ ဘာများ ထပ်ပြီး ဖြည့်စွက်ပြောလိုပါသလဲ။

ဒေါက်တာစိုင်းဦး။ ။ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားမျိုးစုံရှိတဲ့အခါကျတော့ တိုင်းရင်းသား ပြဿနာတွေကို လေးလေးနက် နက် နားလည်ဖို့ လိုအပ်တယ်။ ဖွံ့ဖြိုးတိုးတက်မှုကိုပဲအခြေခံပြီး တော့ လုပ်သွားမယ်ဆိုရင်လည်း မပြီးဘူး။ အထူးသဖြင့် စိတ်နာ မှုတွေ၊ နားလည်မှုနည်းပါးမှုတွေကနေ အခြေခံပြီးတော့ ယုံကြည် မှုက အရမ်းအားနည်းတယ်။ အဲဒီက တစ်ဆင့် တချို့ လူမျိုးရေး မုန်းတီးမှုတွေလည်း ရှိလာတယ်။ ဒါတွေကိုအလွယ်တကူဖြေရှင်းလို့ ရမယ်ဆိုတာတော့ မလွယ်ဘူး ။ ။

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ အင်တာဗျူး ဖြစ်ပါသည်။

ဟေမာန်ပြည့် တွေ့မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."