မိုင်စုစုလှိုင်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
မိုင်စုစုလှိုင်ဟာ ကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် ဝင်ရောက်အရွေးခံမယ့် တစ်သီးပုဂ္ဂလအမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရခိုင်ပြည်နယ်မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ဝင်ရောက်ယှဉ်ပြိုင်ယှဉ်ပြိုင်ဖူးပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
အခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ သူထပ်မံဝင်ပြိုင်တဲ့အခါ ကမ္ဘာကပ်ရောဂါ COVID ရော၊ စစ်ပွဲတွေပါ ဖြစ်ပွားနေတဲ့ ရခိုင်မှာ ဘယ်လိုအခက်အခဲတွေကြုံနေရသလဲ။ သူ့ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးမှုတွေမှာ ဘာတွေ ကြုံ တွေ့နေရသလဲဆိုတာကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားတဲ့အထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြ လိုက်ပါတယ်။
သဇင်လတ်မေးသည်။
မော်ကွန်း။ ။ တစ်သီးပုဂ္ဂလတစ်ယောက်အနေနဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ဘာတွေက အဓိကအခက်အခဲအဖြစ် ကြုံနေရ ပါသလဲ။
မိုင်စုစုလှိုင်။ ။ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာက ရခိုင်တစ်ပြည်နယ်လုံးနဲ့ သက်ဆိုင်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ချင်းလူမျိုးတွေကလည်း ပြန့်ကျဲပြီးနေထိုင်ကြတယ်။ ပြည်နယ်မြောက်ပိုင်းမှာဆို တိုက်ပွဲတွေ အရမ်းပြင်းထန်နေတယ်။ COVID နဲ့လည်း Semi-Lockdown တွေ ချထားတယ်။ ဒေသန္တရ အစိုးရတွေကလည်း အဝင်အထွက်ဂိတ်တွေ လုပ်ထားတော့ ဒီရွေးကောက်ပွဲကာလက တစ်ရွာနဲ့တစ်ရွာ သွားရတာအရမ်းခက်ခက်မှုရှိတယ်။ တိုက်ပွဲတွေကလည်း ပြင်းထန်နေတော့လေ။ ဒီရခိုင်ပြည်မှာဆိုလို့ရှိရင် တစ်သီးပုဂ္ဂလအနေကတော့ တစ်နေရာနဲ့တစ်နေရာ၊ တစ်မြို့နဲ့တစ်မြို့ သွားရေးလာရေးက အန္တရာယ်လည်း အရမ်းများပါတယ်။
မော်ကွန်း။ ။ ရွေးကောက်ပွဲကလည်း ကပ်လာပြီး။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ချင်းလူမျိုး ဆန္ဒမဲပေးခွင့်ရှိသူ ဘယ်လောက် ရာခိုင်နှုန်းနဲ့ ထိတွေ့ခွင့်ရပြီလဲ။ မဲဆွယ်စည်းရုံးရေးကိစ္စမှာ ဘာတွေ စိန်ခေါ်မှု ကြုံနေရသလဲ။
မိုင်စုစုလှိုင်။ ။ အမှန်အတိုင်းပြောရလို့ရှိရင် မြို့တစ်မြို့မှာပဲ ရှိနေနိုင်တယ်။ ကျန်တဲ့မြို့တွေကို ကျွန်မတို့ ဘယ်လိုမှသွားလို့ လာလို့ မရဘူး။ ဘာလို့လဲဆိုတော့ မြို့တိုင်းကSemi-Lockdown ချထားတယ်။ ရပ်ကွက်တိုင်းကလည်းSemi-Lockdown ချထားတယ်။ နောက်ပြီး ကားလမ်းနံဘေးတွေ တောက်လျှောက်မှာလည်း တိုက်ပွဲတွေက အရမ်းပြင်းထန် နေတယ်။ အဲဒီတော့ ကျွန်မတို့ရဲ့လုံခြုံရေးအရ ကိုယ်စားလှယ်လောင်းတစ်ယောက်ရတဲ့လုံခြုံရေးကလည်း ဘာမှမရှိဘူး။ သွားဖို့လာဖို့ကလည်း ခက်ခဲတယ်။ ရခိုင်ပြည်နယ်မှာ မဲပေးမယ့် (ချင်းတိုင်းရင်းသား) မဲဆန္ဒရှင်ဦးရေက ၇၀,၀၀၀ နီးပါး ရှိတယ်။ တစ်မြို့နယ်မှာ လူဦးရေ ၅,၀၀၀ နဲ့တွေ့ဖို့အရေးတောင် လုပ်နိုင်ဖို့ အခက်အခဲဖြစ်နေရတဲ့ အခြေအနေပါ။
အခုလောလောဆယ် အမ်းမြို့မှာ ရောက်နေပါတယ်။ မဲဆွယ်စည်းရုံးရေးအတွက် ကျွန်မတို့က COVID ပြဌာန်းချက်တွေနဲ့ အညီ ဒေသန္တရအစိုးရတွေနဲ့ပြန်ပြီး ညှိနှိုင်းရတယ်။ လူတွေဆိုရင် ခြောက်ပေအကွာတို့၊ ကာကွယ်မှုတွေလည်း အပြည့် လုပ်ဆောင် ရပါတယ်။ ပြီးတော့ အမ်းမြို့မှာက ညနေခြောက်နာရီဆို အပြင်မထွက်ရဘူး။ အဲဒီဟာတွေကလည်း ရှိနေတယ်။ ရွာတွေမှာက ညအိပ်လက်မခံဘူး။ ချင်းပြည်သူတွေကလည်း တကယ့် ဝေးလံခေါင်းပါးတဲ့ နေရာတွေမှာ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်၊ သွားရင်းနဲ့ တစ်ရက်ကုန်သွားတဲ့ ရွာတွေလည်း ရှိတယ်။ အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်။
ကျွန်မတို့ စည်းရုံးရေးသွားခေါ်တယ်ဆိုလို့ရှိရင်COVID ကို ကြောက်တာနဲ့ မလာရဲကြတာလည်း များတယ်။ တစ်အိမ်ကို လူတစ်ယောက်ပဲထွက်ရတယ်၊ ကတ်နဲ့ပဲထွက်ရတယ်ဆိုတဲ့အခါကျတော့ ကျေးရွာတွေက မဲဆန္ဒရှင်တွေနဲ့မတွေ့နိုင် ဘူးပေါ့။
မော်ကွန်း။ ။ ဘာကြောင့်များ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီနေရာကို ဝင်ပြိုင်ရသလဲ၊ ဝင်ပြိုင်ဖြစ်စေတဲ့ တွန်းအားက ဘာတွေများ ဖြစ်ခဲ့သလဲ။
မိုင်စုစုလှိုင်။ ။ အမျိုးသမီးတွေမှာ အားသာချက်၊ အားနည်းချက်တွေရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာကျတော့ အမျိုးသားတွေက ၁၀ နှစ်လုပ်သွားကြပြီ။ ဆယ်နှစ်လုပ်ထားတဲ့အထဲမှာ ကျွန်မတို့ရဲ့ ပြည်နယ်မှာပေါ့၊ ချင်းတိုင်းရင်းသားအရေးတွေနဲ့ပက်သက်လို့ ဒီအမျိုးသားတွေက ကျွန်မတို့ချင်းလူမျိုးတွေအတွက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး။
ရခိုင်ပြည်နယ်မှာ ချင်းတိုင်းသားအရေးအရာဟာ အခရာတစ်ခုဖြစ်တယ်။ အဲဒီဟာကို ကောင်းမွန်စွာ ပုံဖော်ပေးခဲ့တာတွေ မရှိခဲ့ဘူး။ အဲဒီလိုမရှိခဲ့တော့ ကျွန်မက ချင်းအမျိုးသားအရေးကို ၂၀၁၂ ကတည်းက တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တယ်၊ ကျွန်မက အမျိုးသမီးလည်း ဖြစ်တယ်၊ နောက်ပြီးလို့ရှိရင် ကျွန်မတို့က ပြောခွင့်ဆိုခွင့် မရှိဘူး။ မရှိတဲ့အတွက် ကျွန်မတို့ပြည်နယ်၊ ကျွန်မတို့နိုင်ငံမှာလည်း ငြိမ်းချမ်းရေးမအောင်မြင်တာ အမျိုးသမီးတွေအသံမပါလာတွေကြောင့်လည်း ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း သူတို့က မလုပ်ဆောင်ခဲ့လိုလည်း ဖြစ်တယ်လို့ ကျွန်မက မြင်တယ်။
အဲဒါကြောင့် ကျွန်မက ချင်းလူမျိုးတွေရဲ့လူမှုဘဝဖွံ့ဖြိုးရေးအတွက် တစ်ဖက်မှာရှိတဲ့ ရခိုင်လူမျိုးတွေနဲ့လည်း စေ့စပ်ညှိနှိုင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ရှေ့အနာဂတ်မှာ အခြေခံ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေးတွေကို အပြည့်အဝဖော်ဆောင်ပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ ကျွန်မတိုနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အမျိုးသမီးထုအနေနဲ့ ပါဝင်ဖို့ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်သင့်လုပ်ထိုက်တာကို ကျွန်မက ဖော်ဆောင်ပေးမယ်၊ အမျိုးသမီးထုတွေရဲ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
မော်ကွန်း။ ။ အကယ်၍ ရွေးကောက်ခံရသည်ဆိုပါစို့၊ ရခိုင်ပြည်နယ်ရဲ့ ဘယ်လိုပြဿနာကို အရင်ဆုံးဖြေရှင်းမှာလဲ၊ ဘာကြောင့်လဲ။
မိုင်စုစုလှိုင်။ ။ တိုင်းရင်းသားရေးရာဝန်ကြီး လုပ်ပိုင်ခွင့်ကဘာလဲဆိုရင် တိုင်းရင်းသားမျိုးနွယ်စုတွေကို ပျောက်ကွယ်မသွား ရအောင် ထိန်းသိမ်းရမယ်၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ဖော်ဆောင်ပေးရမယ်။ နောက်တစ်ခုက ဌာနေတိုင်းရင်းသားလူငယ်တွေရဲ့ အလုပ်ကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးမယ်၊ အနာဂတ်မှာလည်း ကျွန်မတို့ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ ပညာရေးတွေ မြှင့်တင်ပေးမယ်၊ စာပေညီလာခံ ဖွံ့ဖြိုးဖို့အတွက် ကျွန်မက စာပေညီလာခံတွေလုပ်ဆောင်မယ်။ နောက်ပြီးတော့ လူထုနဲ့တွေဆုံမှုတွေ လုပ်ဆောင်မယ်။ ဒီချင်းတိုင်းရင်းသားတွေရဲ့အနာဂတ် လူမှုဘဝဖွံ့ဖြိုးမှုပြီးရင် ငြိမ်းချမ်းဖို့အတွက်ကို သူတို့ရဲ့စားဝတ်နေထိုင်ရေးကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတယ်။ အဲဒီပြဌာန်းခွင့်တွေ၊ အခြေခံလူ့အခွင့်အရေးတွေ ခံစားပိုင်ခွင့် ရှိတယ်။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အခြေခံလူ့အခွင့်အရေးတွေ၊ ဥပဒေတွေကိုလည်း ခံစားပိုင်ခွင့်ရှိတဲ့ အတွက် ဒီဟာကိုဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အရေးကြီးတာက ကျွန်မတို့ရခိုင်ပြည်နယ်ရဲ့ အနာဂတ် ငြိမ်းချမ်းရေးမှာ ကျွန်မကပါဝင်လုပ်ဆောင်ပေးမယ်။
မော်ကွန်း။ ။ ဘာတွေများဖြည့်စွက်ပြောချင်သေးလဲ။
မိုင်စုစုလှိုင်။ ။ စည်းရုံးရေးကာလမှာ အရမ်းသွားချင်တယ်။ COVID ကာလကလည်းရှိတော့ လူထုကလည်း အပြင် မထွက်ရဘူး၊ ပြည်သူတွေကလည်း ကျွန်မတို့ဆီ မလာရဲဘူး။ ကျွန်မတို့ကလည်း ပြည်သူတွေဆီသွားဖို့က စိန်ခေါ်မှုတွေရှိနေတော့ တစ်ယောက်နဲ့တစ်ယောက် စကားနဲ့ပြောမယ်ဆိုလို့ရှိရင်COVID က အတားအဆီး ဖြစ်နေတယ်။ ဒီရွေးကောက်ပွဲကာလ မဲဆွယ်ရေးက ကျွန်မတို့အတွက် အရမ်းခက်ခဲမှုတွေ ရှိတယ်။ စိန်ခေါ်မှုတွေရှိတယ်။ အဲဒီစိန်ခေါ်မှုတွေကိုကျော်ဖြတ်မယ်ဆိုလို့ရှိရင် အစိုးရ၊ ဒေသန္တရအုပ်ချုပ်ရေးပေါ့နော်၊ သူတို့ကလည်း ကျွန်မတို့ရဲ့ လုပ်ဆောင်မှုတွေကို ပူးပေါင်းပါဝင်ပေးဖို့လိုတယ်။
အခုချိန်မှာ ကျွန်မတို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ အရမ်းအခက်အခဲကြုံရတယ်။ ပြည်နယ်နဲ့ ပြည်မ အရမ်းကွာခြားမှုတွေ ရှိသွားတယ်။ ပြည်မကြီးမှာတော့ Campaign တွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိနေတယ်။ ကျွန်မတို့ ပြည်နယ်မှာ လွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိနိုင်ဘူး။ ဒေသန္တရအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ကျွန်မတို့နေနေရတယ်။ Campaign ကာလမှာ ထင်သလောက် အောင်မြင်မှုမရတာတွေ ကြုံနေရတယ်။ ဒါပေမဲ့ မည်သို့ပင် အခက်အခဲကြုံစေကာမူ ချင်းတိုင်းရင်းသားတွေရဲ့အရေးကို လုပ်ဆောင်ချင်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။
#Interview

