ကောင်းထက်စံ
ဒီဇင်ဘာ ၁၄
ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် သုံးဦးအား မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ (၁၇/၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့မူအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ညှိနှိုင်းဖြေရှင်းရန် စာဖြင့်တင်ပြခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိကြောင်း ကျောင်းသားတပ်မတော် (ABSDF) ဥက္ကဌ ရဲဘော်သံခဲကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ဆုံးပါးသွားသည့် ABSDF မှ ရဲဘော်တစ်ဦး နာရေးသို့ သွားရောက်ခဲ့သည့် ကျောင်းသားတပ်မတော်မှ ရဲဘော် အောင်ဆွေဦး၊ ရဲဘော်မောင်ဦးနှင့် ဦးမောင်ကိန်း(ခ) သန်းထိုက် အောင်တို့အား မိုးညှင်းမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုအခါ မိုးညှင်းအကျဉ်းထောင်သို့ ရောက်ရှိနေပြီ ဖြစ် သည်ဟု ၎င်းက မော်ကွန်းကို ပြောသည်။
“ ဒီဖြစ်စဉ်ဖြစ်ကတည်းက JMC လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့တို့ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံရှေ့နေချုပ်၊ MPC တို့ကို ဒါက မဖြစ်သင့်ကြောင်း၊ ဒီအပေါ်မှာ အမြန်ဆုံးဖြေရှင်းပေးဖို့ စာတွေရေးတင်ပြတောင်းဆိုခဲ့ပါတယ်။ ဒီကြားထဲမှာလည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး တွေ့ဆုံ ညှိနှိုင်းပြီးတော့ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဒါတွေက မဖြစ်ခဲ့ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်” ဟု ရဲဘော် သံခဲကပြောသည်။
ကျောင်းသားတပ်မတော်သည် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို ၂၀၁၅ ခုနှစ်အတွင်းက ရေးထိုးထားပြီး မတရားအသင်းမှ ပယ်ဖျက်ထားပြီးသော အဖွဲ့အစည်းလည်းဖြစ်သည်။
“ ဒီလိုဟာမျိုးတွေက နောက်နောင်ဆက်ဖြစ်လာရင် ခုပြောနေကြတဲ့ ပြည်နယ်အဆင့်တို့ ပြည်ထောင်စုအဆင့်တို့ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် နှစ်ဘက်ချုပ်ဆိုထားတဲ့ ကတိကဝတ်တွေကို ချိုးဖောက်ရာလည်းကျတယ် မလိုက် နာရာလည်းကျတယ် ဒါကြောင့်မို့ ဒီအတိုင်းသာဖြစ်နေရင် ကျွန်တော်တို့ ခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေမှာ အခြားအဖွဲ့ အစည်းတွေ ရော လိုက်ပါနေရတဲ့အဖွဲ့အစည်းတွေအတွက်ရော အတော်ကို စိတ်မသက်သာဖွယ်ရာဖြစ်တယ်။ ဒါဟာ ဘယ်သူ့အတွက် မှ အကျိုးမရှိဘူးလို့ ပြောချင်ပါတယ်”ဟု ရဲဘော်သံခဲကပြောသည်။
ယနေ့တွင် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း ကျောင်းသား တပ်မ တော်က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ဖမ်းဆီးအရေးယူရန် လုပ်ဆောင်ခြင်းကို ချက်ချင်းရပ်တန့်ပေးရေး၊ ချွင်းချက်မရှိလွှတ်ပေးရေးနှင့် နောက်နောင်ယခုကိစ္စကဲ့သို့မဖြစ်ပွားရန် အစိုးရနှင့် တပ်မတော် တာဝန်ရှိသူများက အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုထားသည်။