မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီ

ရန်ကုန် – ၂၀၂၄ ဧပြီ ၁၂ (မော်ကွန်း)

တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကုန်တင်ယာဉ်တွေ ဖြတ်သန်းရတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားကို မနေ့ကစပြီး ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားပါတယ်။

KNLA တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မြဝတီမြို့စောင့်တပ်ရင်းဖြစ်တဲ့ ခလရ ၂၇၅ ကို ယခုလ ၁၀ ရက်ညပိုင်းက သိမ်းယူလိုက်တာကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှာရှိတဲ့ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး တိမ်းရှောင်သွားပြီးနောက် ထိုင်းအာဏာပိုင်တွေက တံတားကို ပိတ်လိုက်တာလို့ မြဝတီ ဒေသခံတစ်ဦးက ပြောပါတယ်။

မြဝတီ-မဲဆောက်ကို ဆက်သွယ်ထားတဲ့ နယ်စပ်ဖြတ်ကျော်တံတား နှစ်ခုရှိတဲ့အနက် ကုန်စည်တွေ အဓိကတင်ပို့ရာမှာ အသုံးပြုရတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပိတ်လိုက်တာဖြစ်ပြီ လူနဲ့ ကားလေးတွေ သွားလာခွင့်ပြုထားတဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတားကိုတော့ ဒီနေ့အထိ ဆက်လက်ဖွင့်ပေးထားတယ်လို ၎င်းဒေသခံက ပြောပါတယ်။

“အမှတ် (၁) တံတားကတော့ ဒီမနက် လူတွေ ပုံမှန်ပဲ သွားလာနေတယ်။ လူနဲ့ ကိုယ်ပိုင်ကားလေးတွေတော့ ဖြတ်သန်းခွင့်ပေးထားတယ်။ အဓိကတော့ ကုန်တင်ကားတွေ ဝင်ထွက်တဲ့ တံတားကို ပိတ်ထားတာ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်က တိုက်ပွဲတွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာအဓိကကျတဲ့ မူဆယ်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ထံကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ လက်လွှတ်ခဲ့ရပါတယ်။

အလားတူပဲ ယခုရက်ပိုင်းအတွင်းမှာပဲ ကချင်ပြည်နယ်က လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း တိုက်ပွဲတွေကြောင့် ရပ်တန့်နေတာ ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက ပြန်ဖွင့်နိုင်သေးမရှိသေးပါဘူး။

လက်ရှိမှာ မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတဲ့အတွက် ယခုသင်္ကြန်ပိတ်ရက်ကာလအတွင်း ထိုင်းနိုင်ငံဘက်ကတင်သွင်းတဲ့ကုန်စည်တွေ ဈေးတက်လာနိုင်တယ်လို့ မြဝတီကနေ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းရောင်းချနေသူတစ်ဦးကပြောပါတယ်။

“အခုကတော့ အရင်မှာထားတဲ့ ပစ္စည်းတွေရှိနေသေးတော့ ဈေးတော့ ချက်ချင်းမတက်သေးဘူးပေါ့။ ဒါပေမယ့် အခုက ရေရှည်ဖြစ်လာရင်တော့ ပစ္စည်းပြတ်လာမယ်။ ပစ္စည်းပြတ်ရင်တော့ ထိုင်းပစ္စည်းတွေ အရင်လို မှောင်ခိုဖြစ်လာပြီး ဈေးတွေလည်း တက်လာနိုင်တယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ မြဝတီမြို့ပေါ်နဲ့ ထိုင်း-မြန်မာ နယ်စပ်ချစ်ကြည်ရေးတံတားနှစ်စင်းလုံးရဲ့ မြဝတီဘက်ခြမ်းမှာ ယခင်စစ်ကောင်စီလက်အောက်မှာ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ခဲ့တဲ့ BGF တပ်တွေ လုံခြုံရေးယူထားပါတယ်။

စစ်ကောင်စီတပ်ကလည်း မြဝတီမြို့ကို ပြန်ရရေးအတွက် စစ်ကူစစ်ကြောင်းတွေ ယခုရက်ပိုင်းမှာ ပို့လွှတ်နေတာကြောင့် မြဝတီမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ပုံစာ – ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို မဲဆောက်မြို့က မြင်တွေ့ရစဉ်
ဓာတ်ပုံ – ထိုင်းသတင်းဌာန The Reportersyou

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."