ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၈ (မော်ကွန်း)
မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီစစ်သင်္ဘောအုပ်စုဟာ ဒီညနေပိုင်းမှာ စဉ့်ကူးမြို့နယ်ကို ကျော်လွန်လာပြီး မြစ်ကမ်းတစ်လျှောက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တချို့က ပြောပါတယ်။
မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ မနေ့မနက်ပိုင်းကထွက်လာတဲ့ ဒီစစ်သင်္ဘောအုပ်စုဟာ တန်ချိန် ၁,၅၀၀ လောက်တင်နိုင်တဲ့ ရိက္ခာတင်ယာဉ်တွေနဲ့ ကမ်းထိုးတိုက်ခိုက်ရေးယာဉ်တွေအပါအဝင် ၂၇ စီး ခန့် ပါဝင်တာပါ။
စစ်သင်္ဘောအုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဝက်လက်နဲ့ စဉ့်ကူးနယ် မြစ်ကမ်းဘေးတစ်လျှောက်ကရွာတွေမှာနေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
“ပွိုင့်-၅ တွေ လက်နက်ကြီးတွေနဲ့ မြစ်ကမ်းတောက်လျှောက်ပစ်ပြီး တက်သွားတာ”လို့ ဝက်လက် မြေပြင်ကင်းထောက်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ၎င်းစစ်သင်္ဘောအုပ်စုကို ATR နဲ့ Y-12 အမျိုးအစား ထောက်ပို့လေယာဉ်နှစ်စီးက အစောင့်အရှောက်အဖြစ် လိုက်ပါပျံသန်းနေပြီး မနေ့ကညပိုင်းမှာတော့ ဝက်လက်မြို့နယ်ထဲက ဧရာဝတီမြစ်ရိုးတစ်လျှောက်ရွာတွေဖြစ်တဲ့ ငါးပတ်ချောင်း၊ ရှားကွဲ၊ ရေလည်မော်ရွာတွေကို ၎င်းလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။
ဒီစစ်ရေယာဉ်အုပ်စုဟာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့အထိ ဆန်တက်မှာဖြစ်တယ်လို့လည်း စစ်ရေးလေ့လာစောင့်ကြည့်သူ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
ဧရာဝတီမြစ်အတိုင်း သင်္ဘောနဲ့သွားလာနိုင်တဲ့ မြောက်ဘက်အစွန်ဆုံးမြို့ ဗန်းမော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တပ်တွေ လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဟာ ဒီမြို့ကိုခုခံဖို့ ရေကြောင်းကနေ စစ်ကူပို့လွှတ်လာတာဖြစ်ပါတယ်။
စစ်ကောင်စီရေတပ်သင်္ဘောအုပ်စုဆန်တက်လာတဲ့ ဧရာဝတီမြစ်ကမ်းမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဧရိယာတွေအများစုဖြစ်ပြီး တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် မြစ်ကမ်းတစ်လျှောက် ရွာတွေသတိထားဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
ပုံစာ – ဧရာဝတီမြစ်ထဲ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စု
ဓါတ်ပုံ – Wetlet Information Network

