အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၁၈ (မော်ကွန်း)
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့်စာရင်းများအရ ယခုလအတွင်း တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၅၈ ဦး ဖမ်းဆီးရရှိကြောင်း မော်ကွန်းက တွေ့ရှိရသည်။
ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် အများဆုံးဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယင်းမြို့နယ်တွင် ဖမ်းဆီးခံရသူ ၃၂ ဦး ရှိသည်။
နေပြည်တော်-တပ်ကုန်းတွင် ၁၁ ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ၁၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် သတင်းများတွင်ဖော်ပြသည်။
နေပြည်တော်-တပ်ကုန်းတွင် ဖမ်းဆီးခံရသူများမှာ လင်ခရူဇာယာဉ်တိမ်းမှောက်ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ချူးဟွန်ပီး (၂၈) နှစ်၊ ဖူးကျန်မြို့၊ တရုတ်နိုင်ငံနေသူ တစ်ဦးသာ နိုင်ငံကူးလက်မှတ်ပါရှိပြီး ကျန် ၁၀ ဦးမှာ နိုင်ငံကူး လက်မှတ်နှင့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိပေ။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၌ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၁၀ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ငါးဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်တွင် ရှစ်ဦး၊ စုစုပေါင်း ၂၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားများကို အရေးယူထားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို မော်ကွန်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ဖမ်းမိသည့် တရုတ်နိုင်ငံသားများအား တွေ့ရစဉ် ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#Dailynews