ယင်းမာပင် – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း)
ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာမှာ မနေ့က အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်လို့ ဒေသခံအမျိုးသမီးသုံးဦးသေဆုံးသွားပါတယ်။
ယင်းမာပင်မှာရှိတဲ့ အောင်ဇေယျမြို့သစ်က အာဏာသိမ်းစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အဆိုပါအမျိုးသမီးသုံးဦးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ရပ်ကျေး ပ.က.ဖအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ညနေ ၃နာရီ မိနစ်၂၀လောက်ဗျ၊ လက်နက်ကြီးသံကြားရတာပဲ။ ဦးမိုးကောင်းအိမ်ရှေ့ လှေကားထစ်ပေါ်ကျတာ သူ့သမီး မစန်းမာ၊ အိမ်အလည်လာရင်း အလုပ်ကူလုပ်တဲ့ မမာကြူ၊ မတင်တင်ဝင်းတို့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာဗျ။ လက်နက်ကြီးစထိမှန်တာကတော့မြင်မကောင်းစရာပဲ၊ တစ်ကိုယ်လုံးပြောပါတော့ဗျာ”လို့ ရပ်ကျေး ပ.က.ဖ အဖွဲ့ဝင်ကပြောပါတယ်။
သံဘိုကျေးရွာကို လက်နက်ကြီးနှစ်လုံးကျတာဖြစ်ပြီး သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေလည်း သုံးဦးလောက်ရှိကာ လူဦးရေ ၆၀၀ ကျော်လောက်ရှိတဲ့ သံဘိုတစ်ရွာလုံးထွက်ပြေးနေကြရတယ်လို့ သူကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစကနေ မနေ့ကအထိ အာဏာသိမ်းစစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးရသူဟာ ၄,၂၀၀ ကျော်ရှိလာနေပါတယ်။
ပုံစာ – သေဆုံးသူ အမျိုးသမီးသုံးဦး။
ဓါတ်ပုံ – Mawkun Magazine