မိုးမိတ် – ၂၀၂၂ ဇူလိုင် ၂၂ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ မနေ့ညက ညောင်နီကျေးရွာဘက်ကနေ သရက်ချိုကျေးရွာဘက်ကိုအာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် လယ်ယာတဲမှာရှိတဲ့ သားအမိနှစ်ယောက်ကို ထိမှန်ခဲ့ပြီး အသက် ၁၃ နှစ်ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။
မနေ့က မိုးမိတ်မြို့မှာ KIA ၊ PDF ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ နှစ်ကြိမ်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က
စစ်ကားငါးစီးနဲ့ တပ်ကူရောက်လာပြီးနောက် လက်နက်ကြီးပစ်ခတ်ရာမှာ သားအမိနှစ်ယောက်ကို ထိမှန်ခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။
” သူ့အမေကဒဏ်ရာရသွားတယ်၊ ကလေးကတော့ စစ်တပ်ကလက်နက်ကြီးကြောင့် ကလေးကလည်ပင်းကျည် ထုပ်ချင်းပေါက်မှန်သေဆုံးသွားပါတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားချ်ိန်မှာ တပ်မ ၈၈နဲ့ တွင်းငယ်အခြေစိုက် အမြောက်တပ်ရင်း တပ်မ ၉၉တို့ဘက်က အင်အား ငါးစီးနဲ့ စစ်ကူရောက်လာပြီး ကုန်တင်ကားတွေနဲ့ အမိုးပိတ်ကာ နှစ်စီးထပ်ရောက်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းမှာ စတင်ပြီး KIA ပူးပေါင်းတပ်ဖွဲ့ရှိရာနေရာကိုလက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်တာကြောင့် KIA ဘက်က အရာရှိတစ်ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။
#Dailynews

