ရန်ကုန် – ၂၀၂၄ မေ ၂၈ (မော်ကွန်း)
ဒီနေ့လယ်ပိုင်းကစပြီး ရွှေနဲ့နိုင်ငံခြားငွေလဲနှုန်းတွေ ရုတ်တရက်ခုန်တက်လာပြီး မြန်မာငွေတန်ဖိုး ထိုးကျသွားတဲ့အတွက် အများပြည်သူသုံးကုန်စည်တွေပါ ဈေးတက်လာမယ့်အပေါ် စီးပွားရေးလေ့လာသုံးသူတချို့နဲ့ ပြည်သူတချို့က စိုးရိမ်နေကြပါတယ်။
ဈေးကွက်မှာ အရောင်းအဝယ်လုပ်နေကြတဲ့ အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းဟာ မနက်အဖွင့်ဈေးမှာ ကျပ် ၅၃ သိန်းကျော်ကနေ ဒီညနေအပိတ်ဈေးမှာ ၅၅ သိန်းကျော်အထိ ခုန်တက်သွားပြီး အရောင်းအဝယ်တွေပါ ရပ်ကုန်တယ်လို့ ဈေးကွက်ထဲမှာ ရောင်းဝယ်နေသူတချို့က ပြောပါတယ်။
ဒါအပြင် မြန်မာ့ကုန်သွယ်ရေးမှာ အရေးပါတဲ့ငွေကြေးတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ဈေးနှုန်းတွေဟာလည်း တရှိန်ထိုးတက်လာနေပြီ အချိန်နဲ့အမျှ မြန်မာငွေတန်ဖိုးထိုးကျသွားနေတာပါ။
အမေရိကန်တစ်ဒေါ်လာကို ၄,၄၀၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၂၅ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၆၃၂ ကျပ်အထိ ဈေးကွက်ထဲမှာ လဲလှယ်နေကြရတာဖြစ်ပြီး စစ်ကောင်စီဗဟိုဘဏ်က ဒီအခြေအနေကို မထိန်းချုပ်နိုင်သေးပါဘူး။
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ ပြီးခဲ့တဲ့သင်္ကြန်ကာလနောက်ပိုင်းကစပြီး ဆက်တိုက်မြင့်တက်ခဲ့တာကြောင့် တခြားအခြေခံစားသောက်ကုန်၊ လူသုံးကုန်နဲ့ ဆေးဝါးတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်လာဖွယ်ရှိတယ်လို့ ဈေးကွက်လေ့လာသူတချို့က ပြောပါတယ်။
ဒီနေ့မှာ ရန်ကုန်မြို့တွင်းက ရွှေဆိုင်တချို့ကို အရပ်ဝတ်နဲ့လူတချို့က ဝင်ရောက်စစ်ဆေး အရေးယူတာမျိုးတွေ ရှိတယ်လို့ မျက်မြင်တွေ့သူတချို့ကပြောသလို စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကလည်း အွန်လိုင်းအသုံးပြု ငွေကြေး ဈေးကွက်ဖွင့်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူနေတယ်လို့ သူတို့သတင်းစာတွေမှာ ထုတ်ပြန်အသိ ပေးပါတယ်။
အခေါက်ရွှေဈေးနှုန်းဟာ ဒီလနောက်ဆုံးအပတ်ကစပြီး တစ်ကျပ်သား ကျပ်သိန်း ၅၀ ကျော်ကို ရောက်ရှိလာတာကြောင့် ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်တွေအကြား အရောင်းအဝယ်လုပ်တဲ့ ဈေးကွက်ကို ယာယီပိတ်ထားရတယ်လို့ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ အခုက အရောင်းရော အဝယ်ရော ပိတ်ထားရတယ်။ ဈေးက ချက်ချင်းကို တစ်ရက်ကို တစ်သိန်းလောက်ကို ခုန်ခုန် တက်လာနေတော့ ဈေးကိုမဖွင့်နိုင်ဘူးဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့က အိမ်ရှင်မတချို့ကတော့ ပြီးခဲ့တဲ့သင်္ကြန်နောက်ပိုင်းကတည်းက အခြေခံစားကုန်ဈေးနှုန်းတွေ ထိုးတက်လာတာလို့ ဆိုကြပြီး ကျပ်ငွေကအသုံးမခံတော့တဲ့အပေါ် စိုးရိမ်နေကြပါတယ်။
” ဒီသင်္ကြန်အပြီးတည်းက ကန်စွန်းရွက်တစ်စည်းကို ၅၀၀ ဖြစ်သွားတယ်။ ကြက်ဥဈေး၊ ဘဲဥဈေး အကုန် တက်တယ်။ ဝင်ငွေနဲ့ ထွက်ငွေက ဘယ်လိုမှမမျှတော့ ကြာရင်တော့ ပိုခက်ခဲလာမယ်လို့ ထင်ပါတယ်” လို့ ကုန်ဈေးနှုန်းကြီးလာတဲ့အပေါ် ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက မှတ်ချက်ပြုပါတယ်။
အမည်မဖော်လိုတဲ့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးကတော့ “ ဒီဈေးနှုန်းနဲ့က အကုန်လုံးပိုပြီး ကျပ်တည်းလာဖို့ပဲရှိတယ်။ အခုဖြစ်နေတဲ့ဈေးတွေဟာ ကျွန်တော်တို့ စီးပွားရေး လောကမှာ တစ်ခါမှမကြားဖူးတဲ့ ဈေးတွေဖြစ်နေတာ။ သူတို့လည်း ထိန်းချုပ်လို့မရနိုင်တော့ ဘယ်လိုတွေဖြစ်လာဦးမလဲဆိုတာတော့ တော်တော်ပြောရခက်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီအတွက် စီးပွားရေးဆိုင်ရာအကြံပေးရာမှာ အဓိကကျတဲ့၊ အရပ်သားအစိုးရခေတ်တုန်းက ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ချုပ်လုပ်ခဲ့ပြီး စစ်ကောင်စီကိုသစ္စာဆက်ခံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၃)ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ အရပ်သားအစိုးရခေတ်မှာ စီမံ/ဘဏ္ဍာဒုတိယဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သလို သူနဲ့ဆက်လက်ပူးပေါင်းခဲ့တဲ့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို မနေ့က ထုတ်ပယ်ခဲ့ပါတယ်။
Photo – Mawkun

