ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ ကျေးရွာတွေကိုဝင်ရောက်ဖျက်ဆီးမီးရှို့တာတွေ ဆက်လက်ပြုလုပ်နေပြီး ပြည်သူတွေရဲ့ပစ္စည်းတွေနဲ့ ဘုန်းကြီးကားကိုပါသိမ်းဆည်းတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ကတည်းက ကျေးရွာတွေကို ရဟတ်ယာဥ်တွေနဲ့ပစ်ခတ်တဲ့အထိ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၂၈ ရက်နဲ့ ဒီကနေ့တွေမှာလည်း ဖျက်ဆီးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။
ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းတောတိုက်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့ကြပြီး လယ်ထွန်စက် ဆိုင်ကယ်နဲ့ စက်ဘီးများလည်းမီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆပ်ပြာကျင်းတောတိုက်မှာ နေကြတဲ့ ပြည်သူတွေရဲ့ ဆန်တွေကို သွန်ပစ်ပြီး ရွှေ ငွေ တွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“တောင်သူခွင် လုပ်ငန်းဝင်ချိန်များပင်လျှင် လုပ်ငန်းဖြောင့်ဖြောင့်မလုပ်နိုင်လောက်အောင် စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတိုင်း တိမ်းရှောင်လိုက် ရွာပြန်ကပ်လိုက်နဲ့ အခက်အခဲကြီးမားပါတယ်”လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။
ဒါအပြင် ဝပါကျေးရွာက ဖောင်တော်ဦးဘုန်းကြီးကျောင်း ကားကို သိမ်းယူမောင်းနှင်သွားပြီး ကျေးရွာအတွင်း မွှေနှောက်သွားခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
ဒိီပဲယင်းမြို့နယ် အတွင်း စစ်ဘေးရှောင် ကျေးရွာ( ၁၀ ) ရွာကျော်ရှိနေပြီး ပြည်သူသုံးထောင်ကျော် တိမ်းရှောင်နေရကာ နေထိုင်စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေရပါတယ်။
ပုံစာ – မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ တောင်သူများရဲ့တဲတွေနဲ့ ပစ္စည်းများ
ဓာတ်ပုံ – Kaung Kin
#Dailynews

