ယခုပြောမည့် ပုံပြင်မှာ ငွေအသပြာ တွင်းကြီးသုံးတွင်းအကြောင်း ဖြစ်ပါသည်။ ယင်းမှာ ငွေကြေး ဆိုင်ရာ ဆုတ်ယုတ်မှုအကြောင်း လည်းဖြစ်ပါသည်။လက်ရှိ ကာလ ၏ တိုးတက်မှုများမှ အတိတ်ဆီသို့ ရာစုနှစ်ပေါင်းများစွာ နောက်ပြန် လှည့်သွားနေသည့် လူတို့၏ ထူး ဆန်းသော ဆုံးဖြတ်ချက်ကို ဖော် ပြနေသော ပုံပြင်လည်း ဖြစ်ပါသည်။
ပထမအသပြာတွင်းကြီးမှာ မြေကြီးထဲက တကယ့်တွင်း ကြီး ဖြစ်ပါသည်။ ပါပူဝါ နယူးဂီနီကျွန်းပေါ်ရှိ Porgera တောင်ကြားဒေသတွင် ရှိပါသည်။ ကမ္ဘာ့ရွှေအထွက်အများဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။ မုဒိမ်းမှု၊ အနိုင်ကျင့်ရိုက်နှက်သတ် ဖြတ်မှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ရော၊ အဆိပ်သင့် ဓာတုပစ္စည်းများ မြစ်ထဲသို့ စွန့်ပစ်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုကြောင့်ပါ ထိုတွင်းကြီးမှာ ထိတ်လန့်စရာ သတင်းဆိုးများဖြင့်လည်း လူသိများပါသည်။ သို့ သော် ယခု ရွှေဈေးမှာ လွန်ခဲ့သည့် ဆယ်စုနှစ်က ပေါက်ဈေးထက် သုံးဆရှိရာ ထိုတွင်းကြီးမှ ရွှေကို ဆက်လက်တူးဖော်ထုတ်လုပ်နေ ကြမည်သာ ဖြစ်ပါသည်။
ဒုတိယတွင်းကြီးကတော့ အတော်လည်း ထူးဆန်းပါသည်။ အိုက်(စ)လန်နိုင်ငံ၊ Reykjanesbaer လွင်ပြင်မှ ဘစ်ကွိုင် (Bitcoin) ဟု ခေါ်သော ဒစ်ဂျစ်တယ် အသပြာတွင်းကြီးဖြစ်ပါသည်။ (ထိုနေရာတွင် စွမ်းအားမြင့် ကွန်ပျူတာများ၊ ဆာဗာများစွာ အသုံးပြု၍ ဘစ်ကွိုင်များကို ထုတ်လုပ်သည်။) ဘစ်ကွိုင်ဟူသည် မှာ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုး ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံတို့ မှ ငွေကြေးအာဏာပိုင်တို့က တရားဝင်ဟု သတ်မှတ်ထားသော ငွေကြေးတော့ မဟုတ်။ သို့သော် ဘစ်ကွိုင်ကို တန်ဖိုးရှိသည်၊ တန်ဖိုးတက်လာမည်ဟု မျှော်လင့်ကာ ဝယ်ယူ၊ စုဆောင်း ပြန် လည် ရောင်းချနေကြပါသည်။ အွန်လိုင်းငွေပေးချေရေးစနစ် များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါသည်။ တရားဝင် အသိအမှတ်ပြုမထားသော ငွေကြေးတစ်ခုကို ဘာကြောင့် တန်ဖိုးထားနေကြသည်ဆိုသည်မှာ နားလည်ရခက်ပါသည်။ သို့သော် လောလောဆယ်တွင် လူတို့က ထိုငွေကြေး ဘစ်ကွိုင်ကို ဝယ်ယူလိုကြပါသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများ လည်း ဝယ်ယူစုဆောင်းလိုကြသည်ဟု ထင်ကြသောကြောင့် ဖြစ်ပါသည်။ ဘစ်ကွိုင်ကို ထုတ်လုပ်ထားပုံအရ အတုအယောင် ငွေကြေး (Virtual Currency) ဟု ဆိုရပါမည်။ ရွှေလိုပင် ဘစ် ကွိုင်ကိုလည်း တူးဖော်(ထုတ်လုပ်)နိုင်ပါသည်။ ရှုပ်ထွေးသော သင်္ချာတွက်ချက်မှုများကို ကွန်ပျူတာသုံး ဖြေရှင်းကာ ထုတ် လုပ်နိုင်ပါသည်။ သို့သော် ထိုရှုပ်ထွေးပြီးမြောက်များလှသော တွက်ချက်မှုများ ပြုလုပ်ဖို့ ကွန်ပျူတာများကို လည်ပတ်အောင် လျှပ်စစ်စွမ်းအင်များစွာ အသုံးပြုဖို့တော့ လိုပါလိမ့်မည်။
တတိယ အသပြာတွင်းကြီးကတော့ အပြင်မှာ တကယ် မရှိပါ။ တွေးဆချက် (Hypothesis) တစ်ခုဟု ဆိုပါစို့။ ၁၉၃၆ ခုနှစ်တွင် ဘောဂဗေဒပညာရှင် ဂျွန်မေနတ်ကိန်းက လူထုအတွင်း အလုပ်အကိုင် အပြည့်အဝရရှိနေရေးအတွက် အစိုးရအသုံးစရိတ် များ တိုးမြှင့်ဖို့ လိုကြောင်း အဆိုပြုခဲ့ပါသည်။ သို့သော် ထိုအဆို ပြုချက်မှာ နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ကြုံ ရပါသည်။ သို့နှင့် ကိန်းက တစ်ဖက်လှည့်နှင့် အခြားနည်းလမ်းတစ် ခု အဆိုပြုကာ စဉ်းစားစေပါသည်။ သူက အစိုးရအား ငွေစက္ကူ များ ထည့်ထားသည့် ပုလင်းများကို တွင်းကြီးတစ်ခု တူး၍ မြှုပ် ထားခိုင်းလိုက်ကာ ထိုငွေစက္ကူများကို ပုဂ္ဂလိကကုမ္ပဏီများအား တူးဖော်စေပါသည်။ ဤသို့ဖြင့် လမ်းများ၊ တံတားများ၊ ဆိပ်ကမ်း များ ဆောက်လုပ်စေသည်မှာ ပို၍ကောင်းပါသည်။ သို့သော် လုံးဝအကျိုးမရှိသည့် သုံးစွဲခြင်းကပင်လျှင် နိုင်ငံ၏ စီးပွားရေးကို တိုးတက်စေသည်ဟု ကိန်းက သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။
အလွန်ဉာဏ်ကြီးသည့် ကိန်း ဖြစ်ပါသည်။ သို့သော် မပြီး သေးပါ။ သူက တကယ့်ပြင်ပတွင် ရွှေတူးသည့် လုပ်ငန်းများမှာ လည်း အထက်ပါ သူ၏ အတွေးစမ်းသပ်ချက်အတိုင်းပင် ဖြစ် သည်ဟု ထောက်ပြပါသည်။ ရွှေတူးဖော်သည့် ကန်ထရိုက်တာ၊ ကုမ္ပဏီများသည် ရွှေကြောကို တွေ့ရှိဖို့၊ ထို့နောက် ရရှိလာမည့် ရွှေကို ငွေပြန်ဖော်ဖို့ ပင်ပန်းကြီးစွာ လုပ်ငန်းဆင့်များစွာ ဖြတ် သန်းရပါသည်။ ငွေတွေလည်း အများကြီးကုန်ပါသည်။ တကယ် တော့ ငွေစက္ကူအမြောက်အမြားကို ဘာကုန်ကျစရိတ်မှ မရှိဘဲ (စက္ကူဖိုး၊ မင်ဖိုး မဆိုစလောက် အသုံးပြု၍) ပုံနှိပ်စက်ဖြင့် အကန့် အသတ်မရှိ ဖန်တီးထုတ်လုပ်နိုင်သည်သာ ဖြစ်ပါသည်။ တူးဖော် ရရှိသော ရွှေတို့ကို မကြာမီ ဘဏ်များ၏ ရွှေတိုက်တို့တွင် ရွှေ ချောင်း၊ ရွှေတုံးများအဖြစ် ပြန်လည် မြှုပ်နှံကြပြန်ပါသည်။ ရွှေတို့ သည် အလုံပိတ် အဆောက်အအုံကြီးများအတွင်းတွင် အကျိုးမရှိ ဒီအတိုင်းနေနေကြပါသည်။
ကိန်းသည် လူ့သမိုင်းတွင် လွန်ခဲ့သည့် မျိုးဆက်သုံးဆက် လောက် ဘာမှ ပြောပလောက်အောင် ပြောင်းလဲလာခြင်းမရှိ သည်ကို ထေ့ငေါ့လှောင်ပြောင်လိုဟန် ရှိပါသည်။ လူထုအတွင်း အလုပ်လက်မဲ့ဖြစ်နေမှုကို တိုက်ဖျက်ရန်အလို့ငှာ အစိုးရအသုံး စရိတ်ကို မြှင့်တင်ခြင်းသည် ကျိန်ဆဲမှုများသာ ရရှိနေဆဲဖြစ်ပါ သည်။ ရွှေတူးသူများသည် ရွှေသတ္တုများ ရရှိရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေသလိုပင်။ (ကိန်းက ရွှေစံ ချိန်စနစ်ကို ရက်စက်အရိုင်းအစိုင်း ရှေးဟောင်းအကြွင်းအကျန် ဟု မှတ်ချက်ချပါသည်။) တကယ့်ဟာသပင် ဖြစ်ပါသည်။ ဘစ် ကွိုင်က ပို၍ပင် ရယ်စရာကောင်းသေးတော့သည်။ ရွှေကမှ အချို့ နေရာများတွင် အသုံးချ တန်ဖိုးရှိသေးသည်။ ဥပမာ-သွား အခေါင်းပေါက်ဖာခြင်း၊ ဒစ်ဂျစ်တယ်ပိုက်ဆံ ဘစ်ကွိုင် ထုတ်လုပ် ရန်အတွက် ကွန်ပျူတာများကို အချိန်ပြည့် အသုံးချရသည်ဖြစ် ရာ ကွန်ပျူတာများ လည်ပတ်ရန် လိုအပ်သော လျှပ်စစ်ဓာတ် အားအတွက် ပေးဆောင်ရသည့် လျှပ်စစ်မီတာခကပင် အလွန် များလှသည်။ လျှပ်စစ်စွမ်းအင်ဆိုသည်မှာလည်း အရင်းအမြစ် တစ်ခုပင် မဟုတ်လော။ ဤသို့ဖြင့် ကျွန်တော်တို့သည် ကိန်း ဂဏန်းစဉ်များက လွဲ၍ ဘာမှမဟုတ်သော အတုအယောင် ရွှေ (Virtual Gold) ကို ရရှိရန် အရင်းအမြစ်များကို ဖြုန်းတီးနေကြ ပါသည်။
ကျွန်တော်တို့ လောကကြီး၏ ဖြစ်ပျက်နေပုံကို အာဒမ်စမစ် များ တွေ့လျှင် စိတ်ပျက်သွားမည် ထင်ပါသည်။ လွတ်လပ်သော ဈေးကွက်အယူအဆကို ထုတ်ဖော်ခဲ့သည့် စမစ်ကို ရှေးရိုးဆန် သော သူတော်စင်အကြီးအကဲဟု သိထားကြသော်လည်း လူသိ နည်းသည့်အချက်မှာ သူသည် ဘဏ်များကို လွတ်လွတ်လပ်လပ် လွှတ်မထားဘဲ ထိန်းသိမ်းကြပ်မတ်မှုများ လုပ်ဖို့ လိုသည်ဟု တင် ပြခဲ့သူဖြစ်ပါသည်။
သူက ငွေစက္ကူများ၏ ကောင်းမြတ်သော ဂုဏ်သတ္တိကို ရိုး စင်းစွာပင် ထုတ်ဖော် ချီးမြှောက်ခဲ့ပါသည်။ စမစ် တင်ပြခဲ့သည် မှာ ငွေကြေး (Currency) ဟူသည်မှာ ကုန်စည်များရောင်းဝယ် ရေးကို ချောမွေ့အောင် ထောက်ပံ့ပေးသည့် အရာသာ ဖြစ်ပြီး နိုင်ငံတစ်ခု ကြွယ်ဝချမ်းသာစေသည့် အကြောင်းရင်းမဟုတ်။ ငွေစက္ကူများသည် နိုင်ငံတို့၏ ရွှေ၊ ငွေစသော ဥစ္စာဓနတို့ကို အလုံ ပိတ် အဆောက်အအုံကြီးများအတွင်းတွင် သိမ်းဆည်းထားဖို့ မလိုစေဘဲ လူတို့၏ ရောင်းရေးဝယ်တာများကို အဆင်ပြေအောင် အသုံးချဖို့ ဖြစ်သည်။
သို့ဖြစ်လျှင် ကျွနု်ပ်တို့သည် စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်သည့် ရွှေပုံကြီးများသို့ နောက်ထပ် ရွှေများ ထပ်ပေါင်းထည့် ရန် အဘယ်ကြောင့် တောင်တန်းကြီးများကို ဖြိုဖျက်နေကြပါ သနည်း။ ပို၍ ထူးဆန်းစွာပင် စွမ်းအားမြင့် ကွန်ပျူတာတို့အား ၂၄ နာရီ လည်ပတ်စေ၍ ကိန်းဂဏန်းသတ်မှတ်ချက်မျှသာ ဖြစ် သော ဒစ်ဂျစ်တယ် အသပြာကို ဖန်တီးနေကြပါသနည်း။
ရွှေစုသူများကို သွားမေးလျှင် ငွေစက္ကူတို့မှာ အစိုးရဆီက လာသည်။ အစိုးရဟူသည်မှာ စိတ်ချရသည် မဟုတ်။ အစိုးရတွင် ငွေစက္ကူတို့ကို တန်ဖိုးချ (Debase) နိုင်သည့် အာဏာရှိသည်။ မိမိလက်ထဲရှိ ငွေစက္ကူမှာ အချိန်မရွေး စက္ကူစုတ် ဖြစ်သွားနိုင် သည်ဟု ဖြေကြလိမ့်မည်။ သို့သော် ထူးဆန်းသည်မှာ ငွေစက္ကူ များ တန်ဖိုးကျသွားလိမ့်မည်ဟု စိုးရိမ်နေကြသော်လည်း တကယ်တမ်း ထိုကဲ့သို့ ဖြစ်နိုင်ရန် အင်မတန် ခဲယဉ်းလာနေခြင်း ဖြစ်ပါသည်။ ထိန်းချုပ်ရန် ခက်လှသည့် လျင်မြန်သော ငွေကြေး ဖောင်းပွမှုများ (ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးနှုန်းများ လျင်မြန် စွာ ကြီးမြင့်လာခြင်း) ဖြစ်လာနိုင်သည်ဟု နှစ်ပေါင်းများစွာ အထိတ်တလန့် သတိပေးနေသည့်ကြားမှပင် ဖွံ့ဖြိုးပြီး နိုင်ငံတို့ ၏ ငွေကြေးဖောင်းပွမှုမှာ အင်မတန်နိမ့်ပါသည်။ ကမ္ဘာနှင့် ချီပြီး ကြည့်မည်ဆိုလျှင်လည်း ငွေကြေးဖောင်းပွမှု အလွန်ကြီးမားသည့် အဖြစ်မှာ ရှားပါးလှပါသည်။ သို့နှင့်တိုင် အဆမတန် ငွေကြေး ဖောင်းပွမှုများ (Hyperinflation) ဖြစ်လိမ့်မည်ဟူသော အလန့် တကြားအပြောအဆိုများမှာ ဘယ်တော့မှ မဆုံးနိုင်။
ဘစ်ကွိုင်၏ နှစ်လိုဖွယ်ဆွဲဆောင်မှုမှာ အနည်းနှင့်အများ ဆိုသလို လူတို့၏ တူညီသော စိတ်ခံစားမှု (အစိုးရငွေစက္ကူများ တန်ဖိုးကျသွားမည်ကို စိုးရိမ်သော အကြောက်တရား)မှ စတင် ပေါက်ဖွားလာဟန် ရှိပါသည်။ ဘစ်ကွိုင်တွင် ထပ်တိုးလာသည်က တော့ ၎င်းသည် အဆင့်မြင့်နည်းပညာ သုံးထားသည်၊ ကွန်ပျူ တာ ဘာသာစကားဖြစ်သည်၊ ထို့ကြောင့် အနာဂတ်၏ ငွေကြေး မှာ ဘစ်ကွိုင်ပင် ဖြစ်သည်ဟူသော ခံစားရမှုဖြစ်သည်။
သို့သော် စိတ်ကူးယဉ်မျှော်လင့်ချက်များက သင့်ကို အရူး လုပ်မသွားစေသင့်ပါ။ ယခု တကယ်ဖြစ်နေသည်မှာ သင်၏ ပိုက် ဆံအိတ်ထဲမှ ငွေစက္ကူများ၊ ငွေဒင်္ဂါးများ တချွင်ချွင်မြည်မှ အသပြာ အစစ်ဟု ယုံကြည်သည့်ကာလသို့ နောက်ပြန်ဆုတ်နေခြင်းဖြစ် သည်။ ကျွန်တော်တို့သည် အကြောင်းတစ်ခုဖြင့် ၁၇ ရာစုဆီသို့ ပြန်သွားနေကြပါသည်။
[ရည်ညွှန်း။ ။ Paul Krugman – We are digging ourselves into a money pit (New York Times, 22 December 2013)]
၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ သုံးသပ်ချက် ဖြစ်ပါသည်။
ထွန်းသော်ဦး ရေးသည်။