ထားဝယ် – ၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း)
ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဇွန်နှောင်းပိုင်းနဲ့ဇူလိုင်အစပိုင်းမှာ တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့ အဲဒီဒေသမှာဦးဆောင်လှုပ်ရှားနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က ဒီနေ့ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၉ ကနေ ဇွန် ၂ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးကားလမ်းကြောင်းတည်ရှိတဲ့ အရှေ့တောဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သင်္ကန်းတုံးနဲ့လိပ်ကြယ်ပြောင်ရွာတွေမှာ အဓိက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ တာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီယာဉ်တန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက လက်နက်ကြီးတွေ၊ မိုင်းတွေ အသုံးပြုတိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတဲ့ပြည်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုပြီး တော်လှန်းရေးအဖွဲ့တွေကို ခုခံခဲ့တယ်လို့ ဖော်ပြပါတယ်။
“ ဒီတိုက်ပွဲတွေအတွင်း အရပ်သားတွေထိခိုက်တာမျိုးတော့ မရှိပါဘူး။ တိုက်ပွဲဖြစ်နေချိန် ခဏ စစ်ရှောင်ကြရတာတော့ ရှိပါတယ်” လို့ ဥဩစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူတစ်ဦးက ဒီနေ့လယ်မှာပြောပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ၊ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နှစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဥဩစစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြသလို သူတို့တပ်ပေါင်းစုတွေဘက်ကတော့ တစ်ဦးကျဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ထိုင်းနယ်စပ်ကိုထွက်တဲ့အဓိကလမ်းပိုင်းဖြစ်တဲ့ ထားဝယ်- မေတ္တာ-ထီးခီးလမ်းပိုင်းကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီ စစ်ကောင်စီဘက်ကတော့ ထားဝယ်မြို့နဲ့ရှစ်မိုင်အကွာ ပကာရီရွာဝန်းကျင်အထိသာ နေရာယူထားတယ်လို့ ဥဩစစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုတွေကတော့ ထားဝယ်မြို့ကနေ ၁၅ မိုင်အကွာဝန်းကျင်လောက်ကစပြီး လမ်းပိုင်းတစ်ခုလုံးကို စိုးမိုးထားနိုင်တဲ့ အခြေအနေဖြစ်နေပြီလို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ရိက္ခာပို့လမ်းကြောင်းဟာ ယခင်က ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်ကနေ ပို့ဆောင်နေရာကနေ တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင်တောလမ်းအသုံးပြုပို့ဆောင်နေရပြီလို့သူက ဆိုပါတယ်။
“ လူထုတွေကို မေတ္တာရပ်ခံချင်တာကတော့ စစ်ရှောင်ရင် ဘုန်းကြီးကျောင်းတွေကို ရှောင်ကြတာကိုမလုပ်ကြဖို့ ပြောချင်တာပါ။ သူတို့( စစ်ကောင်စီ)က အဲဒီလူထုတွေ စစ်ရှောင်နေတဲ့ဘုန်ကြီးကျောင်းတွေကနေခံပြီး ကျနော်တို့ကို ပစ်ကြတယ်။ ကျနော်တို့ဘက်က ပြန်ပစ်ဖို့ကြ လူထုထိမှာစိုးတော့ လုပ်ရ၊ ကိုင်ရ ခက်တယ်ပေါ့ဗျာ၊ ဒါကြောင့်ပါ။ တောတွေ၊ တောင်တွေ၊ ဥယျာဉ်ခြံတွေမှာ စစ်ရှောင်ကြရင် ကျနော်တို့လည်း ပြန်ပစ်လို့ရတာပေါ့ ” လို့ ဥဩစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ယာယီတပ်စခန်းတစ်ခုကို စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့ပြီး အခြေအနေအရ စွန့်ခွာပေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထားဝယ်အရှေ့တောဒေသဟာ ထားဝယ်-ထီးခီးလမ်းပိုင်း၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတည်ရှိရာ အဓိကဒေသတစ်ခုဖြစ်ပြီး အဲဒီလမ်းကြောင်းပေါ်မှာ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ KNU တပ်မဟာ (၄) လက်အောက်ခံတပ်ရင်းတွေ၊ ကော့သူးလေးတပ်မတော်(KTLA) နဲ့ စစ်ကောင်စီတပ်တွေတည်ရှိနေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ အရှေ့တောဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ပုံစာ-ကန့်ဘလူ၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အရပ်သားအစုအပြုံလိုက် သတ်ဖြတ်ခံရသည့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုနေသည့် ဥဩစစ်ကြေင်းကို ဧပြီလတုန်းကတွေ့ရစဉ်။
Photo – ဥဩစစ်ကြောင်းသတင်းပြန်ကြားရေ။
#Dailynews

