ဂေထော
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၆ (မော်ကွန်း)
ရွှေ့ပြောင်းလုပ်သားအများဆုံးရှိတဲ့ လှိုင်သာယာမဲဆန္ဒနယ်နှစ်ခုမှာ မိမိနေထိုင်ရာအရပ်ပြင်ပကို ရက် ၉၀ ထက်မနည်း ရောက်ရှိနေသူတွေ ရောက်ရာအရပ်မှာ မဲပေးနိုင်ဖို့ ပုံစံ-၃(က) လျှောက်ထားသူ ၁၈,၀၀၀ နီးပါး ရှိတယ်လို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ပြောပါတယ်။
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ပုံစံ-၃(က) လျှောက်ထားသူ ၂,၇၉၉ ဦီး ရှိပြီး အနောက်ပိုင်းမြို့နယ်မှာတော့ ၁၅,၀၀၀ ရှိတယ် လို့ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ စာရင်းတွေမှာ ဖော်ပြတယ်။
“ ရက်ပေါင်း ၉၀ ပြည့်အောင်နေတဲ့ စက်ရုံ၊အလုပ်ရုံကလူတွေများတာ။ မဲစာရင်းက နယ်မှာပါတယ်။ ရန်ကုန်မှာပေးတော့ လာလျှောက်ကြတာ” လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဋ္ဌ ဦးကျော်သောင်းက ပြောပါတယ်။
ဒီနှစ်ရွေးကောက်ပွဲအတွက် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၃၆၂,၀၀၀ ကျော်ရှိပြီး အနောက်ပိုင်းမြို့နယ်မှာတော့ ၂၆၂,၀၀၀ ကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ အချက်အလက်တွေမှာ ဖော်ပြတယ်။
လှိုင်သာယာစက်မှုဇုန်-၂ မှာ ရှိတဲ့ ကော်ထိုက်အထည်ချုပ်စက်ရုံက အလုပ်သမား မခင်နှင်းဝေက “ မဲဆီကိုသိပ်ပြီး အာရုံသိပ်မရှိဘူး။ အလုပ်နဲ့ရောဂါနဲ့ ကြောက်နေရတာ။ မဲထည့်ရမှာတော့သိတယ်။အခုကတော့ သူငယ်ချင်းတွေနဲ့ပြောနေတာ။တို့တွေ မဲထည့်ရင် ဘယ်လိုထည့်ရမှာလဲမသိဘူး” လို့ ဒီနှစ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မှတ်ချက်ပေးတယ်။
သူဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ သူ့ဇာတိရွာကို မဲပြန်ပေးခဲ့သူဖြစ်ပြီး ဒီနှစ်မှာ COVID -19 ကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် နေရပ်လည်းမပြန်နိုင်သလို သူ့ရောက်နေတဲ့အရပ်မှာ မဲပေးခွင့် ရ၊မရ သေချာမသိဘူးလို့ ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ ရွေးကောက်ပွဲ ကော်မရှင်တွေအနေနဲ့ ဖန်တီးဆောင်ရွက်ပေးသင့်တယ်လို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ တိုင်းဒေသကြီးအမှတ်(၂) မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဇော်ဝင်းက မှတ်ချက်ပြုတယ်။
ရန်ကုန်တိုင်းရဲ့ လူဦးရေအများဆုံးရှိတဲ့ လှိုင်သာယာကို ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ နှစ်ကြိမ်မှာ မြို့နယ်တစ်ခုအဖြစ်သတ်မှတ်ရွေးကောက်ပွဲ ကျင်းပစေခဲ့ပေမယ့် ဒီနှစ်မှာတော့ မြို့နယ်နှစ်ခုခွဲကာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲအတွက် ဒီမြို့နယ်နှစ်ခုမှာ မဲရုံပေါင်း ၇၃၀ ကျော် ပြင်ဆင်ပြီး မဲပေးစေမှာ ဖြစ်ပါတယ်။
ပုံစာ – ကျန်စစ်သားလမ်းပေါ်ရှိလှိုင်သာယာအရှေ့ပိုင်းနှင့်အနောက်ပိုင်းမြို့နယ်၏ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး
ဓါတ်ပုံ – ဂေထော
#Dailynews

