၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Profile ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။
Photo-Banyar Kyaw အမှိုက်ပုံထဲ တိုးဝှေ့ရှာဖွေကြ
ဇန်နဝါရီလလယ်ပိုင်းရဲ့ ပူပြင်းတဲ့နေရောင် အောက်မှာ ဝန်းကျင်တခို အမှိုက်နံ့တွေနဲ့ မွှန်ထူ နေတယ်။ ကြည့်လေရာမှာ အမှိုက်စို၊ အမှိုက် ခြောက်တွေနဲ့ ယင်ကောင်တွေက တလောင်း လောင်း။ အမှိုက်ပုံကြီးဟာ တောင်လောက်နီးနီး ဟည်းထလို့နေပါတယ်။ အမှိုက်ကားတွေက လည်း အမှိုက်လာပုံလိုက် ပြန်ထွက်သွားလိုက်နဲ့ ဥဒဟိုဝင်ထွက်သွားလာနေကြပါတယ်။
အမှိုက်ကားတစ်စီး လာပြီဆိုတာနဲ့ လူတွေ ဝိုင်းအုံလာကြ ပါတယ်။ အမှိုက်ကားက အမှိုက်တွေ သွန်ချလိုက်ပြီဆိုတာနဲ့ အလုအယက်ပဲ အမှိုက်ပုံထဲကို ထိုးဆွကာ ပြန်လည်ရောင်းချလို့ ရမယ့် ပစ္စည်းတွေ ဆွဲယူကြပါတယ်။ ပြီးတော့ ဆာလာအိတ်တွေ ထဲ ထည့်ကြ ကောင်းနိုးရာရာတွေ ထုတ်နုတ်ရွေးချယ်ကြနဲ့ စကားပြောသံတွေ၊ ကားသံတွေ ဆူညံနေပါတော့တယ်။
ဒီနေရာကတော့ ရန်ကုန်မြို့ကအမှိုက်တွေ နောက်ဆုံးစွန့် ပစ်ရာတစ်ခုဖြစ်တဲ့ လှိုင်သာယာမြို့နယ်ထဲက ဧက ၁၅၀ ကျယ် ဝန်းတဲ့ ထိန်ပင်အမှိုက်ပုံကြီးပဲဖြစ်ပါတယ်။ ဒီအမှိုက်ပုံမှာ နေ့စဉ် အမှိုက်တန်ချိန် ထောင့်နှစ်ရာကျော် (၁၂၈၇.၇၅) တန် စွန့်ပစ် တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝက်ဘ် ဆိုက်မှာ ဖော်ပြထားပြီး ဒီအမှိုက်ပုံထဲမှာ ဝမ်းစာအတွက် အမှိုက် တွေကို ရှင်းလင်းရှာဖွေနေကြသူတွေ ရာနဲ့ချီရှိပါတယ်။
သူတို့က ဒီထိန်ပင် အမှိုက်ပုံကြီးထဲမှာ လူတွေစွန့်ပစ်လိုက် တဲ့ အမှိုက်တွေထဲက ပြန်လည်ရောင်းချလို့ရမယ့် ပစ္စည်းတွေကို မွှေနှောက်ရှာဖွေကာ ပြန်လည်ရောင်းချရင်း ဝမ်းစာအတွက် ရှာဖွေနေကြသူတွေပါ။
Photo-Thet Oo Mon ကြွပ်ကြွပ်အိတ်အပြည့် ထည့်ထားသည့် ပီနံအိတ်တစ်လုံးကို လေးရသည်
ဒီမှာ အမှိုက်ကောက်တဲ့သူ နှစ်မျိုးနှစ်စားရှိပါတယ်။ တစ် မျိုးကတော့ စည်ပင်ကို လိုင်းကြေးအဖြစ် ပီနံအိတ်အခွံအလုံး တစ်ရာနဲ့ ကြွပ်ကြွပ်အိတ်အပျော့တွေ အပြည့်ထည့်ထားတဲ့ ဆာ လာအိတ်နှစ်လုံးပေးပြီး လိုင်းဝင်ရပါတယ်။ သူတို့ကတော့ အမှိုက်ကားချတာနဲ့ ချက်ချင်းကောက်ခွင့်ရပါတယ်။
နောက်တစ်မျိုးကတော့ ဘေးပေါက်ကောက်တဲ့သူတွေပါ။ သူတို့ကတော့ နေ့စဉ်နှစ်ရာကျပ်ပေးရပြီး လိုင်းသမားတွေ ကောက်ပြီးတဲ့အချိန်မှ ဝင်ရောက်ရှာဖွေရတာပါ။
လယ်သမားဘဝကနေ အမှိုက်ပုံရောက်
အသက် ၅၅ နှစ်အရွယ် ဦးတင်ဝင်းဆိုရင် ဒီအမှိုက်ပုံမှာ ဘေးပေါက်ကောက်တာ တစ်နှစ်ကျော်ရှိနေပါပြီ။ သူက လုပ်ခဲ့ သမျှ အလုပ်တွေထဲမှာ ဒီအမှိုက်ပုံမှာစီးပွားရှာရတာအဆင်ပြေဆုံးပဲလို့ဆိုပါတယ်။ ယခင်ကတော့ သူက ဧရာဝတီတိုင်း၊ ဖျာပုံမြို့ နယ်က လယ်သမားတစ်ဦးပါပဲ။ နာဂစ်မုန်တိုင်းတိုက်ပြီးနောက် ပိုင်း လယ်တွေ ပျက်လာတာကြောင့် ရှိသမျှကို ထုခွဲရောင်းချပြီး ရန်ကုန်ကိုတက်လာခဲ့တာပါ။
ရန်ကုန်မှာနေတဲ့ လေးနှစ်အတွင်းရသမျှအလုပ်မှန်သမျှ လုပ်ကိုင်ခဲ့တာတစ်ခုမှ အဆင်မပြေတာကြောင့် သူ့အစ်မတွေ ရှိတဲ့ အမှိုက်ပုံနားကရပ်ကွက်တစ်ခုမှာအလုပ်ရှာဖို့ လာနေရင်းသူငယ်ချင်းတစ်ဦးကအဖော်ကောင်းတာနဲ့ ဒီအမှိုက်ပုံကို ရောက် လာခဲ့တာပါ။
ရောက်ခါစတော့ အမှိုက်နံ့တွေကြောင့် လင်မယားနှစ် ယောက်လုံး ညထမင်းမစားနိုင်ဘဲ နှစ်ရက်သုံးရက်လောက် ရေ ချည်း သောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။ ကြာလာတော့လည်း အနံ့တွေနဲ့ ယဉ်ပါးလာပြီး အမှိုက်ပုံမှာ နေသားကျလာပါတော့တယ်။
ဒီမှာတော့ လုပ်ကိုင်စားသောက်ရတာ စားဝတ်နေရေး လည်း အဆင်ပြေတာကြောင့် အခုဆိုရင် အိမ်ထောင်ကျနေပြီ ဖြစ်တဲ့ သားသမီးတွေကိုပါ ခေါ်ထားပြီးအမှိုက်ပုံမှာလုပ်ကိုင်စေ ပါတော့တယ်။ သားသမီးငါးဦးရှိတဲ့အနက် အကြီးဆုံးနှစ်ဦးက တော့ အိမ်ထောင်ကျနေပြီး ကျောင်းနေအရွယ် ကလေးသုံး ယောက်အတွက် ကျောင်းစရိတ်၊ အိမ်စရိတ်၊ နေစရိတ်၊ စားစရိတ် တွေကို ဒီအမှိုက်ပုံထဲမှာ ရှာဖွေရပါတယ်။
တချို့ကလည်း ဒီလိုအမှိုက်ပုံမှာနေတဲ့သူတွေကို နှာခေါင်း ရှုံ့ချင်ကြပါတယ်။ သူတို့ကိုယ်ခန္ဓာက အမှိုက်နံ့တွေနံတာကြောင့် အိမ်ရှင်ဖြစ်သူက အိမ်ဆက်မငှားတော့တဲ့အထိပါ ကြုံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အတော်စိတ်မကောင်းဖြစ်ရတယ်လို့ သူက ပြန်ပြောပြတယ်။ နောက်ပိုင်းတော့ အဲဒီလိုမကြုံရတော့ပါဘူး။
““လူမှုရေးစော်ကားလိုက်သလိုပဲ။ ကိုယ်လုပ်တဲ့အလုပ်ကို နှိမ့်ချတာ။ ငါတို့ ကောင်းတာလုပ်စားတာ။ ခိုးမစား၊ ဓားပြ မတိုက်ဘူး””
““အားလုံး မလိုချင်လို့ ပစ်လိုက်တဲ့ ပစ္စည်းတွေကို ငါတို့ ကောက်စားရတာ။ ဒီထက်စင်ကြယ်တာတော့ ဘာမှမရှိဘူး””လို့ ဦးတင်ဝင်းကဆိုပါတယ်။
ဒီမှာတော့ အများဆုံး ကောက်ပြီး ရောင်းတဲ့ အမှိုက်နှစ်မျိုး ရှိပါတယ်။ သူတို့ကတော့ အပျော့လိုင်းနဲ့ အမာလိုင်းဆိုပြီး ခေါ် ကြပါတယ်။ အပျော့လိုင်းကတော့ ပြန်ကျိုပြီး လူသုံးကုန်ပစ္စည်း တွေ ပြုလုပ်နိုင်တဲ့ အရွယ်အစားစုံ ကြွပ်ကြွပ်အိတ်တွေဖြစ်ပြီး အမာလိုင်းကတော့ ကော်ဘူးကော်ခွက်တွေပါ။ အခြားပစ္စည်း တွေ ဖြစ်တဲ့ စက္ကူတွေ၊ ကြေးတွေ၊ ဒန်အိုးဒန်ခွက်တွေစသဖြင့် သူတို့အတွက်ကတော့ အမှိုက်ထဲက ရွှေတွေပါပဲ။
ဒါ့အပြင် အဝတ်အစားတွေလည်း ပါတတ်ပါတယ်။ ဦးတင် ဝင်းဆို ကောင်းတဲ့ အဝတ်တွေဆို ကောက်ယူထားပြီး ပြန်လည် လျှော်ဖွပ် မီးပူတိုက်ထားပါတယ်။ သူကိုယ်တိုင်လည်း ဝတ်သလို လိုအပ်နေတဲ့သူတွေကိုလည်း ပြန်လည် ပေးလှူတယ်လို့ သူက ဆိုပါတယ်။ လက်ရှိ သူဝတ်ထားတဲ့ အင်္ကျီနဲ့ ဘောင်းဘီတောင် အမှိုက်ပုံထဲက ရတာလို့ သူက ဆိုပါတယ်။
Photo-Thet Oo Mon ထီပေါက်စဉ် အဟောင်းများ
သူကစကားပြောနေရင်းသူ့ရှေ့မှာချထားတဲ့ ကွမ်းအစ်ထဲ က ကွမ်းရွက်တစ်ရွက်ကို ထုံးသုတ်ကာ ကွမ်းသီးလေးထည့် ဆေး ရွက်ကြီးတစ်ဖဲ့ကို မြှုပ်ယာလိုက်ပြီး ပါးစောင်ထဲကို ထည့်ဝါးလိုက် ပါတယ်။ ယင်ကောင်တွေက ကွမ်းအစ်နဲ့ မျက်နှာတွေ လက်တွေ နား တဝီဝီ အသံပေးကာ ဝဲပျံနေကြပါတယ်။
သူ့ ပတ်ပတ်လည်မှာတော့ အမှိုက်ပုံကို ထွန်ခြစ်တွေနဲ့ တူး ဆွရှာဖွေနေသူတွေဟာ နေပူထဲ တလှုပ်လှုပ်ပါပဲ။ အမှိုက်နံ့တွေက လည်း တထောင်းထောင်းထနေပါတယ်။ ဒါပေမဲ့ ဒီအမှိုက်နံ့ကို ယဉ်ပါးနေတဲ့သူတွေအဖို့ ပါလာတဲ့ ထမင်းချိုင့်တွေကို ဖွင့်ကာ အမှိုက်ပုံပေါ်မှာပဲ ထမင်းစားဖို့ ပြင်နေကြတယ်။ တချို့ဆိုရင် အမှိုက်ထဲက ပါလာတဲ့ တရုတ်ဆီးသီးတွေကိုတောင် တဂျွမ်းဂျွမ်း နဲ့ ကိုက်စားနေကြပါတယ်။
ဦးတင်ဝင်းရဲ့ အမျိုးသမီးကတော့ ကြွပ်ကြွပ်အိတ် အရွယ်စုံ ဆိုဒ်စုံတွေကို ဆာလာအိတ်တွေထဲ သိပ်ထည့်နေပါတယ်။ ကြွပ် ကြွပ်အိတ်အပြည့်နဲ့ ဆာလာအိတ်တစ်လုံးကို လေးရာရတယ်လို့ ဆိုပါတယ်။ သက်သက်သာသာလုပ်ရင် တစ်နေ့ကို အိတ်လေးငါး ဆယ် ရတဲ့အတွက် သူတို့ဝင်ငွေက လင်မယားနှစ်ယောက် နှစ် သောင်းကျော်လောက်ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့နှစ် ဧပြီလက ထိန်ပင်အမှိုက်ပုံ မီးလောင်ခဲ့တာကြောင့် ဦးတင်ဝင်းတို့တွေ လေးငါးရက်လောက် အလုပ်ပျက်ခဲ့ရပါသေး တယ်။ ဒါပေမဲ့ စားဝတ်နေရေးရှိတာကြောင့် မီးနဲ့ လွတ်တဲ့နေရာ တွေမှာ မီးမငြိမ်းသေးခင်ကတည်းက ဝင်ရောက် ရှာဖွေကြရတယ် လို့ ဆိုပါတယ်။
ထီမထိုးဘဲ ပေါက်သူများ
အမှိုက်ပုံထဲမှာ နေ့စဉ်ဝမ်းစာရှာဖွေဖို့ အတွက်သာမကဘဲ ကံစမ်းဖို့ အခွင့်အလမ်းတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါက တော့ လူတွေအသုံးမလိုတဲ့ ပစ္စည်းမျိုးစုံထဲမှာ ထီလက်မှတ် အဟောင်းတွေ ပါလာတတ်တာပါ။
ထီထိုးထားပြီး ထီမတိုက်သူတွေနဲ့ အကြောင်းအမျိုးမျိုး ကြောင့် အမှိုက်ထဲ လွှတ်ပစ်လိုက်တဲ့ လက်ကျန်ဆုမဲတွေဟာ အမှိုက်တွေရဲ့ နောက်ဆုံးသချုႋင်းဖြစ်တဲ့ ဒီထိန်ပင်အမှိုက်ပုံကြီးကို ရောက်ရှိလာကြပြီး ဒီကလူတွေအတွက် ကံစမ်းဖို့ ဖြစ်လာတာပါ။
အမှိုက်ပုံထဲက ထီလက်မှတ်အပြင် ထီပေါက်စဉ်တွေလည်း ပါလာတာကြောင့် ထီထွက်တဲ့ အကြိမ်ရေအလိုက် ထီပေါက်စဉ် တွေနဲ့ တိုက်ကြည့်ကြပါတယ်။ ထီပေါက်စဉ်တွေကိုတော့ ဓာတ်ပုံ အယ်လ်ဘမ်အဟောင်းတွေထဲ အကြိမ်ရေအလိုက် သေသေသပ် သပ် စီကာညှပ်ထားကြပါတယ်။ ကောက်ရတဲ့ထီလက်မှတ်ကို အသင့်တိုက်ရုံပါပဲ ။
ဒီအမှိုက်ပုံရဲ့ လူတစ်ဝက်လောက်က ထီပေါက်ဖူးတဲ့ သူ တွေချည်းပဲလို့ ဦးတင်ဝင်းက ပြောပြပါတယ်။ ယခုနောက်ဆုံး ထွက်တဲ့ ၂၂ ကြိမ်မြောက် အောင်ဘာလေထီမှာ ဒီအမှိုက်ပုံက ပေါက်တာ သူသိရသလောက် လေးဦးလောက် ရှိနေပြီလို့ ဆိုပါတယ်။
““နေ့စဉ်နဲ့အမျှ လူတိုင်းလိုလို တိုက်ကြတာ ဒီတစ်ကြိမ် တည်းမှာတင် လေးဦးရှိပြီ ပေါက်ကြတာ။ ကိုယ့်ကုသိုလ်ကံနဲ့ ကိုယ် ဖြစ်ကြတာပါ””လို့ ဦးတင်ဝင်းက ဆိုပါတယ်။
ဦးတင်ဝင်းဆိုရင် ပြီးခဲ့တဲ့ သုံးလလောက်တုန်းက ငါးသောင်းဆု ငါးစောင်တွဲ ကံထူးခဲ့ပါသေးတယ်။ အဲဒီနေ့က မှတ် မှတ်ရရ ထီငါးစောင်တွဲ ငါးအုပ်ကိုသူ့အမျိုးသမီးဖြစ်သူက ကောက်ရခဲ့တာပါ။ ကောက်ရတဲ့ ထီလက်မှတ်တွေကို ထီပေါက်စဉ်နဲ့ တိုက်လိုက်တဲ့အခါမှာတော့ ငါးစောင်တွဲတစ်အုပ်ကနေ ကံ ထူးခဲ့ပြီးဆုငွေ နှစ်သိန်းခွဲရခဲ့ပါတယ်။
ပေါက်တာနဲ့ ချက်ချင်းပဲ လှိုင်သာယာမြို့ထဲက ထီဆိုင်ကို ဆိုင်ကယ်ငှားပြီး သွားထုတ်ပါတယ်။ တစ်စောင်ကို တစ်ထောင် ဖြတ်တယ်လို့ ဆိုပါတယ်။ ထီလက်မှတ်အကောင်းအတိုင်းသွားထုတ်တာကို ဘာကြောင့်ဖြတ်တာလဲဆိုတော့ အကြိမ်ရေ နောက် ကျလို့ ထီဆိုင်ကဒဏ်ကြေးကောက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
Photo-Thet Oo Mon အမှိုက်ပုံထဲက ထီလက်မှတ်များ
ထီပေါက်တဲ့ ပိုက်ဆံတွေကိုတော့ မိန်းမဖြစ်သူအတွက် နားကပ်နဲ့ လက်စွပ်လုပ်လိုက်ပြီး ပိုလျှံတာကို အမှိုက်ပုံကို အမှီပြု ပြီး ရှာဖွေစားသောက်နေကြသူတွေအထဲက သက်ကြီးရွယ်အို တွေကို မုန့်တွေ၊ အဝတ်အစားတွေနဲ့ ကန်တော့လိုက်တယ်လို့ သူက ဆိုပါတယ်။
ကျွန်တော်နဲ့ စကားမပြောခင်အချိန် နံနက် ၁၁ နာရီ လောက်ကတည်းကဒီနေ့အတွက် ထီအစောင်နှစ်ဆယ်လောက် တိုက်ထားပြီးပြီလို့ သူက ဆိုပါတယ်။
““နေ့တိုင်းအစောင်တွေ အများကြီးပါလာတာ ခုနကတင် တိုက်ပြီး လွှင့်ပစ်ထားတာ အများကြီးပဲ””လို့ ဦးတင်ဝင်းက ဆိုပါတယ်။
၂၀၁၈ ကာလတိုဘဏ္ဍာနှစ်အတွင်းမှာ အောင်ဘာလေ သိန်းဆုငွေများအနက် သတ်မှတ်ထားတဲ့ကာလမှာလာရောက် ထုတ်ယူခြင်းမပြုတဲ့ ဆုမဲပေါင်း ၆၇,၇၈၈ စောင်ရှိပြီး ဆုမဲ တန်ဖိုး ကျပ် ၅ ဒဿမ ၈၇၄ ဘီလီယံကို နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်က တင်ပြခဲ့ပါတယ်။
Photo-Thet Oo Mon အမှိုက်ပုံထဲက တုတ်ထိုးဆိုင်
ဆုကြီးပေါက်ရင် ဘုန်းကြီးဝတ်ချင်တယ်
ဒီအမှိုက်ပုံမှာ ဦးတင်ဝင်းထက် ကံကောင်းတဲ့သူတစ်ဦး လည်း ရှိနေပါသေးတယ်။ သူဆိုလျှင် ထီပေါက်တာ လေးငါး ခြောက်ကြိမ်လောက် ရှိနေပါပြီ။ သူက ဒီအမှိုက်ပုံမှာ လုပ်ကိုင် လာတာ ၁၅ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။ အရင်ကတော့ စည် ပင်မှာ ဝန်ထမ်းလုပ်ဖူးပြီး ကျန်းမာရေး မကောင်းတာကြောင့် အလုပ်ထွက်ပြီး ဒီအမှိုက်ပုံကို ရောက်လာခဲ့သူပါ။
သူက နေ့စဉ် နံနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အမှိုက်ပုံတွေထဲ ရောင်းလို့ရမယ့် ပစ္စည်းတွေ မွှေနှောက်ရှာဖွေ ရောင်းချပါတယ်။ အင်္ကျီအပြာ၊ ဘောလုံးဘောင်းဘီအတိုကို ဝတ်ဆင်ထားတဲ့ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ ကိုအောင်စန်း လင်းက စကားတစ်ခွန်း ပြောလိုက် ရယ်လိုက်နဲ့ ခပ်ရွှင်ရွှင်ပါပဲ။
သူက ““မပေါက်တာတောင်ကြာပြီ။ တစ်လခွဲလောက် ရှိ ပြီ”” ဆိုပါတယ်။ နောက်ဆုံးပေါက်ခဲ့တဲ့ဆုက ငါးသောင်းဆုဖြစ်ပြီး ထီပေါက်တဲ့ အကြိမ်အရေအတွက်ကိုတော့ အတိအကျမမှတ်မိ ဘူးလို့ သူက ဆိုပါတယ်။
ထီပေါက်တဲ့ ပိုက်ဆံတွေကိုတော့ ““ကလေးတွေကို အအေး တွေ၊ မုန့်တွေကျွေးပြီး အကုန်ပြန်လှူပစ်လိုက်တယ်””လို့ သူက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။
သူက စကားလည်း သိပ်မပီသလို မေးခွန်းမေးတာကို ဖြေဖို့ တွန့်ဆုတ်နေပြီး တစ်လုံးမေး တစ်လုံးဖြေနဲ့ မနေတတ် မထိုင်တတ် ဖြစ်နေပါတယ်။ သူ့ကို ကံကောင်းထောက်မလို့ အမှိုက်ပုံထဲကသိန်းတစ်ရာလောက် ထီပေါက်ရင် ဘာလုပ်မလဲလို့ မေးကြည့်ပါတယ်။
သူက ပေါက်သမျှ ပိုက်ဆံတွေကို မိန်းမကို ပေးခဲ့ပြီး ““ဘုန်း ကြီး အပြီးဝတ်လိုက်မယ်”” လို့ ဆိုပါတယ်။
သူက လက်ရှိမှာတော့ သားကျွေးမှု၊ မယားကျွေးမှုူတွေ ရှိနေလို့သာ အလုပ်လုပ်ကိုင်နေရပြီး ပိုက်ဆံသာရရင်တော့ အေး အေးချမ်းချမ်းနဲ့ တစ်သက်လုံး သာသနာ့ဘောင်ထဲပဲ ဝင်တော့ မယ်လို့ဆိုပါတယ်။
သူ့ကိုမေးနေတဲ့တစ်လျှောက် အမှိုက်ပုံထဲကို အမှိုက်လာ ပစ်ကြတဲ့ ကားကြီးကားလေးတွေက တဖွဲဖွဲ ဝင်ရောက်နေပါ တယ်။ အမှိုက်ကားက သွန်ချလိုက်ပြီဆိုတာနဲ့ လူတွေ ဝေါခနဲ ပြုံ ကျလာပြီး ထွန်ခြစ်တွေနဲ့ အမှိုက်တွေကို ထိုးဆွရှာဖွေပါတော့တယ်။
တချို့ကလည်း အမှိုက်ပုံထဲမှာ လာရောက်ရောင်းချနေတဲ့ တုတ်ထိုးဆိုင်၊ ထမင်းဆိုင်၊ မုန့်ဆိုင်တွေမှာ နေပူရှိန်ကနေ ခေတ္တ အနားယူစားသောက်နေကြတာကို တွေ့ရပါတယ်။ ယင်ကောင် တွေ တလောင်းလောင်းနဲ့ လမ်းမတွေပေါ်မှာလည်း အမှိုက်က ကျတဲ့ မည်းညစ်ညစ်အရည်တွေက ရေအိုင်ငယ်လေးတွေလို ဖြစ် နေပါတယ်။
ရွှေလက်စွပ် ကောက်ရသူ
ဒီအမှိုက်ပုံမှာ ထီဆုတွေအပြင် အခြားတန်ဖိုးရှိတဲ့ ပစ္စည်း တွေလည်း ပါလာတတ်ပြီး ပိုက်ဆံနဲ့ ရွှေထည်တွေ ရတဲ့သူတွေ လည်း ရှိတယ်လို့ အမှိုက်ပုံကလူတွေက ဆိုကြပါတယ်။
အသက် ၂၈ နှစ်အရွယ် ကိုသန်းဇော်အောင်ဆိုရင် လွန်ခဲ့ တဲ့သုံးနှစ်လောက်က ရွှေလက်စွပ်တစ်ကွင်း ကောက်ရဖူးပါတယ်။ အမှိုက်ပုံထဲ ရှာဖွေနေရင်း ကြွပ်ကြွပ်အိတ်တစ်ခုထဲက တွေ့ခဲ့ရ တာပါ။ သူကောက်ရတဲ့ လက်စွပ်က ကျိုးနေပြီး သွားရောင်းတဲ့ အခါ ငွေကျပ် တစ်သိန်းနှစ်သောင်းရခဲ့တယ်လို့ သူက ပြောပြ ပါတယ်။
သူဒီအမှိုက်ပုံမှာ လုပ်လာခဲ့တဲ့ ဆယ်နှစ်သက်တမ်းအတွင်း အဲဒီတစ်ခါတော့ မှတ်မှတ်ရရ ရွှေကောက်ရဖူးတာလို့ ဆိုပါတယ်။ ရွှေကောက်ရတဲ့အပြင် သူက ငါးသောင်းထီဆုသေးတွေလည်း သုံးကြိမ်ပေါက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သိန်းတစ်သောင်းဆု ဖွင့်ပွဲ ၁၁ ကြိမ် ၁၄ ကြိမ်နဲ့ ၁၈ ကြိမ်မြောက်တွေမှာလို့ သူက ဆိုပါတယ်။
နောက်ဆုံးပေါက်ခဲ့တဲ့ လွန်ခဲ့တဲ့ ခြောက်လအပြီးမှာတော့ အခုထိ ကံမထူးသေးပါဘူး။ ဒါပေမဲ့ နေ့စဉ်တော့ အမှိုက်ပုံထဲ ပါလာတဲ့ ထီလက်မှတ်တွေကို သိမ်းထားပြီး ညဘက် အိမ်ပြန် ရောက်တဲ့အခါ ထီပေါက်စဉ်နဲ့ တိုက်တယ်လို့ ဆိုပါတယ်။
အကယ်၍ ထီဆုကြီးပေါက်မယ်ဆိုရင်တော့ ဒီအမှိုက်ပုံ အလုပ်ကို စွန့်လွှတ်ကာ ဈေးရောင်းစားမယ်လို့ သူ့ရည်မှန်းချက် ကို ပြောပြပါတယ်။ ယခင်က အိမ်ထောင်ကျခဲ့ဖူးပြီး လက်ရှိမှာ တော့ အိမ်ထောင်ကွဲနေကာ မိဘနှစ်ပါးရယ် ညီမဖြစ်သူနဲ့အတူ နေထိုင်နေပါတယ်။
နောက်ထပ် အိမ်ထောင်ပြုဖို့လည်း သူက စဉ်းစားထားပါ တယ်။ ရည်းစားရတာ တစ်နှစ်ကျော်နေပြီဖြစ်ပြီး သူ့ချစ်သူက လည်း ဒီအမှိုက်ပုံမှာပဲ အလုပ်လုပ်ကိုင်တဲ့သူလို့ ပြောပြတယ်။ အိမ်ထောင်ပြုဖို့ ငွေလည်းလိုတာမို့ ရသမျှကို အိမ်စရိတ်သုံး၊ အချို့ကိုတော့ အိမ်ထောင်ပြုဖို့ စုဆောင်းထားတယ်လို့ သူက ပြောပြတယ်။
““ဈေးရောင်းတာ ဝါသနာပါတယ်။ နေရာဆိုင်ခန်း မရှိ သေးလို့ ဒီမှာက အရင်းမစိုက်ရဘူး၊ လုပ်အားပဲ စိုက်ရတာ”” လို့ သူက ဆိုပါတယ်။
အမှိုက်ပုံထဲက အန္တရာယ်
လုပ်အားပဲ စိုက်ရပေမယ့် ဒီလိုအမှိုက်ပုံထဲ တိုးဝှေ့ ရှာဖွေရ တာဟာ လွယ်ကူလှတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အန္တရာယ် တွေလည်းရှိနေပါသေးတယ်။ အဲဒါကတော့ အမှိုက်မျိုးစုံပါလာတဲ့ အထဲမှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပုလင်းကွဲတွေ သံတိုသံစ အချွန်အတက်တွေနဲ့ တစ်ခါတစ်ရံ ဆေးထိုးအပ်တွေအထိ ပါလာ တတ်ပါတယ်။
ကိုသန်းဇော်အောင်ဆိုလျှင် လက်တွေ၊ ခြေထောက်တွေ မှာ ရှရာ ပြတ်ရာတွေ ဗရဗွနဲ့ အသားမာတွေ တက်နေတာကို တွေ့ ရပါတယ်။ အမှိုက်ရှာဖွေနေရင်း ခဏခဏ ဒဏ်ရာရတတ်တယ်လို့ သူက ပြောပြပါတယ်။
““ပုလင်းကွဲတွေ၊ ဆေးထိုးအပ်တွေရှိတယ်။ ဘယ်လောက် ပဲ ဖိနပ်စီးထားစီးထား၊ ထိုးခွဲလိုက်တာပဲ”” သူက ခြေထောက်တွေ၊ လက်တွေက ဒဏ်ရာတွေကို ပြရင်းဆိုပါတယ်။
တစ်ခါကဆို ခြေထောက်ကို ပုလင်းကွဲ ထိုးခွဲလိုက်တာ ကြောင့် တစ်ပတ်လောက် အလုပ်ကနေ နားလိုက်ရတယ်လို့ သူ က ပြောပြတယ်။ အဲဒီလို ဒဏ်ရာရတာတွေကြောင့် အမှိုက်ပုံထဲ ဆင်းတဲ့အခါ ဖိနပ်တွေ၊ အင်္ကျီလက်ရှည်တွေ ဝတ်ဆင်ကာ သတိ ထားရှာဖွေတယ်လို့ သူက ဆိုပါတယ်။
ရွာပြန်မယ်
အမှိုက်ပုံမှာ လာလုပ်တာ ခြောက်လလောက်ရှိပြီဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ကိုသန်းအေးဆိုရင်လည်း အဲဒီလို အန္တရာယ်တွေကြောင့် အလုပ်လုပ်တိုင်း အမြဲတမ်းသတိထား နေရတာပါ။ ဒါကြောင့် အမှိုက်ပုံဆင်းတိုင်း အင်္ကျီလက်ရှည် ဘောင်းဘီ၊ ဖိနပ်နဲ့ လက်အိတ်စွပ်ပြီး လုပ်ကိုင်တယ်လို့ ဆို ပါတယ်။
သူကတော့ အမြဲတမ်း အန္တရာယ်ကို သတိထားတဲ့အတွက် ကြီးကြီးမားမား ထိခိုက်တာ မဖြစ်ဖူးဘူးလို့ သူက ပြောပြတယ်။ တချို့ ဆေးထိုးအပ်ဆူးတဲ့သူတွေလည်း တွေ့ဖူးပြီး သုံးလအထိ နားလိုက်ရတဲ့ အဖြစ်တွေလည်း ရှိတယ်လို့ သူက ပြောပြပါတယ်။
သူကလည်း ယခင်က လယ်သမားတစ်ဦးပါပဲ။ ဦးတင်ဝင်း က သူ့အစ်ကိုအရင်းဖြစ်ပြီး တစ်ရွာတည်း နေထိုင်ကြတာပါ။ သူ တို့နယ်မှာ အလုပ်အကိုင်ရှားပါးတာကြောင့် ရန်ကုန်တက်လာ တာ ဖြစ်ပြီး သူ့အစ်ကို အဆက်အသွယ်နဲ့ ဒီအမှိုက်ပုံမှာ လုပ်ကိုင် ဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။
ဒီမှာတော့ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေပြီး ရွာမှာ ကျန်ခဲ့တဲ့ ကလေးတွေကို ထောက်ပံ့နိုင်တယ်လို့ဆိုပါတယ်။ လက်ရှိ ရန်ကုန်မှာ မိန်းမဖြစ်သူရယ် သမီးအငယ်ဆုံးကလေးနဲ့ အတူနေထိုင်နေပါတယ်။
ယခင် လယ်အလုပ်ကတော့ ပင်ပန်းပြီး ““ဒါလေးက နည်း နည်းသက်သာတယ်။ မပင်ပန်းဘူး။ မနက် လေးနာရီလောက်သွား ဆယ်နာရီလောက်ဆိုပြီးသွားပြီ။ တစ်ရက်ကို လင်မယားနှစ် ယောက်လုပ်တာ နှစ်သောင်းလောက်ရတယ်”” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ဒီမှာနေရတာကို သူက မပျော်ပါဘူး။ ငွေလေး အရင်းအနှီးရှိလာရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး လုပ်ကိုင်စား သောက်တော့မယ်လို့ သူ့မျှော်လင့်ချက်ကို ပြောပြပါတယ်။
““ရန်ကုန်မှာ အခြေမချဘူး။ ဒါက ကိုယ့်နေရာလည်း မဟုတ်ဘူး။ ခဏပဲလာတာ””
““အမှန်အတိုင်းပြောတဲ့ စကား၊ မလုပ်ချင်ဘူး””လို့ သူ့ခံ စားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။
လိုတရအမှိုက်ပုံ
ကိုသန်းအေးကတော့ ရွာပြန်ချင်ပေမယ့် လယ်သမားဘ၀ ကို စိတ်အနာကြီးနာခဲ့သူ။ သူ့အစ်ကို ဦးတင်ဝင်းကတော့ တစ်ရွာ မပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားကို လက်ကိုင်ထားလို့ ရွာမှာရှိတဲ့ လယ်တွေ၊ ခြံတွေကို ရောင်းချခဲ့ပြီး ရန်ကုန်မှာပဲ သင့် တော်နေရာမှာ အခြေချ နေထိုင်တော့မယ်လို့ ဆိုပါတယ်။
““ဒီမှာပဲ ကိုယ်နဲ့ သင့်တဲ့နေရာဝယ်နေဖို့ပဲ စဉ်းစားထား တယ်””လို့ သူက ဆိုပါတယ်။
ဒီအမှိုက်ပုံမှာ ရှာဖွေ စားသောက်နေကြသူတွေမှာလည်း လူအမျိုးမျိုး စိတ်အထွေအထွေရှိတာကြောင့် သင့်တင့်မျှတ အောင် နေထိုင်ရတယ်လို့ သူက ဆိုပါတယ်။ လုပ်ကိုင်စားသောက် သူ အချင်းချင်းလည်း မိသားစုစိတ်ဓာတ်နဲ့ ရိုင်းပင်းကူညီကြဖို့ လိုပြီး မရိုင်းပင်းကြရင် လုပ်ကိုင်စားသောက်ရတာ ခက်ခဲလာမှာ ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။
သူအကြောက်ဆုံးအရာကတော့ အမှိုက်ပုံမှာ ရန်တွေ ဘာတွေ ဖြစ်တဲ့အခါ အထက်လူကြီးတွေက ရှာဖွေခွင့်၊ လုပ်ကိုင် ခွင့်တွေ ပိတ်လိုက်မှာကိုပါ။ တစ်နေ့ကတင် ရန်ပွဲတစ်ပွဲကို ဖျန် ဖြေခဲ့ရသေးတယ်လို့ သူက ပြောပြတယ်။
““ဒီဟာကြီး ပျောက်သွားမယ်ဆိုရင်တော့ လုပ်စားနေတဲ့ လူတွေ အကုန်ဒုက်္ခရောက်မှာ””လို့ သူက ဆိုပါတယ်။
ဒီအမှိုက်ပုံမှာတော့ စားကြွင်းစားကျန်တွေကို ဝက်စာ၊ အိမ်သုံးဖို့ ထင်း၊ ဝါး၊ သံတိုသံစ၊ အဝတ်အထည် ၊ အသုံးအဆောင် ပစ္စည်းအဟောင်းတွေစသဖြင့် လိုချင်တာအကုန်ရပြီးကိုယ်လို အပ်တာကို ကိုယ်ရှာဖွေနိုင်တဲ့အတွက် လိုတရနေတဲ့ အနေ အထား ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် ဒီအမှိုက်ပုံကြီးဟာ အခြားသူတွေအတွက် အနံ့ တွေဘယ်လောက်ဆိုးပါစေ၊ လူတွေဘယ်လိုပဲထင်မြင်ကြပါစေ၊သူတို့အတွက်ကတော့ ““ဒါကြီးက ပဒေသာပင်ကြီးပဲ”” လို့ သူက ပြောပါတယ်။
#mawkun #magazine #chronicle #profile