ဇူလိုင်တတိယပတ်ရဲ့ အစိုးရရုံးပိတ်ရက်တနင်္ဂနွေနေ့မှာ ရန်ကုန် တိရ္ဆာန်ရုံဝင်းကြီးဟာ လာရောက်အပန်းဖြေတဲ့လူတွေ၊ တိရစ္ဆာန်တွေကိုလာကြည့်တဲ့လူတွေနဲ့ စည်ကားနေပါတယ်။ ကိုဇော်မင်းတစ်ယောက်ကတော့ မနက် အိမ်က ထွက်ကတည်း က ဒီလိုလူများများစားစားလာပြီး အပန်းလာဖြေကြပါစေလို့ ဆုတောင်းနေခဲ့တာပါ။ အခုတော့ သူ့ဆုတောင်းပြည့်သွားတယ် လို့ ဆိုရမှာပါ။
ကိုဇော်မင်းဟာ သူနေရာယူနေကျ ဆင်ရုံရှေ့မှာထိုင်လိုက် တယ်။ ပြီးတော့ လက်စွဲတော် သစ်သားသေတ္တာလေးကို ဖွင့်ပြီး ညက အိမ်မှာ ကြိုတင်ပြင်ဆင်လာတဲ့ သူရဲ့ရောင်းကုန်လေးတွေကို ခင်းကျင်းလိုက်တယ်။ လိုအပ်ရင် အဆင်သင့်ဖြစ်အောင် ကုန် ကြမ်းတွေလည်း သူ့သေတ္တာလေးထဲမှာ အသင့်ရှိနေပါတယ်။ သူ ထိုင်နေရင်းနဲ့ပဲ နောက်ထပ်ဆုတစ်ခုကို ထပ်တောင်းလိုက်ပါတယ်။
”ဒီနေ့လာတဲ့ လူတွေထဲမှာ ကလေးတွေ များများပါပါစေ”
သိပ်မကြာလိုက်ပါဘူး။ သူ့အနားမှာ ကလေးငယ်လေးတွေ ဝိုင်းအုံလာကြတယ်။ ကလေးငယ်တွေမေးတဲ့ မေးခွန်းတွေကို သူ ပြန်ဖြေပေးရင်းနဲ့ လက်ကလည်း အနားမရဘဲ ဆက်တိုက်လှုပ်ရှား နေရတယ်။ ဝိုင်းအုံနေတဲ့ ကလေးငယ်တွေထဲက တစ်ယောက်ကို သူ လှမ်းမေးတယ်။
”Pink ကာလာလေးနဲ့ ယူမှာလား၊ ဆံပင်လေးကရော ဘာအရောင်လေးလဲ”
သူ့အမေးကို ကလေးမလေးက အခုလိုပြန်ဖြေတယ်။
”အင်း…ဟုတ်တယ်၊ Pink လေးလုပ်ပေး။ ဆံပင်ကတော့ Yellow လေးလုပ်ပေးနော် ဦးလေး”
ဒီလိုမျိုး ကလေးတွေနဲ့ အပြန်အလှန် စကားပြောရင်း ကိုဇော်မင်းဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ကလေးတွေလိုချင်တဲ့ အရုပ် လေးတွေကို တစ်ခုပြီး တစ်ခု လုပ်ပေးနေပါတယ်။ကိုဇော်မင်းလုပ်ပေးနေတဲ့ အရာလေးတွေကတော့ ကလေးတွေအကြိုက် ကစားစရာအရုပ်လေးတွေဖြစ်ပါတယ်။ ပိုပြီးတိကျအောင်ပြောရရင် မြန်မာ့ရိုးရာကလေးကစားစရာ ဂျုံရုပ်လေးတွေကို လုပ်ပေးနေတာပါ။
အပျော့်ပန်းပု
ဂျုံရုပ်ဆိုတာကတော့ ကလေးအကြိုက် အရုပ်လေးတွေကို ဂျုံအရောင်စုံလေးတွေနဲ့ လိုအပ်တဲ့နေရာတွေမှာတပ်ဆင်ကာ ရုပ်လုံးဖော်ရတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ပန်း ဆယ်မျိုးထဲမှာ မပါပေမယ့် ပန်းပုထုသလို ရုပ်လုံးဖော်ရတာဖြစ်ပါ တယ်။ ဂျုံရုပ်လောကမှာတော့ ဒါကို အပျော့ပန်းပုလို့ တင်စားခေါ် ဝေါ်ကြပါတယ်။
ဒီပညာပေါ်လာတာဟာ အခုဆိုရင် နှစ် ၆ဝ ကျော်လောက် ရှိပြီလို့လည်း ဂျုံရုပ်လုပ်တဲ့သူတွေက ခန့်မှန်းကြပါတယ်။ ဒီဂျုံ ရုပ်လေးတွေ စတင်ခဲ့တုန်းကတော့ တိရစ္ဆာန်အရုပ်လေးတွေသာ ရှိခဲ့ပြီး ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ကလေးအကြိုက် ကာတွန်းဇာတ်ကောင်လေးတွေက ထပ်ပြီးနေရာယူလာပါပြီ။
ခေတ်မီ နိုင်ငံခြားဖြစ် ကလေးကစားစရာ အရုပ်လေးတွေနဲ့ ယှဉ်ရင်တော့ ဂျုံရုပ်လေးတွေက မတူညီတဲ့ ခံစားမှုရသတွေကို ပေးနေဆဲပဲဖြစ်ပါတယ်။ မတူညီတဲ့ခံစားချက်ဆိုတာကတော့ ကလေးတွေက သူတို့မျက်စိရှေ့မှာပဲ သူတို့ကြိုက်တဲ့ အရုပ်လေး တွေကို ပုံဖော်ပြီးရယူရတာကို ရယ်ဒီမိတ် အရုပ်တွေထက် ပိုပြီး တန်ဖိုးထားနှစ်သက်ကြပါတယ်။
ဂျုံရုပ်လုပ်တဲ့သူတွေ အသုံးပြုတဲ့ အခြေခံကုန်ကြမ်း အရောင်တွေကတော့ အမည်းရောင်၊ အပြာရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်တို့ဖြစ်ပါတယ်။ အဲဒီအခြေခံအရောင် ငါးမျိုးကို ပေါင်းစပ်ပြီး လိုအပ်သလို အရောင်တွေကို ထုတ်ယူကြ တာပါ။
ဒီဂျုံရုပ်လုပ်တဲ့အလုပ်ကို ကိုဇော်မင်းလုပ်လာတာဟာ အခုဆိုရင် ဆယ်နှစ်ကျော်ပြီဖြစ်ပါတယ်။ သူတို့လောကမှာတော့ ဂျုံမင်းသားလို့ လူသိများတဲ့ ကိုဇော်မင်းဟာ အရပ် ငါးပေ ငါး လက်မလောက်ရှိပြီး ခန္ဓာကိုယ် ပြည့်ပြည့်တင်းတင်းနဲ့ အသားက ခပ်ညိုညိုပါ။ အသက်က ၂၉ နှစ်ဆိုသော်ငြားလည်း ဝမ်းရေး အတွက် ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားရုန်းကန်ခဲ့ရလို့ သူ့ရုပ်ရည် ဟာ လက်ရှိအသက်ထက် ပိုကြီးနေသယောင် ထင်ရပါတယ်။
သူက ဂျုံရုပ်လေးတွေကို ကျောင်းဖွင့်ရက်တွေမှာ လှည့် လည်ရောင်းချပါတယ်။ ကျောင်းပိတ်ရက်တွေမှာတော့ တိရစ္ဆာန် ရုံထဲမှာ ရောင်းချပါတယ်။ ကျောင်းတွေမှာတော့ ဂျုံရုပ်တစ်ရုပ်ကို ၃ဝဝ၊ ၅ဝဝ စသဖြင့် ရောင်းချပြီး တိရစ္ဆာန်ရုံမှာတော့ တစ်ရုပ်ကို ၅ဝဝ နဲ့ ရောင်းချပါတယ်။ ကိုဇော်မင်းရဲ့ ဒီဂျုံရုပ်လေးတွေ ရောင်း လို့ရတဲ့ဝင်ငွေကတော့ ပုံမှန်နေ့တွေမှာ ကျပ်တစ်သောင်းကျော် လောက် ဝင်ငွေရှိပြီး ဈေးရောင်းကောင်းတဲ့ နေ့တွေဆိုရင် လေး သောင်းလောက်အထိ ရရှိတတ်တယ်လို့ဆိုပါတယ်။
”လူစည်တဲ့နေရာတွေဆိုတာနဲ့ သေတ္တာဖွင့်ပြီး ရောင်းလို့ ရပြီ။ ကိုယ့်မှာက အတွေ့အကြုံတွေ၊ လုပ်သက်တွေရှိလာတော့ နေရာ မရွေးတော့ဘူး”လို့ ကိုဇော်မင်းက ပြောပြပါတယ်။
အခုအချိန်မှာ ကိုဇော်မင်းဟာ ပြောလာတဲ့အရုပ်မှန်သမျှ ကို သူလိုက်ပြီးလုပ်တတ်နေပါပြီ။ ဒီလိုလုပ်နိုင်ဖို့လည်း အမြဲလေ့ လာ လေ့ကျင့်ခဲ့ရတာ ဖြစ်ပါတယ်။
”စစလုပ်ချင်းတုန်းက ဝယ်သူရဲ့စိတ်ကြိုက်တွေကို မလုပ် နိုင်ခဲ့ဘူး။ ဒီလိုမလုပ်နိုင်တော့ ပိုက်ဆံမရဘူး”လို့ ကိုဇော်မင်းက ဒီလုပ်ငန်းလေးကို စလုပ်ခဲ့တုန်းက အတွေ့အကြုံလေးကို ပြောပြ ပါတယ်။
ကိုဇော်မင်း အခုလို လက်မှုပညာအရုပ်လေးတွေကို မလုပ် ခင်အချိန်ကတော့ သမ္ဗန်မောင်းတဲ့ သူတစ်ယောက်ပါ။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းနဲ့ ရန်ကုန်ဘက်ကို မနက်ကနေ ညနေအထိအသွားအပြန် သမ္ဗာန်မောင်းပါတယ်။
အဲဒီအချိန်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့။ သမ္ဗန်မောင်းလို့ မရတဲ့နေ့တွေဆိုရင်တော့ အိမ်မှာ အိပ်နေရုံက လွဲပြီးလုပ်စရာ အလုပ်ရယ်လို့ ဘာမှမရှိပါဘူးတဲ့။ နောက်တော့ ဖခင်ဖြစ်သူရဲ့လမ်းညွှန်မှုနဲ့ ဒီအရုပ်လုပ်တဲ့ပညာကို သူ့အဖေသူငယ်ချင်းဆီကနေ စပြီး သင်ယူခဲ့ပါတယ်။ စသင်တုန်းကတော့ ကိုဇော်မင်းက သူရဲ့အစ်ကို ကိုအောင်ဇော်မင်းနဲ့ အတူသင်ကြားခဲ့တာဖြစ်ပါတယ်။
”အဖေသင်ခိုင်းလို့သာ ဒီပညာကိုသင်ထားရတာ။ ဒါကိုလုပ်ဖြစ်မယ်လို့ လုံးဝမရည်ရွယ်ခဲ့ဘူး။ အခုအချိန်မှာတော့ အဖေ့ရဲ့ အမြော်အမြင်ကြီးမှုကြောင့်ပဲ မိသားစု အဆင်ပြေပြေနေနိုင်နေတာ”လို့ ကိုဇော်မင်းက ပြန်ပြောပြပါတယ်။သူတို့မိသားစုထဲမှာ ဒီအရုပ်လုပ်တဲ့ ပညာနဲ့စပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့သူဟာ ကိုဇော်မင်းပါပဲ။ အရုပ်စရောင်းတဲ့နေရာကတော့ ကြည့်မြင်တိုင် ထီးတန်းဈေးမှာပါ။ တာထွက်လည်း ကောင်းတော့ သူ ဒီအလုပ်ကိုပဲ သက်သောင့်သက်သာလုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အစကနဦးတုန်းက သူဟာ ကြည်မြင့်တိုင်၊ အလုံ၊ စမ်းချောင်းစတဲ့ မြို့နယ်တွေမှာပဲ ကျင်လည်ပြီး ရောင်းချနေခဲ့တာပါ။အဲဒီအချိန်မှာ သူသိလာရတာက တခြားလူစည်တဲ့ နေရာတွေမှာဆို ဝင်ငွေက ဒီထက်နှစ်ဆနီးပါးလောက်ရှိတယ်လို့ သူသိလာရပါတယ်။
ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ် ဆင်ရုံရှေ့၌ တွေ့ရသော ကိုဇော်မင်း။ ဓာတ်ပုံ – ကောင်းမြတ်မိုး/မော်ကွန်း မဂ္ဂဇင်း
စိန်ခေါ်ခံရခြင်း
ဒီလိုနဲ့ လုပ်သက် ငါးလကျော်ကျော်လောက်ကြာတဲ့အချိန်မှာ တခြားနေရာတွေကို ဈေးကွက်ချဲ့ဖို့ သူကြိုးစားပါတော့တယ်။အဲဒီနေ့က သူ့အတွက်တော့ အမှတ်ရစရာ အကောင်းဆုံးနေ့၊စိတ်ညစ်စရာအကောင်းဆုံးနေ့၊ ဒီအလုပ်ကိုတောင် စွန့်လွှတ်လိုက်ဖို့ ပထမဆုံး ဆုံးဖြတ်မိတဲ့နေ့ဆိုလည်း မမှားပါဘူးတဲ့။ အဲဒီနေ့ကဖြစ်ရပ်ကို သူ လုံးဝမမေ့နိုင်ဘူးတဲ့။
အဲဒီနေ့ကကိုဇော်မင်း ဟာ အရုပ်သေတ္တာလေးကိုကောက ်လွယ်ပြီး သီရိမြိုင်ဘူတာရုံအနီးက မာလာမြိုင် ၃ လမ်းထိပ်မှာနေရာယူရောင်းချမယ်လို့ သူစီစဉ်လိုက်ပါတယ်။ အဲဒီနေရာကကလေးတွေ ကျောင်းအသွားအပြန်ရှိပြီး လူလည်း တော်တော်စည်တယ်လို့ သူတို့အသိုင်းအဝိုင်းထဲက သတင်းတွေအရ သိထားတာပါ။
မနက်ပိုင်း အိမ်ကထွက်တော့ အမေပေးလိုက်တဲ့ လမ်းစရိတ် ၅ဝဝ နဲ့ သူထွက်လာပါတယ်။ ဒီနေ့အတွက်အပိုင်ပဲလို့တွေးပြီး သူအပျော်ကြီးပျော်နေတာပေါ့။ လှေတစ်တန်၊ ရထားတစ်တန်၊ ကားတစ်တန်နဲ့ သူရောင်းမယ့်နေရာကို ရောက်လာတယ်။ အချိန်ကလည်း စောသေး၊ မိုးကလည်း နည်းနည်းလေးရွာစပြုနေတာကြောင့်ပဲ ရပ်ကွက်ထဲလှည့်ပတ်ကြည့်ရင်း ပိုတဲ့ပိုက် ဆံ ၃ဝဝ နဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ လက်ဖက်ရည်တစ်ခွက်သောက်၊ ဆေးလိပ်ဖွာရင်း ဒီနေ့အတွက် ဘာအရုပ်လုပ်မယ်ဆိုတာ စဉ်းစားတွေးတောနေတယ်။
မိုးတိတ်ချိန်မှာ နယ်မြေအသစ်မှာ စပြီးလှုပ်ရှားဖို့ သူ ခြေလှမ်းစလှမ်းလိုက်ပါတယ်။ မာလာမြိုင် ၃ လမ်းထိပ်ကို ချီတက်ခဲ့ပါတယ်။ သူသွားချင်တဲ့နေရာကိုတော့ ရောက်ပါပြီ။ သူကြားထားတဲ့အတိုင်းပဲ လူတွေလည်း တော်တော် စည်စည်ကားကားရှိနေပါ တယ်။ သူ့တွက်ကိန်းမှန်သွားပြီလို့လည်းထင်လိုက်ပါတယ်။ဒါကြောင့် သူ့သေတ္တာလေးကို ခင်းကျင်းပြီး အိမ်က ကြိုတင်ပြင်ဆင်လာတဲ့ ကြက်တူရွေး၊ ယုန်၊ ဝက်ဝံ စတဲ့အရုပ်တွေကိုခင်းကျင်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူမျှော်လင့်မထားတဲ့ကိစ္စတစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။
သူ့ရဲ့မျက်စောင်းထိုးနေရာမှာ ဂျုံအရုပ်လောကရဲ့ နာမည်ကြီး မိုင်နိုးတူးဆိုတဲ့ အရုပ်သည်တစ်ယောက် ထပ်ရောက်လာပါတယ်။ ဒါဟာ သူ့အတွက်တော့ နေရာတစ်ခုမှာ ပြိုင်ဘက်တစ်ယောက်နဲ့ ယှဉ်ပြိုင်ရတာ ပထမဆုံးပါပဲ။အဲဒီအချိန်မှာပဲ သူနားအခါးဆုံး စကားသံတစ်ခုကို ကြားလိုက်ရပါတယ်။ ”ဒီဦးလေးကြီးအရုပ်တွေက ဟိုဘက်က ဦးလေးကြီးအရုပ်တွေလောက်လည်း မလှဘူး”ဆိုတဲ့ စကားသံတွေကိုကလေးတွေတော်တော်များများ ပြောသွားကြတာပါ။ဒါပေမဲ့ သူ အားမလျှော့သေးပါဘူး။ ဆက်ရောင်းနေပါသေးတယ်။ အရုပ်တွေလုပ်ရင်း ဗိုက်ကလည်း ဆာ၊ ဈေးဦးလည်းမပေါက်သေး၊ ပိုက်ဆံကလည်းမကျန်တော့ အရုပ်လုပ်ရင်းနဲ့ပဲဂျုံတွေကို ပြန်စားလိုက်၊ အရုပ်လုပ်လိုက်နဲ့ပဲ အဲဒီနေ့က အရုပ်တစ်ရုပ်မှ မရောင်းခဲ့ရဘဲ ပစ္စည်းတွေကို သိမ်းဆည်းလိုက်ရပါတယ်။ ပြီးတော့ ရထားခိုးစီးပြီး အိမ်ပြန်ခဲ့ရပါတယ်။
”ရောင်းချင်စိတ်တောင်မရှိတော့ဘူး။ ဒီပညာကိုလည်းစွန့်လွှတ်ရင် စွန့်လွှတ်ပစ်လိုက်မယ်။ ခွန်အားနဲ့ပဲ ရင်းစားတော့မယ်လို့ပဲတွေးနေမိခဲ့တာ အဲဒီအချိန်တုန်းက”လို့ ကိုဇော်မင်းကပြန်ပြောပြပါတယ်။နောက်နေ့တွေမှာလည်း ကိုဇော်မင်းဟာ အလုပ်မထွက်ဖြစ်တော့ဘဲ အိမ်ထဲမှာပဲအောင်းပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံး ကိုဇော်မင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ဂျုံအရုပ်လုပ်တဲ့ပညာကို သူ ဒီထက်မက လေ့ကျင့်ပါတယ်။
ရန်ကုန်ဘက် တက်မရောင်းတော့ဘဲ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက စက်ဆန်း၊ အေးရွာတို့ဘက်မှာပဲ အရုပ်တစ်ခု ၅ဝ ကျပ်၊ ၁ဝဝကျပ်လောက်အထိ လျှော့ချပြီး ရောင်းချပါတော့တယ်။”အတွေ့အကြုံကို ဒီလိုပဲပြန်ယူရတာပေါ့။ သူများတွေတစ်ရုပ် ၃ဝဝ ရောင်းတဲ့အချိန်မှာ ၅ဝ၊ ၁ဝဝ လောက်နဲ့ လျှော့ရောင်းတယ်။ မြို့ပေါ်တက်မရောင်းရဲတာလည်းပါတာပေါ့”လို့သူက ပြောပြပါတယ်။
ဒီလိုကြိုးစားခဲ့လို့ပဲ လက်ရှိအချိန်မှာ ဂျုံမင်းသားဆိုတဲ့နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။ကိုဇော်မင်းဟာ ဒီလောက်နဲ့ပဲ တင်းတိမ်ရောင့်ရဲနေတာမဟုတ်ပါဘူး ။ ဂျုံရဲ့အရည်အသွေးတွေကိုလည်း ရက်ကြာရှည်ခံဖို့နည်းစနစ်တွေကို ရှာဖွေပါတယ်။ကိုဇော်မင်းတို့ ဂျုံရုပ်ကို စလုပ်ပြီး ရောင်းတဲ့အချိန်မှာဂျုံရုပ်သက်တမ်းက တစ်ရက်သာဖြစ်ပါတယ်။ တစ်ရက်ပြည့်ရင်ကွဲခြောက်ပျက်စီးသွားပါတယ်။ သူ စဉ်းစားပါတယ်၊ စုံစမ်းပါတယ်၊ မေးမြန်းပါတယ်၊ ရှာဖွေပါတယ်။ အခုအချိန်မှာ အရုပ်သက်တမ်းက တစ်ပတ်ကျော်လောက်ထားလို့ရနေပါပြီ။ လေလုံအောင်ထားမယ်ဆိုရင်တော့ နှစ်လနီးပါးအထိခံအောင် ထားနိုင်နေပြီဖြစ်ပါတယ်။
နံပါတ်တစ်ဓားသမား
ကိုအောင်ဇော်မင်းက သူ့ညီကို အခုလိုမှတ်ချက်ပြုပါတယ်။”သူ့ကို နံပါတ်တစ်ဓားသမားလို့ နောက်ကြတယ်။ ဒီကောင်က တော်တော်လေးကို စူးစမ်းတယ်။ ဂျုံခံအောင် ရှာဖွေပြီး စမ်းသပ်တယ်။ မအောင်မြင်ခင်ကတော့ ဂျုံခဏခဏပျက်လို့ဈေးရောင်းမထွက်ရတဲ့ နေ့တွေ တော်တော်များတယ်”ကိုဇော်မင်းဟာ သူ့မိသားစုဝမ်းရေးအတွက် လုပ်နေပေမယ့်လည်းသူ့ရဲ့ဖောက်သည် ကလေးတွေအပေါ်က ိုအလေးထားဆက်ဆံပါတယ်။ ကလေးတွေနဲ့ လုပ်ရတဲ့ အလုပ်ဖြစ်တဲ့အတွက်စိတ်ချမ်းသာရတယ်လို့ ပြောပါတယ်။
ကိုဇော်မင်းကို ဂျုံမင်းသားဆိုတဲ့ နာမည်တစ်ခုနဲ့ ရပ်တည်နိုင်အောင် တွန်းအားတွေပေးခဲ့တာဟာ သူ့ရဲ့ဖောက်သည ်ကလေးတွေလို့ပြောရင် မမှားပါဘူး။ ကလေးတွေရဲ့ အားမနာစတမ်းဝေဖန်မှုတွေနဲ့ပဲ သူ့ရဲ့လက်ရာကိုတဖြည်း ဖြည်း လေကျင့်သင်ယူခဲ့ဖြစ်ပါတယ်။
အရင်အချိန်တွေတုန်းက သူ့လက်ရာဟာ ကလေးတွေလက်ခံနိုင်တဲ့အခြေအနေသာရှိခဲ့ပြီး အခုအချိန်မှာတော့ လူကြီးတွေကပါ လက်ခံတဲ့ အခြေအနေရောက်လာပြီလို့လည်း ပြောပြပါတယ်။ကိုဇော်မင်းက ကာတွန်းကားတွေကို ညစဉ်ကြည့်ပြီးကလေးတွေအကြိုက် အရုပ်တွေကို ညစဉ်လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
”လူကြီးတွေက အားနာလို့ ဝယ်ပေးပြီး ကလေးတွေကမလှတဲ့ကျွန်တော့်အရုပ်တွေကိုအောင့်သက်သက်နဲ့ယူသွားတာတွေ ကြုံခဲ့ဖူးတယ်”လို့ သူက ပြောပြပါတယ်။ပိုက်ဆံမတတ်နိုင်တဲ့ ကလေးငယ်တွေအတွက် သူတို့လိုချင်တဲ့ ကာတွန်းအရုပ်လေးတွေကို ဈေးနည်းနည်းနဲ့ သူတို့ကစားနိုင်အောင်လည်း ဖန်တီးနိုင်တဲ့အတွက် ပီတိဖြစ်မိတယ်လို့ သူကပြောပါသေးတယ်။
”ပလတ်စတစ်အရုပ်တွေဆို လူတန်းစားတစ်ခုလောက်ပဲဝယ်ပြီး ကစားနိုင်တာ။ ကျွန်တော်တို့ အရုပ်လေးတွေက ဆင်ခြေဖုံးက ကလေးတွေကအစ ကစားနိုင်တယ်။ ဆင်ခြေဖုံးတွေရောကရ် င ်တစ်ရုပ်ကို ၂ဝဝ လောက်နဲ့ပဲ ရောင်း ပေးလိုက်တယ် ‘လို့ သူက ဆိုပါတယ်။ကိုဇော်မင်းဟာ ဂျုံရုပ်လုပ်တဲ့ပညာနဲ့ အသက်မွေးနေတဲ့တစ်ချိန်တည်းမှာ ဒီပညာကို သူ့မိသားစုတွေကို မျှဝေနေပါတယ်။ကိုဇော်မင်းနဲ့ ဆရာတူတပည့်လို့ ပြောလို့ရတဲ့ သူရဲ့အစ်ကိုကိုအောင်ဇော်မင်းနဲ့ပေါင်းပြီး မိသားစုထဲက ညီအစ်ကို၊မောင်နှမတွေကို သင်ကြားပေးခဲ့ပါတယ်။
အခုဆိုရင် မိသားစုထဲမှာ ခုနစ်ယောက်ဟာ အဲဒီဂျုံရုပ်လုပ်တဲ့ ပညာနဲ့ အသက်မွေးနေကြပါပြီ။ အဲဒီခုနစ်ယောက်ကနေသူတို့မိသားစုတွေကို ပြန့်ပွားဖို့ကိုလည်း လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ ဂျုံရုပ်အနုပညာရှင်မိသားစုကို’ဂျုံမီးပွားအဖွဲ့’ဆိုပြီး လက်ဦး ဆရာက နာမည်ပေးထားတာ ဖြစ်ပါတယ်။
”အိမ်မှာ သမီးဆိုရင် လေးတန်းပဲရှိသေးတယ်။ အခြေခံပိုင်နေပြီ။ သုံးမျိုးလောက် ကောင်းကောင်းလုပ်နိုင်တယ်။ သူ့အမေလည်း ဒီပညာ သင်ထားတယ်”လို့ ကိုဇော်မင်းက ပြောပါတယ်။ဂျုံမီးပွားအဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့ နေရာအသီးသီးမှာရှိတဲ့ ကလေးတွေအတွက် လှုပ်ရှားနေကြပါတယ်။ ကိုအောင်ဇော်မင်းက မြေနီကုန်း Happy Zone ကစားကွင်းမှာ၊ ကိုဇော်မင်းကတိရစ္ဆာန်ရုံမှာ၊ မဌေးဌေးနဲ့ သူ့အမျိုးသား ဝင်းထွဋ်ဝင်းကလည်းတိရစ္ဆာန်ရုံဝင်းထဲမှာပဲ ရှိနေပါတယ်။ အငယ်ဆုံးညီ ကိုအောင်ကျော်ကတော့ ပြည်သူ့ရင်ပြင်အတွင်းမှာ စနေ၊ တနင်္ဂနွေရက်တွေမှာ ကလေးတွေအတွက် အသင့်စောင့်မျှော်နေကြပါတယ်။
ဂျုံမီးပွားအဖွဲ့ကတော့ သူတို့ဟာ အနုပညာသည်တွေလို့ပဲခံယူထားပါတယ။် သူတို့ဟာလမ်း ပေါ်က အနုပညာသည်တွေလို့ပြောကြပါတယ်။ သူတို့မှာ အနုပညာမာနတွေလည်း ကိုယ်စီရှိကြပါတယ်။ သူတို့ ပညာကို ကဲ့ရဲ့ပြောဆိုတာတွေဆိုရင်တော့ လုံးဝလက်မခံပါဘူး။
ကိုဇော်မင်းရဲ့ ညီမ အငယ်ဆုံးဖြစ်တဲ့ မဌေးဌေးက ”လမ်းဘေးဈေးသည်ဆိုပြီး နှိမ်ချင်ကြတယ်။ လမ်းပေါ်က အနုပညာရှင်တွေပါ။ ဒီအနုပညာကလည်း တန်ဖိုးရှိပါတယ်”လို့ ဆိုတယ်။ကိုဇော်မင်းကတော့ သူ့ရဲ့အနာဂတ်အိပ်မက်ကို ပြောပြပါသေးတယ်။
ဂျုံမင်းသားရဲ့ အိပ်မက်
အခုဂျုံရုပ်လေးတွေကို မြန်မာ့လက်မှုပညာတစ်ခုအဖြစ်နိုင်ငံခြားသားတွေက တော်တော်လေးကို စိတ်ဝင်စားကြတယ်။ဒီထက်ပိုပြီး စိတ်ဝင်စားနိုင်အောင်လည်း သူက လုပ်ချင်နေပါသေးတယ်။ အခု နှစ်လခံသက်တမ်းရှိတဲ့ အရုပ်လေးတွေကို တစ်နှစ်လောက်ခံတဲ့အထိ သက်တမ်းကို ဆွဲဆန့်ချင်နေပါတယ်။”အခု တစ်နှစ်သက်တမ်းခံအောင်လုပ်နိုင်လောက်မယ့်နည်းကို ရှာတွေ့ထားတယ်။ အရင်းအနှီးများလို့ မစမ်းနိုင်သေးဘူး။ မိသားစုစားဝတ်နေရေးကလည်း ရှိသေးတာကိုး။ အဲဒီဘက်ကိုမလှည့်နိုင်သေးဘူး။ တစ်ချိန်ချိန် သေချာပေါက်လုပ်မယ်”လို့ သူက ကြွေးကြော်ပါတယ်။
သူ့အရုပ်လေးတွေကို ကြာရှည်ခံအောင်လုပ်ပြီး ဆိုင်တွေပေါ်မှာ တင်ရောင်းချင်တယ်။ ဟိုတယ်တွေရဲ့ စားပွဲခုံပေါ်မှာ အရုပ်လေးတွေ အလှထားနိုင်အောင်လုပ်ချင်တယ်။ ဒီလိုဖြစ်ခဲ့ရင်နိုင်ငံခြားသားတွေ စိတ်ဝင်စားမှုရရှိအောင် မြန်မာရိုးရာ မင်းသား၊ မင်းသမီး၊ ထိုင်မသိမ်းအရုပ်လေးတွေကို အနုစိတ်လုပ်နိုင်အောင်လည်း လေ့ကျင့်ထားတယ်လို့ ကိုဇော်မင်းက ဆိုပါတယ်။
အရည်အသွေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်တင်ကာနိုင်ငံခြားသားတွေ အိမ်ပြန် အမှတ်တရလက်ဆောက်အဖြစ် ယူသွားနိုင်အောင်လည်း ကိုဇော်မင်းက လုပ်ချင်နေပါတယ်။ဂျုံရုပ်လုပ်တဲ့ပညာ ဖွံ့ဖြိုးလာအောင်၊ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကိုဇော်မင်းတို့က ကြိုးစားနေပေမယ့် ဒီလုပ်ငန်းရဲ့အနာဂတ်နဲ့ပတ်သက်ရင်တော့ ဘယ်သူမှ တိတိပပ မခန့်မှန်းနိုင်ကြပါဘူး။
လက်ဆင့်ကမ်းသယ်ဆောင်မယ့်သူတွေကလည်း ဘယ်လောက်ထပ်တိုးလာမှာလဲ၊ ကလေးတွေကရော ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ဒီလိုဂျုံရုပ်လေးတွေပေါ်မှာထားတဲ့သူတို့ရဲ့ စိတ်နေသဘောထားတွေကရော ဘယ်လိုပြောင်းလဲသွားနိုင်သလဲ။
အထက်ပါမေးခွန်းတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ ကြိုတင်ပြောဆိုနိုင်စွမ်းမရှိပေမယ့် ကိုဇော်မင်းကတော့ဘယ်လုပ်ငန်းတွေ ဘယ်လောက်ကောင်းနေပါစေ၊ ဒီအရုပ်တွေကိုပဲ ဆက်လုပ်သွားပြီး ဒီအရုပ်လေးတွေရဲ့ အရည်အသွေးကိုတစ်ဆင့်ချင်းဆက်လက်မြှင့်တင်သွားမယ်လို့ စိတ်ကူးထားပါတယ်။ကိုဇော်မင်းက သူ့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို အခုလိုပြောပါတယ်။”ထီပေါက်လို့ ချမ်းသာရင်တောင် ကားနဲ့ တင်ပြီး ဒီဂျုံရုပ်တွေကို ဆက်ရောင်းမယ်။ လမ်းပေါ်က အနုပညာသည်ဆိုတော့ထီပေါက်လို့ချမ်းသာရင်တောင် လမ်းပေါ်မှာပဲ ဆက်နေ မယ်ဗျို့။ ။
၂၀၁၄၊အောက်တိုဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၇)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်ပါသည်။
ကောင်းမြတ်မိုး ရေးသည်။

