အမှန်တရားဘက်တော်သားဗိုလ်တိုက်မောင်း

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Profile ဖြစ်ပါသည်

သက်ဦးမွန် ရေးသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က မီဒီယာများတွင် သတင်းလူသားတစ်ဦး ဟိုးလေးတကျော် ပေါ်ထွက်ခဲ့သည်။ သူသည် အမှန်တရားအတွက် မည်သူ့ကိုမှ ကြောက်ရွံ့မနေဘဲသူယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်၏။ ထို့အတွက်လည်း ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။ သူလုပ်ကိုင်သည့် အဖွဲ့အစည်းမှလည်း ထုတ်ပယ်ခံခဲ့ရ၏။

ထိုဖြစ်ရပ်အပြီး သူ့ကို ပြည်သူလူထုက အမှန်တရားဘက်တော်သားအဖြစ် လေးစားဂုဏ်ပြုခဲ့ကြသည်။ သူ့အဖွဲ့အစည်းအတွက်မူ သူကသိုးမည်းတစ်ကောင်ဖြစ်ခဲ့ရလေသည်။ ရင်းနှီး၍ မှန်ကန်သော အမြင်ရှိသည့် သူငယ်ချင်းအချို့ကသာ ယနေ့အချိန်ထိ သူ့ကို ခင်မင်ရင်းစွဲ ဆက်ဆံမပြတ်ရှိခဲ့၊ လေးစားခဲ့ကြ၏။ အများစုကမူ သူနှင့် ပတ်သက်ဆက်ဆံလျှင် သူတို့ကို တစ်စုံတစ်ရာ ထိခိုက်မည် စိုးရိမ်သောကြောင့် အဆက်အဆံ မလုပ်ကြတော့ချေ။

သူကား သတင်းစာဆရာ နှစ်ဦးဖြစ်သော ကိုဝလုံး ခေါ် သက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးအား ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းကို သတင်းမီဒီယာများအား ထုတ်ဖော်ပြောကြားခဲ့သူ ဒုရဲမှူးဟောင်း မိုးရန်နိုင်ပင် ဖြစ်သည်။ ရဲဝန်ထမ်းဖြစ်စဉ်က လုပ်ဖော်ကိုင်ဖက်များနှင့် အရာရှိတို့က သူ၏ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ခြေမြန်လက်မြန် တိုက်ခိုက်ဖမ်းဆီးတတ်မှုကို အကြောင်းပြုပြီး သူ့ကို ဗိုလ်တိုက်မောင်းဟုလည်း ခေါ်ဝေါ်ကြ၏။

သူနှင့်ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းတွင် တွေ့ဆုံခွင့်ရခဲ့သည်။ သူနေထိုင်ရာ အညာဒေသ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့သို့ သွားရောက် တွေ့ဆုံခဲ့ခြင်းပင်ဖြစ်သည်။ အသားခပ်ညိုညို ကျစ်လျစ်ကိုယ်ဟန်ရှိသော အသက် ၄၉ နှစ်အရွယ် ဒုရဲမှူးဟောင်းက လက်ရှိတွင် မိသားစုနှင့်အတူ အိမ်ဆိုင်လေးဖွင့်ကာ အေးအေးလူလူနေထိုင်လျက်ရှိသည်။

သူကမူ ငွေကြေးတံစိုးလက်ဆောင်တွေနှင့် ကင်းအောင် နေခဲ့သလောက် မကင်းနိုင်ကြသည့် အချို့သော ရဲဝန်ထမ်းတွေ အကြောင်းကအစ၊ ခံစားခွင့် ထောက်ပံ့မှုနည်းပါးတာကြောင့် အဂတိသံသရာလည်ပုံတွေနှင့် အမှုစစ်စဉ်က ကြမ်းတမ်းခက်ထန်သော တရားခံတွေနှင့် ရင်ဆိုင်ရပုံတွေအလယ်၊ အမှန်တရားအတွက် ပေးဆပ်လိုက်ရသော သူ့ဘဝ၊ သူ့မိသားစုဒုက္ခတွေအဆုံး နာရီအတော်ကြာအောင် သူက ပြန်လည်ပြောပြခဲ့လေသည်။

ဈေးရောင်းရင်း ကျောင်းတက်

အိမ်တွင် မိုးနိုင်ဟုခေါ်သော ကိုမိုးရန်နိုင်သည် ငယ်စဉ်ကပင် ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ သမဝါယမဦးစီးဌာနတွင် ဌာနခွဲစာရေးကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဖခင်ဖြစ်သူ၏ လစာက သူတို့မောင်နှမကိုးယောက်ကို လုံလောက်အောင် ပညာသင်ပေးဖို့၊ ကျွေးမွေးဖို့ မတတ်နိုင်ခဲ့ချေ။ ထို့ကြောင့် ကျောင်းနေအရွယ်ကတည်းက မိခင်ဖြစ်သူ ဈေးရောင်းရာနောက်သို့ လိုက်ပြီး ကူညီဈေးရောင်းပေးခဲ့ရသည်။

“ငယ်ဘဝ မှတ်မှတ်ရရကတော့ ဆင်းဆင်းရဲရဲနေရတာ အမှတ်ရစရာပဲ” ဟု သူက ဆိုသည်။

သူတက်သည့် ခင်ဦးမြို့ မူလတန်းကျောင်းမှာပင် အမေနှင့် အတူကပ်စေးနှဲ၊ မုန့်ပဲသရေစာမျိုးစုံကို ခုနစ်တန်းအထိ ကူညီ ရောင်းချပေးရင်း ကျောင်းတက်ခဲ့ရသည်။ ရှစ်တန်းတွင်တော့ အစိုးရစစ် စာမေးပွဲဖြေရမည် ဖြစ်သောကြောင့် ဈေးရောင်းခြင်းမှ တစ်နှစ်တာ အနားရခဲ့သည်။ သူ့မောင်နှမတွေလည်းသူ့လိုပင်  အမေနှင့် ဝိုင်းဝန်း ဈေးကူရောင်းကြရသည်။

ရှစ်တန်းစာမေးပွဲပြီးတော့ ဈေးရောင်းရပြန်သည်။ ထိုမျှမကသေး နွေရာသီကျောင်းပိတ်ရက်များတွင် မိသားစု စားဝတ်နေရေးအတွက် ရေခဲချောင်းလည်းရောင်းသည်။ လက်ဖက်ရည် ဆိုင်မှာလည်း စားပွဲထိုးသည်။ ရွှေဘိုမြို့တွင် ရေစည်လှည်းတိုက်ပြီးလည်း ရေရောင်းလိုက်သေးသည်။

၁၀ တန်းအောင်သည့်အခါမှာတော့ ထိုအလုပ်တွေမှ အနားရသည်။ ထိုစဉ်က သူ့အသက် ၁၈နှစ်သာသာ။ ထိုအချိန်တွင် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုအဖြစ် ကျောင်းဆရာ အလုပ်ခေါ်တော့ ရေးဖြေ၊ နှုူတ်ဖြေ ဝင်ဖြေခဲ့၏။ ဝင်ခွင့်အောင်ပြီး မြစ်ကြီးနားတွင်ရှိသောဆရာအတတ်သင်ကျောင်းတွင် တစ်နှစ်တက်ပြီး ကျောင်းဆရာဖြစ်ခဲ့သည်။

တာဝန်ကျသည့်နေရာက ခင်ဦးမြို့နယ်အတွင်းက ရွာတွေမှာပဲဖြစ်သည်။ ထိုခေတ်က စက်ဘီးကလေးတစ်စီးနှင့် တာဝန်ကျရာ ကျေးရွာတွေဆီ စာသင်ပြရသည်။ ကျောင်းမှ ပြန်လာတော့လည်း အနားမနေ ကျူရှင်သင်သည်။ ဂိုက်လုပ်သည်။ ထိုစဉ်က ဝင်ငွေလည်းမဆိုး။ သူ့အတွက် အထိုက်အလျောက် အဆင်ပြေခဲ့သည့် နှစ်ကာလတွေ ဖြစ်ခဲ့သည်။

“ကျောင်းဆရာက ပိုအဆင်ပြေသေးတယ် ပြောရမယ်” ဟု ကိုမိုးရန်နိုင်က ရယ်ရယ်မောမောနှင့် ဆို၏။

ကျောင်းဆရာဘဝတွင် အိမ်ထောင်ကျခဲ့၏။ ဖူးစာဆုံပုံက သူတို့ ခင်ဦးတွင် ကျောင်းလာတက်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်မှ ကလေးတစ်ယောက်ကို သူစာသင်ပေးရာ  ၁၀ တန်းအောင်မြင်သွားသဖြင့် ထိုမြို့နယ်က ကျောင်းတွင်နွေရာသီ ကျောင်းပိတ်ရက် စာသင်ပေးဖို့ သူ့ကို အကူအညီတောင်းလာခဲ့သည်။ သူက ကျွန်းလှသို့  စာသွားသင်ပေးရင်း ကျွန်းလှသူ အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့တော့သည်။

ဒုရဲအုပ်ဘဝ

မူလတန်းပြဆရာလုပ်နေရင်း မူလတန်းကျောင်းအုပ်သို့ ရာထူးတိုးပြီးချိန်တွင် ကျောင်းဆရာအလုပ်မှ ထွက်ခဲ့လေသည်။ မိဘတွေက သူရာထူးတိုးပြီး နယ်ပြောင်းရမည်ကို မကြိုက်သဖြင့် ထွက်ဖို့ တိုက်တွန်းခြင်းကြောင့်ဖြစ်သည်။ သူကျောင်းဆရာ အလုပ်ကထွက်တော့ လုပ်သက်မှာ ခုနစ်နှစ်ခန့်ရှိနေပြီဖြစ်၏။

မိဘအလိုကျ ဒုရဲအုပ်စာမေးပွဲ ဝင်ဖြေခဲ့ရာ အောင်မြင်ခဲ့ပြီး ရဲလောကထဲသို့ စတင်ဝင်ရောက်ခဲ့လေသည်။ မိဘတွေ ဆန္ဒအရဆိုပေမယ့် သူကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက ရဲတစ်ယောက် ဖြစ်ချင်သည့် အာသီသ ရှိနေခဲ့သည်။ တိတိကျကျဆိုရလျှင် စုံထောက်ဝတ္ထုများဖတ်ပြီး အမှုများကို စုံစမ်းထောက်လှမ်း ကာဖော်ထုတ်ချင်တာဖြစ်သည်။

ဒုရဲအုပ် စဖြစ်တော့ ကရင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရသည်။ ထိုစဉ်က ကရင်ပြည်နယ်တွင် လောင်းကစားဝိုင်း တွေစုံသည်ဟု သူကဆိုသည်။ ဘုရားပွဲတွေမှာ လောင်းကစားဝိုင်းတွေ ထည့်သွင်းကြခြင်းဖြစ်သည်။ ဘုရားပွဲတွေကလည်း ခဏခဏ ကျင်းပကြသည်ဟု သူကဆို၏။

“ချုံထဲက ဘုရားကိုတောင်ဖော် ၊ ထုံးသုတ်ပြီး ကစားဝိုင်း ကျင်းပနေလားမသိဘူး။ အဲဒီလောက်ထိကို ပွဲရှာလုပ်တာ”ဟု သူက ရယ်လျက်ဆိုသည်။

ထိုပွဲတွေမှာ သူက ဝင်လည်းမရှုပ်၊ အရှုပ်ထဲလည်း မပါခဲ့ဟု ဆိုသည်။ သူက အရှုပ်အရှင်းကင်းချင်သလောက် မကင်းနိုင်သည့် သူများကြားတွင်တော့ ဘယ်တော့မှ အတိုက်အခံမလုပ်။ သူတစ်ယောက်တည်းအင်အားဖြင့် ပြောင်းလဲမရနိုင်မှန်းလည်း သူက နားလည်ထားသည်။ ထို့ကြောင့် ကင်းအောင်တော့ အမြဲနေသည်ဟုဆိုသည်။

“ကိုယ်ကတော့ ခပ်ကင်းကင်းပဲ ဝင်လည်းမရှုပ်ဘူး၊ ဘာသိဘာသာနေတာပေါ့။ သဘောမကျပေမယ့် ကိုယ်တစ်ယောက်တည်း တွန်းလှန်လို့မရတဲ့အနေအထားတွေ အများကြီးရှိခဲ့တာပေါ့” ဟု သူက ဆို၏။

အန္တရာယ်ကြားက အမှုစစ်

ကရင်ပြည်နယ်မှာ ငါးနှစ်ကြာပြီးနောက် စစ်ကိုင်းသို့ ပြောင်းရပြန်၏။ စစ်ကိုင်းတွင်တော့ သူတာဝန်ကျသည့် နေရာတွေက မှုခင်းပေါများသောနေရာတွေဖြစ်နေပြီး လူဆိုးများနှင့် ရင်ဆိုင်ကာ တိုက်ခိုက်ဖမ်းဆီးရတော့သည်။

ရဲစခန်းဖွဲ့စည်းပုံတွင် စခန်းမှူး၊ အမှုစစ်၊ နယ်ထိန်း၊ ဂါတ်စာရေးစသဖြင့်ရှိသည်။ စခန်းမှူးကတော့ ကိုယ်တိုင်လည်း အမှုစစ်ရသလို အမှုတွေကိုဖော်ထုတ်ဖို့လည်း ညွှန်ကြားရသည်။ အမှုစစ်ကတော့ အမှုတစ်ခုဖြစ်လာပါက စုံစမ်းစစ်ဆေးရသည်။ နယ်ထိန်းတွေကတော့ အမှုစစ်များ တရားခံဖမ်းဆီးသည့်အခါ ကူညီဖမ်းဆီးပေးရသည်။

ကျွန်းလှမြို့နယ်တွင် မှတ်မှတ်ရရရှိနေသောသူအသွင်ယူကာ ဖမ်းဆီးအောင်မြင်ခဲ့သည့် မုဒိမ်းမှုတစ်ခုကိုလည်း သူက ပြန်လည်ပြောပြသည်။ ထိုစဉ်က ကျွန်းလှမြို့နယ်သို့ သူတာဝန်ကျသည်မှာ မကြာသေး။ ပြည်သူလူထုကလည်း ရဲတွေကို သိပ်ယုံကြည်မှု မရှိကြ။ ရဲဆိုလျှင် ဝေးဝေးက ရှောင်သည့် အခြေအနေမှာ ဖြစ်သည်။

“ငွေရေးကြေးရေးအရ ဘက်လိုက်တဲ့ ရဲတွေရှိလာတဲ့အခါ လူထုက ဒီရဲ မကောင်းဘူးဆိုတာထက် တဖြည်းဖြည်းနဲ့ ရဲတွေ အားလုံးမကောင်းဘူးလို့ အထင်ခံရတာပေါ့”ဟု သူက ဆိုသည်။

ထိုအချိန်မှာသူတို့ နယ်မြေတွင် မုဒိမ်းမှုတစ်ခုဖြစ်သည်။ မိန်းကလေးက တောထဲတစ်ယောက်တည်းဟင်းရွက်ခူးခိုက် အဓမ္မပြုကျင့်ခံလိုက်ရခြင်းဖြစ်သည်။ တရားခံက ရှောင်ပြေးနေပြီး သူ့အိမ်ကိုတော့ တစ်ခါတစ်ရံ ပြန်လာသည်ဟု သတင်းကြားရ၏။

သို့ပေမဲ့ ထိုနယ်က တောရွာနေအိမ်တွေပုံစံက ခြံဝင်းအကျယ်ကြီးတွေကြောင့်မို့ သွားရောက်ဖမ်းဆီးဖို့က မလွယ်။ ခြံတံခါးဝကနေ ရဲတွေ ဝင်လာသည်နှင့် တံခါးနှင့် အတော်အလှမ်း ကွာသည့် အိမ်ထဲက တရားခံက သူတို့ကို မြင်ပြီး ထွက်ပြေးနိုင်သည်။ ထို့ကြောင့် ကိုမိုးရန်နိုင်က ထိုရွာတွင် နွားကျောင်းသား လုပ်ရင်း အသွင်ယူဖမ်းဆီးဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက် တပည့်တစ်ယောက်နှင့်အတူ နွားကျောင်းသား ဝင်လုပ်ရင်း တရားခံပြေးအရိပ်အခြည်ကို စုံစမ်းနေခဲ့သည်။ စုံစမ်းနေရင်းတရားခံကို တွေ့သည်နှင့် လျှပ်တစ်ပြက် ဝင်ဖမ်းရာ မိခဲ့လေတော့သည်။ ထိုတရားခံ မိသောအခါတွင်တော့ တစ်ရွာလုံးက သူ့ကို ရဲအရာရှိအဖြစ် သိသွားကြပြီး အံ့သြနေကြတော့သည်။

ယခင်ကရဲတွေ တကယ်အလုပ်မလုပ်ဟု ထင်ခဲ့ကြရာက အလုပ်လုပ်သည့် ရဲလည်း ရှိပါသေးလားဟုဆိုကာ သူ့ကို လေးစားလာကြသည်ဟု သူက ပြန်ပြောပြ၏။ ယခုအချိန်ထိ ကျွန်းလှသို့ သူဘယ်အချိန်သွားသွား ရွာခံတွေက လေးစားကြသည်ဟု ဆိုသည်။

နောက်ထပ် ကျွန်းလှ၌ပင် သတ်ပုတ်ဖမ်းဆီးရသည့် တရားခံရှိခဲ့ဖူးသည်။ မူးယစ်ဆေးရောင်းဝယ်သည့် တရားခံတစ်ဦး ဖြစ်သည်။ ကျွန်းလှတွင် ရေနံမှော်တစ်ခုလည်းရှိသဖြင့် လူတန်းစားပေါင်းစုံရှိသည်။ အလုပ်သမားလူတန်းစားပေါင်းစုံ လာကြသဖြင့် မူးယစ်ဆေးမှု၊ လူသတ်မှုတွေလည်း ခဏခဏ ဖြစ်သည်ဟု ကိုမိုးရန်နိုင်က ဆိုသည်။

တချို့ မူးယစ်ဆေးသမားတွေဆိုရင် ရဲတပ်ဖွဲ့ကို လာရောက်ချိတ်ဆက်တာရှိသည်။ ကျွန်းလှမှာဆိုလျှင် သူ့ကို ဒီနယ်မြေမှာ မူးယစ်ဆေးဝါး ရောင်းချခွင့်ပေးပါက ငွေဘယ်လောက်ပေးမည်ဟု လာကမ်းလှမ်းခဲ့ဖူးသည်ဟု သူကဆိုသည်။ သူကတော့ လုံးဝလက်မခံ၊ တွေ့တာနှင့် ဖမ်းမည်ဟု ကြေညာထားလိုက်သည်။

ပြောထားသည့်အတိုင်းပင် သတင်းရတာနှင့် ဝင်ဖမ်းတော့သည်။ ပစ္စည်းတွေကို သက်သေခံသိမ်းဆည်းနေတုန်း တရားခံက သူတို့ကို တိုက်ခိုက်ကာ ထွက်ပြေးတော့သည်။ သူလည်း ထိုသူနောက်ကိုလိုက်ကာ နပန်းဝင်လုံးရင်း သူတပြန် ကိုယ်တပြန် ထိုးကြိတ်ရာ ထိုသူက ကိုယ်လွတ်ရုန်းထွက်ပြေးပြန်သည်။

မတတ်နိုင်တော့။ တရားခံ လွတ်သွားမည် စိုးသဖြင့် ပါလာသည့် သေနတ်ဖြင့် တရားခံခြေထောက်ကိုပစ်ခတ်ကာ ဖမ်းဆီး လိုက်ရသည်ဟု သူကပြန်ပြောပြသည်။ တရားခံဖမ်းရသည့် အထဲတွင် မူးယစ်ဆေးသမားများက သတိထားရသည့် တရားခံထဲတွင်ပါသည်။ သူတို့က ဖမ်းမိလျှင် ထောင်ဒဏ် နှစ်ရှည်ကျခံရမည် ဖြစ်သောကြောင့် “အလွယ်တကူ ဘယ်တော့မှ အဖမ်းမခံဘူး”ဟု သူက ဆို၏။

နောက်ထပ် သတိထားရသည့် တရားခံက လူသတ်မှုဖြင့် ထွက်ပြေးနေသည့် လက်ရဲဇက်ရဲ လူမိုက်များဖြစ်သည်။ သူတို့ကလည်း ပြန်လည်ရန်ပြုတတ်သည်။ သူကတော့ ထိုတရားခံများကို ဖမ်းပါက အမြဲသတိထားပြီး ထိထိရောက်ရောက် ဖမ်းဆီးကာ လိုအပ်လျှင် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးဖို့ အသင့်ပြင်ထားရသည် ဟုဆိုသည်။ ထိုသို့ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ဖမ်းဆီးတတ်တာကြောင့်လည်း သူ့ကို လုပ်ဖော်ကိုင်ဖက်တွေက ဗိုလ်တိုက်မောင်းဟု အမည်ပေးခဲ့ကြခြင်းပင်ဖြစ်သည်။

Photo – Thet Oo Mon   ကိုမိုးရန်နိုင်အိမ်ခန်းတွင် ချိတ်ဆွဲထားသော ရဲဝန်ထမ်းဘဝ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များနှင့် ဓာတ်ပုံအချို့

ပစ်ခတ်ဖမ်းဆီးတာနှင့် ပတ်သက်ပြီးလည်း ရဲဝန်ထမ်းများတွင် ဥပဒေရှိသည်။ အသာတကြည် အဖမ်းခံသူများကို ပစ်၍မရ။ ခုခံထွက်ပြေးသူကိုသာ ပစ်ဖမ်းခွင့်ရှိသည်။ ပစ်တဲ့နေရာမှာလည်း သေကွင်းသေကွက်ကို ရှောင်ကာ ပစ်ခတ်ရသည်။ ခြွင်းချက်အနေဖြင့် သေဒဏ်၊ ကြိုးဒဏ် ပြစ်မှုထိုက်သူများဆိုလျှင်တော့ ပစ်ခတ်ဖမ်းဆီး၍ သေသွားလျှင် ပြဿနာမရှိချေ။ သို့သော် အသေဖမ်းဆီးခွင့်ရှိသည်ဆိုပြီး အသေပစ်သတ်ရမည်ဟု မဆိုလို။ မည်သည့် တရားခံကိုမဆို ပစ်ခတ်ဖမ်းဆီးပါက မသေအောင် ပစ်ခတ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်ဟု ကိုမိုးရန်နိုင်က ဆိုသည်။

ထိုသို့ ပစ်ခတ်နိုင်ဖို့ကလည်း ရဲတပ်ဖွဲ့ဝင်တွေအနေဖြင့် လက်တည့်ဖို့ လိုသေးသည်။ သေနတ်တွေကလည်း လွန်ခဲ့သည့် နှစ်ပေါင်းခုနစ်ဆယ် ဒုတိယကမ္ဘာစစ်ကတည်းက လက်နက်တွေမို့ ခေတ်မမီတော့။ သူဆိုလျှင် တရားခံ ဖမ်းဆီးဖို့ သေနတ်လိုပါက ကျည်ရိုက်တံကောင်းပြီး ပြောင်းမကျယ်သည့် ပစ်လို့အဆင်ပြေမည့် သေနတ်ကို သေချာရွေးချယ်ကာ ယူဆောင်သွားရသည်ဟု ဆိုသည်။

ကိုမိုးရန်နိုင်သည် ရဲတပ်ဖွဲ့တွင် သေနတ်ပစ်လက်ဖြောင့်သည့် အထဲပါဝင်သည်။ သေနတ်ပစ်ပြိုင်ပွဲတွေမှာ ဆုရဖူးသည်။ ရဲချုပ်ဒိုင်းသေနတ်ပစ်ပြိုင်ပွဲတစ်ခုတွင် အကောင်းဆုံး သေနတ်သမားရှစ်ဦး ပေါ်ထွက်ခဲ့ပြီး ထိုအထဲတွင် သူပါဝင်ခဲ့သည်။  ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတကိုယ်ရံတော် တပ်ဖွဲ့ထဲမှ ဒုရဲအုပ်ဇာဇာအောင်ထံတွင် နည်းနာခံယူဖူးသည်ဟု ဆိုသည်။ ထိုဒုရဲအုပ်သည် အလွန်လက်ဖြောင့်ပြီး သူထံတွင် သုံးလကျော် သေနတ်ပစ်သင်တန်းတက်ခဲ့ဖူးသည်ဟု ဆိုသည်။

စိတ်မကောင်းရတဲ့ တရားခံတွေ

လူဆိုးလူမိုက်တွေကို ပစ်ခတ်ဖမ်းဆီးတတ်သူ သူ့အဖို့ ရဲ သက်တမ်းတစ်လျှောက် သူစိတ်မကောင်းစွာ ဖမ်းဆီးခဲ့ရသည့် တရားခံတွေလည်း ကြုံခဲ့ဖူးသည်ဟု သူကဆိုသည်။

ပထမတစ်ခါ စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူနယ်ဘက်က ဖြစ်သည်။ တရားခံက နာကြည်းစိတ်ကို အခြေခံကာ လူသတ်ခဲ့ခြင်းပင် ဖြစ်သည်။ သူနာကြည်းသည်က အကြွေးရှင် ဖြစ်သည်။ အကြွေးရှင်က သူတို့နယ်တွင် ငွေတိုးချေးစားပြီး မဆပ်နိုင်က လူအင်အားဖြင့် ကျွဲသိမ်း၊ နွားသိမ်းအထိ ပြုလုပ်သူတစ်ဦးဖြစ်သည်။

ထိုမျှမကသေး၊ အကြွေးမဆပ်သဖြင့် တရားခံ၏ ကြံစိုက်ခင်းကို မီးရှို့ပစ်လိုက်သေး၏။ တရားခံမှာ မခံမရပ်နိုင်တော့ဘဲ ထိုသူကို အလစ်ချောင်းကာ ဓားဖြင့် ခုတ်သတ်လိုက်တော့သည်။ လူမသိအောင် သတ်ခဲ့သဖြင့် မှင်မပျက်ပင် သူ့အိမ်တွင် ပြန်နေကာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေခဲ့၏။

ထိုအမှုကို ကိုမိုးရန်နိုင် လိုက်ရသောအခါ အခင်းဖြစ်ရပ်ကို သေချာစစ်ဆေးကာ တရားခံဖြစ်နိုင်ခြေရှိသူများကို စုံစမ်းတော့မှ အမှုမှန်ပေါ်လေသည်။ သွားရောက်ဖမ်းဆီးတော့ ထိုတရားခံ လူငယ်မှာ ထွက်လည်းမပြေး၊ သူ့အပြစ်ကို ဝန်ခံကာ အသာတကြည် အဖမ်းခံခဲ့သည်ဟု ဆို၏။ အသက်က ၁၉ နှစ်သာ ရှိသေးပြီး လူသတ်သမားဟု ထင်ရက်စရာမရှိ။ ရုပ်ရည်မှာခပ်ချောချောခပ်ဖြောင့်ဖြောင့်ဟု ကိုမိုးရန်နိုင်က ပြန်ပြောပြ၏။

လက်ထိတ်ခတ်သည့် အချိန်မှာတော့ တရားခံ၏ အမေနှင့် ညီမလေးများ ငိုယိုပြောဆိုကြသည်ကို နားထောင်ရင်း သူပါ စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု သူက ပြန်ပြောပြလေသည်။

နောက်ထပ် စိတ်မကောင်းရသည့် တရားခံတွေလည်း ရှိသေး၏။ ထိုသူတွေက စီးပွားရေးအဆင်မပြေသဖြင့် တစ်နိုင်တစ်ပိုင် နှလုံးထီ၊ ချဲထီရောင်းကြသူများပင် ဖြစ်သည်။ အထက် လူကြီးအမိန့်အရ သွားရောက် ဖမ်းဆီးရသော်လည်း သူက ထိုအမှုတွေကိုမဖမ်းချင်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးရှိသည့် ဒိုင်ကြီးများကလူကြီးအချို့နှင့် ပတ်သက်နေသဖြင့် အဖမ်းမခံရဘဲ လက်ခွဲသမားများကို ထိုးကျွေးကာဖမ်းဆီးခိုင်းသောကြောင့် ဖြစ်သည်။

“လူကြီးတွေက ဖိအားပေးတော့ လုပ်ရတာပဲ။ မလုပ်ရင် အမိန့်မနာခံမှုနဲ့ အပြစ်ပေးခံရမှာ” ဟု သူကဆိုသည်။

ဖမ်းမိသည့်အထဲ ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးငယ်များ၊ အသက်အရွယ်ကြီးသူများလည်း ပါဝင်ကြသည်။ အလုပ်အကိုင် အခြေအနေမကောင်းကြသဖြင့် ဝင်ငွေကလေး အနည်းအကျဉ်းရရန် ဝင်လုပ်ရာက ထောင်ကျရသည့် အဖြစ်တွေကို မြင်သည့် အခါ စိတ်မကောင်းဖြစ်ရသည်ဟု သူက ဆိုသည်။

ထိုကြောင့် ချဲအမှုတွေကို “သွားဖမ်းရရင် အရမ်းစိတ်ညစ်ရတယ်။ ရဲတောင် ဆက်မလုပ်ချင်တော့ဘူး” ဟု သူက ဆိုသည်။

အဂတိသံသရာ

ထိုသို့ တရားခံများ ဖမ်းဆီးသည့်အခါ စိတ်ပျက်ရသကဲ့သို့ ရဲတပ်ဖွဲ့ဝင်အချို့၏ အပြုအမူတွေကြောင့်လည်း သူက ရဲထဲမှ ထွက်ရန် ခဏခဏ စဉ်းစားဖူးခဲ့သည်။ ပြည်သူကို ကူညီရမည့်အစား ပိုက်ဆံတောင်းကာ အလုပ်မလုပ်ဘဲနေကြသူများ၊ လောင်းကစားဝိုင်းတွေဆီက ငွေကြေးယူသူများနှင့်  နေရာကောင်း ကောင်းရချင်သူများကို တွေ့မြင်နေရပြီး စိတ်ပျက်မိသည်ဟု သူက ဆိုသည်။

အမှုတစ်ခုဖြစ်ပါက အမှုပေါ်ဖို့ ငွေဘယ်လောက်ဟုတောင်းကာ တကယ်တမ်းတွင်မူ အမှုကို အင်တိုက်အားတိုက် မစုံစမ်းသည့် ရဲများလည်းရှိပြီး လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးသမားတွေနှင့် ပူးပေါင်းဆက်ကြေးကောက်နေသည့်သူများလည်း တွေ့မြင်နေရကြောင်း သူက ပြောပြ၏။

သူဆိုလျှင် ရဲသက်တမ်းတစ်လျှောက် ရဲယူနီဖောင်းမြင်တာနှင့် စကားမပြောချင်သည့် လူတွေ၊ ရွံရှာသလို အမူအရာပြသည့် လူတွေကို ကြုံခဲ့ဖူးသည်ဟုဆိုသည်။ သူကတော့ ထိုသို့ ဖြစ်လာပါက ပြည်သူနှင့် နီးကပ်စွာ ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်သည်ဟု ဆိုသည်။

သူ ဆောင်ရွက်ပုံဆိုလျှင် သူ စခန်းမှူးအဖြစ် တာဝန်ကျ သည့် နေရာတစ်ခုကို ရောက်ပါက ထိုနယ်မြေဒေသတွင်ရှိသော ရပ်မိရပ်ဖ မြို့မိမြို့ဖများကို ဦးစွာ တွေ့ဆုံမိတ်ဆက်၏။ သူတို့ ရဲတပ်ဖွဲ့ဝင်တွေကို ကူညီပေးကြရန် အမှုအခင်း ဖြစ်ပွားပါကလည်း ရဲတိုင်ပါက ငွေကုန်မည်ဆိုသည့် အယူအဆများကို ဖျောက်ဖျက်ရန်နှင့် သူတို့တတ်စွမ်းသမျှ ကူညီပါ့မည်ဆိုသည်ကို မိတ်ဆက်ရင်း ရပ်ရွာနှင့် ရင်းနှီးမှုတည်ဆောက်သည်ဟု သူက ဆိုသည်။

အမှုတစ်ခု စုံစမ်းရာတွင်လည်း မည်ရွေ့မည်မျှဟုဆိုကာ ငွေဘယ်တော့မှမတောင်း။ နည်းလမ်းတစ်ခုကိုသာ သူက သုံးသည်။ ထိုနည်းလမ်းက အမှုတိုင်ကြားသည့် တရားလို၏ ဆွေမျိုးများထဲမှ တစ်ယောက်ကို အမှုလိုက်စဉ် ခေါ်ဆောင်သွားပြီး သူ့အကူအညီနှင့် သွားရေးလာရေး၊ စာရေးသောက်ရေးနှင့် တရားခံ ဖမ်းဆီးရေးတို့တွင် ကြီးစွာအထောက်အပံ့ရရှိခဲ့သည်ဟု သူက ဆိုသည်။

ထိုနည်းလမ်းက နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး “အဲဒီ တရားခံမိသွားရင် ဒီရွာကို ကျွန်တော် ပိုင်သွားတာပဲ။ ဘာလို့လဲ ဆိုတော့ ဒီရဲတပ်ဖွဲ့က ဒီလိုဆောင်ရွက်ပေးနိုင်တယ်ဆိုပြီး နောင်အမှုတွေဖြစ်တဲ့အခါ ရဲတပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားလာတယ်” ဟုသူက ဆိုသည်။

ရဲတပ်ဖွဲ့ကိုလည်း တာဝန်ရှိသူများအနေနှင့် ထောက်ပံ့မှုတွေပေးရန် လိုအပ်နေသေးသည်ဟု သူက ထောက်ပြသည်။ အမှုတစ်ခုကို လာတိုင်ပါက စုံစမ်းရန် ယခင်ကဆို ကိုယ့်စရိတ်နှင့်ကိုယ် သွားလာခဲ့ရသည်ဟုဆိုသည်။ ဦးသိန်းစိန် အစိုးရကုန်ခါနီးတွင်မှ အမှုအမျိုးအစားအလိုက် အမှုလိုက်ငွေ တစ်သောင်းမှ ငါးသောင်းအထိ ရလာခဲ့သည်ဟု ကိုမိုးရန်နိုင်က ဆိုသည်။

ထောက်ပံ့မှုအားနည်းသည့်အခါ အမှုတစ်ခုဖြစ်ပါက ရဲတွေအနေနှင့် သေချာစုံစမ်းဖော်ထုတ်မှု အားနည်းလာပြီး           နောက်ဆုံး ငွေတောင်းကာ အမှုကိုသေချာမလိုက်သည်အထိ အကျင့်ပျက်လာရသည်ဟု ကိုမိုးရန်နိုင်က ဆိုသည်။

ထိုသူများကိုလည်း “ကိုယ်ချင်းမစာဘူးလို့ မြင်တယ်။ ကိုယ်ချင်းစာနာစိတ်မရှိတဲ့ ရဲတွေကြောင့် ရဲတပ်ဖွဲ့ နာမည်ပျက်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်”ဟု သူက ဆို၏။

နာမည်ပျက်နေသည့် ရဲတပ်ဖွဲ့ကို ပြန်လည်တည်ဆောက်ဖို့ အခြေခံရဲသင်တန်းကျောင်းများမှစပြီး ပြောင်းလဲရမည်ဟု သူ့အမြင်ကို ပြောပြသည်။ ဥပမာ-သင်ရိုးညွှန်းတမ်းများတွင် ရဲတပ်ဖွဲ့ဝင်များက တာဝန်ကျသည့်နေရာတွင် ပြည်သူလူထုနှင့် ထိတွေ့ပေါင်းသင်းဆက်ဆံရမည့် မူဝါဒမျိုး ထည့်သွင်းပြဋ္ဌာန်း သင့်သည်ဟု သူက ဆို၏။

နောက်အားနည်းချက်တစ်ခုမှာ ပြည်သူက အမှုလာဖွင့်ရာတွင် အလုပ်ရှုပ်သည်ဟုဆိုကာ လွယ်လွယ်ကူကူနှင့် အမှုမဖွင့် ပေးခြင်းများလည်းရှိနေပြီး တကယ်တမ်းတွင်မူ ဥပဒေအရ လူကိုယ်တိုင်ပင်မလို။ ဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားပါက အမှုဖွင့်ပေးရသည်မှာ ရဲတပ်ဖွဲ့တာဝန်ဖြစ်သည်ဟု ကိုမိုးရန်နိုင်က ယခုလိုထောက်ပြသည်။

“ရဲကိုက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းတာ”

ဒါ့အပြင် အမှုများ စစ်ဆေးရာတွင်လည်း ရဲတပ်ဖွဲ့မှာ အားနည်းချက်တစ်ရပ်ရှိသေး၏။ ထိုအားနည်းချက်မှာ သက်ရှိသက်သေများနှင့်သာ စစ်ဆေးဖော်ထုတ်တာများပြီး သက်မဲ့သက်သေများကို ဖော်ထုတ်ရာတွင် အားနည်းသည်ဟု ဆိုသည်။ ဥပမာ-လူသတ်မှုတစ်ခုဆိုလျှင် မျက်မြင်သက်သေတွေကိုသာ မေးမြန်းကာ တရားခံကို ဖမ်းဆီးခြင်းဖြစ်သည်။

မျက်မြင်သက်သေမရှိလျှင်တော့ တရားခံကို စခန်းတိုင်းတွင် ရှိသောအမှုစစ်သေတ္တာကိုထုတ်သုံးကာ ဖော်ထုတ်ရသည်။ ထိုအမှုစစ်သေတ္တာထဲတွင် သက်မဲ့သက်သေအဖြစ် လက်ဗွေယူရသည့် ပစ္စည်းများ၊ ခြေဗွေယူသည့်ပစ္စည်းများနှင့် စုံစမ်းထောက်လှမ်းရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ ထည့်ထားရသည်။ သူ့သက်တမ်းတစ်လျှောက်တွင်တော့ ထိုအမှုစစ်သေတ္တာကို အသုံးပြုတာ မတွေ့ဖူးဘဲ ရဲစခန်းထဲတွင် ဖုန်တက်နေတာကိုသာတွေ့ရသည်ဟုဆိုသည်။

“သက်ရှိသက်သေတွေနဲ့ပဲ စစ်တာများတယ်။ သက်မဲ့သက်သေနဲ့ကျတော့ အလွန်နက်နဲတဲ့ စုံစမ်းဖော်ထုတ်တဲ့ ပညာမျိုးတွေမှရတယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အားနည်းတယ်”

ထိုအားနည်းချက်များကို ပြုပြင်ရန် တာဝန်ရှိသူ လူကြီးများအနေနှင့် ရဲတပ်ဖွဲ့အတွက် ရိက္ခာ၊ သင်ထောက်ကူပစ္စည်းနှင့် လစာများကို အဆင်ပြေအောင် ဖန်တီးပေးရမည်ဖြစ်ကာ အခါအားလျော်စွာ မွမ်းမံသင်တန်းများလည်း ပေးသင့်သည်ဟု သူကဆိုသည်။  အကျင့်ပျက်ဝန်ထမ်းများကိုလည်း  ထိရောက်စွာ အရေးယူပါက ရဲတပ်ဖွဲ့မှာ ပြည်သူလူထု၏ ယုံကြည်မှု ပြန်လည် ရရှိလာပြီး ဂုဏ်သိက္ခာ ရှိလာမည်ဟု သူက ဆိုပါသည်။

သူကတော့ အများမိုးခါးရေသောက်သည့်အထဲ မပါဝင်ဘဲ အမှုစစ်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကာ ပြည်သူလူထု နှင့် အဆင်ပြေအောင် နေထိုင်သော်လည်း တစ်ခါတစ်ရံ အထက်လူကြီးများ၏ ငြိုငြင်မှုကို ခံရသည်ဟု ဆိုသည်။

ဒါကြောင့်လည်း တာဝန်ကျသည့်နေရာများမှာ မြို့ပေါ် ဆိုတာထက် “ဒီကောင်က လက်ဖြောင့်တယ်။ ဖမ်းတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းဖမ်းတယ်။ ချောင်တွေ တောနေရာတွေ ပို့တယ်”ဟု သူက ဆိုသည်။

သူကတော့ ဘယ်နေရာရောက်ရောက် အကောင်းဆုံး လုပ်ဆောင်တတ်ပြီး မိသားစုစားဝတ်နေရေးအတွက်လည်း အပြင်အလုပ်အဖြစ် ကျူရှင်ပြ၊ ဆိုင်ကယ်ကယ်ရီဆွဲကာ ဝမ်းရေးပြဿနာ ဖြေရှင်းသည်ဟု ဆိုပါသည်။

အလုပ်လုပ်ဖို့လည်း “ကိုယ့်အထက်တာဝန်ရှိသူကို ပြောထားရတယ်”ဟုဆိုကာ ရဲဖြစ်ပြီး ဒီလိုလုပ်ရသလား ပြောသည့်သူများကိုလည်း “သူများပြောလည်း ကျွန်တော်က ခေါင်းထဲကို မထည့်ဘူး။ ကိုယ်က မဟုတ်တာလုပ်တာမှ မဟုတ်တာ” ဟု သူ့ ခံယူချက်ကို ပြောပြ၏။

သူ့တွင် ဝါသနာတစ်ခုလည်း ရှိသေး၏။ ထိုဝါသနာက အရပ်ဝတ်နှင့်ပင် ပြည်သူကြားထဲ နေထိုင်လူပ်ရှားတတ်သည်။  အမှုမှန်ပေါ်သည့်အခါမှ ရဲယူနီဖောင်းဝတ်ကာ ဖမ်းဆီးလိုက်ပြီး ထိုအခါမှ လူတွေက သူ့ကို ရဲမှန်းသိသွားသည့် အံ့သြမှုကို သူက အလွန်နှစ်သက်သည်ဟု ဆိုသည်။

“လူထုနဲ့ ဆက်ဆံတဲ့အခါ သာမန်လိုဆက်ဆံတယ်။ နောက်မှ ရဲမှန်းသိလို့ အံ့သြသွားတာမျိုး ကျွန်တော်က အရမ်း လိုချင်တာ” ဟု သူက ဆိုပါသည်။

ရှေ့တန်းမှသည် အချုပ်ခန်းဆီ

ရဲတပ်ဖွဲ့တွင် တာဝန်ကျရာနေရာ နေလာရင်း ဒုရဲအုပ်ဘဝ တွင် ၁၂ နှစ်ကျော်၊ ရဲအုပ်ဘဝတွင် လေးနှစ် တာဝန်ထမ်းဆောင် ပြီးနောက် ဒုရဲမှူးအဆင့်သို့ ရာထူးတိုးမြှင့်ခံရသည်။  ရာထူးတိုး ပြီးနောက် ရဲရှေ့တန်း ထွက်ရလေတော့သည်။ ထိုသို့ ရှေ့တန်းထွက်ရခြင်းကပဲ ရဲဘဝကနေ ထွက်ခွာဖို့ အကြောင်းတရား ဖြစ်လာခဲ့၏။

ရဲတွင် တပ်ရင်းနှင့် စခန်းဟူ၍ နှစ်မျိုးရှိသည်။ တပ်ရင်းမှာ သူတို့အခေါ် ရှေ့တန်းထွက်ရသည်ဟု ဆိုသည်။ တပ်ရင်းရောက်သည်နှင့် လေးငါးခြောက်လကြာ ကားတစ်စီးနှင့် လှည့်ပတ်ကာ တာဝန်ကျရာနေရာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရခြင်း ဖြစ်သည်။ ဘုရားပွဲများ၊ တန်ခိုးကြီးဘုရားများနှင့် လူကြီးလမ်းကြောင်း၊ အဓိကရုဏ်းဖြစ်ရပ်ရှိသည့် နေရာများတွင် လုံခြုံရေး ယူပေးရတာဖြစ်သည်။ စခန်းကတော့ မြို့နယ်များတွင် ပုံမှန် ရဲလုပ်ငန်း ဆောင်ရွက်ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ကံဆိုးစွာနဲ့ ရခိုင်ကို သွားရတာပေါ့ဗျာ” ဟု သူက ဆိုသည်။

သူက ရန်ကုန်ရဲတပ်ရင်းတွင် တာဝန်ကျ၏။ တာဝန်ကျပြီးရက်ပိုင်းလောက်အကြာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ အပို့ခံ လိုက်ရသည်။ မိသားစုတွေကတော့ နေပြည်တော်တိုင်းရဲရုံးရှိ အိမ်ထောင်သည်လိုင်းခန်းတွင် ကျန်ခဲ့ရ၏။

သူတာဝန်ကျသည့်နေရာက သတင်းများတွင် ဟိုးလေးတကျော်ဖြစ်ခဲ့ရသော အင်းဒင်ရွာပင်ဖြစ်သည်။ အင်းဒင်ရွာသည် မေယုတောင်ကြောနှင့် ဘင်္ဂလားပင်လယ်အော်အကြား တည်ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က ကျေးရွာတစ်ရွာပင်ဖြစ်သည်။ သူက အင်းဒင်ရွာရဲကင်းတွင် လုံခြုံရေးတာဝန်ကျသည်။

သူတာဝန်ကျသည့်အချိန်က အင်းဒင်ရွာနှင့် တစ်ဆက်တည်း တည်ရှိသည့် ရွာများတွင် ဘင်္ဂါလီရွာနှင့် ရခိုင်ရွာများ ယှဉ်တွဲနေထိုင်ကြ၊ စီးပွားရေးပူးပေါင်းလုပ်ဆောင်နေကြတုန်းပင် ရှိသေး၏။ ထိုအခြေအနေမှာ ကြာကြာမခံ။ ၂၀၁၇ သြဂုတ် ၂၅ တွင်တော့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (Arakan Rohingya Salvation Army-ARSA) အဖွဲ့က ရဲကင်းစခန်း ၃၀ ကိုတစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်လေတော့သည်။

သူတာဝန်ကျသည့် ရဲကင်းတော့ အတိုက်မခံရချေ။ သို့သော် အတိုက်ခံရသည့် ရဲကင်းတွေထဲ တာဝန်ကျနေသည့် သူတို့ တပ်ရင်းမှ အထက်လူကြီးတစ်ဦးနှင့် သူ့တပည့်တစ်ယောက်တော့ ကျဆုံးသွားခဲ့သည်ဟု ဆိုသည်။ ထို့နောက်တွင်တော့ သတင်း ဌာနများတွင် ဖော်ပြထားချက်အရ တပ်မတော်က ထိုနယ်မြေတွင် သောင်းကျန်းသူစစ်ဆင်ရေးဆင်နွှဲခဲ့လေသည်။ ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး သူက ဖြေဆိုဖို့ ငြင်းဆန်လေသည်။

“ဒီအကြောင်းတွေ ကျွန်တော်မပြောချင်ဘူးဗျ၊ လုံးဝမပြောချင်ဘူး” ဟု သူက ပြတ်ပြတ်သားသားဆို၏။

ရခိုင်တွင် ခုနစ်လကြာနေခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်လာရသည်။ ရန်ကုန်တပ်ရင်းတွင်နေရင်း ရိုက်တာသတင်းဌာနမှ သတင်းစာဆရာ ကိုဝလုံးက ဆက်သွယ်လာသဖြင့် မေးမြန်းမှုကို သူဖြေကြားပေးလိုက်သည်။ သူ ဖြေကြားလိုက်သည်က နိုင်ငံတော်မှ ထုတ်ပြန်ထားသည့်အတိုင်းသာ ဖြေကြားခဲ့သည်ဟု ဆိုသည်။ နယ်မြေရှင်းလင်းမှုနှင့် ပတ်သက်ပြီး သူက ဘာတစ်ခုမှ မဖြေလိုက်ချေ။

သို့သော် ထိုဆက်သွယ်ဖြေကြားမှုသတင်းကို ရဲမှူးချုပ်တင်ကိုကိုက သိသွားပြီး သတင်းသမားနှစ်ဦးနှင့် တွေ့ဆုံ ဖြေကြားသည့် သူအပါအဝင် ရဲခြောက်ဦးကို ခေါ်တွေ့တော့သည်။ သူကတော့ ဖြေကြားချက်များကို ပြောပြလိုက်သည်။

မေးမြန်းနေရင်း သူတို့ခြောက်ဦးထဲမှ တစ်ဦးမှာ အင်တာဗျူး မဖြေရသေးဘဲ သတင်းသမားတွေနှင့် တွေ့ရန် ချိန်းဆိုထားကြောင်း ပေါ်လာလေသည်။ ထို့နောက် ချိန်းဆိုသည့်နေ့တွင် ဒုတပ်ကြပ်နိုင်လင်းက သတင်းသမားနှစ်ဦးနှင့် သွားရောက်တွေ့ဆုံကာ စာရွက်စာတမ်းများပေးလိုက်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးလိုက်တော့သည်။

သတင်းသမားနှစ်ဦးကို ဖမ်းမိပြီးတာနှင့် သူတို့ခြောက်ဦးကိုပါ အချုပ်ထဲထည့်လိုက်တော့သည်။ သုံးပတ်ကြာသည့်အခါမှ လေးဦးကို လွှတ်ပေးလိုက်ပြီး သူနှင့် တပ်ကြပ်ကြီးခင်မောင်လင်းကို ချန်ထားခဲ့သည်ဟု ကိုမိုးရန်နိုင်က ဆိုသည်။ ကျန်သူများကို လွှတ်ပေးပြီး သူတို့နှစ်ဦးကို ဘာကြောင့် ချန်ထားခဲ့သည်ကိုမူ ယနေ့အချိန်ထိ စဉ်းစားမရဟု သူက ပြန်ပြောပြသည်။

ထို့ထက်ဆိုးသည်က သူတို့နှစ်ဦးကပဲ သတင်းသမားများကို သတင်းပေးသယောင်ယောင်၊ အပြစ်ရှိသယောင်ယောင် ပုံဖော်လာကြသည်ဟုဆိုသည်။ သူကတော့ ဒါကို လက်မခံ။ နောက်ထပ် လက်မခံနိုင်သည့် အကြောင်းကလည်း ရှိသေးသည်။

“ဒီထက်ဆိုးဝါးတာက ဝလုံးတို့၊ ကျော်စိုးဦးတို့ကို ဖမ်းတာက ဥပဒေနဲ့ မညီဘူး။ ဒါပဲ။ ကျွန်တော်က ရိုးရိုးသားသားပဲ”

အမှန်တရားကို ထုတ်ဖော်ပြီ

ထိုအကြောင်းတရားများကြောင့် သူက အမှန်တရားကို ထုတ်ဖော်ပြောဆိုရန် ဆုံးဖြတ်လိုက်လေတော့သည်။ ထို့နောက် သူ့ကိုလာတွေ့သည့် မိန်းမဖြစ်သူကိုလည်း တိုးတိုးတိတ်တိတ် ပြောထားခဲ့သည်။ သူအချုပ်ကျနေစဉ် ဧည့်တွေ့ခွင့်မရှိ။ သို့သော် သူရေချိုးချိန် အမျိုးသမီးဖြစ်သူက ခြံစည်းရိုးနားတွင် လာရောက်ခိုးတွေ့စဉ် ပြောလိုက်ခြင်းဖြစ်သည်။

Photo – Thet Oo Mon   ကိုမိုးရန်နိုင်နှင့် ဇနီးဖြစ်သူ မတူး

“ငါ တရားရုံးထွက်ပြီးရင် မင်းတို့ ငါ့ကို တွေ့ချင်မှလည်း တွေ့တော့မှာလို့။ ဒီလောက်ပဲ အတိုပြောလိုက်တာ။ နောက်ဆုံးပဲလို့ ငါမင်းတို့နဲ့တွေ့တာ နောက်ဆုံးဖြစ်သွားနိုင်တယ်လို့ အဆုံးစွန်ထိကို ပြောပြီးမှ ကျွန်တော် တရားရုံးထွက်တာ”

ထိုစကားကြားသည့်အခါ ဇနီးဖြစ်သူ မတူးမှာ ယောကျာ်းဖြစ်သူကို ဘာမှ မပြောနိုင်တော့ဘဲ ဆွံ့အသွားပြီး မျက်ရည်များသာ ကျလာသည်ဟု ထိုနေ့က တွေ့ဆုံသည့် အကြောင်းကို မတူးက ပြန်ပြောပြ၏။

ထို့နောက် ပထမဆုံး ရုံးချိန်းဖြစ်သော ဧပြီ ၂၀ ရက်တွင် သတင်းသမားနှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ဖမ်းဆီးခြင်းဖြစ်ကြောင်း တရားရုံးထဲတွင် မီဒီယာများအား ထုတ်ဖော်လိုက်တော့၏။ ထိုသို့ ထုတ်ဖော်ခြင်းကို သူက “မီဒီယာရှေ့ကို ခုန်ဆင်းတာလေ” ဟု သုံးနူန်း၏။

တရားရုံးမှ အထွက်တွင်တော့ မီဒီယာများက သူ့ကို ဝိုင်းအုံ မေးမြန်းကြရာ ရဲတွေနှင့် မီဒီယာသမားတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့သည်။ ရဲများက သူ့ကို အချုပ်ကားပေါ် အတင်းဆွဲခေါ် သွားကြသည်။

ထိုသို့ပြောဆိုအပြီး ညတွင်မူ သူနှင့် တပ်ကြပ်ကြီးခင်မောင်လင်းအား မူလချုပ်ထားရာ တပ်ရင်း ၈ မှ ရွှေပြည်သာမြို့နယ်က တပ်ရင်း ၆ ရဲအချုပ်ကို ပြောင်းရွှေ့လိုက်၏။ အချုပ်ခန်းလုံခြုံရေးကိုလည်း ခါတိုင်းထက် တင်းကျပ်စွာ ချထားသည်။ မည်သူမျှလည်း သူတို့ကို စကားလာမပြောတော့ဟု သူကဆိုသည်။

သုံးရက်အကြာမှာတော့ ညအချိန်အခါ တပ်ကြပ်ကြီး ခင်မောင်လင်းကို လာရောက်ခေါ်ဆောင်သွားကြသည်။ ထို အချိန်မှစ၍ တပ်ကြပ်ကြီးခင်မောင်လင်းသတင်း မကြားရတော့ချေ။ ရဲတပ်ဖွဲ့ပြောဆိုချက်တွင်တော့ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီဟုဆိုသည်။

သို့နှင့် သူလည်း၂၀၁၈ ဧပြီ ၂၇ ရက်တွင် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရ၏။ ရဲအချုပ်တွင် လေးလနှင့် ထောင်တွင် ကိုးလကြာနေခဲ့ရလေသည်။ ပြစ်ဒဏ်ကျခံချိန်မှာ စုစုပေါင်း  ၁၃ လ ကျော်ရှိခဲ့သည်။ ဘယ်အတွက်ကြောင့် တစ်နှစ်ကျော်ကျခဲ့သည် ကိုမသိဟု ကိုမိုးရန်နိုင်က ဆိုသည်။ ထိုသို့ တစ်နှစ်ကျော်ကျခံရ ခြင်းမှာလည်းဥပဒေနှင့်မညီဟု သူကဆို၏။ ရုံးချိန်းကတော့ အချုပ်ကျစဉ်တွင် တစ်ကြိမ်၊ ထောင်ကျချိန်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ထွက်ရသည်ဟုဆိုသည်။

ထောင်ကျသည့် သတင်းကို ကြားလိုက်ရသည့် ဇနီးဖြစ်သူ မတူးမှာ မင်္ဂလာသတင်း ကြားရသကဲ့သို့ ဖြစ်တော့၏။ ကိုမိုးရန်နိုင် ထုတ်ဖော်ပြောဆိုအပြီး ယောကျာ်းဖြစ်သူနှင့် မတွေ့ရတော့သည့်အပြင် သတင်းလည်းမကြား ဖြစ်နေရာမှ ယောကျာ်းသတင်းစုံစမ်းရန် ရန်ကုန်သို့တက်လာခိုက် ကားပေါ်၌ ယောကျာ်း ထောင်ကျသည့်သတင်းကို သိလိုက်ရခြင်းပင် ဖြစ်သည်။

“ထောင်ကျတာကို ကိုယ့်မှာ ကျေးဇူးတင်သလို ဖြစ်နေတာ။ ဟင်း၊ တော်ပါသေးရဲ့ပေါ့၊ ရှိပါသေးရဲ့ဆိုပြီး”ဟု ဇနီးဖြစ်သူ မတူးက ဆိုလေသည်။

ယောကျာ်းဖြစ်သူ အချုပ်ကျကတည်းက ရဲတပ်ဖွဲ့လိုင်းခန်းမှ ဖယ်ရှားခံလိုက်ရပြီး ယောကျာ်းဖြစ်သူဇာတိ ခင်ဦးမြို့နယ်ကို သူတို့ ပြောင်းရွှေ့လိုက်ရသည်။ ခင်ဦးမြို့မှ ယောကျာ်းဖြစ်သူရှိရာရန်ကုန်သို့ လူးလာခေါက်ပြန် သွားတွေ့ရသည့် ဒုက္ခများနှင့် ကိုယ့်ယောကျာ်း အသက်မှရှိပါသေးလားစိုးရိမ်ပူပန်ခဲ့ရသည့် အဖြစ်တွေကို ယခုအချိန်မှာ ပြန်လည်မတွေးချင်တော့ပါဟု မတူးက ဆို၏။

“(မီဒီယာများရှေ့ ကိုမိုးရန်နိုင်) ပြောပြီး ချက်ချင်းပဲ ဖုန်းဆက်တာ၊ ဒုရဲအုပ်လေးတစ်ယောက်ကဖုန်းဆက်တာ။ သူက အားနာနာနဲ့ လူကြီးက ပြောခိုင်းလို့ ပြောရတာပေါ့” ဟု လိုင်းခန်းက ဖယ်ရှားဖို့ သူတို့ကို အကြောင်းကြားပုံကို မတူးက ပြန် ပြောပြသည်။

အဲဒီအချိန်က “စိတ်က ပင်ပန်းတာပေါ့။ ခံပြင်းတာတွေရော နာကြည်းတာတွေရော ဘဝကြီးက ရင်းလိုက်ရတာ”ဟု မတူးက ဆိုသည်။

အမှုရင်ဆိုင်ရစဉ်နှင့် ထောင်ကျစဉ်တစ်လျှောက် မိသားစု စားဝတ်နေရေးမှာလည်း ယိုင်နဲ့ခဲ့ရပြီး ကိုမိုးရန်နိုင်၏ အစ်ကိုအကြီးဆုံးက ထောက်ပံ့နေ၍သာ ဟန်မပျက်နေနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိအချိန်ထိလည်း အစ်ကိုကြီး၏ အထောက်အပံ့နှင့် နေထိုင်နေရ၏။ လက်ရှိ သူတို့နေထိုင်နေရသည့်အိမ်မှာ ကိုမိုးရန်နိုင်၏ ညီတစ်ဦး၏ အိမ်ဖြစ်သည်။ သူတို့ ခြံနောက်တွင် မိဘတွေ၏ နေအိမ်ရှိသည်။

၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သောသူက မိသားစုရှေ့ရေးနှင့် စားဝတ်နေရေးအတွက် ဘာလုပ်ရမည်ကိုတော့ သေချာမစဉ်းစားရသေးဟုဆိုသည်။ လတ်တလောတွင်တော့ အိမ်ဆိုင်ကလေးတည်ထား၏။ ရဲတပ်ဖွဲ့မှ ထွက်ခဲ့ရပြီး သူ့ဇာတိတွင် အေးအေးလူလူ လွတ်လွတ်လပ်လပ် နေထိုင်နေရသည်ကိုလည်း သူက သဘောကျနေသည်။

ဒါပေမဲ့ မိသားစုရှေ့ရေးအတွက် အလုပ်တစ်ခုခုလုပ်ဖို့တော့ သူ စဉ်းစားနေသည်ဟုဆိုသည်။ ဘာလုပ်ရမည်ကိုတော့ ယတိပြတ် မဆုံးဖြတ်ရသေးပေ။ နောက်ပြီး သိက္ခာတရားအတွက် သူလုပ်ချင်သည့် အရာတစ်ခုလည်းရှိသေးသည်ဟု ပြောပြ၏။

ထိုအရာက စာချွန်လွှာတင်သွင်းဖို့ ဖြစ်သည်။ စာချွန်လွှာ ဆိုသည်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားချက်အရ အကြောင်းတစ်စုံတရာကြောင့် နစ်နာမှုရှိသည့် မည်သူမဆို နစ်နာမှုပေါ်ပေါက်သည့် နေ့မှစ၍ နှစ်နှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်သည်။ သူရဲတပ်ဖွဲ့ဝင် သက်တမ်းတစ်လျှောက် မှန်မှန်ကန်ကန်နေထိုင်ခဲ့သလို ပြစ်မှုတစ်စုံတရာလည်း မရှိခဲ့ဘဲ ဒီလို ပြစ်ဒဏ်ကျခံရခြင်းကို ခံပြင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် သူ့မှာအပြစ်မရှိကြောင်း ချေပချင်သောမာနတရားကြောင့် တင်သွင်းချင်တာ ဖြစ်သည်ဟု သူကဆိုသည်။

သူ့မိသားစုထဲတွင်လည်း ဝိဝါဒကွဲပြားနေကြသည်။ မောင်နှမ တချို့က မတက်စေချင်ကြ။ တချို့ကလည်း အမှန်တရားအတွက် တက်သင့်သည် ဆို၏။ သူကိုယ်တိုင်လည်း စိုးရိမ်နေတာ တစ်ခုရှိသည်။

“တက်လို့ ငါ နိုင်သွားသည်ရှိသော် ရဲထဲ ပြန်ရောက်မှာကို ကြောက်နေတာ”ဟု ကိုမိုးရန်နိုင်က ဆိုသည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ပြန်ကို မသွားချင်တော့ဘူး။ စိတ်နာတာထက် စိတ်ပျက်တာပေါ့”


#profile


အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."