အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ

အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ

ကာတွန်း -သီဟစခန်းသစ်(၂၀၁၇)

အာလာဒင်မီးခွက်စောင့်သည့် နတ် ဘီလူးက သူ့ကို မီးခွက်တွင်းမှ ထွက်နိုင် အောင် ကူညီသူ ပြာသိုကြည်တင်၊ မယ် သောကြာတို့ လင်မယားကို ကျေးဇူး ဆပ်သည့်အနေဖြင့် လိုရာဆုနှစ်ခု တောင်းခိုင်းသည်။ ပြာသိုကြည်တင်က ‘ဒီမိုကရေစီရချင်တယ်’ဟု ဆုတောင်း     သောအခါနတ်ဘီလူးက   ဒီမိုကရေစီ ဖန်တီးပေးရန် အခက်အခဲနှင့် ကြုံရ သော်လည်း နောက်ဆုံးတွင် ပြဿနာ ကို သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းပေးလိုက် သည်။ ဖြေရှင်းပုံမှာ ဒီမိုကရေစီဟု အမည်ရသော သတင်းစာတစ်စောင် ဝယ်ပြီး ပြာသိုကြည်တင်၏ လက်ထဲ ထည့်လိုက်ခြင်းပင်တည်း။

(ဒီမိုကရေစီ သတင်းစာ ဝယ်ပေးလိုက်ပုံနှင့် ပြီးခဲ့သည့်လ က အဆုံးသတ်ခဲ့သည်။ အောက်ဖော်ပြပါ ဇာတ်သိမ်းပိုင်းကို ပထမပိုင်း  မဖတ်ရသေးသူများလည်း  အရသာမပျက် ဖတ်ရှုနိုင် ပါကြောင်း အာမခံပါသည်။)

မယ်သောကြာမှာ အကင်းပါးသူဖြစ်၏။  ခင်ပွန်းသည် ပြာ သိုကြည်တင်က တိကျပြည့်စုံစွာ ဆုတောင်းခြင်း မပြုသော ကြောင့် တကယ့် ဒီမိုကရေစီ မရရှိဘဲ ၂ဝဝ တန် ဒီမိုကရေစီရရှိ သွားခြင်းဖြစ်ကြောင်း သဘောပေါက်သည်။ ထိုသင်ခန်းစာကို ယူ ပြီး သူ့အလှည့်တွင် ပြည့်ပြည့်စုံစုံ ဆုတောင်းရန်လည်း နတ်ဘီ လူးက သတိပေးသည်။

”ဒီတစ်ကြိမ် အလှည့်ကျသူက သေချာ စဉ်းစားဆင်ခြင် မယ်လို့ ယူဆပါတယ်။ ကဲ…လိုရာဆန္ဒကို ပြောနိုင်ပါပြီ”

မယ်သောကြာသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ဆုတောင်းကို ပြောပြလိုက်သည်။

”ကျွန်မတို့ အမျိုးသမီးတွေဟာ လစဉ် ရာသီသွေးလာ တာနဲ့ ရင်ဆိုင်နေရတယ်။ ကိုယ်ဝန်ဆောင်ရပြီ ဆိုရင်လည်း အမျိုးသမီးတွေပဲ။ အင်မတန်မှကို ဒုက္ခကြီးလွန်းပါတယ်။ ဒါ ကြောင့် ဒီနေ့ကစပြီး ရာသီသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း အလုပ်တွေကို ကျွန်မတို့ ဒုက္ခသီရိ နိုင်ငံတော်ကြီးမှာ အမျိုးသား တွေ ရင်ဆိုင်ပါစေ။ ကျွန်မတို့ အမျိုးသမီးတွေ ဒီဒုက္ခများကနေ ကင်းလွတ်ခွင့် ရပါစေ”

မယ်သောကြာ၏ ဆုတောင်းစကားကြောင့် ခင်ပွန်းသည် ပြာသိုကြည်တင် မျက်လုံးပြူးသွားလေ၏။  အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ နတ်ဘီလူး၏ ပြူးပြီးသား မျက် လုံးလည်း ပိုပြူးသွားသည်။

”ကဲ…ကျွန်မရဲ့ ဆန္ဒကို အမြန်ဆုံး ဖြည့်ဆည်းပေးပေတော့။ ကျွန်မတို့ဟာ ဒီဒုက္ခတွေကြောင့် အိမ်မှာပဲ အနေများပြီး အိမ်မှု ကိစ္စ စီမံခန့်ခွဲရ၊ လုပ်ကိုင်နေရတာနဲ့ နားရတယ်ကို မရှိဘူးရှင့်။ သူတို့ ယောကျ်ားသားတွေကတော့ အားလပ်နေတာကြောင့် ရပ် ကွက်ကျေးရွာကို ဦးဆောင်နိုင်သူ၊ နိုင်ငံကို ဦးဆောင်သူတွေ ဖြစ် လာကြတယ်။ ဒါတွေကို ကျွန်မ ကြည့်လို့မရတာ ကြာပြီ”

နတ်ဘီလူးက မယ်သောကြာ၏ ဆုတောင်းနှင့် ပတ်သက် ပြီး ပြင်ဆင်လိုက ပြင်ဆင်နိုင်ကြောင်း ပြောရာ မယ်သောကြာက ပြင်ဆင်မည်မဟုတ်ဟု ပြတ်သားစွာ ဆို၏။

”ကြိုက်သွားပြီ သခင်မရေ။ ခေါင်းမာတယ်ဆိုတာ မကောင်း ပေမယ့် ဒါဟာ ခေါင်းဆောင်တွေမှာရှိတတ်တဲ့ လက္ခဏာတစ်ခုပဲ။ ကဲ…သခင်မရဲ့ ဆန္ဒ အခုချိန်က စပြီး ပြည့်ဝသွားပါပြီ။ ဒုက္ခသီရိမှာ  ရာသီသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်းလုပ်ငန်းနှစ်ခုကို အမျိုးသမီးတွေ မခံစားရဘဲ အမျိုးသားတွေသာ ခံစားကြစေ…ဟတ်ချလောင်း”

ထိုသို့ ပြောဆိုပြီးနောက် နတ်ဘီလူးလည်း လင်မယား နှစ်ယောက်မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ပြာသိုကြည်တင် ၏ မျက်နှာမှာ မန်ကျည်းရွက်မျှသာ ကျန်တော့သည်။ မယ်သော ကြာကတော့ ဝမ်းသာလွန်းသဖြင့် ထခုန်လိုက်လေသည်။

အပြောင်းအလဲ

နတ်ဘီလူး၏ ဖန်ဆင်းချက်က တိကျလှ၏။ ထိုနေ့မတိုင် ခင်က ဒုက္ခသီရိတွင် ကိုယ်ဝန်ရှိပြီးသား အမျိုးသမီးများမှတစ်ပါး ကျန်အမျိုးသမီးများ ကလေး မရနိုင်တော့ပေ။ အရွယ်ရောက်ပြီး အမျိုးသားများ ရာသီသွေးလာခြင်းကို လစဉ် ကြုံတွေ့ရလေတော့ သည်။ တစ်လကျော် နှစ်လအတွင်း အကာအကွယ်မသုံးသော အိမ်ထောင်ဘက်များ၊ အတူအိပ်ဖော်များကြားတွင် အမျိုးသမီး တို့ ကိုယ်ဝန်မရဘဲ အမျိုးသားများသာ ကိုယ်ဝန်ရလာကြခြင်း အကြောင်းကို ဆရာဝန်များက အံ့သြတကြီး သတင်းထုတ်ပြန် ကြသည်။ ဒုက္ခသီရိမှ ဖြစ်ထွန်းသမျှမှာ နိုင်ငံတကာသတင်း ဖြစ် လာလေတော့သည်။

ဒုက္ခသီရိရှိ အမျိုးသားတိုင်း သားအိမ်ရှိလာခြင်း၊ တင်ကား ရင်ထွားလာခြင်း စသော ကိုယ်ဝန်ဆောင် သားဖွားရန် အသင့် ဖြစ်သည့် အခြေခံလက္ခဏာများ ပိုင်ဆိုင်လာကြသည်။

”ကျွန်မတို့ ဒုက္ခသီရိ နိုင်ငံတော်ကြီးမှာ အမျိုးသားတွေ ရာသီသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း အလုပ်တွေကို ရင်ဆိုင် ပါစေဟူသော မယ်သောကြာ၏ ဆုတောင်းတွင် ‘ဒုက္ခသီရိ’ ဟူ သော ဒေသအကန့်အသတ် ပါဝင်သည်။ ရလဒ်အားဖြင့် နတ်ဘီ လူး၏ ဖန်ဆင်းချက်သည် ဒုက္ခသီရိသို့ ခေတ္တရောက်နေသော  နိုင်ငံခြားသားများလည်း အကျုံးဝင်ရာ သူတို့လည်း ကြီးမား သော အပြောင်းအလဲကို ရင်ဆိုင်ရလေ၏။

ထိုအချိန်က သတင်းသမား မော်ကွန်းဉာဏ်လင်းကဲ့သို့ ပြည်ပသို့ ခေတ္တ သွားရောက်သူ  ဒုက္ခသီရိသား အမျိုးသားတို့မှာ နတ်ဘီလူး၏ ဖန်ဆင်းချက်မှ လွတ်ကင်းသွားကြသည်။ သို့သော် လည်း ထိုသို့ လွတ်ကင်းကြောင်းကို ရုတ်တရက် မသိကြပေ။ မြောက်အမေရိကရောက် မော်ကွန်းဉာဏ်လင်းဆိုလျှင် သူ လည်း ကိုယ်ဝန်ရနိုင်သည်ဟု ယူဆပြီး အနေအထိုင် အထူးဆင် ခြင်၏။ သူ့တွင် လစဉ် ဓမ္မတာမလာခြင်းမှာ ရံဖန်ရံခါ ဖြစ်တတ် သည့်သဘောဟုလည်း ယူဆနေမိ၏။ ဓမ္မတာ ပုံမှန်လာစေရန် မည်သို့ နေထိုင်စားသောက်ရကြောင်း စာအုပ်စာတမ်းများ၊ ကျန်းမာရေးပညာပေး အင်တာနက်စာမျက်နှာများကို လေ့လာ ဖတ်ရှုနေတော့သည်။

ဒုက္ခသီရိတွင်မူ သူတို့၏ သတင်းစာတိုက်မှ မော်ကွန်း ကျော်ဇေယျာထွန်း၏ ဗိုက်မှာ သိသိသာသာ ကြီးလာသဖြင့် ဆေးခန်းသွားပြရာ ကိုယ်ဝန်ရှိခြင်း မဟုတ်ကြောင်း၊ ဘီယာ တန်ခိုးကြောင့် ဗိုက်ရွဲှလာခြင်း ဖြစ်ကြောင်း ဆရာဝန်က ပြော လိုက်သည်။ ဘီယာသမား အမျိုးသား  အများအပြား နေထိုင် သော ဒုက္ခသီရိတွင် ကိုယ်ဝန်ရှိခြင်းနှင့် ဗိုက်ရွဲှခြင်း မသဲကွဲသဖြင့် စမ်းသပ်ကြရာမှ ဆေးခန်းများ၊ ဆရာဝန်များ ဝင်ငွေ အထူး ကောင်းလာကြလေသည်။

ဘီယာ၊ အရက်တို့မှာမူ ရောင်းအား ထိုးကျသည်။  အကြောင်း မှာ ယမကာ သောက်သုံးသူ အမျိုးသား အများအပြား ကိုယ်ဝန်  ရှိနေကြသဖြင့် ယစ်ရွှေရည်မှီဝဲခြင်း ရပ်နားထားကြခြင်း ကြောင့်တည်း။

ထိုးကျသောအရာ နောက်တစ်ခုမှာ မုဒိမ်းမှုဖြစ်သည်။ မုဒိမ်းမှုကျူးလွန်သော အမျိုးသား မဆိုစလောက်သာ ရှိတော့ ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများက ဆိုသည်။

ကံဆိုးစေသော ၇ ဂဏန်း

နိုင်ငံတကာတွင် ၂၈ ရက် ကြာတိုင်း အမျိုးသမီးတို့ ရာသီ သွေး တစ်ကြိမ် လာတတ်သည်။ တစ်နှစ်လျှင် ၁၃ ကြိမ် အများဆုံး ဖြစ်သည်။  ထိုအချက်ကြောင့်  ရှေးခေတ် အယူသီးသူတချို့က ၁၃ ဂဏန်းသည် ကြမ္မာဆိုးများနှင့် ဆက်နွှယ်နေကြောင်း ယုံကြည်ကြခြင်း ဖြစ်လေ၏။ ဒုက္ခသီရိသည်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုလှသည်ဖြစ်ရာ ၁၃ ဂဏန်းကို ပစ်မှတ်ထား ပိတ်ဆို့သည်။ ဘတ်စ်ကား လိုင်းနံပါတ်တွင်ပင် အမှတ် ၁၃ ကို ထည့်သွင်း ခြင်း မပြုခဲ့ချေ။

ထိုသို့သော ၁၃ ဂဏန်း မုန်းတီးမှုမှာ ဒုက္ခသီရိတွင် တဖြည်းဖြည်း ခေတ်တုံးသွား သည်။ အဘယ်ကြောင့်နည်း။

ဆိုခဲ့သလိုပင် ဒုက္ခသီရိတွင် အမျိုးသားတို့ ရာသီသွေးလာ စေရန် ဖန်တီးပေးခဲ့သူမှာ မီး ခွက်စောင့်ဘီလူး ဖြစ်သည်။  ဘီလူးကြီးက အမျိုးသားအချင်းချင်း ကိုယ်ချင်းစာသောအားဖြင့် ရက် ၅ဝ ပြည့်မှ တစ်ကြိမ် ရာသီသွေးလာစေရန် စီမံခဲ့၏။  ဘီလူး ကြီး ကျေးဇူးတော်ကြောင့် ဒုက္ခသီရိ အမျိုးသားတို့ ရာသီလာ ခြင်းကို တစ်နှစ်လျှင် ၇ ကြိမ်သာ အများဆုံး ကြုံတွေ့ရလေသည်။

ဤတွင် ၇ ဂဏန်းသည်  ကံဆိုးစေသော နံပါတ် ဖြစ်မှန်း မသိ ဖြစ်လာလေတော့သည်။ ခရီးသွားသည့်အခါ ကားပေါ်တွင် လိုက်ပါသူ ၇ ဦး ဖြစ်နေလျှင် ကားထဲ ကျောက်ခဲတစ်လုံး ကောက် ထည့်ပြီး ခေါ်သွားကြသည်၊ ‘မောင်ကျောက်ခဲ ပါတယ်ဆိုတော့ ကျုပ်တို့က ၈ ယောက်ပေါ့ဗျာ၊ ဟဲဟဲဟဲ’ဟု ပြောပြီး ခရီးဆက်ကြ လေ၏။

အမျိုးသား အခွင့်အရေး

အမျိုးသား အများ အပြား ရှိတတ်သည့် အကျဉ်းထောင်တွင် လည်း ပြောင်းလဲမှုများ ရှိလာသည်။ ရာသီသွေး လာစဉ် အသုံးပြုရသည့် ဂွမ်းထုပ်များကို အကျဉ်း သားတိုင်းအတွက် လုံ လုံလောက်လောက် ရရှိ စေရန် စီစဉ်ထားလေသည်။ အကျဉ်းထောင် အလုပ်စခန်း များတွင်လည်း ရာသီသွေးလာ သည့်  အကျဉ်းသားအတွက် အလုပ်နားရက်ကို ပြင်ပ ရုံး ဌာန၊ ကုမ္ပဏီလုပ်ငန်းခွင်များ ကဲ့သို့ သုံးရက် အနည်းဆုံး သတ်မှတ်ထားရန် သံ မဏိစည်းကမ်း ထုတ် လိုက်လေရာ အမျိုး သမီးအကျဉ်းသားတို့က ”ဒါတော့ သိပ်များသွားပြီ၊ သူတို့ အလှည့်ကျတော့ သိတတ်လိုက်ကြတာ”ဟု ဝေဖန်ကြလေ၏။

မီးခွက်စောင့်နတ်ဘီလူး၏  ကမောက်ကမ ဖန်တီးချက်များ အပြီး လအနည်းငယ်အကြာတွင် ခေတ်စားလာသည်မှာ  ‘အမျိုး သား အခွင့်အရေး’ ဟူသော စကားလုံး ဖြစ်လေသည်။ နိုင်ငံရေး သမားအများစုက အမျိုးသားများဖြစ်ကြရာ ထိုစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးလာကြ၏။ အမျိုးသားများ ကြီးစိုးသည့် လွှတ်တော်တွင်လည်း အမျိုးသားအခွင့်အရေးဆိုင်ရာ ဥပဒေ များ၊ ရပိုင်ခွင့်များအကြောင်း အရေးတကြီး ဆွေးနွေးလာကြသည်။

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေ  ရေးဆွဲ၊ ပြဋ္ဌာန်း၊ အတည်ပြုနိုင်ရေးအတွက် အထူးဝါယမ စိုက်ကြလေသည်။ ထို သို့သော ဥပဒေမျိုးကို ဦးစားပေးလွန်းခြင်းမှာ မဖြစ်သင့်ကြောင်း အပျိုကြီးများသမဂ္ဂက ဝေဖန်လိုက်သည်။

”လွှတ်တော်တွင်း ပြည်သူ့ကိုယ်စားလှယ်တွေ၊ ပြီးတော့ နေရာ ၃၅ ရာခိုင်နှုန်း အလိုအလျောက် ရတဲ့ ပုလိပ်အဖွဲ့ရဲ့ ကိုယ် စားလှယ်တွေကို ကြည့်လိုက်ရင် အများစုက အမျိုးသားတွေပဲ ဖြစ်တာ တွေ့ရတယ်ရှင့်။ ဟုတ်တယ်နော်။ လွှတ်တော်မှာ သူတို့ပဲ ခြယ်လှယ်နေတာကြောင့် ဒီလို ကြိုးပမ်းနေကြတာပါ” ဟု အပျို ကြီးများသမဂ္ဂ ပြောခွင့်ရသူတစ်ဦးက ကွမ်းသွေးကို ဗျစ်ခနဲ ထွေး ထုတ်ပြီး သုံးသပ်လိုက်သည်။

ဤအတောအတွင်း ကိုယ်ဝန်ဆောင်အမျိုးသားများ မီး ဖွားခွင့်ဆိုင်ရာ အထူးဥပဒေကို လွှတ်တော်တွင် ကမန်းကတန်း ရေးဆွဲပြဋ္ဌာန်းရာ ပြဋ္ဌာန်းသည့် ညနေပိုင်းတွင်ပင်  သမ္မတက လက်မှတ်ထိုး အတည်ပြုလိုက်သည်။ မီးဖွားခွင့်ကို အနည်းဆုံး တစ်နှစ် မဖြစ်မနေ ပေးရန်၊ ဆရာဝန် ထောက်ခံချက်ရှိလျှင် နှစ် နှစ်အထိ ပေးရန်၊ မီးဖွားခွင့်ယူသည့် ကာလအတွင်း လုပ်ခလစာ အပြည့်ပေးရန်၊ အထူးထောက်ပံ့ကြေးပေးရန်တို့လည်း ဥပဒေ အတွင်း ထည့်သွင်းရေးဆွဲထားသည်။

လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်မှုများကို အားရပါးရ ထောက်ခံသည့်အထဲတွင် မော်ကွန်းသတင်းစာလည်း ပါဝင်သည်။

”အမျိုးသားတို့ကိုယ်ဝန်ဆောင်ကာလ၊ မီးဖွားပြီးစကာလ များအတွင်း ဇနီးသည်တို့သည် ချစ်ခင်ပွန်းအနီး နေထိုင်ခြင်း၊ ပြုစုယုယမှု ပေးခြင်းဖြင့် လူသားဆန်မှုကို ပြသသင့်ပေသည်”ဟု မော်ကွန်းသတင်းစာ အယ်ဒီတာ့အာဘော်တစ်ခုတွင် ရေးသား တိုက်တွန်းလိုက်သည်။

အပြောင်းအလဲကို ကျေနပ်ကြသလော

ဒုက္ခသီရိ၏ အပြောင်းအလဲမှာ သုံးနှစ်သုံးမိုး ကြာလာ ချေပြီ။

နိုင်ငံတကာမှ အမျိုးသားများက ဒုက္ခသီရိ၏ ဖြစ်ထွန်းမှု များကို အဝေးမှ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ မည်သည့် အမျိုးသားမျှ ဒုက္ခသီရိသို့ အလည်အပတ်ပင် လာဝံ့ခြင်း မရှိကြ ချေ။ သံရုံးများတွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးသံတမန် များသာ ရောက်လာကြကုန်၏။

အပြောင်းအလဲ သက်တမ်းရင့်လာသော်လည်း ဒုက္ခသီရိရှိ အမျိုးသားတို့မှာ သဘာဝအခြေအနေအသစ်နှင့် အသားမကျကြ သေးပေ။ အမျိုးသမီးတို့ကရော မည်သို့ရှိသနည်း။

အမျိုးသမီးအများအပြားသည်  ကိုယ်ဝန်ဆောင်မိခင်ဖြစ် ခွင့် ဆုံးရှုံးရသောကြောင့် အထူးဝမ်းနည်းပူဆွေးကြလေသည်။

ဖခင်အများစုက မိခင်စိတ် မရှိကြကြောင်း၊  ရင်သွေးငယ် ကို  ပြုစုလိုစိတ် မရှိကြကြောင်း၊ ကလေးမွေးပြီးသည်နှင့် ဘီယာ ဆိုင်သို့သာ ခြေဦးလှည့်နေကြကြောင်း  အမျိုးသမီးအဖွဲ့များ၊ ကလေးသူငယ်အဖွဲ့အစည်းများက အစီရင်ခံစာ ထုတ်ဝေကြ သည်အထိ အခြေအနေက ရုပ်ပျက်ဆင်းပျက် ဖြစ်လာသည်။

မီးခွက်စောင့်ဘီလူး သွားရောက် အိပ်ငိုက်ရသည့် နတ် သဘင်လွှတ်တော် အစည်းအဝေးတွင်လည်း ဒုက္ခသီရိ၏ ပြဿနာ အရပ်ရပ်နှင့် ပတ်သက်ပြီး  အရေးတကြီး အဆိုတင်သွင်း ဆွေး နွေးငြင်းခုံစရာ ဖြစ်လာသည်။ ”ဒါဟာ လူလုပ်ပြဿနာ မဟုတ် ဘူး။ နတ်ဖန်တီးတဲ့ ပြဿနာဖြစ်တယ်။  ဒုက္ခသီရိမှာ အခြေအနေ နဂိုအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ကိုယ်စား လှယ်များက ဆန္ဒရှိကြတာကြောင့် ဒီပြဿနာကို အစပြုပေးတဲ့ အာလာဒင်မီးခွက်စောင့်နတ်က လူ့ပြည် ပြန်ဆင်းပြီး ဖြေရှင်းပါ။ ကန့်ကွက်မယ့်နတ် ရှိပါသလား”ဟု နတ်လွှတ်တော်ဥက္ကဋ္ဌ သီဟ (စခန်းသစ်)က မေးရာ ကန့်ကွက်မည့်နတ် မရှိသည့်အတွက် အာ လာဒင်နတ်ဘီလူး လူ့ပြည်ဆင်းရလေသည်။

နတ်ဘီလူး လူ့ပြည်ပြန်ရောက်လာပြီးနောက်  ဒုက္ခသီရိ သတင်းသမားများကွန်ရက် (DJN) ရုံးတွင် သတင်းစာရှင်းလင်း ပွဲ လုပ်သည်။   ယနေ့မှစ၍ ဇီဝကမ္မဗေဒ အပြောင်းအလဲ၊ ကိုယ် ဝန်ရှိခြင်း ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ဒုက္ခအဝဝကို အမျိုးသမီး တို့သာ တင်းပြည့်ကျပ်ပြည့် ခံစားရတော့မည်ဟု ကြေညာလေ၏။

ထိုကြေညာချက်နှင့် ပတ်သက်ပြီး သတင်းစာမျက်နှာဖုံးများတွင် ရက်အတန်ကြာ ဖော်ပြကြသည်။ အမျိုးသားအပေါင်းတို့ အောင် ပွဲခံမှု အကြီးအကျယ် ပြုလုပ်ကြရာ ဈေးကွက်အတွင်း ဘီယာ၊ အရက် ပြတ်လပ်သွားလေသည်။

နိဂုံး

အခြေအနေအရပ်ရပ် သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်သွား သောကြောင့် အမျိုးသားများအတွက် အထူးပြဋ္ဌာန်းခဲ့သော ဥပဒေ၊ အမိန့်အရပ်ရပ်ကို ဖျက်သိမ်းလိုက်ကြောင်း စာဖတ်သူတို့ သဘောပေါက်ပေလိမ့်မည်။  ဟုတ်သည်၊ အမျိုးသားအခွင့်အရေး ဆိုင်ရာ အထူးပြဋ္ဌာန်းချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်လိုက် ကြသည်။

ဤသို့သော အခြေအနေတွင် အမျိုးသမီးများနှင့် ပတ် သက်ပြီး လူ့အခွင့်အရေးအဖွဲ့များ၏ တောင်းဆိုချက် ပေါ်ထွက် လာသည်။ ထိုတောင်းဆိုချက်မှာ အခြားမဟုတ်ပေ။ ပြီးခဲ့သော ကမောက်ကမနှစ်ကာလအတွင်း  ယောကျ်ားသားတို့ ရရှိခဲ့သော အခွင့်အရေးတို့မှာ လွန်စွာ ကောင်းမွန်လှသည်၊ အမျိုးသားများ အတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့သော ထို အထူးအခွင့်အရေးဆိုင်ရာ ဥပဒေ၊ အမိန့်များကို အမျိုးသမီးများအတွက် ပြဋ္ဌာန်းပေးပါဟူ သော တောင်းဆိုချက် ဖြစ်၏။

ထိုသို့ ရေးဆွဲပြဋ္ဌာန်းပေးရန် အမျိုးသမီးအမတ်များက လွှတ်တော်တွင် တောင်းဆိုရာ အမျိုးသားတို့ကြီးစိုးသော လွှတ် တော်က တစ်ခဲနက် ပယ်ချလိုက်လေသတည်း။

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ သရော်စာ ဖြစ်ပါသည်။

 

ရန်လိုကျွှဲ  ရေးသည်။

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."