ရန်ကုန်မြို့မှ စီးပွားရေးအတိုင်အပင်ခံ

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ သရော်စာဆောင်းပါး ဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

ရန်ကုန်မြို့၊ မော်ကွန်းမဂ္ဂဇင်းရုံးသို့  ကျွန်ုပ် ရန်လိုကျွဲ မသွားရဲ၊ ခြေဦးမလှည့်ရဲ။   အနော်ရထာလမ်းသို့ ရောက်လျှင်ပင် ရုံးရှိရာသို့ မော့မကြည့်ရဲ။ ထိုသို့ မဝံ့မရဲဖြစ်စရာအကြောင်းများကို ဒီတစ်လ ရေးချလိုက်လျှင်ဖြင့် စိတ်ပေါ့ပါးသွားပြီး ဝံ့ရဲစိတ်များ ပြန်လည် ပေါ်ပေါက်လာနိုင်သည်ဟု စဉ်းစားမိသောကြောင့် ရေးသားလိုက် ရပါပြီ။

            တစ်နေ့သား မော်ကွန်းရုံးသို့အရောက် အခန်းထောင့်တွင် သတင်းထောက် သက်ဦးမွန် ချောင်ကပ်ပြီး ခေါင်းငိုက်စိုက်ကျနေ သည်ကို တွေ့ရသည်။

ရန်လိုကျွဲ။  ။ ဟေ့ကောင် သက်ဦးမွန်၊ ရုံးလာပြီး ငိုက်မနေနဲ့။ သတင်းထောက်ဆိုတာ အဲဒီလို မနေရဘူး၊ လှုပ်လှုပ်ရှားရှား ခုန် ဆွခုန်ဆွ လုပ်နေရတယ်ကွ။

သက်ဦးမွန်။  ။ (လေးကန်ဖင့်နွဲ့ စွာဖြင့် တစ်ချက်မော့ကြည့်လိုက် ပြီး) တော်စမ်းပါ ရန်လိုကျွဲရာ၊ ငါ နားအေးပါးအေး နေပါရစေ။

            နားအေးပါးအေးနေချင်ရင် မင်းရဲ့ခေါင်းကို ရေခဲသေတ္တာ ထဲ သွားထည့်ထားလိုက်ဟု ပြောရန် ဟန်ပြင်ပြီးခါမှ ထမင်းဆယ် ရက် မစားရသေးသူ မိုင်သုံးဆယ်ခန့် လမ်းလျှောက်လာရသည့် အလား  နွမ်းလျနေသော သတင်းထောက်ကိုကြည့်ပြီး သနား သွားသည်။

ကျွဲ။  ။ ဆိုစမ်းပါဦးကွ။ ဘာတွေ အခက်အခဲ တွေ့နေတာလဲ။ ရည်း စားပူမိနေတာလား။

မွန်။  ။ ရည်းစားပူမိတာ ဟုတ်ရပါဘူးဗျာ။ သို့သော်လည်း ရည်း စားက ပူနေလို့ ကျွန်တော် စိတ်ညစ်နေတာ။

ကျွဲ။  ။ သြော်…ရည်းစားက ပူနေပြီလား။   အစကတည်းက ဆင် ခြင်သင့်တာပေါ့။ လိုအပ်တဲ့ အကာအကွယ်တွေသုံးမယ်ဆိုရင် ပူ စရာအကြောင်း မရှိပါဘူးကွာ။ မင်းသိလား၊ ငါတို့သတင်းထောက် တွေအတွက်  စာနယ်ဇင်းသင်တန်း သိပ်များနေပြီ။ တကယ်လို အပ်နေတာ လိင်ပညာပေးသင်တန်းတွေပဲဆိုတာ မင်းရဲ့ဖြစ်ရပ် က သက်သေပဲပေါ့ကွာ။

မွန်။  ။ တော်ပါဗျာ၊ ကျုပ်ရည်းစားက ပူတယ်ဆိုတာ လက်ထပ် ချင်လှပြီဆိုပြီး အပူကပ်နေတာကိုပြောတာ။ ခင်ဗျားလျှောက် ပြောတာနဲ့ ကျုပ်စိတ်ညစ်တာတွေတောင် ဘယ်ရောက်သွားလဲ မသိတော့ဘူး။ လက်ထပ်တယ်၊ တစ်အိုးတစ်အိမ်ထူထောင်တယ် ဆို တာ ဒီခေတ်ကြီးမှာ လွယ်တာမှတ်လို့။ ကျုပ်ရဲ့ မဖြစ်စလောက် လစာလေးနဲ့ မိန်းမယူဖို့ဘယ်ဖြစ်မလဲ။ ကျုပ် အဲဒါကို စိတ်ညစ်လို့ ဒီမှာ လာခွေနေတာ။

ကျွဲ။  ။ သြော်…ဂလိုလား။ အာဝါဟ ဝိဝါဟကိစ္စအတွက်များ မျောက်မှိုင်မှိုင်မနေပါနဲ့။ မင်းအတွက် ဝင်ငွေတိုးစေမယ့် နည်း လမ်းတွေ အများကြီးရှိမှာပါ။ ငါ့ကိုသာ အားကိုး။ ငါက ငွေဝင် လမ်းနဲ့ပတ်သက်ပြီး တကယ့်ကျွမ်းကျင်သူဆိုတာ မင်း မေ့နေပြီ လား။ မင်းတို့က သတင်းထောက်ဖြစ်ပြီး စာဖတ်အား တယ်နည်း တာပဲ။ မော်ကွန်းအဟောင်းတွေ ပြန်ဖတ်စမ်းပါ။ အဲဒီမှာ ငါ့ရဲ့ စီး ပွားရေးသီအိုရီတွေ လေ့လာလိုက်စမ်း။ ငါ့ကို စီးပွားရေးတက္ကသိုလ် ကတောင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးထားတာနော်။

            (ရန်လိုကျွဲ ဒေါက်တာဘွဲ့ရခြင်းအကြောင်းကို ၂ဝ၁၄၊ နိုဝင်ဘာထုတ် မော်ကွန်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်)  https://mawkun.comcartoon_and_satire/consultant_one/

            ယင်းသို့ ရှည်ရှည်လျားလျား ရှင်းပြလိုက်မှ သူကောင်းသား သက်ဦးမွန် ခေါင်းထောင်လာသည်။ လေသံရော အခေါ်အဝေါ်ပါ ရုတ်တရက် ပြောင်းလဲလာသည်။

မွန်။  ။ ဟာ…ဟုတ်သားပဲ။ ကျွန်တော် ဒီကိစ္စ မေ့နေလိုက်တာ။ လုပ်စမ်းပါ ဆရာကျွဲရယ်၊ အားကိုးပါတယ်။ အမိုက်အမဲလေးကို ဗွေမယူပါနဲ့၊ ဝင်ငွေတိုးဖို့အတွက် ကျွန်တော့်ကို ကူညီပါ၊ စောင် မပါ၊ အကြံပေးပါ၊ ဝေဖန်ပါ၊ ဆုံးမပါဗျာ။

ကျွဲ။  ။ ဟဲဟဲ… ကူညီပါရစေ၊ ကူညီပါရစေခင်ဗျ လုပ်ရသေးတာ ပေါ့ကွယ်။ မင်းရဲ့ ဝင်ငွေတိုးပွားရေးအစီအစဉ်အတွက်ဆိုရင် နိုင်ငံ တော်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တာမျိုးတွေတော့ လုပ်မှ ဖြစ်မယ်နော်။

မွန်။  ။ ကြိုက်သွားပြီဗျာ။ သူဌေးကြီးတွေရဲ့ အောင်မြင်ရေးသော့ ချက်က အဲဒါပဲဗျ။  နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်းလိုက်ကြတာ ခရိုနီကြီးတွေ ဖြစ်သွားရော။ အဲ…ကျွန်တော်က ပူးပေါင်းဖို့တော့ အသင့်ဖြစ်ပါပြီ၊ ဘယ်အဘနဲ့ ပူးပေါင်းရမှာလဲ။ လုပ်စမ်းပါဦး။

ကျွဲ။  ။ ဘယ်အဘနဲ့မှ ချိတ်စရာ မလိုဘူး။ မတော်တဆ အဘ အရွေးမှားပြီး အဲဒီအဘ သစ်ကိုင်းလွတ်တဲ့အခါ မင်းပါ ကိစ္စများ လိမ့်မယ်။ နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ဒီလိုကွ၊ စားသောက်ဆိုင်ကြီးတွေမှာ အခု စားသုံးခွန်ကောက် နေပြီ၊ ဘောက်ချာစာရွက်မှာ အခွန်တံဆိပ်ခေါင်းလည်း မဖြစ် မနေ ကပ်နေကြရပြီ၊ အဲ…ကပ်နေပြီ ဆိုပေမယ့် ဆိုင်တိုင်းတော့ မဟုတ်သေးဘူး၊ တံဆိပ်ခေါင်းမကပ်တဲ့ဆိုင်ဆိုရင် အခွန်ဌာနကို တိုင်လို့ရတယ်၊ တိုင်ရင် အခွန်ဌာနက စစ်ဆေးအရေးယူမယ်၊ ဒဏ်ငွေရိုက်မယ်၊ တိုင်တဲ့သူက အဲဒီဒဏ်ငွေထဲက အစိတ်အပိုင်း တချို့ကို ရမယ်ပေါ့ကွာ။

မွန်။  ။ ဟာ…ဟုတ်သားပဲ။ ဒါဟာ ကျွန်တော်တို့အတွက် ငွေရ ပေါက်လမ်းပဲ။  ကျွန်တော် ဘာကြောင့် မတွေးမိပါလိမ့်။ တံဆိပ် ခေါင်းကို အကြောင်းအမျိုးမျိုးကြောင့် မကပ်ဖြစ်တဲ့ဆိုင်တွေ အများကြီးပဲဗျ။

ကျွဲ။  ။ ဟုတ်တယ်။ ဆိုင်တိုင်း ကပ်ကြတာမဟုတ်ဘူး။ ဘောက် ချာတောင်းတဲ့အခါလည်း အချိန်သိပ်မရတဲ့ပုံ ဖမ်းထားလိုက်။  ဆိုင်ဝန်ထမ်းတွေကိုလည်း ပျာယီးပျာယာဖြစ်အောင်လုပ်။  ဒါဆို တံဆိပ်ခေါင်းကပ်တာမျိုး သူတို့ လုပ်ချင်မှလုပ်လိမ့်မယ်။ ပြီးတော့ မင်းက ဝင်ငွေပိုကောင်းအောင် နှစ်သီးစား လုပ်လို့ရသေးတယ်။

            နှစ်သီးစားဆိုသော စကားလုံးကြောင့် သက်ဦးမွန်သဘော ကျသွားသည်။ အားပါးတရပြုံးလိုက်ရာ ပါးစပ်က နားရွက်နှစ် ဖက်ကိုပင် တက်ချိတ်သွားသည်။

ကျွဲ။  ။ နှစ်သီးစားဆိုတာက အခု သက်ဦးမွန်တို့ရဲ့ မော်ကွန်းမဂ္ဂဇင်း မှာ အစားအသောက်ကဏ္ဍ၊ စားသောက်ဆိုင်ဝေဖန်ရေးကဏ္ဍတို့ မပါသေးဘူး။ အဲဒီကဏ္ဍတွေ ထည့်ဖို့ အယ်ဒီတာတွေကို ငါပဲ တိုက်တွန်းလိုက်ပါ့မယ်။ အယ်ဒီတာတွေလည်း ဒါကို သဘော ကျမှာပါ။ သူတို့ထည့်နေတဲ့ ငြိမ်းချမ်းရေးတို့၊ ရွေးကောက်ပွဲတို့ ဆိုတာ ပျင်းစရာကြီးတွေ မဟုတ်လား။

မွန်။  ။ (စားပွဲကို လက်နှစ်ဖက်ဖြင့် ဘုန်းခနဲ ထုလိုက်ပြီး…) သိပ် ဟုတ်တာပေါ့ဗျာ။ အဲ…သိပ်ဟုတ်ပေမယ့် အဲဒီ အစားအသောက် ကဏ္ဍတွေက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။

ကျွဲ။  ။ ဆိုင်တာပေါ့ကွ။ နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်းရေးအတွက် စားသောက်ဆိုင်တွေကို အချဉ်ဖမ်းဖို့ လုပ်တဲ့အခါ စားစရာတွေ မှာစားရတယ် မဟုတ်လား။ အဲဒီအစားအစာအကြောင်း၊ ဆိုင် အကြောင်း လျှောက်ရေးပေါ့ကွာ။ ဒါဆို စာမူခလည်း ရမယ်လေကွာ။

            သတင်းထောက် သက်ဦးမွန် အကြီးအကျယ် ဝမ်းသာသွား သည်။ သူ၏လစာ၊ အကျိုးတူပူးပေါင်းသည့်အတွက် အခွန်ဌာနက ရှယ်ပေးမည့် ဝေစု၊ အစားအသောက်အကြောင်း ရေးသားခြင်းမှ ရရှိမည့် စာမူခတို့ကို ပေါင်းလိုက်လျှင် ဝင်ငွေ အလွန်ကောင်းမည် ဖြစ်သောကြောင့် မိန်းမယူလို့ရပြီ၊ လုပ်ငန်း လွန်စွာ အောင်မြင် ပါက မိန်းမနှစ်ယောက်ပင် ယူနိုင်မည်ဟု တွေးလိုက်မိသည်။ ငွေရ လမ်းအတွက် အကြံကောင်းများပေးလာသော ရန်လိုကျွဲကို အကြီးအကျယ် ကျေးဇူးတင်မိသည်။ စိတ်ဓာတ်များ တက်ကြွလာ ပြီး အခန်းအတွင်း ခုန်ဆွခုန်ဆွ လမ်းသလားနေလေတော့သည်။

            မျောက်မှိုင်မှိုင်နေသော သတင်းထောက်တစ်ယောက်ကို မီးခဲနင်းမိသောမျောက်တစ်ကောင်နှင့်တူအောင် စိတ်ဓာတ်ခွန် အား ပေးလိုက်နိုင်သောကြောင့် ရန်လိုကျွဲလည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိသည်။ ထိုသို့ကျေနပ်နေစဉ် အနီးရှိ အယ်ဒီတာ ကျော် ဇေယျာထွန်းထံမှ အသံထွက်လာသည်။

ကျော်ဇေယျာထွန်း။  ။ ဟေ့လူ၊ ကျုပ်ကိုလည်း ကူညီလို့ရမလား။ ကျုပ်နဲ့ ကျုပ်ဇနီးသည်ရဲ့ လတ်တလော ရည်ရွယ်ချက်က တိုက် ဆောက်၊ ကားစီးချင်တယ်။   ကျုပ် မော်ကွန်းမှာ ဆက်နေလို့က တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒါ ခင်ဗျား ဘယ်လို အကြံ ဉာဏ် ပေးချင်လဲ။

ကျွဲ။  ။ ဟာ…ဖြစ်ရစေမယ်၊ ရွှေလိုချင် ရွှေဖြစ်ရမယ်၊ ငွေလိုချင် ငွေ ဖြစ်ရမယ်။ ဒီမယ် အယ်ဒီတာကြီး၊ တိုက်ဆောက်၊ ကားစီးတယ် ဆိုတာ အင်မတန်လွယ်ကူတဲ့ကိစ္စပဲ။ တချို့ဆိုရင် တစ်ပါးသူရဲ့ငွေ ကို လှည့်ပတ်သုံးပြီး တိုက်ဆောက်၊ ကားစီး၊ သူဌေးဖြစ်နေကြ တာဗျ။

ထွန်း။  ။ ဟာ…အဲဒီနည်းကတော့ လန်းသဗျာ။ အဲဒီအခြေ အနေဖြစ်အောင် လုပ်တဲ့ ဗျူဟာတွေ ပေးပါဦး။ ကျွန်တော်က အရင်းအနှီးလည်း အများကြီးရှိတာမဟုတ်ဘူး။ ပြီးတော့ စာရေး တဲ့အလုပ်၊ အခန်းအောင်းပြီး စာအုပ်ပုံထဲနေတဲ့အလုပ်။ ဒါပဲ လုပ် တတ်တာ။

ကျွဲ။  ။ စာအုပ်ပုံထဲနေတတ်ရင် ရပြီ။ အဲဒါ တိုက်ဆောက်၊ ကားစီး ဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ ငွေအရင်းအနှီးကတော့ နည်း နည်းလေး လိုမယ်။

ထွန်း။  ။ အများကြီးမဟုတ်ဘူးဆိုရင်တော့ ပေါင်နှံချေးငှားလိုက် ရင် အဆင်ပြေမှာပါ။ ခင်ဗျားရဲ့ အိုင်ဒီယာကိုသာ အသေးစိတ် ပြောဗျာ။

            တစ်ပါးသူတို့၏ငွေကြေးဖြင့်  တိုက်ဆောက်၊ ကားစီး၊ သူဌေး ဖြစ်နည်းဆိုသည်မှာ တခြားမဟုတ်၊ စာအုပ်ဖြန့်ချိရေးဆိုင် ဖွင့် လှစ်ခြင်းဖြစ်ကြောင်း၊ ခေတ်ပြတိုက်၊ ရိုးလှသန္တာကဲ့သို့သော အရေအတွက် ရာနှင့်ချီသည့် စာအုပ်တိုက်များက သူတို့ထုတ် သည့် စာအုပ်ကို အပ်ကုန်အဖြစ် အရောက်လာပို့ကြမည် ဖြစ် သောကြောင့် ရင်းနှီးငွေ ကြီးကြီးမားမား မလိုကြောင်း၊ အရောင်း ဝန်ထမ်းအနည်းငယ်ခန့်ထားရုံဖြင့် လုပ်ငန်းလည်ပတ်နေမည် ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ထွန်း။  ။ ဆိုင်လုပ်ငန်းလည်ပတ်သွားတာတော့ ဟုတ်ပါပြီ၊ ဘယ်မှာလဲ ခင်ဗျားရဲ့ တိုက်နဲ့ ကား။ ဒီခေတ်ကြီးမှာ စာအုပ်ဆိုတာ အရောင်းသွက်ပစ္စည်းမှ မဟုတ်တာ။ ကျုပ်တို့တိုက်က လစဉ် ထုတ်တဲ့ မဂ္ဂဇင်းတောင် ရောင်းမထွက်ဘဲ တောင်ပုံရာပုံဖြစ်နေလို့ ဂိုဒေါင်ကြီးကြီးတစ်လုံးငှားပြီး သွားသိမ်းထည့်ထားရတယ်။

ကျွဲ။  ။ အဓိကကျတဲ့အချက်ကို ခင်ဗျားသဘောပေါက်ရင် တိုက် ဆောက်၊ ကားစီးလို့ ရပါပြီ အယ်ဒီတာမင်းရေ။ ဒီလိုဗျ၊ ဒီလို။ စာ အုပ်ရောင်းရငွေတွေကို အကုန်မရှင်းဘဲ လှည့်သုံးထားပေါ့ဗျာ။ ခင်ဗျားရဲ့ဆိုင် ကြီးလာလေလေ လှည့်သုံးတဲ့ငွေ များလာလေပဲ။ ဥပမာ-မော်ကွန်းမဂ္ဂဇင်း ကျပ်တစ်သိန်းဖိုး ရောင်းရပြီ ဆိုပါစို့။ မဂ္ဂဇင်းတိုက်က ကလေးမတွေဖြစ်တဲ့ မူမူသန်းတို့၊ ခိုင်ခိုင်လင်း တို့က ပိုက်ဆံလာကောက်လိမ့်မယ်။

ထွန်း။  ။ သြော်…သိပြီ၊ သူတို့လာရင် လူကြီးတွေမရှိဘူးလို့ ပြော ပြီး နှင်လွှတ်လိုက်တာမျိုးပေါ့။ ဟုတ်လား။

ကျွဲ။  ။ နိုး…နိုး…နိုး…။ သူတို့ကို အဲဒီလိုပြောစရာကို မလိုဘူး။ ငွေရှင်းပေးလိုက်၊ အဲ…အကုန်လုံးတော့ မရှင်းနဲ့။ မဆိုစလောက် လေးပဲ ရှင်းပေးလိုက်။ ကျန်တဲ့ငွေ ကိုယ်က လှည့်သုံးနေရုံပဲ။ မော် ကွန်းကလည်း လစဉ်လတိုင်း အဆက်မပြတ် ထုတ်နေမယ်ဆို တော့ အချိန်ကြာလာလေလေ ကိုယ်လှည့်သုံးတဲ့ငွေပမာဏ ကြီး လာလေပဲ။

ထွန်း။  ။ လက်ကျန်ငွေ အတင်းအကျပ်တောင်းနေရင် ဘယ်လို လုပ်မလဲ။

ကျွဲ။  ။  ကိုယ်ပေးမှ သူရမှာလေ။ ကိုယ်ပေးချင်မှ ဖြစ်တာပါ။ ဘယ်နေ့ ငွေရှင်းပေးပါ့မယ်လို့ စာချုပ်ချုပ်ပြီး လုပ်ကြတာမှ မဟုတ်ဘဲ။ ”ကျုပ်တို့က ဆိုင်ခန်းနဲ့ ဘာနဲ့ လုပ်နေတာကွ၊ ဘယ် မှထွက်မပြေးဘူး။ ငွေက မလည်သေးလို့ ဒီလတော့ ဒီလောက်ပဲ ပေးနိုင်မယ်၊ ကျုပ်တို့မှာက ဆိုင်ခန်းငှားခ၊ ဝန်ထမ်းလခတွေနဲ့ လွယ်တာမဟုတ်ဘူး”လို့ အထက်စီးကနေ မာမာတင်းတင်းသာ ပြောလိုက်။ ဒီလိုပဲ လုပ်နေကြတာပဲ။

ထွန်း။  ။ ဟာ…ဒါဆို စိတ်ဆိုးပြီး သူတို့စာအုပ်တွေ ကျုပ်ဆိုင်မှာ မတင်ရင် ကိုယ်ကျိုးနည်းပြီပေါ့။

ကျွဲ။  ။  မတင်လို့မရဘူး ကိုယ့်လူ၊ မြန်မာစာပေလောကကို ခါး စောင်းတင်ထားတာ ဖြန့်ချိရေးဆိုင်တွေကွ။ သူတို့ဆီကမဖြန့်လို့ ဘယ်ကနေ ဖြန့်မလဲ။ အခုဆို စာပေချစ်စိတ်၊ ဘာစိတ် ညာစိတ်နဲ့ စာအုပ်တွေ အဆက်မပြတ် ထွက်နေတာ။ အဲဒါကို ဖြန့်ချိရေးဆိုင် တွေက မဖြန့်ပေးရင် ဘယ်သိကြားမင်းက လာဖြန့်ပေးမှာလဲ။ အောင့်သက်သက်နဲ့ တင်ရတာပဲ။ ဒီလိုပဲ ဆက်ဆံရတာပဲ။ တချို့ ဖြန့်ချိရေးဆိုင်တွေဆို  တစ်ပတ်မှ တစ်ရက်လောက်ပဲ ငွေရှင်းတာ။ အဲဒီရက်ဆိုရင် ငွေထုတ်ချင်တဲ့သူက ခပ်စောစောသွားနိုင်မှ။   ”ယနေ့ ဆယ်ယောက်ကိုသာ ငွေချေမည်၊ မနက်ဆယ်နာရီ မတိုင်ခင် ရောက်လာသူကိုသာ  ငွေချေမည်၊  ယနေ့ စုစုပေါင်း ဆယ်သိန်းဖိုးသာ ငွေချေမည်၊ နောက်ကျတဲ့ခြေထောက် သစ္စာ ဖောက်”စသဖြင့် စသဖြင့် မူဝါဒချထားတဲ့ဆိုင်လည်း  ရှိသဗျ။

ထွန်း။  ။ ဒါဆိုရင် စာအုပ်ထုတ်ဝေသူက ကိုယ့်ငွေနဲ့ကိုယ် မျက် နှာငယ်လေးနဲ့ သွားတောင်းရတာပေါ့နော်။

ကျွဲ။  ။  သိပ်သေချာတာပေါ့။ တချို့ဆိုရင် ပိုက်ဆံရှိလွန်းလို့ စာ အုပ်ထုတ်တာ မဟုတ်ဘူး။ ဝါသနာကြီးလွန်းလို့ထုတ်ကြတာ။ ကားခကုန်၊ အချိန်ကုန်၊ လူပင်ပန်းခံပြီး စာအုပ်ဖိုးငွေ သွား တောင်းတဲ့သူကို မုန့်ဖိုးပေးသလိုမျိုး နည်းနည်းချင်း ခွဲပေးတော့ ငွေခေါင်းကွဲသွားသူတွေလည်း မနည်းဘူး။ စာအုပ်ကလည်း အဆက်မပြတ်ထုတ်မှ ငွေလည်ပတ်တဲ့သဘောလည်း ရှိတယ်။  ထုတ်ဝေသူတစ်ယောက်ရဲ့ ငွေကို ဖြန့်ချိရေးဆိုင်တစ်ဆိုင်က လှည့်သုံးတဲ့ ပမာဏဟာ  ငါးသိန်းလည်း ဖြစ်နိုင်သလို သိန်း ငါးဆယ်လည်း ဖြစ်နိုင်တယ်။ ဆိုင်ကို စာအုပ်အရောင်းအပ်တဲ့ ထုတ်ဝေသူပေါင်းက ရာဂဏန်း ရှိတယ်လေ။ ဒီအခြေအနေမှာ စာအုပ်ရောင်းရငွေကို အကုန်ရှင်းမပေးဘဲ လှည့်သုံးခြင်းအားဖြင့် တိုက်ဆောက်၊ ကားစီးလို့ ရပြီပေါ့ကွ။ တကယ်လည်း စီးနေကြ ပါတယ်။

            ကျော်ဇေယျာထွန်းလည်း နည်းနည်း တွေဝေသွားသည်။ သူတစ်ပါး၏ငွေကို အကုန်ရှင်းမပေးဘဲ လှည့်ပတ်သုံးခြင်းဆို သည့်အချက်က သူ့အတွက် အတော်လေး စဉ်းစားစရာဖြစ် သည်။ သို့သော်လည်း ထိုငွေဖြင့် တိုက်ဆောက် ကားစီးနိုင်သည် ဟူသော ရန်လိုကျွဲ၏ စကားကြောင့် ဆုံးဖြတ်ချက်တစ်ခုကို ဒုန်းခနဲချလိုက်ပြီး  သူ၏ဇနီးသည် မြတ်စုမွန်ထံသို့ ဖုန်းဆက်ကာ ”မိန်းမရေ၊ ငါတို့ တိုက်ဆောက် ကားစီးနိုင်ဖို့ စာအုပ်ဖြန့်ချိရေး ဆိုင်ကြီး ဖွင့်ကြစို့ဟေ့”ဟု ပြောလိုက်လေသည်။

            မော်ကွန်းသို့ရောက်ပြီး ရေတစ်ခွက်ပင် မသောက်ရသေး သော်လည်း ကြီးပွားချင်သော သတင်းသမားနှစ်ယောက်ကို အကြံဉာဏ်များ အဆက်မပြတ် ပေးနေသည်။ အကြံပေးပြီး အာခြောက်လာသောကြောင့် ရေသောက်နေစဉ်မှာပင် သတင်း ထောက် ခင်မောင်မြင့်က ဘေးနား ရောက်လာသည်။

ခင်မောင်မြင့်။  ။ ဆရာကျွဲ၊ ကျုပ်ကိုလည်း အကြံပေးဗျာ။ ပိုက် ဆံလိုတဲ့ထဲမှာ ကျုပ်လည်း ပါတယ်။ အဲ…ကျုပ်ကတော့ အရင်း အနှီးတော့ လုံးဝ မရှိဘူးနော်၊ ကြိုပြောထားမယ်။

ကျွဲ။  ။  စိတ်မပူပါနဲ့ သတင်းထောက်ရယ်၊ အဆင်ပြေတဲ့နည်းတွေ အများကြီး ရှိမှာပါ။ အရင်းမစိုက် လှေထိုးလိုက် ဆိုတဲ့စကားလည်း ရှိသားပဲ။

မြင့်။  ။ လှည်းတွေ၊ လှေတွေ  မသုံးတော့ဘူး။ ဒီခေတ်က ကားသုံး တဲ့ ခေတ်ဖြစ်နေပြီ။ ရန်ကုန်က လမ်းတွေဆို ကားတွေနဲ့ပြည့်နေလို့  ကျုပ်တို့လမ်းလျှောက်ဖို့တောင် အနိုင်နိုင်။

ကျွဲ။  ။  ဒါဆိုလည်း အရင်းမစိုက် ကားထိုးလိုက်ပေါ့ကွ။ ကားဆို တာ ထိုးရတာမဟုတ်ဘူး၊ မောင်းရတာလို့ ဘုမတောနဲ့ဦး။ ငါဆို လိုချင်တဲ့သဘော ခဏနေ မင်းသိရလိမ့်မယ်။ ရန်ကုန်က ကား သမားတွေ အင်မတန် အမောင်းကြမ်းကြတာ မင်းသိတယ်နော်။ မီးပွိုင့်ရောက်ခါနီး မီးနီနေတာမြင်လည်း မိုင်တစ်ရာနှုန်း မောင်း တာပဲ။ ပွိုင့်ကိုရောက်လို့ မီးနီနေသေးရင် ဘရိတ်ထိုးအုပ်။ မီးစိမ်း ရင် ဆက်မောင်း။ လမ်းကူးတဲ့သူတွေကို သောက်ဂရုစိုက်ကြတာ မှ မဟုတ်တာ။ လမ်းကူးတဲ့သူကို နည်းနည်းလေးမှ ဦးစားမပေး ရဘူးဆိုတဲ့ ဥပဒေစည်းကမ်း မြန်မာပြည်မှာ ထုတ်ထားသလား ထင်မှတ်ရတယ်။

မြင့်။  ။ ဟုတ်ပါပြီ အာစရိရယ်၊ ရန်ကုန် ဒရိုင်ဘာတွေတော်တော်များ များက ငရဲပြည်မြန်မြန်ရောက်ချင်လို့ မော်တော်ကားကို လေ ယာဉ်ပျံလို မောင်းကြတာ  ကျွန်တော်လည်း တွေ့ပါတယ်။ အဲဒီ တော့ ဘာဖြစ်လဲ၊ သူတို့ကို မွမ်းမံသင်တန်းပေးတဲ့နည်းနဲ့ ကျုပ်က ငွေရှာရမှာလား။

ကျွဲ။  ။  ဟင့်အင်း၊ သင်တန်းပေးဖို့ဆိုရင် သင်တန်းကျောင်းဖွင့်ရ မယ်၊ မင်းက အရင်းမရှိဘူးဆိုတော့ ကျောင်းဖွင့်လို့ မရဘူး။ သို့ သော် ငွေအရင်းအနှီးရှိစရာမလိုဘဲ အလုပ်ဖြစ်မယ့်ဗျူဟာတွေ အတွက် ငါ့ကို အားကိုးပါကွာ။

            ခင်မောင်မြင့်အတွက် ရန်လိုကျွဲပေးဖြစ်သော အကြံမှာ ကားတိုက်ခံရဟန်ဆောင်ပြီး ဒရိုင်ဘာများထံမှ ငွေညှစ်ထုတ်ယူ ရေး ဖြစ်လေသည်။ ရန်ကုန်တွင် ယာဉ်ကျောပိတ်သည့် နေရာ များစွာ ရှိသည်။ ထိုနေရာများရောက်လျှင် ကားတို့က တရွေ့ရွေ့ သွားကြရသည်။   လေး၊ ငါးပေခန့်သာ မောင်းရလျှင်လည်း တစ် လှိမ့်ချင်း မလှိမ့်ဘဲ ဝူးခနဲမောင်း၊ ကျွီခနဲ ဘရိတ်အုပ်သည့် ကား သမား အများအပြား ရှိသည်။ ယာဉ်ကျောပိတ်သည့် လမ်းပေါ်ရှိ လူကူးမျဉ်းကျားသို့ရောက်လျှင်လည်း ထိုသို့သော ကားမောင်း နည်းကို အသုံးပြုကြလေ၏။ လမ်းလျှောက်သူကို လမ်းကူးခွင့် သိပ်မပေးတတ်၊ သိပ်မပေးချင်။ ထို့ကြောင့် မျဉ်းကြားတွင်လည်း လမ်းကူးသူက  ကားကိုဦးစားပေးပြီး ကူးနေရသည်။ ဤအခြေ အနေတွင် လူကူးမျဉ်းကျားအနီး ကားတိုက်ခံရဟန်ဆောင်ပြီး လမ်းပေါ် အိပ်ချလိုက်သည့်နည်းလမ်းဖြင့် ငွေရှာရေးဟူသော အကြံကို ခင်မောင်မြင့်အတွက် ပေးလိုက်ခြင်းဖြစ်သည်။ မျဉ်း ကြားတွင် ယာဉ်တိုက်မှုဖြစ်လျှင် ကားသမားအတွက် အမှုပိုကြီး တတ်သည်ဟူသော အချက်ကိုလည်း ပြောလိုက်သည်။

မြင့်။  ။    ဟာ… ကားသမားက ကြောက်ပြီး မောင်းပြေးရင် ဘယ်လိုလုပ်မလဲ။

ကျွဲ။  ။  သေစမ်းကွာ။ ယာဉ်ကြောပိတ်နေပါတယ်ဆိုမှ ကားသမား က ဘယ်ကို မောင်းပြေးမှာလဲ။ သူ့မှာ ရွေးချယ်စရာဘာမှ မရှိဘူး။ မင်းနဲ့ ညှိနှိုင်းရုံပဲ။ ယာဉ်ထိန်းရဲတွေ ဘာတွေ မရောက်ခင်၊ အနီး အနားက တာဝန်သိလုပ်သားပြည်သူတွေ ဝိုင်းလာပြီး ဆွမ်းကြီး မလောင်းခင် မင်းကို ညှိနှိုင်းမှာပဲ။ မတော်တဆမှုဖြစ်ပြီဆိုရင် ဆေးရုံပို့ရ၊ ရဲစခန်းသွားရတဲ့အလုပ် ဘယ်ကားသမားမှ မလုပ်ချင် ဘူး။ အရေးကြီးတာက  ညှိနှိုင်းလာတဲ့အခါ မင်းက နည်းနည်း တော့ ရုပ်ရှင်ရိုက်ပြပေါ့ကွာ။ ချက်ချင်းထပြီး မထိုင်နဲ့။ မတ်တတ် မရပ်နဲ့။ လမ်းမလျှောက်နဲ့။ အတွင်းကြေဒဏ်ရာ ရသွားသလိုမျိုး လုပ်ပြ။ ဒါမှ ငွေတောင်းလို့ကောင်းမှာ။ ကားသမားက ကြောက် လန့်ပြီး အနည်းနဲ့အများ မင်းကို လျော်ကြေးတို့၊ ဆေးဖိုးတို့ ချက် ချင်း ပေးမှာပဲ။

            ခင်မောင်မြင့် ကြက်သေ သေသွားသည်။ ရန်လိုကျွဲနှင့် အသိနောက်ကျလေခြင်း၊ ဤသို့သောအကြံကို ယခုမှ ရလေခြင်း ဟု ဆင်ခြင်မိပြီး မှင်တက်မိသွားခြင်းပင်။ ထိုနည်းဗျူဟာဖြင့် တစ်ကြိမ် ကားတိုက်ခံရဟန်ဆောင်ပြီးတိုင်း ငွေသောင်းဂဏန်း၊ သိန်းဂဏန်း ဝင်လာမှာ သေချာသည်ဟု တွေးလိုက်မိသည်။

ဆက်လက်ဖော်ပြပါမည်။

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."