
လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးပျက်ဆီးအောင် နှောက်ယှက်ဖျက်ဆီးလိုတဲ့ အမျိုးသားရေးအမည်ခံ ဘာသာရေးအရေခြုံတွေ လှုံ့ဆော်နေတယ်ဆိုတာ မေ ၉ ရက် မြယာကုန်း ရုတ်ရုတ်သဲသဲဖြစ်စဉ်မှာ အထင်အရှား တွေ့မြင်ရပါတယ်။ ဖြစ်စဉ်နေရာကို ရောက်ခဲ့တဲ့သတင်းစာဆရာတစ်ယောက်အနေနဲ့ ကြားမြင်တွေ့ခဲ့ရတာတွေကို တင်ပြလိုပါတယ်။
အခင်းဖြစ်တဲ့ မြယာကုန်း ၁၂၃ လမ်းထဲကို ည ၁၂ ခွဲလောက်မှာ ရောက်သွားတော့ ရဲအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရော လွှတ်တော်ကိုယ်စားလှယ်ပါရောက်ရှိနေပြီး ရပ်ကွက်အတွင်းနေထိုင်သူတွေကတော့ လမ်းမတွေပေါ် စုရုံးနေကြပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေပါ လမ်းမတွေပေါ်ထွက်ထိုင်နေတာတွေ့ရတယ်။ သူတို့မျက်လုံးတွေမှာ ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက်နဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို မြင်တွေ့နေရပါတယ်။ ‘ပြန်လာမယ်လို့ ပြောသွားတယ်’ ဆိုတဲ့ တီးတိုးပြောသံတွေကိုလည်း ကြားနေရတယ်။
ရဲအရာရှိတစ်ဦးကို ဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးမြန်းဖို့ ချဉ်းကပ်တော့ ဖြေပေးမယ်ဆိုတာနဲ့ မီဒီယာသမားတွေကို အလင်းရောင်ရမယ့်နေရာမှာ စုစည်းဖို့ ဆော်သြပါတယ်။ ခဏစောင့်နေတဲ့အချိန်မှာပဲ ကားတစ်စီးက လူအုပ်ထဲကို ဖြတ်မောင်းလာတယ်။
အဲဒီအချိန်မှာ ရပ်ကွက်သားတွေက ‘အဲဒီကားပဲ၊ အဲဒီကား’ ဆိုပြီး ပြေးလိုက်ကြတယ်။ ၁၂၃ လမ်းထိပ်နားလောက် ရောက်တော့ ကားပေါ်ကနေ အော်ဆဲသွားတယ်။ ရပ်ကွက်ထဲကလူတွေလည်း ဒေါသပေါက်ကွဲပြီး တုတ်တွေ၊ ခဲတွေ၊ ဓါးတွေကိုင်ပြီး အော်ဟစ်ပြေးလာကြပါတော့တယ်။
ရဲတပ်ဖွဲ့ဝင်တွေက ထွက်မလာကြဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်းနေကြဖို့ လက်ကိုင်လော်စပီကာနဲ့ လှမ်းသတိပေးတယ်။ ၁၂၂ လမ်းထိပ်မှာတော့ ရပ်ကွက်ထဲက လူစုဟာ လမ်းထိပ်က ရဲကားကို ခဲနဲ့လှမ်းပေါက်တာကြောင့် သေနတ်နှစ်ချက် ပစ်ဖောက်ပြီး လူစုခွဲရပါတယ်။ နောက်တော့ ရပ်ကွက်ထဲကသူတွေကပဲ အိမ်ထဲပြန်ဝင်ဖို့ အော်ဟစ်သတိပေး ကြပါတယ်။
အဲဒီနောက်မှာတော့ ရဲကားတွေပေါ်ကနေ ရဲတပ်ဖွဲ့တစ်စု ဆင်းလာကြပြီး လမ်းထိပ်တွေမှာ လုံခြုံရေးယူလိုက်ကြပြီး လမ်းထိပ်တွေကို ပိတ်ဆို့လိုက်ကြပါတယ်။ အဲဒီအချိန်က မနက် ၁ နာရီကျော်လောက်ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ မင်္ဂလာတောင်ညွန့်ရဲစခန်းဘက်ကနေ ကျွန်တော့်ရုံးက သတင်းထောက်နှစ်ယောက်ရောက်လာတယ်။ စခန်းရှေ့မှာ လည်း မျိုးချစ်အဖွဲ့တွေ လူစုလူဝေးဖြစ်ခဲ့ပြီး စခန်းကိုလည်းနောက်ဘက်ကနေ ခဲနဲ့ထုတာတွေ ကြားမြင်ခဲ့ရတယ်လို့ ပြောပါတယ်။
သတင်းပေးသူလျှိုတွေ
ရပ်ကွက်ထဲက မျက်မြင်သက်သေတချို့နဲ့ အခင်းစတင်ဖြစ်ပွားခဲ့တဲ့တိုက်ခန်းက အိမ်ရှင်အမျိုးသမီးကို သတင်းမီဒီယာ သမားတွေ တွေ့သွားပြီး မေးမြန်းကြပါတယ်။ အဲလိုမေးမြန်းနေတဲ့အချိန်မှာပဲ ဘယ်ကမှန်းမသိရောက်လာတဲ့ လူတစ်ယောက်စ၊ နှစ်ယောက်စကလည်း လူအုပ်နဲ့ရောပြီး ဖြေနေတဲ့သူတွေရော သတင်းစာဆရာတွေကိုပါ ဓါတ်ပုံလိုက်ရိုက်နေပါတယ်။
DVB က ကိုအေးချမ်းနိုင်တို့အဖွဲ့တွေနဲ့တွေ့ပြီး စကားပြောနေတုန်းမှာ ဆံပင်အရှည်၊ လည်ကတုံး လက်ရှည်အဖြူနဲ့ လူတစ်ယောက်ရောက်လာတယ်။ ခင်ဗျားက DVB ကလားလို့မေးလာတယ်။ ကိုအေးချမ်းနိုင်က ကျွန်တော်တို့ DVB ကပါလို့ မိတ်ဆက်လိုက်တယ်။ အစ်ကိုတို့ ဖုန်းနံပါတ်နဲ့ နာမည်လေး ပေးထားပါလားလို့ ဆံရှည်ကပြောလာတယ်။
အစ်ကိုဘယ်ကလဲလို့ပြန်မေးတော့ ဒီရပ်ကွက်ထဲကပါလို့ပြန်ပြောတယ်။ ပွင့်ပွင့်လင်းလင်းပြောရရရင် သူ့ရုပ်က မွတ်စလင်ရပ်ကွက်ထဲက လူပုံစံမဟုတ်တာနဲ့ အစ်ကို့ဖုန်းနံပါတ်ကိုပေးထားပါလို့ DVB က သတင်းသမားတွေက ပြောလိုက်တော့ ရပါတယ်ဆိုပြီး ပြန်ထွက်သွားတယ်။
ရပ်ကွက်ထဲက မျက်မြင်သက်သေတွေကိုမေးတဲ့နေရာမှာလည်း ဘယ်ကမှန်းမသိတဲ့ ခပ်၀၀ လူတစ်ယောက်က ‘ခင်ဗျားတို့ကို မီဒီယာကမေးနေတာ ကောင်းကောင်းဖြေပါ၊ ခင်ဗျားတို့ဘက်က ရေးပေးမှာ’ ဆိုပြီး ရပ်ကွက်ထဲက သူတွေကို ပြောနေသံကြားတာနဲ့ ကိုယ်သိတဲ့သတင်းထောက်တွေကို အဲဒီလူကိုသိလားလို့ လိုက်မေးတော့ ဘယ်သူမှမသိကြဘူး။
သူ့ကို ဘယ်မီဒီယာကလည်းမေးတော့ သူကအဲဒီရပ်ကွက်သားလို့ ပြန်ဖြေတယ်။ ဒါပေမဲ့ လမ်းထဲနေသူတွေကလည်း သူ့ကိုမသိဘူးလို့ ဆိုကြပါတယ်။ သတင်းစာဆရာတွေအနေနဲ့လည်း ပုံမှားရိုက်ပြီး ဒုက္ခပေးမယ့်သူတွေကို သတိထားဖယ်ရှားဖို့ အကင်းပါးရမယ့်အခြေအနေပါပဲ။
မျက်မြင်သက်သေတွေ၊ တာဝန်ရှိသူတွေ၊ အမျိုးသားရေးလှုပ်ရှားနေသူတွေရဲ့ အခင်းဖြစ်တဲ့နေရာမှာ ပြောဆိုမေးမြန်းမှု တွေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်က အချက်လက်တွေကိုစုပေါင်းလိုက်တဲ့အခါ မြယာကုန်းဖြစ်စဉ်ဟာ ငွေကြေး အရှုပ်အရှင်းတစ်ခုကိုအကြောင်းပြုပြီး အစီစဉ်တကျကြိုတင်ပြင်ဆင်ထားတဲ့ ဘာသာရေးအမည်ခံ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုဆိုတာကိုတွေ့ ရှိရပါတယ်။
အတင်းအကျပ်လှုံ့ဆော်
မွတ်စလင်အမျိုးသမီးတစ်ဦးနဲ့ ငွေးရေးကြေးရေးကိစ္စအငြင်းပွားတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးက အမျိုးသားရေး လှုပ်ရှားနေသူတွေကို ခေါ်လာတာကစပါတယ်။ အမျိုးသားရေးအမည်ခံထားတဲ့ သံဃာနဲ့ နောက်လိုက်လူတစ်စုက ငွေရေးကြေးရေးတင်မဟုတ်တော့ဘဲ ခိုးဝင်ဘင်္ဂါလီတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မွတ်စလင် အမျိုးသမီး အိမ်ကိုဝင်စစ်ဖို့ ရဲ၊ လဝကနဲ့ အုပ်ချုပ်ရေးမှူးတွေခေါ်လာပြီး ဝင်စစ်တယ်။
ဒါပေမဲ့ သူတို့ပြောသလိုမတွေ့ရဘဲ အိမ်ရှင်မိသားစုကလည်း အထောက်အထားအပြည့်အစုံပြနိုင်တာကြောင့် ပြန်ဆင်း လာခဲ့ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရော လူစုလူဝေးနဲ့ပါ ရပ်ကွက်ထဲဝင်လာတာကြောင့် ရပ်ကွက်သားတွေ ကလည်း ဝိုင်းအုံကြည့်ရှု ကြပါတယ်။ အဲဒီအချိန်မှာပဲ သံဃာတွေနဲ့ပါလာတဲ့ အရပ်ဝတ်တွေက ကြည့်နေတဲ့ သူတွေနဲ့ပဋိပက္ခဖြစ်ကြပါတယ်။
အဲဒီအချိန် အနီးနားမှာရပ်ထားတဲ့ကားတွေပေါ်ကနေ ဘယ်ကမှန်းမသိတဲ့လူတွေဆင်းလာကြတယ်လို့ မျက်မြင်သက် သေတွေကပြောကြတယ်။ ၁၃ ယောက်စီးကား လေး၊ ငါးစီးနဲ့ရောက်လာတာလို့ဆိုကြပါတယ်။ ရပ်ကွက်သားတစ်ဦး အတိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ ဆေးရုံကိုပို့လိုက်ရပါတယ်။ လူလေးငါးယောက်လောက်က ဝိုင်းဝန်းရိုက်နှက်ကြတာလို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။
ရဲကဖြစ်စဉ်ကိုထိန်းပြီး လူစုခွဲတယ်။ အမျိုးသားရေးအဖွဲ့တွေက ရဲစခန်းရှေ့ကိုရောက်သွားပြီး ရဲအရာရှိတွေနဲ့ အခြေအတင်စကားပြောကာ ချက်ချင်းဖမ်းဖို့၊ ဆီးဖို့ပြောကြတယ်။ ညမိုးချုပ်ဖြစ်လို့ အန္တရာယ်များကြောင်းနဲ့ နောက်နေ့ကျရင် ဥပဒေအရဆောင်ရွက်ပေးမယ်လို့ ရဲအရာရှိကပြောတာကို အမျိုးသားရေးအဖွဲ့တွေက လက်မခံဘဲ ချက်ချင်းဖမ်းဆီးဖို့ လှုံ့ဆော်နေတာတွေ့ရပါတယ်။ ရဲအရာရှိက အေးအေးဆေးဆေးပြန်ပြောနေတာကို ‘ငါတို့ဆရာတော်ကို ကောင်းကောင်းပြော၊ မဆဲနဲ့’ ဆိုတဲ့လှုံ့ဆော်ပေးသူတွေလည်းရှိတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း အဲဒီဗီဒီယိုဖိုင်တွေ တွေ့မြင်နိုင်ပါတယ်။ အမျိုးသားရေးအမည်ခံသူတချို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တစ်ရက်ကြိုတင်ပြီး စည်းရုံးလှုံ့ဆော်ထားတာတွေလည်း တွေ့ရပါတယ်။ အခင်းဖြစ်တဲ့ အချိန်မှာလည်း ‘ကုလားတွေလိုက်သတ်နေပြီ’၊ ‘ဓါးနဲ့ခုတ်နေပြီ’၊ ‘ဂျီဟတ်လုပ်နေပြီ ဗုဒ္ဓဘာသာ တွေထွက်ကြ’ ဆိုတဲ့ မမှန်သတင်းတွေကို အချိန်ကိုက်ဖြန့်ချိနေတာတွေ့ရတယ်။ ပရိုဖိုင်အစစ်မဟုတ်တဲ့ အကောင့်ပုန်းတွေလည်း အများကြီးတွေ့ရပါတယ်။ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် သတင်းအမှားတွေနဲ့ လူမှုကွန်ရက်မှာ လှုံ့ဆော်နေသူတွေကို သက်ဆိုင်ရာက ဖော်ထုတ်အရေးယူသင့်ပါတယ်။
အမျိုးသားရေးအမည်ခံ အကြမ်းဖက်မှု
ရပ်ကွက်ထဲကို တရားမဝင်ဘင်္ဂါလီတွေဝင်နေပြီဆိုရင်လည်း သက်ဆိုင်ရာကလုပ်ဆောင်ရမယ့်တာဝန်ပါ။ အခုလို လူစုလူဝေးနဲ့သွားဖို့လည်း ဥပဒေက ခွင့်ပြုမထားပါဘူး။ တာဝန်ရှိသူတွေက မဆောင်ရွက်ဘူးဆိုရင်လည်း သက်ဆိုင်ရာအဆင့်ဆင့်ကို ဖိအားပေးလုပ်ဆောင်ရမှာပါ။
အခုလို အင်အားနဲ့သွားရောက်စီးနင်းတာဟာ ဥပဒေကို မထီမဲ့မြင်ပြုကျင့်တာပါပဲ။ အိမ်ရှင်ကိုပြန်ဟစ်တယ်လို့ အမျိုးသားရေးအဖွဲ့တွေကပြောနေပေမယ့် တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ဘယ်သူ့ရပ်ကွက်ကို ဘယ်သူကလာတာလဲဆိုတာ ပြန်စဉ်းစားဖို့လိုပါတယ်။
အခုမှ အဲဒီရပ်ကွက်တွေမှာ မွတ်စလင်တွေ နေထိုင်တာမဟုတ်ပါဘူး။ အရင်အစိုးရအဆက်ဆက်ကတည်းက နေထိုင်လာကြပေမယ့် အမျိုးသားရေးအဖွဲ့တွေ့ကတော့ လက်ရှိအစိုးရကို ပုံဖျက်ပြောဆိုကြတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း သာကေတမှာ အာရဗီစာသင်ကျောင်းတစ်ခုကို ချိတ်ပိတ်ခဲ့တဲ့ဖြစ်စဉ်မှာ ဘယ်ကမှန်း မသိရောက်လာတဲ့သူတွေက ရပ်ကွက်ထဲဝင်လာကြတာကို တွေ့ရပါတယ်။ မြယာကုန်းဖြစ်စဉ်မှာလည်း အဲဒီလူတွေပဲဆိုတာတွေ့ရပါတယ်။ ဘာသာရေးအမည်ခံပြီး မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေတယ်ဆိုတာ အထင်အရှားပါပဲ။
အမျိုးသားရေးအမည်ခံလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပေမယ့် ဗုဒ္ဓရဲ့အဆုံးအမကောင်းတွေကို ဖြန့်ချိတာမျိုးမတွေ့ရဘဲ ဘာသာမတူတဲ့သူတွေကို အတင်းအကျပ်ဖိအားပေး ပိတ်ပင်တားမြစ်ဖို့ လုပ်ဆောင်တာကိုပဲ တွေ့မြင်ရပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ လူထုရွေးချယ်ထားတဲ့အစိုးရရဲ့ပုံရိပ်ကို အကြီးအကျယ် ကျဆင်းစေသလို ဗုဒ္ဓဘာသာဝင်တွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် အမြင်စောင်းစေပါတယ်။
နောက်တစ်ချက်က မွတ်စလင်တွေက ပြန်လည်တိုက်ခိုက်တဲ့အခါ ကုလားတွေက ဗုဒ္ဓဘာသာတွေကို တိုက်ခိုက်နေပါပြီလို့ သွေးထိုးလှုံ့ဆော်ကြဦးမှာပါ။ လူတစ်စုက သူတို့ရဲ့အကျိုးစီးပွားအတွက် လှုံ့ဆော်နေတာဖြစ်လို့ အဲဒါကိုယုံပြီး လူတွေလမ်းမပေါ်ထွက်မလာကြဖို့လိုပါတယ်။ ထွက်လာရင် သွေးထိုးလှုံ့ဆော်သူတွေရဲ့ ထောင်ချောက်ထဲဝင်ပြီး ဘာသာရေးယုံကြည်ချက် မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုပျက်ပြားကာ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မှာ သူ့ကိုယ်မယုံ ကိုယ့်သူမယုံ၊ ကျီးလန့်စာစား ဘဝနဲ့နေရပါလိမ့်မယ်။ မတည်မငြိမ်ဖြစ်တဲ့အခါ အုပ်ချုပ်ရေးကို ဘယ်သူကတာဝန်ယူတတ်သလဲ ဆိုတာ မြန်မာပြည်သားတွေ အတွေ့အကြုံ အများကြီးရှိခဲ့ပြီဖြစ်ပါတယ်။
ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် အစိုးရလုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ သတိကြီးကြီးထားကိုင်တွယ်ဖို့လိုပါတယ်။ တရားဥပဒေစိုးမိုးရေး မရှိသလို ရဲတပ်ဖွဲ့က အကာကွယ်မပေးနိုင်ဘူးလို့ မြယာကုန်းရပ်ကွက်သားတွေက ပြောကြတယ်။
မြယာကုန်းဖြစ်စဉ်မှာ ရဲလုံခြုံရေးတွေရှိနေတဲ့ကြားက ကားနဲ့ဝင်လာပြီး ဆဲသွားတဲ့သူတွေကို မိအောင်မဖမ်းနိုင်တာက လည်း ရဲတပ်ဖွဲ့အနေနဲ့ သိက္ခာကျစရာဖြစ်သလို လူထုကရဲ့ယုံကြည်မှုကျဆင်းစေပါတယ်။ ဥပဒေချိုးဖောက်လှုံ့ဆော် နေသူ မည်သူ့ကိုမဆို ထိထိရောက်ရောက်ဟန့်တားအရေးယူနိုင်ဖို့လိုပါတယ်။
ပဋိပက္ခတွေထပ်မံမဖြစ်ပွားဖို့ လူ့အဖွဲ့အစည်းတည်ငြိမ်ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ လှုံ့ဆော်သူတွေကို လူထု(မည်သည့်ဘာသာဝင်မဆို)က မယုံကြည်ဘဲဆန့်ကျင်ဖို့လိုသလို တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်ပြီးတက်လာတဲ့အစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက်ကိုယ်တွယ်ဖြေရှင်းဖို့ အချိန်ကျရောက်နေပြီဖြစ်ပါတယ်။ ။