စမူဆာကို လူတိုင်းနီးပါးလောက် စားသောက် ဖူးကြမည်ထင်ပါသည်။ တြိဂံပုံစံနှင့် အထဲတွင် အာလူး၊ မဆလာ စသဖြင့် အစာများ ထည့် သွင်းကာ အပြင်မှ ဂျုံဖြင့်ကပ်ကာ ဆီဖြင့် ကြော်ထားသော စားစရာတစ်ခုဖြစ်ပါသည်။ နီနီရဲရဲအရောင်အဆင်းနှင့် ကြွပ်ကြွပ်ရွရွကလေး ကို ငရုတ်ဆီဖြင့် တွဲဖက်စားသောက်ပါက လိုက် ဖက်လှပါသည်။
ထိုစမူဆာကို ကျွန်တော်လည်း ကြိုက်နှစ်သက်စွာ စားသုံး ပါသည်။ ထိုနည်းတူ ကျွန်တော့်မိသားစုလည်း စားသုံးပါသည်။ ထိုအထဲတွင် ကျွန်တော့်ရဲ့ အဖေဘက်က အဘိုးဖြစ်သူလည်း အပါအဝင်။ အခုတော့ သူက ဆုံးပါးသွားခဲ့ပါပြီ။
သူဆုံးပါးသွားပြီး ကျွန်တော့် သူ့ကိုမေ့မရနိုင်ခဲ့သလို သူ ကြိုက်လှသည့် စမူဆာကိုလည်း ကျွန်တော့်အာရုံထဲမှာ မေ့ ပျောက်မရနိုင်ခဲ့။ တိုက်ဆိုင်မှုရှိတိုင်း ဝမ်းနည်းရစမြဲ။ အဘယ် ကြောင့်ဆိုသော် ကျွန်တော့်ကို အလွန်ချစ်သည့် အဘိုး၏ နောက် ဆုံးဆန္ဒကို ကျွန်တော် မဖြည့်ဆည်းနိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။
အဘိုးနှင့် ကျွန်တော်၏ သံယောဇဉ်ကို ဒီနေရာမှာ ပြန် ပြောပြချင်ပါသည်။ ကျွန်တော့်မိသားစုတွင် ကျွန်တော်က အငယ်ဆုံး ဖြစ်သလို ယောကျ်ားလေးတစ်ဦးတည်း ပါလာခြင်း ကြောင့် ကျွန်တော့်ကို အဘိုး၊ အဘွားနှင့် အဖေ၊ အမေတို့က အချစ်ပိုကြပါသည်။ ကျွန်တော့်အထက်တွင် အစ်မနှစ်ဦးရှိ ပါသည်။
အထူးသဖြင့် အဘိုးနှင့်အဘွားကို ကျွန်တော်က ဒုက္ခ အပေးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဘိုးသည် ကျွန် တော် ဆယ်နှစ်သားလောက်အထိ မြေကြီးပေါ်လမ်းမလျှောက်စေ ရ။ အဘိုးက ဘယ်နေရာသွားသွား ကျွန်တော့်ကို ကျောပိုး၍သာ ခေါ်သွားပါသည်။
အဖေ၊ အမေတို့က ရိုက်မည်ဆိုရင်လည်း အဘိုးက ကျွန် တော်တို့ မောင်နှမတွေကိုကာပေးကာ သူက အနာခံ၊ အရိုက်ခံ ပေးပါသည်။ နောက်ဆုံး ကျွန်တော်တို့ ကလေးချင်း ရန်ဖြစ်ပါက လည်း ကျွန်တော်မနိုင်လျှင် အဘိုးကို ပြေးတိုင်လေ့ရှိပါသည်။ ထို အခါ အဘိုးက သူ့တုတ်ကောက်နှင့်ထွက်လာပြီး ကျန်ကလေး တွေကို ခြိမ်းခြောက်ပါတော့သည်။ အဲဒီအတွက်လည်း အိမ်နီးနား ချင်းများနှင့် ပြဿ နာခဏခဏတက်ရသည်။
ထိုအကျင့်က ကျွန်တော် အသက်ကြီးသည်အထိ ပါလာခဲ့ သည်။ မှတ်မှတ်ရရ ကျွန်တော် အသက် ၂၁ နှစ်။ ကျွန်တော်တို့ ဘော်ဒါတစ်သိုက် အိမ်ရှေ့မှာ ဂစ်တာတီး၊ သီချင်းဆိုရင်းနှင့် လမ်း သွားလမ်းလာလူငယ်များနှင့် တွန်းတွန်းတိုက်တိုက်ဖြစ်ကြသည်။
ဒါကို အိမ်ထဲမှာနေတဲ့ အဘိုးက ကြားသွားသည်။ ကြားသည်နှင့် တစ်ပြိုင်နက် သူ့မြေး ခံရမည်စိုးသည်နှင့် ယိုင်တီးယိုင်တိုင် ထွက် လာတော့သည်။ အဲဒီအချိန်က အဘိုးက အသက် ၈ဝ ကျော်ချေ ပြီ။ ကျန်းမာရေးက မကောင်းတော့ချိန်။ သူများကို တစ်ခုခုလုပ်ဖို့ မဆိုထားနှင့် မျက်လုံးက ရှေ့လက်တကမ်းတောင် မမြင်ချင် တော့။ ဒါတောင်မှ မြေးဇောနှင့် ထွက်လာခဲ့သည့် အဘိုးကို ကျွန် တော် တော်တော်လေး အံ့သြခဲ့ရသည်။ ပြဿ နာမှာ ရပ်ကွက်လူ ကြီးများ ရောက်လာကာ ဖျန်ဖြေသည်နှင့့် ပြီးဆုံးသွားပါသည်။
ဆိုလိုချင်တာက အဘိုးသည် သူ့မြေးများကို သူ့အသက် လောက်ချစ်တာဖြစ်သည်။ ငယ်စဉ်က အမေပြန်ပြောဖူးတာ တစ်ခုလည်းရှိသည်။ အဘိုးက အလှူအတန်းသိပ်လုပ်လေ့မရှိ၊ ဒါကို အမေက ပြောသည်။ အဖေ အလှူအတန်းလေး ဘာလေး လုပ်ပါဆိုတော့ အဘိုးက ယခုလိုပြန်ပြောသည်။
”အေး…ငါလှူနေတာပဲ။ သူများကို လှူမယ့် အတူတူ ငါ့ မြေးတွေကို ငါလှူနေတာပဲ။ ဒါလည်း ကုသိုလ်ရတာပဲ”ဆို သတတ်။ အဲဒီလို အဘိုးပါ။
အဘိုးက တောသား၊ လူက ဂင်တိုတို၊ စိတ်က ဆတ်သည်။ သူစိတ်တိုလာပြီဆိုရင် ငယ်ငယ်က အိမ်နံရံကို လက်သီးနဲ့ ထိုး သည်။ တိုင်နှင့် ခေါင်းနှင့် ဆောင့်သည်။ ဒါပေမဲ့ ကျွန်တော်တို့ကို တော့ တစ်ခါမှ မရိုက်ဖူးပါ။
ထိုသို့ စိတ်ဓာတ်မာကျောလှသော အဘိုးသည် အသက် အရွယ် တဖြည်းဖြည်း ကြီးလာသောအခါတွင် ဇရာကို အရှုံးပေး လာရပါသည်။ မျက်စိကမှုန်လာပြီ။ မှတ်ဉာဏ်ကလည်း မကောင်းတော့။ ခါးက ငယ်စဉ်က အမြင့်မှပြုတ်ကျသည့် ဒဏ် ကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်တော့။ အိပ်ရာထက် တွင်သာ အနေများလာတော့သည်။
ထိုအချိန်တွင် ကျွန်တော်တို့ တစ်အိမ်လုံးတွင် အလုပ်ဆင်း သည့်လူများသည်။ အိမ်တွင် ပင်စင်စား ကျွန်တော့်အဖေ၊ ကျွန် တော့်တူမ၊ အဘိုးတို့သာရှိသည်။ အဖေကလည်း တူမတစ်ဖက် နှင့်ဆိုတော့ အဘိုးကို သိပ်ဂရုမစိုက်နိုင်။ ကျွန်တော်တို့မှာလည်း ညနေမှ အလုပ်က ပြန်ရောက်သောအခါအ အဘိုးကို အဖော်မပြု နိုင်၊ အဘိုးခမျာ နေ့စဉ် အထီးကျန်မှုကို ခံစားနေရသည်။
ဒါပေမဲ့လည်း မိသားစု အကုန်ထွက်စီးပွားရှာမှ ဝမ်းဝသည့် ခေတ်တွင် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့။ အဘိုးငယ် စဉ်က ကျွန်တော်တို့ကို စောင့်ရှောက်သည်၏ မြူတစ်မှုန်စာ တောင် ကျွန်တော်တို့တာဝန်မကျေ ဖြစ်ခဲ့ရသည်။
နေရတာလည်း အိမ်ငှားဘဝဆိုတော့ ကျဉ်းကျပ်လှသည်။ အိမ်ရှင်ကလည်း သဘောမနောဆိုးသူ ဖြစ်သည့်အတွက် နေ့စဉ် အိမ်ရှင်မျက်နှာကြည့်နေရသည့်အခါ ကျွန်တော်တို့ စိတ်တွေ လည်း ပျော်ရွှင်မှုမရှိတော့။ တစ်ခါတစ်ရံ အဘိုး ညဘက်အိပ် မပျော်သည့်အခါ လမ်းထလျှောက်တာ၊ စကားအကျယ်ကြီး ပြောတာတွေကို ကျွန်တော်တို့ ငြိုငြင်ခဲ့သည်။ ပြောဆိုခဲ့သည်။
ဒါတွေကို အခုပြန်တွေးကြည့်တော့ နောင်တရမဆုံး။ အိမ် ငှားဘဝမဟုတ်ဘဲ ကိုယ်ပိုင်အိမ်သာ ဟိုတုန်းက ရှိခဲ့ရင် အဘိုး သည် စောစောစီးစီး ဆုံးပါးနိုင်မည် မဟုတ်ဟု ကျွန်တော်တို့ တွေးမိပါသည်။
ဒီလိုနဲ့ အဘိုး၏ နောက်ဆုံးအချိန်ကို နီးလာခဲ့သည်။ တစ် နေ့ အဘိုးသည် ခေါင်းမူးသည်ဟု ဆိုလာသောကြောင့် ဆရာဝန် ခေါ်၍ ပြသောအခါ သွေးပေါင်ချိန်အလွန်တက်နေပြီး အသက် အ္တနရာယ်စိုးရိမ်ရသည့် အနေအထားကြောင့် သင်္ဃန်း ကျွန်း စံပြဆေးရုံသို့ တင်လိုက်ရသည်။
ဆေးရုံမှာတော့ အဘိုးသည် အတန်ငယ် သက်သာလာပါသည်။ ဒါပေမဲ့ သူ့မှာ ဝေဒနာ ကို ခံစားနေရသည်။ ဆေးရုံမှာဆိုတော့ အစား အသောက်များ အမေက ချက်ပြုတ်ယူလာ သော်လည်း သူ့ခမျာ ခံတွင်းတွေ့ပုံမပေါ်။ ကိတ်မုန့်နှင့် ရေ၊ ဒါမှမဟုတ် အိုဗာတင်းသာ သောက်နေရတော့ သူက တောသားပီပီ အာ မတွေ့။ တစ်ရက်တော့ ကျွန်တော့်ကို ပြောပါ သည်။ သူမဆုံးခင် တစ်နေ့ကဖြစ်သည်။
”ငါ့မြေး၊ အဘိုးကို လမ်းကြုံရင် စမူဆာလေးတစ်ခု လောက်ဝယ်ခဲ့ပေးပါ။ ငါစားချင်လို့ပါ” ဟု မှာရှာသည်။
ကျွန်တော်ကလည်း ”ဟုတ်ကဲ့ အဘိုး၊ သားဝယ်ပေးပါ့ မယ်”ဆိုပြီး မေ့မေ့လျော့လျော့ ဖြစ်ကာ ဝယ်မပေးဖြစ်ခဲ့ပါ။
ထိုသို့ ဝယ်မပေးဖြစ်ခဲ့မှုက ကျွန်တော့်ကို နောင်တရမှုတွေနဲ့ ပူလောင်စေခဲ့ပါတော့သည်။ အဘယ်ကြောင့်ဆိုသော် အဘိုး သည် ကျွန်တော့်ကို စမူဆာမှာပြီး နောက်တစ်နေ့ နေ့လယ်တွင် ကျွန်တော်တို့ကို ထားခဲ့ကာ ဘဝတစ်ပါးသို့ အပြီးတိုင်ထွက်ခွာ သွားပါတော့သည်။
အဲဒီနေ့က အဖေဖုန်းဆက်သည်။ အဘိုးဆုံးပြီတဲ့။ဆေးရုံ ကို ကျွန်တော်တို့ လိုက်သွားကြတော့ အဘိုး၏ သက်မဲ့ခန္ဓာကိုယ် သည် ရေခဲတိုက်သို့ ရောက်နှင့်ခဲ့ပါပြီ။
အဲဒီအချိန် ကျွန်တော်သည် ယူကျုံးမရခြင်း၊ နောင်တရ ခြင်းများစွာနဲ့ ငိုကြွေးမိသည်။ ဘယ်လောက်မှ အပန်းမကြီးတဲ့ စမူဆာလေး အဘိုးကို ဝယ်မကျွေးလိုက်ရလေခြင်း။ ကျွန်တော့် ကို အလွန်တရာမှ ချစ်သော အဘိုး၏ဆန္ဒကို မဖြည့်ဆည်းပေးနိုင် ခြင်းဟူသော စိတ်ဖြစ်ကာ နောင်တရ ဝမ်းနည်းမိသည်။
ထိုအဖြစ်အပျက်ကို ကျွန်တော်ယနေ့အချိန်ထိ မမေ့နိုင်ခဲ့။ စမူဆာလေးများကို မြင်တိုင်း အဘိုးကိုသတိရနေမိပါသည ်။ ။
၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ အက်ဆေး ဖြစ်ပါသည်။
လက်သွေး ရေးသည်။