ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
အသံတိတ်သပိတ်မှာ အပြတ်အသတ်အံတုပါဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အပြင်ကိုထွက်ကြဖို့ ဒီနေ့လော်စပီကာနဲ့ လိုက်လံကာအော်ဟစ်ခဲ့ရတယ်လို့ မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“မြို့ဟာ သုဿန်တစပြင်လိုခြောက်ကပ်နေလို့ ရပ်ကွက်တွေ၊ လမ်းတွေတိုင်းမှာ လော်စပီကာနဲ့လိုက်ပြီးတော့ ပုံမှန်သွားလာနေထိုင်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ဆိုပြီး လှည့်နေတာ”လို့ မြို့ခံကပြောပါတယ်။
စစ်အာဏာရှင်ကို မထောက်ခံကြောင်း၊ ဆန့်ကျင်ကြောင်းနဲ့ အသံတိတ်သပိတ်မှာ ယင်းမာပင်မြို့ရဲ့ပါဝင်မှုဟာ များပြားတယ်လို့ သူကဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ကို တစ်ခဲနက် ဒီနေ့မှာဆန့်ကျင်ပြသခဲ့ကြပေမယ့် ဖိအားပေးပြီးဈေးဆိုင်တွေဖွင့်ခိုင်းတာတွေရှိတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ဖိအားပေးပြီး အတင်း ဈေးဆိုင်တွေဖွင့်ခိုင်း၊ ထိုင်ခိုင်းတာတွေရှိခဲ့ပါတယ်” လို့ မြို့ခံကဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အသံတိတ်သပိတ်မစတင်ခင်ရက် အနည်းငယ်ကလည်း နယ်မြို့တချို့မှာ ဆိုင်ကယ်တွေဖမ်းဆီးပြီး သပိတ်ပြုလုပ်မယ့်ရက်မှာ လာရွေးခိုင်းတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။
ပုံစာ – ယင်းမာပင်မြို့ ယနေ့မြင်ကွင်း
ဓာတ်ပုံ – CJ
#Dailynews

