အဓမ္မကြောင့်ရလာတဲ့ကိုယ်ဝန် ဖျက်ချခွင့်ပေးသင့်၊ မပေးသင့်

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Feature ဖြစ်ပါသည်။

ဟေမာန်ပြည့်ရေးသည်

(ဖေဖော်ဝါရီ၊ ၂၀၁၈)

                              မဖြူဖြူ(အမည်လွှဲ)အသက် ကိုးနှစ်အရွယ်တွင် အဖေနှင့် အမေ ကွဲသွားခဲ့သည်။ သူ့ညီမနှင့်အတူ ဖခင်ထံတွင် ကျန်ရစ်ခဲ့သည်။ ထို့နောက် သူ ကျောင်းထွက်လိုက်ရ၏။ ဖခင်ဖြစ်သူမှာ လက်သမားဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်လေ့ရှိသူ။ အရက်မူးလာလျှင် မဖြူဖြူတို့ ညီအစ်မနှစ်ဦးကို အမြဲရိုက်နှက်သည်။

                             ပြီးခဲ့သည့်နှစ် မိုးတွင်းကာလညတစ်ညတွင်  ညီမနှစ် ယောက် အိမ်ပေါ်ထပ်တွင် အိပ်နေစဉ် ဖခင်ဖြစ်သူသည် မဖြူဖြူ ကို အဓမ္မပြုကျင့်လေတော့သည်။

                            ထိုအကြောင်းကို ပတ်ဝန်းကျင်သို့ပြန်ပြောလျှင် ညီအစ်မ နှစ်ယောက်စလုံးကို သတ်မည်ဟု မဖြူဖြူကို ခြိမ်းခြောက်သည်။ ပတ်ဝန်းကျင်ကို မပြောနိုင်စေရန် သူအလုပ်သွားသည့်အချိန်တွင် အိမ်တိုင်တွင် ကြိုးနှင့် ချည်ထားသည်။ တစ်ခါတစ်ရံ ခြေထောက် ကို သံကြိုးဖြင့် သော့ခတ်သွားတတ်သည်ဟု မဖြူဖြူက တိုးလျ စွာ ဆိုသည်။

                         ယင်းနောက်ပိုင်းတွင်လည်း ဖခင်ဖြစ်သူက နှစ်ကြိမ်၊ သုံး ကြိမ် ထပ်မံ အဓမ္မပြုကျင့်ခဲ့သည်ဟု သူက ဆက်ပြောသည်။ အသက် ၁၃ နှစ်ရွယ်ရောက်သည့်အခါမှာတော့ မဖြူဖြူ ကိုယ် ဝန်ရလာခဲ့သည်။ ကိုယ်ဝန်ရှိသည်ဟုသိရချိန်တွင် ကိုယ်ဝန်မှာ ငါးလခန့်ရှိပြီဟု သူက ဆိုသည်။ ကိုယ်ဝန်ရှိသည်ဟု သိသိချင်း သူ့ အမေထံ ဖုန်းဆက်အကြောင်းကြားတော့ ချက်ချင်းလိုက်လာသည်။

                      ““အမေက ရှက်လို့ သမီးတို့သားအမိနှစ်ယောက်လုံး အဆိပ်သောက်သေဖို့ လုပ်သေးတယ်”” ဟု ပြောလိုက်သည့် သူ့ အသံက တိမ်၍ဝင်သွားသည်။ သို့သော် သူ့ဦးလေးများက အချိန် မီ သိရှိသွားပြီး တားမြစ်ခဲ့သည်။ ပြီးနောက် ဖခင်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။

                     ကိုယ်ဝန်ကို ဖျက်ချဖို့လည်း စဉ်းစားလိုက်သေးသည်။ ကိုယ်ဝန်ဖျက်ချမည်ဆိုပါက ဥပဒေနှင့် ငြိစွန်းနိုင်သည်ဟု ရင်းနှီး သူများက အကြံပြုသည့်အတွက် ““မွေးဖို့ လုပ်ရတာ””ဟု သူက ဆိုသည်။

                      ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၂ အရ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ အသက်ကို ကယ်ဆယ်လိုသည့်သဘောဖြင့် မဟုတ်ဘဲ ကိုယ်ဝန်ပျက်ကျအောင် တမင်ပြုလုပ်ပါက ထောင် ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။  အဆိုပါဥပဒေအရ ဖျက်ချပေးသူသာမက ကာယကံရှင် ကိုယ်ဝန် ဆောင်လည်း ဥပဒေနှင့်ငြိစွန်းသည်ဟု ဥပဒေပညာရှင်များက ဆိုသည်။

                       အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူများကတော့ အဓမ္မပြု ကျင့်မှုကြောင့် ရလာသည့် ကိုယ်ဝန်ကို မွေးဖွားခြင်းသည် မိခင် ရော ကလေးပါ ကောင်းကျိုးထက် ဆိုးကျိုးက ပိုမိုများပြားနေ သည့်အတွက် ယင်းကိုယ်ဝန်များကို ဖျက်ချခွင့်ပြုသင့်သည်ဟု ဆိုသည်။

                       အမျိုးသမီးများအခွင့်အရေးအတွက် လှုပ်ရှားနေသည့် အခရာအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားက ““မုဒိမ်းကျင့်လို့ ရလာ တဲ့ ကိုယ်ဝန်ဆောင်ဖို့၊ မဆောင်ဖို့ဆိုတာ အထူးသဖြင့် ဒီအမျိုး သမီးရဲ့ ရှေ့ရေးကို အမျိုးသမီးကိုယ်တိုင် ဆုံးဖြတ်တာကို လေး စားသင့်တယ်””ဟု ထောက်ပြသည်။

                      ၂၀၁၄ တွင် ကုလသမဂ်္ဂက ထုတ်ပြန်ထား သည့် “က်္ဘာတစ်ဝန်း ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ မူဝါဒနှင့် မျိုးဆက်ပွား ကျန်းမာရေး (Abortion Policies and Reproductive Health around the World) အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကိုယ်ဝန်ဖျက်ချမှုကို အတင်းကျပ်ဆုံး တားမြစ်ထား သည့် နိုင်ငံများတွင် ပါဝင်သည်။

                  အဆိုပါအစီရင်ခံစာသည် နိုင်ငံပေါင်း ၁၉၇ နိုင်ငံ၏ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ မူဝါဒ၊ သဘော တရားများကို ၁၉၉၆ မှ ၂၀၁၃ အထိ လေ့လာပြီး     ထုတ်ပြန်ထားသည့် အစီရင်ခံစာဖြစ်သည်။

                အစီရင်ခံစာအရ အဓမ္မပြုကျင့်မှု (သို့မဟုတ်) သွေးသားရင်းမှ စပ်ယှက်မှုကြောင့် ရလာသည့် ကိုယ်ဝန်များအား ဖျက်ချခွင့်ကို ဥပဒေအရ ခွင့်ပြု သည့် နိုင်ငံများမှာ ဆယ့်ခုနှစ်နှစ်အတွင်း ကိုးရာခိုင် နှုန်းခန့် ပိုမိုများပြားလာသည်ဟု ဖော်ပြထားသည်။

                 အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ အနက် ကေ်္ဘာဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့တွင် မုဒိမ်းမှု (သို့မဟုတ်) သွေး သားရင်းမှ စပ်ယှက်မှုကြောင့် ရလာသည့် ကိုယ်ဝန်ဖျက်ချခြင်း ကို ခွင့်ပြုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကလေးက ကလေးမွေးဖို့ အဆင်သင့် ဖြစ်ရဲ့လား

                         အဓမ္မပြုကျင့်ခံရပြီး နောက်ဆက်တွဲ ကိုယ်ဝန်ရရှိသွားကြ သည့်အခါ မိခင်ရော၊ ကလေးပါ ကျန်းမာရေးဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြုံတွေ့ရပြီး အထူးသဖြင့် သက် ငယ်မုဒိမ်းမှုများတွင် ကိုယ်ဝန်ရသွားသည့်အခါ မိခင်ရော၊ ကလေးပါ အခက်အခဲများစွာ ရင်ဆိုင်ရသည်ဟု ဆရာဝန်များ၊ အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ထောက်ပြသည်။

                       မဖြူဖြူဆိုလျှင် ကိုယ်ဝန်ရသည်ဟု သိပြီးသည့်နောက်တွင်  အမေနှင့်အတူ သွားရောက်နေထိုင်ခဲ့သည်။ ထိုအခါ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက သူတို့မိသားစုကို စောင်းမြောင်းပြီး အဖေ နှင့် ကိုင်တုတ်ကာ ဆဲဆိုကြိမ်းမောင်းသည့် ဒဏ်ကို နေ့စဉ်ခံစား နေရသည်။ ထို့ကြောင့်  သူရော သူ့အမေပါ စိတ်ဆင်းရဲကြီးစွာ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

                         ထို့နောက်တွင်တော့ သက်ငယ်မုဒိမ်းမှုကြောင့် ရရှိလာ သည့် ကိုယ်ဝန်ဆောင်များအား မွေးဖွားရန်နှင့် ပြန်လည်ထူ ထောင်ပေးရန် ထောက်ပံ့ပေးနေသည့် ပဲခူးတိုင်းဒေသကြီး၊ ဖဒို မြို့မှ အနာဂတ်ကြယ်ပွင့်လေးများဂေဟာသို့ အသိမိတ်ဆွေများ ၏ လမ်းဩန်မှုဖြင့် မဖြူဖြူ လာရောက်ခိုလှုံခဲ့သည်။

                            မွေးလာမည့် ကလေးအပေါ် မည်သို့ သဘောထားသနည်း ဟု မေးကြည့်သည့်အခါ သူက ““ကိုယ်လိုချင်လို့ ရလာတဲ့ ကလေး မှ မဟုတ်တာ။ သူ့ကိုနို့မတိုက်ချင်ဘူး။ ကိုယ့်ကလေးဆိုရင်တော့ တစ်မျိုးပေါ့”” ဟု သူက ချက်ချင်း ပြန်ဖြေသည်။

                         သက်ငယ်မုဒိမ်းမှုများကြောင့် ကိုယ်ဝန်ဆောင်သူများ သည် ကလေးငယ်များသာ ဖြစ်သည့်အတွက် မွေးဖွားလာမည့် ကလေးအား ပြုစုစောင့်ရှောက်ရန် အဆင်သင့်ဖြစ်လေ့မရှိဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။

                       ““အမေကိုယ်တိုင်က မိခင်မဖြစ်သင့်သေးတဲ့အရွယ်မှာ (ကိုယ်ဝန်)ရသွားတာကိုး။ ကလေးကလည်း မှန်ကန်တဲ့ ကျန်းမာ ရေးပြုစုစောင့်ရှောက်မှုရဖို့က တော်တော် ခက်ခဲသွားပြီ”” ဟု သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်က   ပြောသည်။

                          ကျန်းမာရေးပညာရှင်များက အသက် ၁၆ နှစ်အောက် ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးကို သက်ငယ်ကိုယ်ဝန်ဆောင်ဟုသတ်မှတ်ပြီး အသက်ငယ်လွန်းချိန်တွင် ကိုယ်ဝန်ဆောင်ရခြင်း ကြောင့် ကလေးငယ်၏ သားအိမ်ကို ထိခိုက်နိုင်သကဲ့သို့ မွေးလာ သည့် ကလေးတွင်လည်း ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည် ဟု သူက ထောက်ပြသည်။

                     အသက် ၁၄ နှစ်အရွယ် မလှလှ (အမည်လွှဲ) ဆိုလျှင်လည်း မွေးလာသည့် ကလေးမှာ အဖတ်မတင်ခဲ့။ ဆရာဝန် ခန့်မှန်း သတ်မှတ်ပေးသည့် မွေးဖွားရက်ထက် နှစ်ရက်ခန့် နောက်ကျ သော်လည်း ဗိုက်မနာသည့်အတွက် ဆေးရုံတွင် ခွဲမွေးခဲ့ရသည်။ ကလေးမှာ မွေးစဉ်က အသက်ရှင်သော်လည်း တစ်ကိုယ်လုံး ပြာ နှမ်းနေပြီး နောက်နေ့မနက်ပိုင်းတွင် သေဆုံးသွားသည်။

                   မလှလှဆိုလျှင် ရှစ်နှစ်အရွယ်လောက်ကတည်းက ဖခင် ဖြစ်သူက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခံခဲ့ရသူဖြစ်သည်။ ထို့နောက် တစ်ဆင့်တက်လာပြီး အဓမ္မပြုကျင့်သည့်အတွက် ကိုယ်ဝန်ရရှိသွားခြင်း ဖြစ်သည်။

                 ထို့အပြင် အဓမ္မပြုကျင့်ခံခဲ့ရသည့် ကလေးအတွက် ရလဒ် ဆိုးနောက်တစ်ခုက ပညာရေး ရပ်ဆိုင်းသွားခြင်းပင်ဖြစ်သည်။ အဓမ္မပြုကျင့်ခံရပြီးနောက် ကိုယ်ဝန်ရရှိလာပါက အများစုက ကျောင်းပြန်တက်နိုင်ခြင်း မရှိတော့ပေ။ အဓမ္မပြုကျင့်ခံခဲ့ရသည့် ကလေးငယ်က ကျောင်းသွားလိုသည့်တိုင် ကျောင်းအများစုက ပြန်လည်လက်ခံလိုခြင်း မရှိဟု ဒေါက်တာစစ်နိုင်က ပြောပြသည်။

                    ဒေါက်တာစစ်နိုင်သည် လူထုကျန်းမာရေးစောင့်ရှောက်မှုအပြည် ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့  Marie Stopes Myanmar မှ မြန်မာ နိုင်ငံဆိုင်ရာဩန်ကြားရေးမှူးဖြစ်သည်။

                   ““သူများက သူ့ကို လာကျူးလွန်တာဖြစ်ပေမယ့် ကျန်တဲ့ ကလေးတွေပါ ထိခိုက်ကုန်မယ်ဆိုတာတွေနဲ့ ကျောင်းတွေက လက်မခံချင်ဘူး။ ကျောင်းထုတ်ပစ်တာ၊ ထွက်ခိုင်းတာတွေ ရှိ တယ်။ အထူးသဖြင့် ကိုယ်ဝန်ရှိသွားရင် ပိုဆိုးတာပေါ့””ဟု သူက ဆိုသည်။

                 ကျောင်းများက လက်ခံရန် တွန့်ဆုတ်သကဲ့သို့ ကျူးလွန်ခံ ရသူ ကိုယ်တိုင်ကလည်း ကျောင်းပြန်တက်ဖို့ စိုးရိမ်လေ့ရှိသည်ဟု အနာဂတ်ကြယ်ပွင့်လေးများဂေဟာတည်ထောင်သူ ကိုစိုးထိုက် က ထောက်ပြသည်။

                 သူ၏ဂေဟာတွင် ကလေးလာမွေးသည့် အသက် ၁၃ နှစ် အရွယ် ပဉမတန်းကျောင်းသူ မအေးမာ(အမည်လွှဲ)ကတော့ ကလေးမွေးပြီးသည့်တိုင် ကျောင်းဆက်မတက်လိုတော့ဟု ဖွင့်ဟသည်။

                   ““သူများတကာက ပြောမှာကြောက်လို့””ဟု သူက တိုးလျ စွာ ဆိုသည်။  မအေးမာသည် ပထွေးဖြစ်သူက အဓမ္မပြုကျင့်သဖြင့် ကိုယ်ဝန်ရခဲ့သူဖြစ်သည်။

                  လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် အမြစ်တွယ်နေသည့် အဓမ္မပြုကျင့်ခံရသူများအား နှိမ့်ချပြောဆို ဆက်ဆံမှုများကို ပြင် ဆင်သင့်သည်ဟု အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။

                 ကျား၊ မ တန်းတူညီမျှမှု ရရှိစေရေးနှင့် အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အဓိကထား ဆောင် ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့်Win – Win Organization မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ဒေါက်တာဖြိုးသီဟ က ယခုလို အကြံပြုသည်။

                   ““လူ့အသိုင်းအဝိုင်းက ကျူးလွန်ခံခဲ့ရသူကို ခွဲခြားဆက်ဆံ မှု မလုပ်ဘဲနဲ့ ကျူးလွန်တဲ့သူကို ပြစ်တင်ရှုတ်ချတာမျိုး ဖြစ်ဖို့လို တယ်””ဟု ပြောသည်။

                   မအေးမာဆိုလျှင် ကလေးမွေးဖွားပြီးပြီဖြစ်သော်လည်း သူ့ အိမ်ရှိရာ ပတ်ဝန်းကျင်နှင့် ပြန်လည်ထိတွေ့ရန် စိုးရွံ့နေသည်။

                    ““သမီးနဲ့ သက်တူရွယ်တူတွေ သမီးတို့ အိမ်ဘေးနားမှာ အများကြီးပဲလေ။ သမီးက မျက်နှာမပြရဲဘူး”” ဟု သူက မျက်ရည် အဝိုင်းသားဖြင့်ဆိုသည်။

                    ကလေးမွေးပြီးပါက ဂေဟာတွင် ထားခဲ့ရန်နှင့် အိမ်သို့ ခေါ်မလာရန် သူ့အမေက မှာထားသဖြင့် ကလေးကို ဂေဟာတွင် ထားခဲ့ပြီး အိမ်ပြန်ရမည်ဟု မအေးမာက ဆိုသည်။

                   အဓမ္မပြုကျင့်ခံရမှုကြောင့် ရလာသည့် ကိုယ်ဝန်ကို မွေး ဖွားရာတွင် မိခင်သာမက မွေးလာသည့် ကလေးတွင်လည်း စိတ် ပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရလေ့ရှိသည်ဟု ဆရာဝန် များ၊ အမျိုးသမီးအရေးလှုပ်ရှားသည့်အဖွဲ့များက ထောက်ပြသည်။

                   အဓမ္မပြုကျင့်မှုကြောင့် ရလာသည့် ကလေးငယ်မှာ မိခင် ၏ ချစ်ခြင်းမေတ်္တာကို ရလေ့မရှိသည့်အတွက် ငယ်စဉ်ကပင် စိတ် ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့မှုများ ကြုံတွေ့ရလေ့ရှိသည်ဟု ဆရာ ဝန်များက ထောက်ပြသည်။

                     ကိုယ်ဝန်ကို မွေးဖွားပါက အထက်ပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာ ပြဿနာများ ရင်ဆိုင်ရနိုင်သကဲ့သို့ ကိုယ်ဝန်ကို ဖျက် ချပါကလည်း စိတ်ဒဏ်ရာတော့ ရနိုင်သည်ဟု ဆရာဝန်များက ဆိုသည်။

““ဖျက်ချလိုက်ရင်တော့ ဘာသာရေးအယူအဆတွေ ကြောင့် ငါတော့ လူသတ်မိလိုက်သလို ဖြစ်သွားပြီဆိုတဲ့ အရိပ် မည်းကြီး ပါချင်ပါနေနိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် တော့ မတူနိုင်ဘူး””ဟု ဒေါက်တာဖြိုးသီဟက ပြောသည်။

မုဒိမ်းမှုကြောင့် ရတဲ့ ကလေး မွေးရန် သင့်၊ မသင့်

                        သက်ငယ်မုဒိမ်းမှုများတွင် ကိုယ်ဝန်မရရှိပါက သူ့ပတ်ဝန်း ကျင်တွင် ပြန်လည်ရှင်သန်ရန် လွယ်ကူသော်လည်း ကိုယ်ဝန်ရရှိ သွားပါက ပတ်ဝန်းကျင်တွင် ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိနေသည်ဟု အနာဂတ်ကြယ်ပွင့်လေးများဂေဟာတည်ထောင်သူ ကိုစိုးထိုက်က ဆိုသည်။

                         ထို့ကြောင့် သက်ငယ်မုဒိမ်းမှုကြောင့် ရရှိလာသည့် ကိုယ် ဝန်များကို ““ဖျက်ချသင့်တဲ့ကိစ်္စမျိုးဆိုရင် ဘယ်လိုအခြေအနေ မျိုး၊ ဘယ်လိုလမျိုးဆိုရင် လုပ်သင့်တယ်ဆိုတာကို အစိုးရအနေနဲ့ သတ်သတ်မှတ်မှတ် ဥပဒေပြဋ္ဌာန်းပေးရင်တော့ ကြိုဆိုတယ်””ဟု သူက ဆိုသည်။

                        ကိုယ်ဝန်စရှိစဉ်ကတည်းက ဆဲလ်များပွားနေသည့်အတွက် အသက်ရှိသည်ဟု ဆိုနိုင်သော်လည်း နှလုံးခုန်သံကို စတင်ကြား ရသည့်အချိန်မှသာ အသက်ရှိသည်ဟု သက်သေပြနိုင်သည့် အနေအထားဖြစ်ပြီး ပုံမှန်အားဖြင့် ကိုယ်ဝန်ခြောက်ပတ်ဝန်းကျင် တွင် အာလ်ထရာဆောင်းရိုက်ကြည့်ပါက နှလုံးခုန်သံကို စတင် ကြားရလေ့ရှိသည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။

                      နိုင်ငံတကာတွင် လုံခြုံစိတ်ချရသော ကိုယ်ဝန်ဖျက်ချမှုကို ကိုယ်ဝန် ၂၄ ပတ်(၆လ)အထိ သတ်မှတ်လေ့ရှိသည်ဟု သားဖွား မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။

                     မုဒိမ်းမှုသည် အကြမ်းဖက်မှုဖြစ်ပြီး နောက်ဆက်တွဲရလာ သည့် ကိုယ်ဝန်ကို မွေးဖွားရန် သင့်၊ မသင့်မှာ ဘာသာရေးအရ စဉ်းစားခြင်းထက် အကြမ်းဖက်ခံရသည့် အမျိုးသမီး၏ အဆင် မပြေမှုကိုသာ ဦးစားပေးစဉ်းစားသင့်သည်ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက သုံးသည်။

                     ““ဒါက အကြမ်းဖက်မှုကြောင့် နောက်ဆက်တွဲရလာတဲ့ ကိုယ်ဝန်လေ။ ဘယ်ဘာသာကမှတော့ အကြမ်းဖက်မှုကို အား ပေးမှာ မဟုတ်ဘူး”” ဟု ဆိုသည်။

                      သူသည်အမျိုးသမီးများနှင့် ကလေးသူငယ်များအား ဥပဒေရေးရာ အခမဲ့ ကူညီဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာ ကုစားရေးအဖွဲ့၏ တည်ထောင်သူ ဒါရိုက်တာလည်း ဖြစ်သည်။

                       ဒေါက်တာစိုးလွင်က သက်ငယ်မုဒိမ်းမှုများတွင် ကိုယ်ဝန် ရရှိလာပါက ဖျက်ချခွင့်ပေးသည့် ဥပဒေမျိုးမှာ ကျန်းမာရေး ရှုထောင့်မှ ကြည့်ပါက ရှိသင့်သည်ဟု မှတ်ချက်ပြုသည်။

                        “နို့မို့ဆိုရင် ဒါတွေ မရှိတဲ့အခါကျတော့ ရွေးချယ်စရာမရှိတဲ့ အခြေအနေ ရောက်ပြီးတော့၊လက်သည်တွေဆီ ရောက်ပြီးတော့ (မိခင်)အသက်ဆုံးရှုံးရတယ်””ဟု သူက ဆိုသည်။

                        ထို့ကြောင့် ဥပဒေပညာရှင်များနှင့် ကျန်းမာရေးအသိုင်း အဝိုင်းကတော့ မိခင်၏အသက်ကို ကယ်ဆယ်ရန် အခြေအနေမှ လွဲပြီး ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်ထားသည့် ရာဇသတ်ကြီး ဥပဒေကို လက်ရှိအခြေအနေအရ ခေတ်နှင့်လျော်ညီခြင်း မရှိ တော့သည့်အတွက် ပြင်ဆင်သင့်သည်ဟု အကြံပြုကြသည်။

                          မုဒိမ်းမှုကြောင့် ရရှိလာသည့် ကိုယ်ဝန်သည် အလိုမတူဘဲ ““မတရားခံရတဲ့ အခြေအနေကနေ ဖြစ်လာတာ ဖြစ်တဲ့အတွက် ကြောင့် ဒီရာဇသတ်ကြီးဥပဒေကို ပြင်ကို ပြင်ဆင်ပေးသင့် တယ်””ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

                      သူသည် ပထမအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး မလိုချင်သည့် ကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့် ရရှိရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း အရေးဆိုခဲ့သူ ဖြစ်သည်။

                    အလားတူ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးသိန်းညွန့်သည် သက်ငယ်မုဒိမ်း မှု ကျူးလွန်သူများအား သေဒဏ်အပါအဝင် ကြီးလေးသည့် ပြစ်ဒဏ်ပေးရန် လွှတ်တော်တွင် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။

                   အဓမ္မပြုကျင့်ခံရမှုကြောင့် ရရှိလာသည့် ကိုယ်ဝန်အား ဖျက်ချနိုင်ခွင့်ကို ပြင်ဆင်ရန် လိုအပ်သော်လည်း ““တင်းကျပ် လွန်းခြင်း၊ လွယ်ကူလွန်းခြင်း”” ဟူသည့် အစွန်းနှစ်ဖက်ကို ရှောင် ကြဉ်ရန် လိုအပ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းညွန့်က အကြံပြုသည်။

                  မြန်မာနိုင်ငံတွင် ကုထုံးဆိုင်ရာ ကိုယ်ဝန်ဖျက်ချခြင်း (Theraputic Abortion) နှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန ဩန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးက ပြောသည်။ သို့သော် ယင်းအချက်ကို ထည့်သွင်း ရေးဆွဲထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဥပဒေကြမ်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးပြီးသော် လည်း ရှေ့နေချုပ်ရုံးသို့ တင်ထားဆဲဖြစ်သည့်အတွက် အသေး စိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါ။

သန္ဓေတားဆေး အကာအကွယ် ပေးနိုင်ရဲ့လား

                       အဓမ္မပြုကျင့်မှုကြောင့် ရရှိလာသည့် ကိုယ်ဝန်ကို ဖျက်ချ ခြင်း၊ မဖျက်ချခြင်းထက်  ကိုယ်ဝန်မရရှိစေရန် ကာကွယ်သည့် နည်းလမ်းသည်သာ အကောင်းဆုံး ဖြစ်သည်ဟု ကျန်းမာရေး ပညာရှင်များက အကြံပြုကြသည်။ အဓမ္မပြုကျင့်ခံရပြီးသည့် အချိန်မှ သုံးရက်(၇၂ နာရီ)အတွင်းအရေးပေါ်သနေ်္ဓတားဆေး   သောက်ခြင်းဖြင့် နောက်ဆက်တွဲရရှိလာသည့်ကိုယ်ဝန်အား တားဆီးနိုင်သည်ဟု ဆိုသည်။

                      အရေးပေါ်သန္ဓေတားဆေးကို အချိန်မီသောက်ခြင်းက အယောက် ၁၀၀ တွင် ၉၉ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ရရှိမှု ကာ ကွယ်နိုင်သည်ဟု ဒေါက်တာဖြိုးသီဟက ပြောသည်။

                      သက်ငယ်မုဒိမ်းမှုများတွင် လိုက်ပါကူညီပေးနေသည့် ကိုစိုးထိုက်က ယင်းအမှုများကြုံတွေ့လျှင် ရဲတိုင်ရန် အရေးကြီး သကဲ့သို့ အရေးပေါ်သနေ်္ဓတားဆေး အချိန်မီတိုက်ရန်လည်း အရေးကြီးသည်ဟု အကြံပြုသည်။

                         သက်ငယ်မုဒိမ်းဖြစ်စဉ်တစ်ခုတွင် အရေးပေါ်သနေ်္ဓတား ဆေး အချိန်မီ တိုက်နိုင်ခဲ့သည့် သူ့အတွေ့အကြုံတစ်ခုကို ပြော   ပြသည်။

                        ပြီးခဲ့သည့်နှစ်က ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် အမှု တစ်ခုတွင် အဓမ္မပြုကျင့်မှုဖြစ်စဉ် ဖြစ်ပွားအပြီး နောက်နေ့တွင် လူထုက သိရှိသွားသည်။ ထို့နောက် ကိုစိုးထိုက်ကို အကူအညီ လှမ်းတောင်းသည့်အတွက် အရေးပေါ်သနေ်္ဓတားဆေး တိုက် ထားရန် သူ့မိခင်ကို အကြံပေးခဲ့သည်။

                     သို့သော် နောက်တစ်နေ့ ဖုန်းဆက်ကြည့်သည့်အခါတွင် ဆေးမတိုက်ရသေးဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ပြုကျင့် ခံရသူ ကလေးငယ်မှာ ဓမ္မတာမလာသေးသည့်အတွက် အရေး ပေါ် သန္ဓေတားဆေးတိုက်ရန် မလိုဟု သူ့မိခင်က ယူဆသဖြင့် ထပ်မံတိုက်တွန်းမှ ဆေးတိုက်ခဲ့သည်ဟု သူက ပြန်ပြောပြသည်။

                    အချို့ကလေးငယ်များမှာ အသက်ငယ်သော်လည်း ဓမ္မတာလာချိန် စောလေ့ရှိသည့်အတွက် အဓမ္မပြုကျင့်ခံရမှုသည် သားဥကြွေချိန်နှင့် တိုက်ဆိုင်ပါက ကိုယ်ဝန်ရရှိနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။

                       အဓမ္မပြုကျင့်ခံရပါက ဓမ္မတာမလာသေးသည့်တိုင် အသက် ၁၀ နှစ်အထက် ဖြစ်ပါက အရေးပေါ်သန္ဓေတားဆေး     တိုက်ထား သင့်သည်ဟု ဒေါက်တာဖြိုးသီဟက ဆိုသည်။

                      သို့သော် အဓမ္မပြုကျင့်မှု အများစုတွင် ကာယကံရှင်မှ ထုတ်ဖော်ပြောလေ့မရှိခြင်း၊ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွား လေ့မရှိခြင်း၊ ကာယကံရှင်အပါအဝင် မိသားစုဝင်များ စိတ်ရှုပ် ထွေးနေခြင်းတို့ကြောင့် အရေးပေါ်သန္ဓေတားဆေးသောက်ရန် သတိပြုမိလေ့မရှိဟု ဆရာဝန်များက ထောက်ပြကြသည်။

                     အဓမ္မပြုကျင့်ခံရပြီး အနည်းဆုံး ရက်သတ်္တပတ် သုံး၊ လေး ပတ်ခန့်ကြာမှ ဆရာဝန် သို့မဟုတ် လူမှုကူညီရေးအဖွဲ့အစည်း များထံ အကူအညီ တောင်းလေ့ရှိသည်ဟု ဒေါက်တာဖြိုးသီဟက ပြောသည်။

                      ထို့အပြင် ကလေးတစ်ယောက်အနေဖြင့် မိမိလိင်အင်္ဂါကို တစ်စုံတစ်ယောက်က ကိုင်တွယ်ခြင်း၊ နမ်းခြင်းတို့အား ငြင်းဆန် ရန်မှအစ  အသက်အရွယ်အလိုက်သိသင့်သည့် လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများကလည်း ထောက်ပြသည်။

                       လိင်ပညာပေးနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပါ အဝင် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် လုပ်ဆောင်မှုများ ရှိနေသော်လည်း အခက်အခဲအချို့ ကြုံတွေ့နေရဆဲ ဖြစ်သည်ဟု ဒေါက်တာစစ်နိုင်က ဆိုသည်။

                     ““မိဘတွေက လက်မခံတာ၊ ရပ်ရွာက လက်မခံတာ။ ဆရာ တွေ ကိုယ်တိုင်ကအစ သိပ်ပြီး စိတ်ပါလက်ပါ သင်ပေးတာမျိုး မရှိ ဘူးဆိုတာမျိုးတွေ ကြုံနေရသေးတယ်”” ဟု သူက ပြောသည်။

                    ထို့ပြင် အဓမ္မပြုကျင့်ခံရသူများအား ဥပဒေကြောင်းအရ ရော၊ လူမှုရေးစာနာထောက်ထားမှုအရပါ ကာကွယ်စောင့် ရှောက်မှု ပေးသင့်ပြီး မွေးလာမည့် ကလေးအား အရွယ်ရောက် သည်အထိ အကူအညီပေးနိုင်မည့် အစီအစဉ်များကို စီမံချက်ဖြင့် လုပ်ဆောင်သင့်သည်ဟု အခရာအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထား က ဆိုပါသည်။

                    လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အဓမ္မပြုကျင့်ခံရမှု ကြောင့် တိုင်ကြားလာသည့် အမျိုးသမီးများကို တရားဥပဒေ အတိုင်း ဖြစ်စေရန် ကူညီဆောင်ရွက်ပေးပြီး ကနဦးအနေဖြင့် ငွေ ကျပ်တစ်သိန်း ထောက်ပံ့ပေးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုများ (Social Support) လည်း ပြုလုပ်ပေးနေသည်ဟု  ဩန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆိုသည်။

                     လူမှုဝန်ထမ်းအနေဖြင့် သက်ငယ်မုဒိမ်းမှုများအပေါ် ထောက်ပံ့ပေးမှုမှာ လိုအပ်ချက်များ ရှိနေသေးသော်လည်း ယခင်ကထက် အားကောင်းလာသည်ဟု ဒေါက်တာဖြိုးသီဟက ဆိုသည်။

                     ဖျက်ချခွင့်မရှိသည့်အတွက် မွေးရန်အတွက်သာ ရွေးချယ် ခဲ့ရသည့် အဓမ္မပြုကျင့်ခံရမှုကြောင့် ရလာသည့်ကိုယ်ဝန်ကို မွေး ဖွားပြီးသည်အထိ လိုအပ်သည့် လူမှုရေးဆိုင်ရာအထောက်အပံ့ များအပြင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များလည်း ပေးရန် လိုအပ်သည်ဟု သူက ဆိုသည်။

                     မဖြူဖြူ လွယ်ထားရသော ကိုယ်ဝန်သည် လာမည့် မတ်လ တွင် မွေးဖွားမည်ဖြစ်သည်။ လက်ရှိတွင် သူသည် အနာဂတ် ကြယ်ပွင့်လေးများဂေဟာ၌ မိခင်တစ်ဦးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိသည်။ သို့သော် မွေးလာမည့် ကလေးကိုတော့ သူ မချစ်။ ထူးပြီးတော့လည်း ဂရု မစိုက်။

                        ထို့ကြောင့် မွေးဖွားလာမည့် ကလေးကို မည်သို့လုပ်မည် နည်းဟု မေးကြည့်သည့်အခါ သူ့ဗိုက်ကို ငုံ့ကြည့်ရင်း ခပ်တိုးတိုး ပြန်ဖြေသည်။

““ဂေဟာမှာပဲ ထားခဲ့မှာ””

#hay_man_pyae

#mawkun

#magazine



 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."