အတိတ်ရဲ့ အရိပ်က လွတ်မြောက်ဖို့ ရုန်းထွက်နေရတဲ့ နိုင်ငံတစ်နိုင်ငံ

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Remembrance  ဖြစ်ပါသည်။

မြင့်ကျော် ရေးသည်။

အတိတ်ရဲ့ အရိပ်က လွတ်မြောက်ဖို့ ရုန်းထွက်နေရတဲ့ နိုင်ငံတစ်နိုင်ငံ

၂ဝဝ၉ ခုနှစ်ဝန်းကျင်တုန်းက PBS က ထုတ်လွှင့်ခဲ့သည့် သတင်းမှတ်တမ်းတွင် ကမ္ဘောဒီးယား နိုင်ငံသမိုင်း၌ အမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ခမာနီခေါင်းဆောင် ပိုပေါ့ကို မြှုပ်နှံရာ သူ့ဇာတိမြေမှာ ဒေသခံတချို့က သူ့အပေါ် အမြင်စတာတွေ ပါရှိသည်။ ပိုပေါ့ကို မြှုပ်နှံထားရာ နေရာက သာမန်မြေဖို့ထား သည့် နေရာတစ်ခုသာ ဖြစ်ပြီး အမှတ်အသားအဖြစ် သွပ်ပြားဟောင်းတချို့နှင့် အမိုးအဖြစ် ကာရံထား ကာ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ အရိုအသေပေး ရှိခိုးဆုတောင်းကြတာလည်း တွေ့ရသည်။

သူ့ဇာတိက ရပ်ဆွေရပ်မျိုးများကတော့ ပိုပေါ့ကို နတ် အနေနှင့် မှတ်ယူထားကြပြီး သူ့မြှုပ်နှံရာ မြေပုံပေါ်တွင် အမွှေး တိုင်၊ ဖယောင်းတိုင်များလာထွန်းကြ၊ စိုက်ပျိုးသီးနှံအောင်မြင် အောင် စောင့်ရှောက်ဖို့၊ သားသမီးတွေ ပညာရေးအောင်မြင်ဖို့၊ နှစ်လုံးထီ ပေါက်ဂဏန်းပေးဖို့ ဆုတောင်းကြသည်ဟု ကြည့်ရဖူး ပါသည်။

ပိုပေါ့ဟာ ခမာနီအုပ်ချုပ်မှု ကျရှုံးသွားသည့့် ၁၉၇၈ နောက် ပိုင်း ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသတချို့မှာ လက်နက်ကိုင်တပ်များနှင့် ဆယ်စုနှစ်တစ်ခုဝန်းကျင် အုပ်စိုးထား နိုင်ပြီး ၁၉၉၈ မှာမှ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်သွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သူ့ကို ထိုစဉ်က စစ်ဦးစီးချုပ် ဖြစ်သူ တမုခ်က နိုင်ငံတကာက ဖိအားကြောင့် ခုံရုံးတင် စစ်ဆေး ဖို့ အပ်နှံနိုင်ခြေရှိသောကြောင့် သူသောက်သုံးနေသည့် ဆေးကို အလွန်အကျွံ သောက်သုံးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ ဖြစ်သည်ဟု ကောက်ချက်ချမှုများလည်း ရှိကြောင်း သိရသည်။

ပိုပေါ့ခေတ်၏ ဒဏ်ရာဒဏ်ချက်များက ဆယ်စုနှစ်နှင့် ချီကြာမြင့်သည့်တိုင် ပြေပျောက်ဖို့ ခက်ခဲကြောင်း သတင်းမှတ် တမ်းများထဲမှာ တွေ့မြင်ဖတ်ရှုရပါသည်။ သေးငယ်သည့် ကျေး ရွာတစ်ရွာထဲမှာပဲ တော်လှန်ရေးသစ္စာဖောက်သူ၊ သူလျှို၊ အစိုးရ ဆန့်ကျင်သူအဖြစ် အချင်းချင်းတံဆိပ်ကပ်ခံရပြီး အလုပ်စခန်း ပို့ခံရ၊ သတ်ဖြတ်ခံရမှုများက အနှံ့အပြားဖြစ်ပွားခဲ့သောကြောင့် ခမာနီခေတ် ကုန်ဆုံးသွားသည့်တိုင် တော်လှန်ရေးကို သစ္စာဖောက်သူ၊ အစိုးရကို ဆန့်ကျင်သူဟု စာရင်းပေးခဲ့သော ရွာအကြီးအကဲဖြစ်သူနှင့် သူ၏ နာမည်စာရင်း ပေးသွင်းမှုကြောင့် အသတ်ခံရသည့် ဇနီး၊ သားသမီး စသည့်သူများက တစ်ရွာတည်း ဆက်လက်နေထိုင်နေရသည့် အခြေအနေမျိုးပါ။ ဒီကျေးရွာ အကြီးအကဲ မျက်နှာမြင်တိုင်း သူ့ခင်ပွန်းဖြစ်သူ အသက်ဆုံးရှုံး ရသည့် အဖြစ်ကို အမှတ်ရနေသည် ဆိုသည့် ခံစားမှုမျိုး၊ စိတ် ဒဏ်ရာမျိုး ကမ္ဘောဒီးယား လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ပျက်ခဲ့သည်။

ဒါက ကမ္ဘောဒီးယားနိုင်ငံကို မရောက်ဖူးခင်ကတည်းက ကမ္ဘေားဒီးယား နိုင်ငံနှင့် ပတ်သက်သည့် သမိုင်းအဖြစ်အပျက် များကိုသိရှိနေခဲ့သည်။

၂ဝ၁၇ မှာ ဖနွမ်ပင်မြို့တော်ကို နှစ်ရက် သုံးရက်ခန့် တစ် ခေါက်ရောက်ဖူးပြီး ယခုတစ်ခေါက်က ဒုတိယအကြိမ် ဖြစ်သည်။

ဖနွမ်ပင်မြို့တော်ပေါ် လေယာဉ်ရောက်သည့်အခါ လေ ယာဉ်ပေါ်မှ မြင်ရသည့်   ပြန့်ပြူးနေသည့် မြေမျက်နှာပြင်က အများစုဖြစ်သည်ကို တွေ့ရသည်။ စိုက်ပျိုးထားသဖြင့် စိမ်းစိမ်း စိုစိုရှိသည့် စိုက်ခင်းနေရာအချို့လည်း တွေ့မြင်ရသလို ဆောက် လုပ်ရေး အလို့ငှာ မြေကွက်များကို မြေညှိထားသဖြင့် အဝါရောင် မြေသားများပေါ်နေသည်ကို သတိပြုမိစရာမြင်တွေ့ရသည်။ မြေဝါရောင် ရေများပြည့်နေသည့် ရေကန်များလည်း ဟိုနားသည် နားတွင် တွေ့ရသည်။

အထက်ပါမြင်ကွင်းများက ရန်ကုန်မြို့မြင်ကွင်းနှင့် ကွာ ခြားသည်ကို သတိပြုမိသည်။  ရန်ကုန်မြို့ပေါ် လေယာဉ်ဝဲပျံသည့် အခါ စိမ်းစိုနေသည့် လယ်ကွင်းများ၊ သစ်ပင်များဖုံးလွှမ်းနေသည့် သစ်ပင်အုပ်များ၊  လှော်ကားကန်လို သဘာဝရေကန်နှင့် သစ် တောအုပ်များ အစရှိသည့် စိမ်းစိုနေသည့် နေရာများကို တွေ့မြင် နိုင်ပြီး ဖနွမ်ပင်ကတော့ အဝါရောင် မြေကွက်များ၊ ရေကန်များကို အရင်ဦးစွာ မြင်ရသည်ကို သတိပြုမိသည်။

လေယာဉ် ဆင်းခွင့်မရသေးသဖြင့် မြို့ကို တစ်ပတ်ဝဲကာ ပျံသန်းနေသဖြင့် မြို့အဆောက်အအုံစုစုကို မြို့ ပြင် ခပ်လှမ်းလှမ်း မှ တွေ့မြင်ခွင့်ရလိုက်သည်။ အထပ်မြင့် အဆောက်အအုံများ ဟို နားသည်နား ထိုးထိုးထောင်ထောင်ဖြင့် တိုက်အဆောက်အအုံ များအကြား သစ်ပင်၊ သစ်တောအုပ်ရှားပါးသည့် မြို့တော်အဖြစ် မြင်တွေ့ရသည်။ ဖနွမ်ပင်နှင့်စာလျှင် ရန်ကုန်မြို့က သစ်ပင် အတော်များများ ကျန်ရှိနေသေးသည့် မြို့တစ်မြို့အဖြစ် ခေါ်ဆိုနိုင် သည့် သဘောဖြစ်သည်။

ဘန်ကောက်မြို့မှ လေယာဉ်ဖြင့်  လာရာတွင် ထိုင်းနယ်စပ် ကျော်ပြီးနောက်  ဖြတ်သန်းလာရာတစ်လျှောက်တွင် မြစ်ကြီး ကြီးမားမား သိပ်မတွေ့ရ။ အလွန်ကျဉ်းသော မြစ်များ ကွေ့ကွေ့ ကောက်ကောက် စီးနေသည်ကိုသာ တွေ့ခဲ့ရသည်။ အချို့ နေရာ တွင် ဆည်တစ်ခု နှစ်ခု တွေ့ရသဖြင့် အနည်းဆုံး မြစ်၊ ချောင်း တော့ ယင်းဆည်အနီး ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

ဖနွမ်ပင်လေဆိပ်မှာ နှစ်ထပ်အဆောက်အအုံ ဖြစ်ပြီး သိပ် မဟောင်းလှ။ မကြာခင်နှစ်များအတွင်းမှာ ဆောက်လုပ်ပြီးစီး သည့် အနေအထားခန့်မှန်းရသည်။ ရှင်းလင်းသည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသည့် အပေါ်ထပ်မှ ဆင်းလာသည်နှင့် လူဝင်မှုကြီး ကြပ်ရေးကောင်တာ၊ ယင်းမှထွက်သည်နှင့် ပစ္စည်းရွေးသည့် နေ ရာရောက်ပြီး ထွက်လိုက်သည်နှင့် လေဆိပ်အဆောက်အအုံပြင်ပ ရောက်သွားသည်။

အငှားတက္ကစီ ကောင်တာသို့ သွားပြီး မိမိသွားချင်သည့် နေရာကိုပြောလိုက်သည်နှင့် စာရွက်ဖြတ်ပိုင်းတစ်စောင်တွင် ဈေးနှုန်းသတ်မှတ်ပေးလိုက်သည်။ လေဆိပ်မှ နာရီဝက်စွန်းစွန်း မောင်းရသည့် အကွာအဝေးကို အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ ကျသင့်မည်ဟု ဆိုသည်။ လေဆိပ်မှ ထွက်သည်နှင့် လမ်းမကြီးပေါ် တွင် ဆိုင်ကယ်များ အိန်္ဒိယ၊ ထိုင်းတို့မှ ထုတ်လုပ်သည့် သုံးဘီး ကားများနှင့် ဂျပန်နိုင်ငံအမှတ်တံဆိပ် တိုယိုတာ၊ ဟွန်ဒါ တစ်ပတ် ရစ်ကားများ၊ ရိန့်ချ်ရိုဗာ မားစီးဒီးစ် စသည့် ကားအမျိုးအစား ပေါင်းစုံ လမ်းမပေါ်တွင်တွေ့ရသည်။ ရန်ကုန်ကဲ့သို့ပင် ယာဉ် ကြောပိတ်ဆို့မှုများသည့် မြို့ဖြစ်သည်။ အချို့နေရာများတွင် နှစ်ထပ် လမ်းများဖြင့် လမ်းဆုံမီးပွိုင့်ကို မြန်ဆန်အောင် လုပ် ဆောင်ထားသည့် နေရာများလည်း တွေ့ရသည်။ လေဆိပ်မှ မြို့ထဲလာသည့် လမ်းတလျှောက် အများဆုံးတွေ့ရသည်က တစ်ပတ်ရစ်ကား အရောင်းဆိုင်များဖြစ်သည်။ လမ်းတလျှောက် ဆက်တိုက်ဆိုသလို ကားအရောင်းဆိုင်များ တန်းစီရှိနေကြသည်။ ရောင်းချသည့် ကားအမျိုးအစားအနေဖြင့်ဆိုလျှင် ဂျပန်နိုင်ငံ ထုတ်ကားများ၊ ဥရောပကားများ၊ ကိုရီးယားထုတ်ကားများ စသဖြင့် အမျိုးမျိုးအစားစား တွေ့ရသည်။ ဆလွန်းကား၊ ခရီး သည် အနည်းငယ်တင်နိုင်သည့် ဟိုင်းအေ့စ်လိုကားမျိုးမှ အစ ဒိုင်နာ အရွယ်အစား လုပ်ငန်းသုံးကား၊ SUV ဇိမ်ခံကားများ ဖြစ်သည့် လန်းခရုဇာ မော်ဒယ်လ်အမျိုးမျိုး တွေ့ရသည်။ ပြခန်း များဖြင့် မဟုတ်ဘဲ ကားလမ်းနံဘေး ကားများ စီကာ ထိုးထားပြီး ဈေးနှုန်း ကပ်ထားသည့် ကားတချို့လည်း တွေ့ရသည်။ အများစု မှာ ဈေးနှုန်းကပ်မထားကြ၊ အာဖရိကတိုက် အီသီယိုးပီးယားနိုင်ငံ မှာလို တရုတ်နိုင်ငံထုတ်ကားများကို သိပ်မတွေ့ရပါ။

ဆိုင်ကယ်တွေက ဥဒဟို ကားကို ကျော်ဖြတ်တက်နေကြသည်။ ညာဘက်မှရော ဘယ်ဘက်မှပါ နေရာလွတ်လျှင် လွတ် သလို နံဘေးမှ ကျော်ဖြတ်တက်နေကြသည်။ လမ်းသွားလမ်း လာများကလည်း ဟိုနားသည်နား မျဉ်းကျား ၊ မီးပွိုင့်မှ မဟုတ် လမ်းဖြတ်ကူးကြသည်ကိုတွေ့ရသည်။ ဖနွမ်ပင်နှင့်စာလျှင် ရန် ကုန်က အနည်းငယ် ရှင်းသည်ဟု ဆိုနိုင်သည်။ လမ်းမကြီး နံဘေး တွင် အမေရိကန်စကူးလ်ဟု ဆိုင်းဘုတ်တင်ထားသည့် ကျယ်ဝန်း သောဝင်း၊ မုခ်ဦးကြီးဖြင့် ပုဂ္ဂလိကကျောင်းတစ်ကျောင်းလည်း တွေ့ ရသည်။ ကျောင်းထဲဝင်ထွက်လျက်ရှိသည့် ကားများကတော့ လန်းခရူဇာ၊ လက်ဇပ် အစရှိသည့် ကားများဖြစ်ပြီး ငွေကြေး တတ်နိုင်သည့်မိဘများ၏ ကားများဖြစ်မည်ဟု ခန့်မှန်းရသည်။

ကားလမ်းတလျှောက် လမ်းမကြီးတွင်  ယာဉ်ကြော ပိတ် သဖြင့် စက်မှုဇုန်လိုမျိုး အတွင်းဘက်မှ ဝင်ကာ အတွင်းလမ်းသွယ် များမှ မောင်းသဖြင့် မြို့၏ အချို့နေရာတွေကို အရှိအတိုင်း မြင်ရ သည်။ အလုပ်ရုံတွေလို၊ ထရပ်ကားတွေ ထောင်ထားသည့် ကုမ္ပဏီလို၊ အိမ်ဆောက်ပစ္စည်းတွေ ရောင်းချသည့် အရောင်း ဆိုင်တွေလို စတိုးဆိုင်၊ ပုဂ္ဂလိကကျောင်းစသဖြင့် လုပ်ငန်းမျိုးစုံ ရောနှောလျက်ရှိသည့် ရပ်ကွက်ကို ဖြတ်သန်းသွားသဖြင့် ဖနွမ် ပင်မြို့တော်အကြောင်း ပိုမြင်ရသည်။ ကားလမ်းမကြီးမှ ဝင် သွားသည့် လမ်းက ချိုင့်တွေ၊ ခွက်တွေ အများသားဖြင့် လွန်ခဲ့ သည့် ဆယ်စုနှစ်တွေက ရန်ကုန်မြို့က လမ်းတွေကို ပြန်သတိရ ဖွယ်ကောင်းသည်။ မိုးရေများဖြင့် ချိုင့်ခွက်ဖြစ်နေသည့်နေရာကို အုတ်ခဲ၊ မြေသားများဖြင့် ဖြည့်ထားသည်ကိုလည်း တွေ့မြင်          ရသည်။

ယင်းစက်မှုဇုန်နှင့် အလားသဏ္ဌာန်တူသည့် ရပ်ကွက် တလျှောက် ကားဆေးသည့် လုပ်ငန်း၊ ဆိုင်ကယ်ရေဆေးသည့် လုပ်ငန်း၊ ကုန်စုံဆိုင်၊ ကေတီဗီစသဖြင့် လုပ်ငန်းမျိုးစုံ တွေ့မြင်ရသည်။

လမ်းသွယ်များထဲတွင် ကိုယ်ပိုင်ကား၊ အငှားကား၊ ဆိုင် ကယ် သုံးဘီးသာမက နောက်တွဲ ထရပ်ကားကြီးများပင် ဝင် ထွက်နေကြသည်။ တချို့လမ်းသွယ်တွေထဲ နောက်တွဲယာဉ်များ ရပ်နားထားသည်လည်း ရှိသည်။

လမ်းသွယ်တွေမှ တစ်ဆင့် လမ်းမကြီးပေါ်ပြန်တက် ထို့ နောက် မိနစ်အနည်းငယ်အကြာတွင် လေးထောင့်ကျကျ အကွက်ချထားသည့် နံပါတ်ဖြင့် အမည်ပေးထားသည့် လမ်း သွယ် အမှတ် ၃ဝဝ ကျော်သို့ ရောက်လာသဖြင့် တည်းခိုမည့် ဟိုတယ်နှင့် နီးလာပြီကို သဘောပေါက်လိုက်သည်။ လမ်းသွယ် များမှာ ကားနှစ်စီးရှောင်ရုံအကျယ်သာရှိပြီး စားသောက်ဆိုင်၊ ကုမ္ပဏီ၊ ကော်ဖီဆိုင်၊ ဟိုတယ်၊ မိုတယ်များဖြင့် အကွက်ကျစွာ ပြည့်နှက်နေသည့် ရပ်ကွက်ထဲဝင်လာပြီး လမ်းသွယ်တစ်ခုထဲ ချိုးဝင်လိုက်သည့်အခါ တည်းခိုမည့် မိုတယ်လိုနေရာ ရောက် တော့သည်။

Photo-Myint Kyaw ဖနွမ်ပင်မြို့ဗဟိုဈေးကြီး

Photo-Myint Kyaw ဖနွမ်ပင်မြို့ဗဟိုဈေးကြီး

စပယ်ရိပ်မြုံ ဟိုတယ်ဟု အမည်ပေးထားသော်လည်း သုံး ထပ်အဆောက်အအုံ ခပ်သေးသေးသာဖြစ်သည်။ ဓာတ်လှေကား မပါ၊ အဝင်ဝတွင် ပန်းပင်များဖြင့် အလှဆင်ထားပြီး အခန်း ၁၂ ခန်း ၁၃ ခန်းသာသာ ပါရှိသည့် ဟိုတယ်ဖြစ်သည်။

ကျွန်တော်တို့တည်းခိုသည့်နေရာက ဖနွမ်ပင်၏ ထိပ်တန်း အကျဆုံး ရပ်ကွက်မဟုတ်သည့်တိုင် Prestige Area ဟု ကမ္ဘော ဒီးယား သတင်းစာဆရာက ရည်ညွှန်းပြောဆိုသည့် ရပ်ကွက်ဖြစ်သည်။ ကော်ဖီဆိုင်များ၊ အလယ်အလတ်နှင့် အထက်တန်းစား စားသောက်ဆိုင်များ၊ ပုဂ္ဂလိကကျောင်းများ Service Apartment များ ကုမ္ပဏီရုံးခန်းများနှင့် လူကုံထံ လုံး ချင်းနေအိမ်များ ရောယှက်နေသည့် ရပ်ကွက်ဖြစ်သည်။ ပြင်သစ် ကိုလိုနီအုပ်ချုပ်စဉ်က မြို့ကွက်ချခဲ့သည့် ပုံသဏ္ဌာန် ရှိသည်။ ရန်ကုန်မြို့က ဗြိတိသျှမြို့ကွက်ချပုံနှင့် ဖနွမ်ပင်မြို့ ပြင်သစ်မြို့ ကွက်ချပုံ အနည်းငယ်ကွာခြားသည်ကိုသတိပြုမိသည်။ ဖနွမ်ပင် က လမ်းသွယ်တစ်ခုနှင့် တစ်ခု စိပ်သည်။ လမ်းသွယ်များက ရန်ကုန်လောက် မရှည်ကြ။ ခပ်တိုတိုမှာပင် ကန့်လန့်ဖြတ်လမ်း များ ပြန်ဖောက်ထားကြသည်။ လမ်းများကို နံပါတ်များဖြင့်သာ မက ပြင်သစ်ဘာသာ အခေါ်အဝေါ်များဖြင့်လည်း အမည်ပေး ထားကြသည်။

အဆောက်အအုံတွေက နှစ်ထပ် သုံးထပ်လို ခပ်နိမ့်နိမ့် အဆောက်အအုံများ ရှိသကဲ့သို့ ၁၅ ထပ် အထပ် ၂ဝ မိုးမျှော် အဆောက်အအုံတွေလည်း ရှိသည်။ ထူးခြားသည့် စည်းမျဉ်း ဥပဒေတစ်ချက်က ယခုနောက်ပိုင်း အဆိုပါ ရပ်ကွက်လိုနေရာမျိုး တွင် အဆောက်အအုံသစ် ဆောက်မည်ဆိုပါက အနိမ့်ဆောက်ခွင့် မပေးတော့ပဲ အထပ်မြင့်များသာ ဆောက်ခွင့်ပေးမည်ဆိုသည့် စည်းမျဉ်းဖြစ်သည်။ မိမိအဆောက်အအုံကို ပြုပြင်လိုပါက ပြုပြင်ခွင့်ရှိသော်လည်း ဖြိုဖျက်၍ အသစ်ဆောက်မည်ဆိုလျှင် အထပ်နိမ့် ဆောက်ခွင့်မပြုဘဲ အထပ်မြင့်သာ ဆောက်ခွင့်ပြု  ခြင်းပင်။

Photo-Myint Kyaw တစ်ပတ်ရစ်ကား အရောင်းဌာနတစ်ခု

Photo-Myint Kyaw တစ်ပတ်ရစ်ကား အရောင်းဌာနတစ်ခု

တည်းခိုသည့် နှုန်းထားက မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလး မြို့တွေက တည်းခိုသည့် နှုန်းထားနှင့် သိပ်မကွာခြား၊ ကျွန်တော် တို့တည်းသည့် မိုတယ်လို နေရာမျိုးက တစ်ရက်ကို မြန်မာငွေ နှင့်တွက်လျှင် ကျပ် ၄ဝ,ဝဝဝ ကျော် ဖြစ်သည်။ မနက်စာ မပါ၊ မနက်စာပါလျှင် ငါးဒေါ်လာပေါင်းထည့်မည်ဖြစ်သည်ဟု မိုတယ် က ဆိုသည်။ အခန်းအရေအတွက်ကလည်း တစ်ဒါဇင်သာသာ ရှိသည့် မိုတယ် ဖြစ်၍ စားသောက်ဆိုင်လိုမျိုး သီးသီးသန့်သန့် မထားဘဲ ဆိုင်တစ်ဆိုင်ဆိုင်မှ မှာယူစီစဉ်မည့် သဘောဟု ယူဆ ရသည်။

အခန်းကတော့ အကျယ်အဝန်းအားဖြင့် ၁ဝ ပေ၊ ပေ ၂ဝ ပတ်လည်နှင့် သစ်ပင်ပန်းပင်များ စိုက်ထားသည့် ဝရန်တာလည်း ပါဝင်သည်။

ကမ္ဘောဒီးယား ဖနွမ်ပင်၏ ရာသီဥတုက မြန်မာနိုင်ငံနှင့် သိပ်မကွာခြားလှ။ မိုးရာသီက မေလလယ်/နှောင်းပိုင်းမှ စက် တင်ဘာလလောက်ထိဖြစ်သည်ဟု ဆိုသည်။ ယခုနှစ် မိုးအတန် အသင့် စတင်ရွာသွန်းပြီဟု ဆိုသည်။

 

အိပ်ရာထစောသည့် အလေ့အထ

ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်ပင်တွင် ယာဉ်ကြော ကျပ်သည့်အချိန်က နံနက် ရှစ်နာရီမထိုးမီကတည်းက စတင် သည်ကို တွေ့ရ၍ ဒေသခံကို မေးကြည့်သည့်အခါ သူတို့လူမျိုး များသည် မနက်စောစော ထတတ်သည့် လူမျိုးဟု သူက ရှင်းပြ သည်။ ကျေးလက်မှာနေသူ စိုက်ပျိုးရေး လုပ်သည့် လယ်သမား များအနေဖြင့် မနက် တစ်နာရီ နှစ်နာရီဆိုလျှင် အိပ်ရာမှ နိုးထပြီး လုပ်စရာ အလုပ် စတင်လုပ်နေပြီဟုဆိုသည်။ မနက်ခင်း နေထွက် လာပြီး ရှစ်နာရီ ကိုးနာရီဆိုလျှင်ပင် တစ်ခေါက်နားချိန် ဖြစ်သည် ဟု ဆိုသည်။ နေ့ခင်းတွင် နေပူသဖြင့် နေမပူသည့်အချိန် စော စောထကာ အလုပ်လုပ်ကြသည့်သဘောဟု သူက ရှင်းပြသည်။ ဖနွမ်ပင်လိုမြို့ကြီးမှာ နေသူတွေပင်လျှင် နံနက် ငါးနာရီ ခြောက် နာရီ နောက်အကျဆုံး အိပ်ရာထကြသည်ဟု ဆိုသည်။ ထို့ကြောင့် မနက်ခုနစ်နာရီကျော်လျှင် လမ်းတစ်လျှောက် ဆိုင်ကယ်၊ ကား တွေ စည်ကားနေသည့် သဘောဟု သိရသည်။ နံနက် ခုနစ်နာရီခွဲ ဟိုတယ်မှ လေဆိပ်ဆင်းရာ လမ်းတစ်လျှောက် ကားများ၊ ဆိုင် ကယ်များ၊ ဆိုင်ကယ်နောက်တွဲယာဉ်များ လုပ်ငန်းသုံးကားများ ဖြင့် အတော်လေး ယာဉ်ကြောကျပ်နေပြီဖြစ်သည်။

Photo-Myint Kyaw ဖနွမ်းပင်မြို့ပေါ်တစ်နေရာက ကနစိုးသီးရောင်းသည့်ဈေးသည် ဆိုင်ကယ်

Photo-Myint Kyaw ဖနွမ်းပင်မြို့ပေါ်တစ်နေရာက ကနစိုးသီးရောင်းသည့်ဈေးသည် ဆိုင်ကယ်

မြို့တော် ဖနွမ်ပင်ရဲ့ သယ်ယူပို့ဆောင်ရေး

မြို့တော်ဖနွမ်ပင်တွင် မော်တော်ကား၊ ဓာတ်ငွေ့ရည်သုံး သုံးဘီးကားများ၊ ဆိုင်ကယ်၊ လူတင်သည့် ဆိုင်ကယ်နောက်တွဲ ယာဉ်၊ ပစ်္စည်းတင်သည့် ဆိုင်ကယ်နောက်တွဲယာဉ် စသဖြင့် အမျိုးအစားစုံလင်စွာ လမ်းမပေါ်တွင် သွားလာနေကြသည်။ မြို့ တွင်းခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကားရှိသော် လည်း  ဆိုင်ကယ် အသုံးပြုခွင့်ရှိခြင်းကြောင့် ဘတ်စ်ကားအပေါ် မှီခိုခြင်း အတော်လျော့နည်းသွားသည့် သဘောတွေ့ရသည်။ လမ်းမကြီးများပေါ်တွင် ဘတ်စ်ကားအစား ဆိုင်ကယ်နှင့် ယာဉ် ငယ်များကိုသာ အတွေ့ရများသည်။ ရန်ကုန်မြို့အနေဖြင့်လည်း သုံးဘီးလိုယာဉ်မျိုး၊ ဆိုင်ကယ်လိုမျိုး ခွင့်ပြုလိုက်လျှင် ဘတ်စ် ကားများအပေါ် မှီခိုမှု လျှော့ချနိုင်မည် ထင်သည်။

သုံးဘီးယာဉ်၊ ဆိုင်ကယ်နောက်တွဲ လူစီးယာဉ်များလည်း သုံးခွင့်ရှိသဖြင့် တက္ကစီ မငှားလိုပါက သုံးဘီး၊ ဆိုင်ကယ်နောက်တွဲ တို့ကို တက္ကစီထက် ကုန်ကျစရိတ်သက်သာစွာ ငှားရမ်းနိုင်သည် ကို တွေ့ရသည်။

Grab၊ Pass Go အစရှိသည့် online မှာ ကား၊ သုံးဘီး ငှားသည့် စနစ်ကလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြ သည်ကို တွေ့ရသည်။ ဟိုနားသည်နား သွားချင်လျှင် အွန်လိုင်းမှ တက္ကစီသော်လည်းကောင်း သုံးဘီးသော်လည်းကောင်း မြန်ဆန် စွာ ငှားနိုင်သည်။ ကျပ် ၁,၅ဝဝ၊ ၂,ဝဝဝ လောက်သာ ကျသင့်သည် ကို တွေ့ရသည်။ တည်းခိုရာနေရာနှင့် ၁၃ ကီလိုမီတာဝန်းကျင် ဝေးသည့် လေဆိပ်ကို Grab ငှားသည့်အခါ ၁ဝ ဒေါ်လာဝန်းကျင် ကျသင့်သည်။

Photo-Myint Kyaw Grab သုံးဘီးနဲ့ ဘုရားစေတီတစ်ဆူအဝင် မုခ်ဦး

Photo-Myint Kyaw Grab သုံးဘီးနဲ့ ဘုရားစေတီတစ်ဆူအဝင် မုခ်ဦး

ယာဉ်ကြောကျပ်သည့်အချိန်မျိုးတွင် သုံးဘီးဖြင့် သွားခြင်း က ခရီးပိုတွင်စေသည်ကို တွေ့ရသည်။ ဟိုကြားသည်ကြား တိုး ဝင်၍ မောင်းနှင်သည့်အတွက် ခရီးပိုမြန်ဆန်သည်။ တက္ကစီဆို ပါက လမ်းကျပ်သည့် အချိန်မျိုးတွင် ပိုခရီးဖင့်စေသည့် သဘော ဖြစ်သည်။

ကမ္ဘောဒီးယား ယာဉ်မောင်းသူများက မြန်မာနိုင်ငံက ယာဉ်မောင်းသူများထက် ပိုစိတ်ရှည်ကြသည်။ တစ်ဦးကို တစ်ဦး အလှည့်ပေးကြသည်။ ဖနွမ်ပင်မြို့တွင် မီးပွိုင့်မရှိသည့် လမ်းဖြတ် အများအပြားရှိသည်။ ယင်းသို့သော လမ်းဖြတ်များတွင် ဆိုင်ကယ်၊ ကား၊ သုံးဘီးတို့ တစ်ဦးကို တစ်ဦး နားလည်မှုဖြင့် အလှည့် ပေး ဖြတ်ကြသည်ကိုတွေ့ရသည်။ အရှိန်ဖြင့် အတင်းဝင်တိုးခြင်း မျိုး သိပ်မတွေ့ရ။ ကားပင်ဖြစ်စေ ဆိုင်ကယ်ပင်ဖြစ်စေ မြို့ထဲတွင် ခပ်မှန်မှန်သာ မောင်းကြသည်။ တစ်ဖက်မှ ဂငယ်ကွေ့ခြင်းမျိုး၊ လမ်းသွယ်ထဲ ဖြတ်ဝင်ခြင်းမျိုး ဆုံလျှင် စောင့်ပေးကြသည်။ ဟွန်း တီးခြင်း၊ တစ်ဖက်ကို တွန်းတွန်းထိုးထိုးနှင့် လုဝင်၊ လုထွက်ခြင်း မျိုး နည်းပါးသည်ကို တွေ့ရသည်။

Photo-Myint Kyaw ဖနွမ်ပင်မြို့ဗဟိုဈေးကြီး

Photo-Myint Kyaw ဖနွမ်ပင်မြို့ဗဟိုဈေးကြီး

ဖနွမ်ပင်နှင့် အမှိုက်

ဖနွမ်ပင်မြို့တော်တွင် မြင်ရဆိုးသည့် မြင်ကွင်းတစ်ခုက တော့ ဟိုနားသည်နား အမှိုက်များ ပစ်ထားကြခြင်းပင် ဖြစ်သည်။ ရန်ကုန်မြို့တွင်လည်း တစ်ချိန်က လမ်းထောင့် အမှိုက်ကန်လိုမျိုး၊ လမ်းထိပ်ထောင့်နေရာများတွင် အမှိုက်အိတ်များ စုပုံထားကြ သည့် မြင်ကွင်းမျိုး တွေ့ ခဲ့ရဖူးသည်။ ရန်ကုန်မြို့မှာ ယခုအခါတွင် ပလတ်စတစ်အမှိုက်ပုံးများက အနံ့အသက်ထွက်သည့်တိုင် အထက်က ဖနွမ်ပင်မှာလို အမြင်ရဆိုးသည့် မြင်ကွင်းများကို ပြေ လည်သွားစေသည်။ အဆောက်အအုံဖျက်ထားသည့် မြေကွက် လပ်များတွင်လည်း အမှိုက်များ၊ အလုပ်ရုံ၊ လုပ်ငန်းများအဝင်ဝ တွင်လည်း အဆောက်အအုံ ပြင်ရာ၊ ဆောက်ရာမှ စွန့်ပစ်သည့် ပစ္စည်းပစ္စယများကို စုပုံထားသည်များ စသဖြင့် ဟိုနားသည်နား အမှိုက်တွေ တွေ့မြင်ရသည်က မြို့တော်ကို အတော်လေး အကျည်းတန်စေသည်ဟု ဆိုရမည်ထင်သည်။

တစ်မြို့လုံး အမှိုက်များဖြင့် ပြည့်နှက်နေသည်ဟုတော့ မဆိုလိုပါ၊ နန်းတော်တစ်ဝိုက်၊ ဖနွမ်ပင် ဘုရားတစ်ဝိုက်တွင်တော့ ယင်းမြင်ကွင်းမျိုး မမြင်ရဘဲ သန့်ရှင်းနေသည်ကို တွေ့ရသည်။ လူ နေရပ်ကွက်များ၊ စီးပွားရေးလုပ်ငန်းများရှိရာ နေရာအများစုမှာ အထက်က ဆိုခဲ့သလို အမှိုက်များ ဟိုနား သည်နား စုပုံထားကြ သည်ကို တွေ့ရသည်။

 

တူလ်ဆန် သို့မဟုတ် လူမျိုးတုံး သုတ်သင်မှုပြတိုက်

ကျွန်တော်တို့ တည်းခိုရာနေရာနှင့် သိပ်မဝေးသည့် နေရာ တွင် တူလ်ဆန် လူမျိုးတုံးသုတ်သင်မှုပြတိုက် တည်ရှိသည်။ နဂို က အထက်တန်းကျောင်းတစ်ကျောင်းကို ခမာနီအစိုးရ လက် ထက် စစ်ကြောရေးအကျဉ်းထောင်အဖြစ် အသွင်ပြောင်းခဲ့သည်။ ယင်းစစ်ကြောရေးအကျဉ်းထာင်ကို  ှ ၂၁ ဟုလည်း အမည်ပေး ထားသည်။ ယင်းအကျဉ်းထောင်တွင် လူပေါင်းသောင်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ကြရသည်။ အနည်းဆုံး နှစ်သောင်းခန့် စစ်ဆေး ပြီး အဆုံးစီရင်သတ်ဖြတ်ခဲ့သည်ဟု ခန့်မှန်းကြသည်။

စာသင်ခန်းများကို အချုပ်ခန်းများအဖြစ်၊ အခန်းငယ်များ အဖြစ် အုတ်ဖြင့်ကန့်ပြီး ချုပ်ထားခဲ့သည်။ အချို့စာသင်ခန်း များကိုမူ အခန်းအကျယ်အဝန်းအတိုင်း ထားရှိပြီး အခန်းထဲတွင် သံခုတင်တစ်လုံးချကာ အကျဉ်းကျခံနေရသူကို ခြေချင်းခတ် ကာ ခုတင်နှင့် တွဲထားခဲ့သည်ဟု သံခုတင်နှင့် သံခြေချင်းများ ပြသထားသည်။

လေးထပ်ရှိသည့် ကျောင်းစာသင်ခန်းထဲ ဝင်သွားသည့် အခါ ဟောင်းနေသည့်နံရံ ဆေးရောင်များ၊ သံချေးတက်နေသည့် သံခုတင်များနှင့် အဖြစ်အပျက်များကို ရှင်းလင်းရေးပြထားသည့် စာသားများ ဖတ်ကြည့်ရင်း စိတ်ထဲတွင် ဆို့နင့် ဝမ်းနည်းမိသည်။

အခြားအဆောင်တစ်ဆောင်တွင်တော့ သေဆုံးခဲ့သူများ၏ အဝတ်အစားများကို ပြသထားရာ အဖြစ်အပျက်ကို လောလော လတ်လတ် ဖြစ်ပျက်ခဲ့သည့်အလား စိတ်ထဲ ခံစားမိသည်။ အခြား ကျောင်းဆောင်တစ်ဆောင်တွင်တော့ သေဆုံးသူတို့၏ ဦးခေါင်းခွံ များကို ပြသထားသည်။

တစ်နာရီကျော် နှစ်နာရီနီးပါး တူလ်ဆန် လူမျိုးတုံးသုတ် သင်မှုပြတိုက်အတွင်း လှည့်လည်ကြည့်ရှုပြီးနောက် အတိတ်က ဖြစ်ပျက်ခဲ့သည့်ပုံရိပ်များကို မျက်စိထဲတွင် စိတ်ကူးပုံဖော်ကြည့် မိသည်။ ထိုစဉ်က အဆိုပါ လူမျိုးတုံး သုတ်သင်သတ်ဖြတ်မှုများ ဖြစ်နေစဉ် ကမ္ဘာကြီးတစ်ခုလုံးက မသိရှိကြဘူးလား၊ ယဉ်ကျေး သည့် လူ့အသိုင်းအဝိုင်းက တားဆီးဖို့ မကြိုးစားကြဘူးလား။ထို အချိန်အခါက လူဦးရေ ခြောက်သန်းဝန်းကျင်ရှိသည့် ကမ္ဘော ဒီးယားနိုင်ငံ၏ လေးပုံတစ်ပုံသာသာရှိသည့် လူတစ်သန်းခွဲဝန်း ကျင်ကို သုတ်သင်သတ်ဖြတ်နေသည့် အဖြစ်အပျက်ကို ကမ္ဘာက တားဆီးရပ်တန့်ပေးဖို့ ဘယ်အကြောင်းအချက်တွေက နှောင့်နှေး စေခဲ့သလဲ ဆိုသည်ကို အဖြေရှာကြည့်နေမိသည်။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

Website: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."