ဆားလင်းကြီး – ၂၀၂၃ မတ် ၂၈ (မော်ကွန်း)
လူထုသပိတ်တိုက်ပွဲတွေ မရပ်နားဘဲ ဆက်လက်ချီတက်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဟာ ဒီကနေ့မှာ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမပေါ်ကို တက်ရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်ဟာ မကြာခဏဆိုသလို အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကို ခံနေရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီကနေ့မှာ သပိတ်ဟာ “ဖက်ဆစ်စနစ်သပိတ်မှောက် ဖယ်ဒရယ်လမ်းကိုရဲရဲလျှောက်” ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ သပိတ်တင်မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ရဲ့မီးရှို့မှုကိုခံနေရတဲ့ ပြည်သူတွေကိုလည်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေပါတယ်။
“စည်းလုံးခြင်းသည်အင်အားဆိုသလို ပြည်သူလူထုအနေနဲ့စည်းလုံးပေးကြပါ။ကိုယ်နိုင်ရာတာဝန်တွေကို ကျရာနေရာကနေပါဝင်ပေးဖို့ တောင်းဆိုလိုပါတယ်”လို့ သပိတ်က တောင်းဆိုထားပါတယ်။
ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့
#Dailynews

