၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ ဆောင်းပါးဖြစ်ပါသည်။
သန်းစိုးနိုင် ( အဆန်ချောင် ဟန်ဆောင်ညီလာခံ)
၂ဝ၁၈၊ ဇူလိုင် ၁၁ ရက်က နေပြည်တော်ရှိ
MICC 2 မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁
ရာစု ပင်လုံညီလာခံ တတိယအကျော့ အစည်းအဝေးကို
စတင် ကျင်းပနိုင်ခဲ့ကြပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံ
ဒုတိယအကျော့ အစည်းအဝေး ကျင်းပပြီး တစ်နှစ်နီးပါး ကြာမှ
တတိယအကျော့ အစည်းအဝေးကို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီတတိယအကျော့ အစည်းအဝေးရဲ့ ထူးခြားချက်ကတော့ ၤFPNCC
မြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့လုံး တက်ရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်တို့နဲ့ နှစ်ဖွဲ့ ခွဲပြီး တွေ့ဆုံဆွေးနွေးခွင့် ရခဲ့
ခြင်းပါပဲ။ တတိယအကျော့ ၂၁ ရာစုပင်လုံအစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်၊ KNU အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
စောမူတူးစေးဖိုးနဲ့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်တို့
အသီးသီး အမှာစကား ပြောကြားခဲ့ကြပါတယ်။
မှာကြားခဲ့တဲ့ စကားအမှား
ဒီလို အမှာစကားပြောကြားရာမှာ စကားအမှားတွေ ပါ သွားတယ်ဆိုပြီး ဝေဖန်ကန့်ကွက်သံတွေ ဘဝဂ်ညံသွားခဲ့ကြပါ တယ်။ ငြိမ်းချမ်းရေးညီလာခံကြီးဟာ အဖွင့်အမှာစကား အမှား တချို့ကြောင့် ဖွင့်လျှင်ဖွင့်ချင်းမှာပဲ ဆောက်နဲ့ထွင်းခံခဲ့ရပါတယ်။ အထူးသဖြင့် တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အဖွင့်မိန့်ခွန်းအပေါ် ဝေဖန်ကန့်ကွက်မှုတွေဟာ အများဆုံးပါပဲ။ ဦးစွာအားဖြင့် တပ်ချုပ်ကြီးရဲ့ အမှာစကားထဲမှာ ပါတဲ့ ‘အာဏာရ နိုင်ငံရေးပါတီကို ထောက်ခံကြတယ်ဆိုတာ မဲဆန္ဒရှင်တွေ လောက်ပါပဲ။ ပြည်သူတစ်ရပ်လုံးက ထောက်ခံတယ်ဆိုတာ တပ် မတော်ပဲ ရှိတယ်’ဆိုတဲ့ ပြောဆိုမှုကို NLD ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မှားယွင်းကြောင်း ထောက်ပြ ကန့်ကွက်ခဲ့ ပါတယ်။ အလားတူ ဥပဒေအထောက်အကူပြုကွန်ရက်ကလည်း ‘အတိတ်သမိုင်းရဲ့ အကျဉ်းသား မဖြစ်စေနဲ့’ ဆိုတဲ့ စကားဟာ သမိုင်းကို ဥပေက္ခာပြုရာ ရောက်လို့ မှားယွင်းတယ်။ ဒါ့အပြင် ‘လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်အကြား ပြဿနာ ကြီးငယ် မရှိဘဲ သက်ဆိုင်ရာအစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများ ကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက် တွေ ရှိနေကြတာ ဖြစ်တယ်’ ဆိုတဲ့ စကားဟာလည်း မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းမှာ တပ်မတော်ရဲ့ တာဝန်ရှိမှုကို လွှဲရှောင်ပြီး အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကြား တို့မီးရှို့မီး လုပ်ပေး တာဖြစ်လို့ အလွန်လွဲမှားတဲ့ ကောက်ချက်ဖြစ်တယ်။ လက်ရှိ အချိန် ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ အဆင်ပြေ နားလည်မှု ရနေတဲ့ EAO တွေအကြား နိုင်ငံရေးအရ သွေးခွဲသပ်လျှိုလိုက် တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ရန်ကုန်တိုင်း အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက်ကလည်း ‘တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်နေခြင်းသည် အင်အားချည့် နဲ့နေ၍ မဟုတ်၊ အဖွဲ့အစည်းတိုင်း သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခဲ့လျှင် သေနတ်သံပင် ကြားရမည် မဟုတ်’ ဟူသော ပြောဆိုမှုများဟာ ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်း အကျင်းနဲ့ မလျော်ညီတဲ့ ခြိမ်းခြောက်မှုနဲ့ တစ်ဖက်သတ် ဖိနှိပ် ပြောဆိုခြင်းများ ဖြစ်သဖြင့် အနုတ်လက္ခဏာဆောင်ပြီး ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာသူ တစ်ဦးစီရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့အတွက် လက်မခံနိုင်ကြောင်း သဘောထား ဖော်ပြလိုက်ပါတယ်။ ဒို့မြေကွန်ရက်ကလည်း တပ် ချုပ်မိန့်ခွန်းပါ ‘တပ်မတော်သည် နိုင်ငံတော်နဲ့ ပြည်သူလူထုအား ကိုယ်စားပြုသည်’ဆိုတဲ့ စကားရပ်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံတဲ့ နိုင်ငံတော် တည်ဆောက်နိုင်ရန် တိုင်းရင်းသားပြည်သူများက အဘက်ဘက်မှ လိုလားဆောင် ရွက်နေချိန်မှာ ကာကွယ်ရေးဦးစီးချုပ်က ယခုလို တစ်ဖက်သတ် ဖိအားပေး ပြောဆိုမှုများကို ရှုတ်ချကန့်ကွက်ကြောင်း၊ တန်းတူ ညီမျှမှုကို လက်ကိုင်ထားတဲ့ ဆွေးနွေးပြောဆိုမှုသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှေးရှုမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန် ခဲ့ပါတယ်။ အလားတူ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တပ်ချုပ်မိန့်ခွန်းကို တစ် ဦးချင်းအနေနဲ့ ကန့်ကွက်သရော်လှောင်ပြောင်တဲ့ ကာတွန်းတွေ၊ စာတိုတွေကလည်း အနတက္ကမပါပဲ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအားလုံးအတွက် ပင်လုံညီလာခံက အစဉ်အမြဲ တံခါးဖွင့်ထားကြောင်းနဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးခြင်း ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်အောင် ဆက် လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မေတ္တာဖြင့် အမှာစကား ပြောကြားသွားခဲ့ပါတယ်။ ဆိုရရင် ပြည်ထောင်စုငြိမ်းချမ်းရေး၂၁ ရာစု ပင်လုံညီလာခံကြီး တတိယအကျော့ အစည်းအဝေးဟာ ဖွင့်ပွဲကတည်းက အစမကောင်းခဲ့တဲ့အတွက် အနှောင်းလည်း မသေချာခဲ့ပါဘူး။
ဖွဲ၊ သလဲ ဆွေးနွေးပွဲများ
ညီလာခံ ဒုတိယနေ့က စပြီးတော့ UPDJC အဖွဲ့က ညှိနှိုင်း ဆုံးဖြတ်ထားတဲ့ အဆိုပြုချက် ၁၄ ချက်ကို အစုအဖွဲ့အလိုက် ဝိုင်း ဝန်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါတယ်။ အဆိုပြုချက် ၁၄ ချက်ထဲမှာ တော့ နိုင်ငံရေးမူ လေးချက်၊ စီးပွားရေးမူ တစ်ချက်၊ လူမှုရေးမူ ခုနစ်ချက်၊ မြေယာမူ နှစ်ချက် ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံရေးမူ လေးချက် ဆိုပေမယ့် မူအားလုံးဟာ ကျား၊ မ တန်းတူရေး ကိစ္စ ချည်းပါပဲ။ ကျား၊ မ အခွင့်အရေး တန်းတူမှုရှိရေး၊ လုပ်ငန်းအဖွဲ့ အစည်းတိုင်းမှာ အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုရေး၊ ကျား၊ မ အကြမ်းဖက်မှု ကာကွယ်ရေး၊ အမျိုးသမီးများရဲ့ စွမ်း ဆောင်ရည် မြှင့်တင်ပေးရေး စတဲ့ မူဝါဒ လေးခုကို ဆွေးနွေးဆုံး ဖြတ်ခဲ့ကြတာပါ။ နောက်ဆုံး မူဝါဒတွေ ဆွေးနွေးဆုံးဖြတ်ကြရာ မှာတော့ အဖွဲ့အစည်းတိုင်း အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့် ရအောင် ‘အားပေးရေး’ ဆို တဲ့ စကားလုံး ဖြည့်စွက်လိုက်တာက လွဲလို့ ကျန်မူဝါဒအားလုံးကို အတည်ပြုလိုက်ကြပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံဆိုတာ ပြည် တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အတွက် အရေးကြီးလိုအပ်တဲ့ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေး အဖြေရှာကြရမယ့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးညီ လာခံကြီးမှာ ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်မပတ်သက်တဲ့ ကျား၊ မ တန်းတူရေးကိစ္စကို နိုင်ငံရေး ပြဿနာအဖြစ် ဆွေးနွေးကြရ တယ်ဆိုတာ အလွန်ရှက်စရာ ကောင်းပြီး ညီလာခံရဲ့ ဂုဏ်သိက္ခာ ကို နိမ့်ကျထိပါးစေပါတယ်။ ကျား၊ မ တန်းတူရေးကိစ္စ ဆွေးနွေးဖို့ ငြိမ်းချမ်းရေးညီလာခံဆိုတဲ့ ခေါင်းစီးတပ်စရာ မလိုသလို ကိုယ် စားလှယ်ထောင်ချီတဲ့ စားသောက်ပွဲကြီးလည်း ကျင်းပနေစရာ မလိုပါဘူး။
၂၁ ရာစုပင်လုံ တတိယအကျော့ အစည်းအဝေးမှာ တူတူ တန်တန်ရှိတဲ့ မူဝါဒ အဆိုပြုချက်ဆိုလို့ စီးပွားရေးဆိုင်ရာ အဆို ပြုချက်တစ်ခုပဲ ရှိပါတယ်။ ဒီ စီးပွားရေးဆိုင်ရာ မူဝါဒကတော့ တိုင်းနဲ့ ပြည်နယ်အဆင့်ရှိ လွှတ်တော်နဲ့ အစိုးရများ အနေဖြင့် သက်ဆိုင်ရာ နယ်ပယ်ဒေသရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မူ ဝါဒနဲ့ စီမံကိန်းတွေကို ဆုံးဖြတ်ချမှတ်၊ အကောင်အထည်ဖော်ခွင့် ပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ်ရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ ပြည်ထောင်စုမူနဲ့ မဆန့်ကျင် ကိုက်ညီမှု ရှိရမှာ ဖြစ်သလို အိမ်နီး ချင်း အခြား တိုင်းနဲ့ ပြည်နယ်ဒေသများရဲ့ အကျိုးစီးပွားကို မထိ ခိုက်စေရပါဘူး။ ဒါကြောင့် ဒီမူဝါဒဟာ တိုင်းနဲ့ ပြည်နယ်တွေရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဖြေလျှော့လွတ်လပ်ခွင့် ပေးခဲ့သလို ရှိပေမယ့် အခြားတစ်ဖက်က စည်းဘောင်ကန့်သတ် ချက်တွေလည်း ချမှတ်ထားခဲ့ပါတယ်။
၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲအစီအစဉ်မှာ အကြောင်းအရာ အများဆုံး ဆွေးနွေးရတာ လူမှုရေးကဏ္ဍပါ။ လူမှုရေးကဏ္ဍမှာ ဆွေးနွေးရတဲ့ ခေါင်းစီး ခုနစ်ခု ရှိပါတယ်။ ခေါင်းစီး ခုနစ်ခု ဆိုပေ မယ့် ထူးထူးခြားခြား အနှစ်အသား ပါလှတဲ့ အကြောင်းအရာ တော့ သိပ်မရှိလှပါဘူး။ ပထမတစ်ခုကတော့ နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးတင်ပြခဲ့ကြသလို လူမှုရေးအဖွဲ့အစည်း လှုပ်ရှားမှုတွေ မှာလည်း အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့်ပေးရေးပဲ ဖြစ် ပါတယ်။ နောက်နှစ်ချက်ကတော့ ပညာရေးနဲ့ ကျန်းမာရေးနယ် ပယ်တွေမှာ လူတိုင်း လွှမ်းခြုံလက်လှမ်းမီရေးသာ ဖြစ်ပါတယ်။ နောက်တစ်ချက်က မသန်စွမ်းသူ၊ ကလေး၊ သက်ကြီး၊ ကိုယ်ဝန် ဆောင်၊ အမျိုးသမီးများအခွင့်အရေး ကာကွယ်မှုဥပဒေ ပြဋ္ဌာန်း ပေးရေး ဖြစ်ပါတယ်။ နောက် ဆွေးနွေးရတဲ့ လူမှုရေးပြဿနာ သုံးရပ်ကတော့ လူမှုဘဝ သဟဇာတဖြစ်ရေး၊ မူးယစ်ဆေးဝါး လျှော့ချ ပပျောက်ရေးနဲ့ ကလေးသူငယ် အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး စတဲ့ အများ လက်ခံထားပြီးဖြစ်တဲ့ ကိစ္စတွေ ချည်း ဖြစ်ပါတယ်။ လူမှုရေးကဏ္ဍမှာ ယေဘုယျ လူမှုရေး ပြဿနာတွေကို အများ နားလည် လက်ခံထားတဲ့အတိုင်း ယေ ဘုယျ ဆွေးနွေးကြတာ ဖြစ်လို့ ချောချောမွေ့မွေ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးညီလာခံကြီးမှာ တင်ပြ ဆွေးနွေးကြရမယ့် ပြဿနာတွေတော့ မဟုတ်ပါဘူး။ အနည်းဆုံး လူမှုရေးကဏ္ဍမှာ စစ်ဘေးရှောင် ဒုက္ခသည်များ ပြဿနာကို အကျယ်အပြန့် ဆွေးနွေးဆုံးဖြတ်နိုင်ရင်ကို အတော်လေးနက် အဓိပ္ပာယ်ရှိလာနိုင်ပါတယ်။
နောက်ဆုံးဆွေးနွေးကြတာတော့ မြေယာကဏ္ဍဆိုင်ရာ မူ ဝါဒ နှစ်ရပ်ပါပဲ။ မြေယာကို နိုင်ငံသားကပဲ ပိုင်ဆိုင်ခွင့် ရှိပြီး နိုင်ငံ ခြားသားနဲ့ တရားမဝင် နေထိုင်ခွင့်မရှိဘူးဆိုတဲ့ မူဝါဒပါ။ ဒါ အသစ်အဆန်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ နိုင်ငံခြားသားကို မြေယာပိုင်ဆိုင်ခွင့် မပေးခဲ့သလို တရားမဝင် နေထိုင်သူကိုလည်း မြေပိုင်ခွင့် မပေးခဲ့ပါဘူး။ အရင်က နိုင်ငံခြား သားနဲ့ ကျူးကျော်တွေကို နိုင်ငံတော်က မြေယာပိုင်ဆိုင်ခွင့် ပေး ထားလို့ ဒီ မြေယာပိုင်ဆိုင်ခွင့်ကို ပင်လုံညီလာခံကြီးက ဖျက်သိမ်း ဖို့ အားထုတ်တယ်ဆိုရင်တော့ ထောက်ခံကြရမှာပေါ့။ အခုတော့ ငွေကုန်ကြေးကျခံ ညီလာခံကြီး ဝှဲချီး ကျင်းပပြီး ရှိပြီးသားမူတွေ ကို ထပ်အတည်ပြုတယ်ဆိုတာတော့ မရောင်ရာဆီလူး လုပ်နေ ကြတာပါပဲ။ အရေးကြီးတာတွေ ဆွေးနွေးခွင့်မရလို့၊ မဆွေးနွေးရဲ လို့ အရေးမပါတာတွေ ဆွေးနွေးနေရတာပါဆိုရင်လည်း ဘာဖြစ် လို့ ငွေကုန်ကြေးကျခံပြီး ပင်လုံညီလာခံကြီး ကျင်းပနေရတာလဲ လို့ မေးခွန်းထုတ်ရတော့မှာပါပဲ။ အခုတော့ ညီလာခံကြီး တခမ်း တနားခေါ်၊ ငွေကုန်သံပြာ ထရံခွာ သံဆူး အရူးအမူး ဆွေးနွေး ငြင်းခုံပြီးမှ ပြည်ထောင်စုစာချုပ်မှာ ထည့်သွင်းမယ့် ၁၄ ချက်ထဲ က တစ်ချက်လောက်ပဲ သုံးစားလို့ ရမယ်ဆိုရင်တော့ နောက်ဆုံး မှာ ဖွဲနဲ့ သလဲပဲ ကျန်ခဲ့ပြီလို့ ဆိုရတော့မှာပေါ့။
မျှော်လင့်စရာ အလားအလာ
တကယ်တမ်းပြောရရင် ပြည်ထောင်စု စာချုပ်မှာ ထည့်သွင်း မှတ်တမ်းတင်ခဲ့တဲ့ ညီလာခံရဲ့ ဆွေးနွေးဆုံးဖြတ်ချက် အများစုဟာ အလေးချိန်မရှိလှပေ မယ့် တတိယအကျော့ ၂၁ ရာစုငြိမ်းချမ်းရေးညီလာခံ ကျင်းပလိုက်နိုင်တဲ့အတွက် ငြိမ်းချမ်း ရေးအလားအလာကောင်းတွေ လမ်းပွင့်လာခဲ့တာတော့ အမှန် ပါပဲ။ အထူးသဖြင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့စလုံး ညီလာခံတက်ရောက်လာ ခြင်းဟာ ညီလာခံရဲ့ အောင်မြင်မှုတစ်ရပ်ပါပဲ။ ညီလာခံ ဒုတိယနေ့ က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ UWSA KIA NDAA နဲ့ SSPP/SSA ခေါင်းဆောင်တွေ ရင်းနှီးနွေး ထွေးစွာ တွေ့ဆုံခဲ့ကြသလို ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ TNLA MNDAA AA တို့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးညီလာခံအတွက် ထူးခြားထင်ရှား မင်္ဂလာရှိတဲ့ တိုးတက် ဖြစ်ထွန်းမှုအသစ်ပါ။ FPNCC အဖွဲ့ကို အသိအမှတ် မပြုတဲ့ အစိုးရနဲ့ တပ်မတော်တို့က အားလုံးကို ဖိတ်ခေါ်ပြီး နှစ်ဖွဲ့ ခွဲ တွေ့ဆုံတဲ့ နည်းပရိယာယ် ကျင့်သုံးလိုက်တာပါပဲ။ တပ်မတော် ဘက်ကလည်း MNDAA TNLA AA သုံးဖွဲ့နဲ့ တွေ့ဆုံဖို့ မရှိဘူးဆိုတဲ့ သဘောထားကို ဖြေလျှော့လိုက်တဲ့ သဘောပါပဲ။ မြောက်ပိုင်းအဖွဲ့တွေကလည်း NCA ကို လက်မှတ် မထိုးနိုင်ဘူး။ NCA နဲ့ မတူတဲ့ လမ်းကြောင်း’ ဆိုတဲ့ စကားတွေကို မပြော ကြားတော့ဘဲ ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေ ရှင်းရေးကို လိုလားတဲ့အလျောက် NCA ကို သုံးသပ် ဆွေးနွေး လိုတဲ့ သဘောဆန္ဒကို ဖော်ပြခဲ့ကြပါတယ်။ ဒါဟာ ၂၁ ရာစု ပင်လုံညီလာခံအတွက် အလွန်ကောင်းမွန်တဲ့ အလားအလာနဲ့ တိုးတက်အောင်မြင်မှုပါပဲ။
ဒီလို အလားအလာကောင်းတွေ ဖြစ်ထွန်းလာခဲ့တာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ စိတ်ရောကိုယ်ပါ အားပေးကူညီမှု ကြောင့် ဆိုရင်လည်း မမှားပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အာရှရေးရာ တာဝန်ခံ မစ္စတာဆွန်ကော်ရှန်ကိုယ်တိုင် မြောက် ပိုင်းအဖွဲ့ ခုနစ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကို ကူမင်းမြို့ကနေ နေပြည် တော်အထိ တာဝန်ယူ ခေါ်ဆောင်လာခဲ့သူ ဖြစ်ပါတယ်။ သူကိုယ် တိုင် မြောက်ပိုင်းအဖွဲ့တွေ NCA လက်မှတ်ထိုးနိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံညှိနှိုင်းခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည် OBOR စီမံကိန်းထဲ ပါဝင်လာနိုင်ရေးအတွက် ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် နယ်စပ်တွေမှာ လုံခြုံအေးချမ်းတည်ငြိမ်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား မျက်နှာချင်းဆိုင်ဖို့ ခက်ခဲနေတဲ့ အနေအထားမှာ တရုတ်ပြည်ရဲ့ ကြားဝင်စေ့စပ်ပေးမှုဟာ မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်နေရ ပါတယ်။ တရုတ်ပြည်ရဲ့ ပံ့ပိုးကူညီမှုကြောင့် ၂၁ ရာစု ပင်လုံညီ လာခံဟာ ပိုမို စည်ကားသိုက်မြိုက် မြိုင်ဆိုင်ပြီး ငြိမ်းချမ်းရေး အလားအလာကောင်းတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်၊ ဒုချုပ်တို့နဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပြီးချိန်မှာတော့ ‘နှင်းခဲ ပျော်ချိန်’ ကို ရောက်ရှိလာခဲ့ပြီး နွေးထွေးတောက်ပတဲ့ ငြိမ်းချမ်း ရေးနေခြည်သစ်ကို စတင် မြင်တွေ့ ခဲ့ရပါတယ်။ ကျန်းမာရေး ယို ယွင်းလာလို့ ဆေးရုံတက်နေရတဲ့ ‘ဝ’အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်းနဲ့ ဦးပေါက်ယိုရီတို့ကို တပ်ချုပ်ကြီးကိုယ် တိုင် သွားရောက်ပြီး အိမ်တွင်းဖြစ် ငှက်သိုက်အားဆေး တိုက် ကျွေးတဲ့ အနေအထားအထိ ရောက်ရှိခဲ့ပါတယ်။ အင်အားအကြီး ဆုံးလည်း ဖြစ်၊ မြောက်ပိုင်းအဖွဲ့ခေါင်းဆောင်လည်း ဖြစ်တဲ့ ‘ဝ’ အဖွဲ့ UWSA ကလည်း NCA ကို သုံးသပ်ညှိနှိုင်း ပြင်ဆင်ခွင့်ရ ရင် လက်မှတ်ထိုးမယ်ဆိုတဲ့ သတင်းစကား ပါးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီနှစ်အတွင်း တစ်ကြိမ်၊ နောက် နှစ်အတွင်း နှစ်ကြိမ် ပင်လုံညီလာခံတွေ ကျင်းပပြီး ဖက်ဒရယ် အခြေခံမူတွေ ချမှတ်နိုင်အောင် ကြိုးစားမယ်လို့ ကတိပေးခဲ့ပါ တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂ဝ၂ဝ ခုနှစ် အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမယ်လို့ အဆိုပြုလိုက်ပါ ပြီ။ နောက်လာမယ့် ညီလာခံတွေအတွင်းမှာ သေနတ်သံတွေ လျော့ပါးပြီး ငြိမ်းချမ်းရေးတေးသံတွေများ ပိုမိုမြိုင်ဆိုင်လေ မလားလို့ မဝံ့မရဲ မျှော်လင့်မိပါတယ်။