အောင်ပိုင်၊ ဂေထော
ရန်ကုန် – သြဂုတ် ၂၁၊ ၂၀၂၀ (မော်ကွန်း)
အင်တာနက် အမြန်နှုန်းလျှော့ချခံထားရသည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများတွင် COVID – 19 ရောဂါပိုး သတင်းရရှိမှု နှောင့်နှေးနေသောကြောင့် ဒေသခံများစိုးရိမ်နေကြသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID – 19 ရောဂါပိုးတွေ့ရှိသူ ယနေ့မနက်ပိုင်းအထိ ၁၆ ဦး တွေ့ရှိထားပြီဖြစ်သော်လည်း အင်တာနက်အမြန်နှုန်းလျှော့ချခံထားရသည့် မြို့နယ်များတွင် ရောဂါဆိုင်ရာ သတင်းအချက်အလက်ရရှိမှု နှောင့်နှေးနေသည်ဟု ရသေ့တောင်မြို့နယ် ဒေသခံ ကိုကျော်မင်းခိုင်ကဆိုသည်။
“ဒီနေ့အထိ အင်တာနက်က 2G ပဲရတယ်။ ကောလာဟလတွေများနေတော့ သတင်းအမှန်ဘယ်ဟာလည်း တိုက်စစ်လို့က မရဘူး ။ ပုံတစ်ပုံမြင်ရဖို့၊ သတင်းအကုန်ဖတ်ရဖို့က တစ်နေကုန်စောင့်နေရတယ်။ မီး(လျှပ်စစ်မီး) လည်းမရ၊ တီဗီလည်းမရှိတဲ့ ရွာဘက်တွေမှာက ပိုစိုးရိမ်ရတယ်” ဟု၎င်းက ပြောသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း “ရောဂါပိုးနဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် တွေကို အချိန်နဲ့ တပြေးညီ မသိနိုင်တော့ဘူး။ ဒီလိုလုပ်တာက ရခိုင်ပြည်နယ်တစ်ခုတည်းအတွက်မကဘူး၊ တစ်နိုင်ငံလုံးအတွက် စိုးရိမ်ရတဲ့အခြေအနေပေါ့။ ဒီလိုကာလမျိုးမှာ အင်တာနက်ကို 4G ဖွင့်မပေးဘူးဆိုတာ တော်တော်ကို အရုပ်ဆိုးတယ်။ ဒီဆိုးကျိုးတွေအတွက်လည်း အစိုးရမှာတာဝန်ရှိလိမ့်မယ်” ဟုပြောသည်။
မြေပုံမြို့နယ်အတွင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ရောဂါနဲ့ ပတ်သက်သည့် သတိပေးချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်လံကြေညာခြင်းမရှိသေးဟု ၎င်းက ဆိုသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးဆွေက အင်တာနက်အမြန်နှုန်း လျှော့ချခံထားရသည့် ဒေသများအတွက် ပုံမှန်အင်တာနက်မြန်နှုန်း 4G ကို ပေးရန် အစီအစဉ်မရှိသေးကြောင်း မော်ကွန်းကို ပြောသည်။
ရခိုင်ပြည်နယ် ကေျာက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်စသည့် မြို့နယ် ခုနစ်ခု နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အစိုးရက တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် အင်တာနက်မြန်နှုန်းကို လျှော့ထားသည့် 2G ကိုသာ ပြန်လည်ဖွင့်ပေးခဲ့သည်။
မြောက်ဦးလူငယ်များအစည်းအရုံးက အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များတွင် COVID – 19 ရောဂါသတင်းအချက်အလက်များကို မြန်ဆန်စွာသိရှိနိုင်ရေးအတွက် 4G အင်တာနက်ဝင်ဆောင်မှုကို အမြန်ဖွင့်ပေးရန် ယနေ့မနက်က ကြေညာချက်ထုတ်ပြန်သည်။
2G ဖြင့် အင်တာနက်ဝန်ဆောင်မှုများကို သုံးစွဲရာတွင် နှေးကွေးနေခြင်း၊ ၁၀ တန်း အောင်စာရင်းများ ကြည့်ရှုရန် အဆင်မပြေခြင်း၊ အင်တာနက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရသည့် လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်များသည် အင်တာနက်ဖြတ်တောက်ထားစဉ်က အခြေအနေနှင့် ထူးမခြားနားဖြစ်နေသောကြောင့် COVID – 19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် လက်လှမ်းဝေးနေကြောင်း ရခိုင်အရက်ဘက်အဖွဲ့အစည်းများကွန်ရက်ကလည်း သြဂုတ် ၁၅ ရက်က ကြေညာချက်ထုတ်ပြန်ထားသည်။
ပုံစာ – ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအား ၂၀၁၉ ခုနှစ်က တွေ့ရသည့် မြင်ကွင်း။ ဓါတ်ပုံ – သက်ဦးမွန်
#Dailynews