ပလက်ဝတွင် ရွေးကောက်ပွဲ မကျင်းပသင့်သည့် ဒေသများရှိကြောင်း စာပို့ထားသော်လည်း ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခဲ့ဟု CNLD ကိုယ်စားလှယ်လောင်းပြော

ပလက်ဝတွင် ရွေးကောက်ပွဲ မကျင်းပသင့်သည့် ဒေသများရှိကြောင်း စာပို့ထားသော်လည်း ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခဲ့ဟု CNLD ကိုယ်စားလှယ်လောင်းပြော

ရေဂင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၇ (မော်ကွန်း)

ပလက်ဝမြို့နယ်တွင် လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပသင့်သည့် ကျေးရွာအုပ်စုများရှိနေကြောင်း တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းတွင် ပါဝင်မလာခဲ့ကြောင်း ပလက်ဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းအမျိုးသားဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးကျော်ငြိမ်းက ပြောသည်။

အဆိုပါ ကျေးရွာအုပ်စု (၂၁) စုမှ ဒေသခံ ရပ်မိရပ်ဖများ၊ မြို့နယ် မဲရုံတာဝန်ခံများနှင့် ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးမှူးတို့ကစိစစ်ပြီး ဒေသန္တရလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပရန်မသင့် တော်ကြောင်းကို တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“အဲဒီ့ ကျေးရွာအုပ်စုတွေဆိုရင် ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးတောင် မသွားနိုင်လို့ ဖုန်းဆက်ပြီး သူတို့ကို ရှင်းပြရတယ်။ ရွာတော်တော်များများက ဖုန်းလိုင်းတောင်မမိဘူး။ အဲဒီ့ရွာတွေ မဲမပေးဖို့ မသင့်ဘူး၊ မဲမပေးနိုင်ဘူဆိုတာက လုံခြုံရေးအရကော၊ လမ်းပန်းဆက်သွယ်ရေးအရပါ စိစစ်ထားတာပါ” ဟု ဦးကျော်ငြိမ်း ကပြောသည်။

ပလက်ဝမြို့နယ် မဲဆန္ဒနယ် (၁) တွင် ကျေးရွာအုပ်စု (၁၀) စု၊ မဲဆန္ဒနယ် (၂) တွင် (၁၁) စုအား ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မသင့်တော်သည့် အခြေအနေတွင်ရှိကြောင်းကို တင်ပြထားသည်မှာ မှန်ကန်ကြောင်း မတူပီခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံး အတွင်းရေးမှူး ဦးမြင့်အောင်ရှိန်က အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုခဲ့ကြောင်း ရှင်းပြသည်။

ပလက်ဝမြို့နယ်အတွင်း မဲပေးနိုင်မည့် မဲဆန္ဒရှင် ဦးရေ (၆၃,၀၀၀) ကျော်ရှိနေပြီး မဲရုံပေါင်း (၁၇၆) ရုံ၊ မဲရုံဝန်ထမ်း (၂,၀၀၀) ကျော် ရှိကြောင်း၊ မဲရုံများကို အချို့လူဦးရေ နည်းသည့် ကျေးရွာအုပ်စုများတွင် တစ်ခုသာ ထားရှိနိုင်ကြောင်း၊ ပလက်ဝရှိ ကျေးရွာများမှာ အိမ်ခြေ (၁၀၀) အောက်သာရှိသည့် ကျေးရွာအများစုဖြစ်ကြောင်း ဦးမြင့်အောင်ရှိန်က ‌ပြောသည်။

“ လုံခြုံရေးကြောင့် တောင်ယာတောင် မသွားနိုင်တဲ့အချိန်မှာ တစ်ခြားရွာတစ်ရွာကို မဲသွားပေးဖို့က ခက်ခဲတယ်။ အခု တောင်ယာမသွားနိုင်လို့ စားရသောက်ရ ခက်နေတာလေ” ဟု ပလက်ဝမြို့တွင် နေထိုင်သည့် ဦးသိန်းစံကပြောသည်။

ပလက်ဝ မြို့နယ် ရွေးကောက်ပွဲလုံခြုံရေးနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကတော့ ထိုသို့ရွေးကောက်ပွဲ ကျင်းပရန်မသင့်ကြောင်း ခရိုင်ရုံးသို့ တင်ပြခဲ့သည်ကို သိရှိကြောင်း၊ သို့သော် ငါးနှစ်တစ်ကြိမ်ပြုလုပ်သည့် ရွေးကောက်ပွဲ ကျင်းပမည်ကို လက်ခံကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ပလက်ဝ စစ်ဘေးရှောင်စခန်းနှင့် ဒေသခံများအတွက် စားနပ်ရိက္ခာထောက်ပံ့မှုများကို ပေးပို့ရာတွင် ဆမီးမြို့မှ တစ်လလျှင် တစ်ကြိမ်သာ စစ်တပ်လုံခြုံရေးဖြင့် ပို့ဆောင်ပေးနေရကြောင်း ပလက်ဝ စစ်ဘေးရှောင်စခန်းမှ စီမံခန့်ခွဲရေး ကော်မတီဝင် ဦးဇာနည်က ပြောသည်။

ပုံစာ။ ။ ချင်းပြည်နယ် ပလက်ဝမြို့


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."