Photo – Thet Oo Mon
ရှပ်အင်္ကျီအစိမ်းရင့်ရောင်နဲ့ ပုဆိုးခပ်တိုတို ဝတ်ဆင်ထားတဲ့ သူ့ ပုံစံက ဖျတ်လတ်နေတယ်။ အသက် ၇၂ နှစ်ရှိပြီဆိုပေမယ့် ငါးဆယ်ကျော်လို့ပဲ ထင်ရအောင် သူက သန်သန်စွမ်းစွမ်းပဲ။ ဒါပေမဲ့ အပေါ်သွားတချို့ မရှိတော့ဘူး။
ဒါကြောင့်လည်း စကားပြောပြီဆို တချို့စကားလုံးတွေက မပီတော့ သေချာနားထောင်ရတယ်။ နားမလည်ရင် နောက်တစ်ခေါက်ပြန်မေးရတယ်။ ကြေးနီရောင် အသားအရေရှိပြီး ခန္ဓာက ပြည့်ပြည့်။ လည်ပင်းမှာ ရွှေဆွဲကြိုးတစ်ကုံးလည်း ဆွဲထားသေးတယ်။
သူ့နာမည်က ဦးကျော်ညွန့်။ အကယ်ဒမီကျော်ညွန့်လို့လည်းခေါ်တယ်။ အကယ်ဒမီဆိုလို့ ရုပ်ရှင်ရိုက်ပြီး အကယ်ဒမီရတာ မဟုတ်ပါဘူး။ သူက ပန်းပဲပညာရှင်။ ဓားတွေလုပ်တဲ့သူ။ တပ်မတော်မှာ ဆုပေးတဲ့ အကယ်ဒမီငွေဓားတွေ လုပ်ရဖန်များတော့ ဒီနာမည်တွင်ခဲ့တာဖြစ်ပါတယ်။
သလုပ်တဲ့ ဓားတွေကတော့ အစုံပဲ။ ငှက်ကြီးတောင်၊ ဂျပန်ဓား၊ အင်္ဂလိပ်ဓား၊ တရုတ်ဓား စသဖြင့် အိမ်တွေမှာ အလှချိတ်ဆွဲတတ်၊ ဆောင်တတ်ကြတဲ့ ဓားရှည်မျိုးစုံကို လုပ်ပါတယ်။ ပန်းပဲလုပ်ငန်းက သူတို့ မျိုးရိုးစဉ်ဆက် လုပ်ကိုင်ခဲ့တာပါ။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့တာဖြစ်ပါတယ်။ သူ့လက်ထက်မှာတင် နှစ်ပေါင်းခြောက်ဆယ်လောက် ရှိပါပြီ။
ရှေးဟောင်း ပန်းပဲရွာ
သူနေတဲ့မင်းလမ်းရွာက ရန်ကုန်-မ္တနလေး အမြန်ကားလမ်းဟောင်းဘေး ရမည်းသင်းမြို့ကိုအကျော် ပျော်ဘွယ်မြို့အဝင်နားမှာ ရှိပါတယ်။ မင်းလမ်းရွာမှာ အိမ်ခြေသုံးရာနီးပါးရှိပြီး တစ်ရွာလုံးနီးပါး ပန်းပဲလုပ်ငန်းနဲ့ပဲ အသက်မွေးကြပါတယ်။ အဲဒီအထဲက လေးငါးဦးကတော့ တောင်သူလုပ်တယ်လို့ ဦးကျော်ညွန့်က ဆိုပါတယ်။
Photo – Thet Oo Mon
ပန်းပဲရွာ စတင်ဖြစ်ပေါ်လာတာနဲ့ ပန်းပဲလုပ်ငန်း ဘယ်အချိန်က စလုပ်ခဲ့တယ်ဆိုတာကို ဦးကျော်ညွန့်ကို မေးကြည့်တော့ သူလည်း မမီဘူးလို့ ဆိုပါတယ်။ စာနဲ့ပေနဲ့ မှတ်တမ်းတင်ထားတာလည်း မရှိဘူးလို့ သူက ဆိုတယ်။ သူ ၁၂ နှစ်သားတုန်းကတော့ အသက် ၈ဝ ရှိပြီဖြစ်တဲ့ သူ့အဘိုးကို မေးခဲ့ဖူးပါတယ်။
အဘကြီးက ”တို့လည်းမမီဘူးကွတဲ့၊ ဘုရင်လက်ထက်ကတည်းက လုပ်တယ်ပြောရတာပဲ” လို့ ဦးကျော်ညွန့်က ခန့်မှန်းပြောပြတယ်။
”တကယ်တမ်း အဘတို့ပန်းပဲက နာမည်ကြီးပြီးတော့ ထင်သလောက် မချမ်းသာဘူး။ ရွာထဲကို ကြည့်လေ၊ ပန်းပဲသမားတိုက်ရယ်လို့ မရှိဘူး။ ရှိတဲ့ဟာက လယ်သမားဟာ” လို့ သူကဆိုတယ်။
မင်းလမ်းရွာက ပန်းပဲလုပ်ငန်းလုပ်ကိုင်တာ နာမည်ထွက်ပေမယ့် ထင်သလောက် စီးပွားမဖြစ်တာကို ဦးကျော်ညွန့်က ညည်းတွားတာပါ။
ဒီရွာမှာ တောင်သူသုံးပစ္စည်းတွေနဲ့ ပုဆိန်၊ ရဲတင်း၊ ဓားမ၊ ကိုင်းခုတ်ဓား၊ တူရွင်းငန်းပြား၊ သံတူရွင်း၊ ဓားရှည်တွေ၊ ဓားမြှောင် တွေ စသဖြင့် သံကို အမျိုးမျိုး ပြုလုပ်ကာ ကားလမ်းမဘေးမှာ ဆိုင်လေးတွေ ဖွင့်ပြီး ရောင်းချကြပါတယ်။
အရင်တုန်းကတော့ ရွာကပြုလုပ်တဲ့ ဓားတွေကို ကုန်သည်တွေက လာဝယ်ပြီး မြန်မာပြည်အနှံ့ ဖြန့်ဖြူးရောင်းချပေမယ့် ကုန်သည်တွေက ဈေးနှိမ်တာတစ်ကြောင်း၊ ဘုရားပွဲတွေမှာလည်း ဓားရောင်းခွင့်တွေ ပိတ်လိုက်တာကြောင့်လည်း အရောင်းအဝယ်တွေ မဖြစ်တော့တာကြောင့် ရွာထိပ်က ကားလမ်းဘေးမှာ ဆိုင်တွေတည်ပြီး ရောင်းချခဲ့တာ ၁ဝ နှစ်ကျော်လာခဲ့ပြီလို့ ဦးကျော်ညွန့်က ရှင်းပြပါတယ် ။
ရွာထဲက ပန်းပဲသမားတွေထဲမှာ ဦးကျော်ညွန့်လို ကကြီးမှ အအထိ ဓားတစ်ချောင်းလုံး လုပ်ကိုင်နိုင်သူက တစ်ရွာလုံးမှာ သုံးဦးသာရှိပါတယ်။ တစ်ယောက်က ဦးတင်ရွှေလို့ခေါ်တဲ့ ပန်းပဲဆရာကြီး။ သူက အသက် ၈ဝ ကျော်ပြီဖြစ်လို့ ပန်းပဲ မလုပ်နိုင်တော့ဘူး။ ကျွန်တော်နဲ့တွေ့တဲ့အခါ လေသံလေးနဲ့ပဲ စကားပြောနိုင်တော့တယ်။ ပြီးတော့ ဦးတင်ရွှေရဲ့သား ဓားဘုရင်ဆိုင်ရှင် ဦးရီ။ ပြီးတော့ ဦးကျော်ညွန့်ပါ။
Photo – Thet Oo Mon ဓားမျက်နှာပြင်ကို ကော်ပတ်စားနေပုံ
မြင်ဆရာနဲ့ သင်
ဦးကျော်ညွန့် ပထမဆုံး ဓားစလုပ်တော့ အသက် ၁၃ နှစ်သားပဲရှိပါသေးတယ်။ ပထမဆုံး သူလုပ်တဲ့ဓားက လေးလက်မ ဓားမြှောင်လေးတစ်ချောင်းပဲဖြစ်ပါတယ်။ သူ့အဖေကလည်း ဓားမြှောင်လုပ်တဲ့သူဖြစ်ပြီး အဖေရဲ့ ပန်းပဲဖိုမှာ ပြုလုပ်ခဲ့တာပါ။ အဲဒါကို အဒေါ် ဖြစ်သူတွေက ရောင်းလို့ရတယ်လို့ဆိုပြီး ပျော်ဘွယ်ဈေးမှာ သွားရောင်းလိုက်တာ ငွေတစ်ကျပ်ရခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။
အဲဒီအချိန်က ဆန်တစ်တင်းမှ ကိုးကျပ်၊ ရွှေတစ်ကျပ်သားမှ ၁၅ဝ ကျပ်သာရှိသေးတဲ့ခေတ်။ ဒီလိုငွေရတဲ့အတွက် သူလည်း ပျော်ရွှင်ပြီး ပန်းပဲလုပ်ငန်းကို စတင်စိတ်ဝင်စားခဲ့တယ်လို့ ပြန်ပြောပြပါတယ်။ အဲဒါနဲ့ ဘုန်းကြီးကျောင်းကနေ ထွက်ပြီး ပန်းပဲလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။
အဲဒီအချိန်က တစ်နေ့ကို ဓားငါးချောင်းလောက်ပြီးတော့ သူ့ဝင်ငွေက တစ်နေ့ငါးကျပ်ရှိခဲ့တယ်လို့ ဦးကျော်ညွန့်က ဆိုပါတယ်။ ဒီပန်းပဲပညာတွေကို သူက ဆရာတစ်ဆူထံမှာ အပ်ကျမပ်ကျ သင်ခဲ့ရတာမဟုတ်ဘဲ သူများတွေလုပ်တာ ကြည့်ရှုမှတ်သားပြီး လုပ်ကိုင်ခဲ့တာလို့ ဦးကျော်ညွန့်က ဆိုပါတယ်။
ဦးကျော်ညွန့်က ငယ်ငယ်ကတည်းက အမေးအမြန်းလည်း ထူပါတယ်။ ကလေးအရွယ်ဖြစ်ပေမယ့် လူကြီးတွေ စကားပြောရင် ဝင်နားထောင်တတ်တယ်။ သူသိချင်တာတွေလည်း မေးတတ်ပါတယ်။ အဲဒီလို အမေးအမြန်းထူတာကြောင့်လည်း ပန်းပဲပညာ၊ ပန်းချီပညာ၊ ပန်းရန်ပညာတွေနဲ့ ပန်းပုပညာတွေကို မြင်ဆရာတွေဆီကနေ ရခဲ့ပါတယ်။ သူဆွဲထားတဲ့ ပန်းချီကားတွေကိုလည်း သူ့အိမ်မှာချိတ်ဆွဲထားတာ တွေ့ခဲ့ရပါတယ်။ ဇာတ်နိပါတ်တော်တွေပါ။
”သင်ဆရာတော့ မရှိဘူး မြင်ဆရာနဲ့ပဲလုပ်တယ်။ ဘကြီးတို့ခေတ်က ဓားအဟောင်းတွေ ကြည့်ပြီးလုပ်တယ်”လို့ ဦးကျော်ညွန့်က ဆိုပါတယ်။
Photo – Thet Oo Mon ဓားလောင်းများကို မီးဖုတ်နေစဉ်
သူ့အဘိုးနာမည်က ဦးစိန်ပန်းလို့ခေါ် ပြီး ငွေဓားတွေကိုလုပ်တဲ့ ပန်းပဲဆရာကြီးဖြစ်ကာ အင်္ဂလိပ်ခေတ်က မြို့အုပ်တွေ၊ သူကြီးတွေကို ဆုပေးတဲ့ ဓားတွေ ပြုလုပ်ရသူလို့ သူက ပြန်ပြောပြပါတယ်။
ဒီလိုနဲ့ လေးလက်မ ဓားမြှောင်လုပ်နေရာက တစ်ဆင့်ပြီးတစ်ဆင့် ရှစ်လက်မ ဓားမြှောင်၊ ပြီးတော့ ၁ဝလက်မ ဓားမြှောင်စသဖြင့် တိုးပြီးလုပ်ခဲ့တယ်။ ကုန်သည်တွေရဲ့ တောင်းဆိုမှုကြောင့်လည်း ပါပါတယ်။
အသက် ၂၅ နှစ်လောက်ရောက်တော့ ပညာလည်း အတော်စုံလာပြီ။ ငှက်ကြီးတောင်နဲ့ ဓားရှည်အမျိုးမျိုးကိုလည်း လုပ်ကိုင်နိုင်နေပြီလို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။ ဒါ့အပြင် ဂေါ်ရခါးဓားကောက်၊ ဆင်ထိုးဓား၊ ပေါက်ဓား၊ တုတ်ကောက်ထဲ ထည့်ရတဲ့ဓား စသဖြင့် ဓားမျိုးစုံကို နမူနာ ပုံစံကြည့်ပြီး လုပ်နေပါပြီ။
သူက တီထွင်ရတာလည်း ဝါသနာပါသူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်တဲ့အခါ တချို့ဇာတ်လမ်းထဲမှာပါတဲ့ ဓားပုံစံတွေကို သူက စိတ်မှန်းနဲ့ အရွယ်အစားကို တွက်ပြီး တစ်ပုံစံတည်းတူအောင် ပြန်လုပ်နိုင်ပါတယ်။
ဥပမာ-တရုတ်ကားဆိုရင် တရုတ်ကားထဲက ဓားပုံစံတွေ လုပ်ပါတယ်။ ဂျပန်ဓား၊ စပိန်ဓား၊ အင်္ဂလိပ်ဓား စသဖြင့် သူက ပုံစံတူ လိုက်လုပ်နိုင်ပါတယ်။ သူက ဂျာနယ်တစ်ခုမှာပါတဲ့ အလောင်းမင်းတရားကြီး ပန်းချီပုံတစ်ခုကိုပြရင်း ပုံထဲက ဓားကိုတောင် ပုံစံတူ လုပ်ထားတာကို တွေ့ခဲ့ရပါတယ်။
Photo – Thet Oo Mon ဓားဖျင်းခြင်းအဆင့်
အဲဒီဓားက ကိုးနဝင်းဓားလို့ သူက ဆိုပါတယ်။ ဓားရဲ့အတိုင်းအထွာကို ဥပမာ-ဓားအသွားဆို ၂၇ လက်မ၊ အရိုးက ကိုးလက်မ၊ ဓားအိမ်အရစ်က ကိုးခွေ စသဖြင့် ကိုးဂဏန်းချည်းကိုက်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ဘကြီးတွေခေတ်တုန်းက ဓားရဲ့အတိုင်းအထွာကို ကြည့်ပြီး ကိုင်မယ့်သူရဲ့ နေ့နံ့နဲ့ ကိုက်၊ မကိုက် တွက်ပါတယ်။ ဥပမာ-၂၇ လက်မဆိုရင် ကိုင်ထိုက်တယ်။ ၂၆ ဆို မကိုင်ထိုက်ဘူး။ အဲဒီလိုတွေ တွက်ချက်လုပ်ရတယ်လို့ ဦးကျော်ညွန့်က ရှင်းပြတယ်။
”ဒီခေတ်တော့ အဲဒီလို တွက်တာ မရှိတော့ဘူး။ မှာတဲ့လူကြိုက်သလို မှာတဲ့အတိုင်းလုပ်ပေးလိုက်တာ “ လို့သူကဆိုတယ်။
သူလုပ်တဲ့ ဓားတွေက တစ်ချောင်းကို အနည်းဆုံး သုံးလေးသောင်းကနေ နှစ်သိန်း၊ သုံးသိန်းအထိ ဈေးရှိပါတယ်။ တပ်မတော်မှာအသုံးပြုတဲ့ စစ်ရေးပြဓားတွေဆိုရင် တစ်လက်ကို ခြောက်သောင်းခွဲလောက်နဲ့ ရောင်းရတယ်လို့ ဦးကျော်ညွန့်က ဆိုပါတယ်။
သံကောင်းမှ ဓားကောင်းသည်
ဓားတစ်ချောင်းပြုလုပ်ရတာဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ သံအကြမ်းထည်ကနေ လှပပြီး ကောင်းမွန်တဲ့ ဓားတစ်ချောင်းဖြစ်လာဖို့ အဆင့်ဆင့် ပြုလုပ်ရပါတယ်။ ပထမဆုံး ဓားလုပ်မယ့် သံကို ရွေးချယ်ရပါတယ်။ သံကောင်းမှ ဓားကောင်းမှာ ဖြစ်ပါတယ်။
သံက မီးရထားသံလမ်းက သံ၊ သံလုံး၊ သံချောင်းတွေ စသဖြင့် သံက လေးငါးမျိုးလောက်ရှိပါတယ်။ အဲဒီအထဲမှာမှ ဓားလုပ်ဖို့ အကောင်းဆုံးသံက ကားတွေမှာ အသုံးပြုတဲ့ လေးသံလို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။ လေးသံက သံအရောအနှော မရှိဘဲ သံအသန့်ဖြစ်တယ်လို့ ဦးကျော်ညွန့်က ဆိုပါတယ်။ သံကောင်းရင် ဓားလုပ်တဲ့နေရာမှာ အတိမ်းအစောင်းလည်း ခံပါတယ်။
”အရည်အသွေးကောင်းကောင်းနဲ့ သံကောင်းကို လုပ်ဖို့လိုတယ်။ အဲဒါကိုလည်း ပန်းပဲသမားတိုင်း မနိုင်ဘူး။ သံကောင်းကို မနိုင်ဘူးဆိုတာလည်း အတွေ့အကြုံကောင်းရင့်ကျက်လာလို့သာ ရတယ်။ တချို့က မနိုင်တော့ သံကောင်းကို မီးဆေးလိုက်လို့ရှိရင် ပြတ်ကုန်တာတွေရှိတယ်”
Photo – Thet Oo Mon ဓားသွားကို ကော်ပတ်နှင့် စားနေစဉ်
ယခင်ကတော့ သံတုံးသံခဲတွေကို ဓားတစ်ချောင်းစာပင် ပင်ပန်းပန်း ဖြတ်တောက်ပြုပြင်ပြီး လုပ်ရပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းသိပ်မတွင်ကျယ်လှဘဲ တစ်နေ့လုံးမှ ဓားအသွားနှစ်ချောင်းလောက်ပဲ လုပ်နိုင်တယ်လို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။
အခုအချိန်မှာတော့ ဖြတ်တောက်ပြုပြင်ပြီးသား သံတွေကို အဆင့်သင့် ဝယ်လို့ရနေပါပြီ။ မင်းလမ်းမြောက်ရွာမှာသံရောင်း တဲ့ဆိုင်တွေရှိပြီး ဓားလုပ်ဖို့ သံတွေကို ပန်းပဲသမားတွေလိုချင်တဲ့ အရွယ်အစားအတိုင်း ကြိတ်ပြီး ပြန်ရောင်းတာပါ။ ယခင်က ထိုမင်းလမ်းမြောက်ရွာက ဇွန်းတွေ ပြုလုပ်ရောင်းချတဲ့ရွာဖြစ်ပြီး စတီးဇွန်းတွေပေါ်လာတဲ့အခါ လုပ်ငန်း မကောင်းတော့တာ ကြောင့် သံအရောင်းအဝယ်လုပ်နေတာ ဖြစ်ကြောင်းဦးကျော်ညွန့်က ဆိုပါတယ်။
ဒါကြောင့်လည်း “ ပန်းပဲတွေ အရည်အသွေးမြင့်လာတယ်။ ပစ္စည်းလည်းကောင်းတယ်။ အရင်က နှစ်ချောင်းပြီးတဲ့ နေရာမှာ အခု (ဓား) ၁ဝ လောက်ပြီးတယ်” လို့ ဦးကျော်ညွန့်က ဆိုပါတယ်။
ပုံမှန်အားဖြင့် ဓားရှည်တစ်ချောင်းကို သံငါးဆယ်သားခန့်နဲ့ပြုလုပ်ရပြီး ဓားအချောထွက်လာတဲ့အခါ ၃၅ ကျပ်သားလောက် တင်ပါတယ်။ မီးသွေးကတော့ သုံးထောင်တန် တစ်အိတ်လောက် (ဆန်တစ်တင်းခွဲဆံ့အိတ်) ကုန်တယ်လို့ ဦးကျော်ညွန့်က ဆိုပါတယ်။
ဓားတစ်ချောင်းမှာဆိုရင် ဓားသွား၊ ဓားအိမ်၊ လက်ကိုင်၊ ကနုတ်ပန်းထွင်း ၊ အရုပ်ရိုက်၊ ဓားအိမ်အတွက် သားရေချုပ် စတဲ့ အဆင့်တွေ ရှိပါတယ်။ တစ်ရွာလုံးမှာ ပန်းပဲဖို ၅ဝ လောက်ရှိပြီး ပန်းပဲနဲ့ ဆက်စပ်ပြီး ဓားလုပ်တဲ့အဆင့်အလိုက် အသီးသီး လုပ်ကိုင်ကြတာပါ။
ဓားပြုလုပ်ပုံ
ဓားတစ်ချောင်းပြုလုပ်တော့မယ်ဆို ပထမဆုံးအဆင့်မှာ အနေတော်သံကို ဓားလောင်းလို့ခေါ်တဲ့ ဓားပုံစံအကြမ်း ဖြစ်လာစေဖို့ မီးနဲ့ဖုတ်ပြီး တူတွေနဲ့ နာနာထုပေးရပါတယ်။ နှစ်ဖက် အထူအပါးညီတဲ့ သံကို တစ်ဖက်ထူ တစ်ဖက်ပါးသွားအောင် ထုတဲ့ အဆင့်ဖြစ်ပါတယ်။ ဓားလောင်းပုံစံက တူထုရာတွေနဲ့ အဖုအထစ်တွေ ရှိနေသေးပြီး ဓားပုံစံလု့ိသာ ပြောနိုင်တဲ့အဆင့်ပါ။
နောက်တစ်ဆင့်မှာတော့ ဓားဖျင်းတဲ့အဆင့်လို့ခေါ်တဲ့ ပုံကြမ်းကို ပုံချောအောင်၊ သံမာအောင် ထပ်ပြီး မီးဖုတ်ထုရတဲ့ အဆင့်ဖြစ်ပါတယ်။ ဓားလောင်းကနေ ဓားကို ပုံဝင်အောင် ပုံဖမ်းရတဲ့ အဆင့်လို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။ သူလုပ်လက်စ ပုံစံတွေကိုလည်း သူက ထုတ်ပြပါတယ်။ ဓားလောင်းအဆင့်ထက် ဓားပုံစံ ပိုပေါက်လာတဲ့အဆင့်ပါ။
တတိယအဆင့်ကတော့ သံကို ပိုပြီးမာကျောအောင် ပိုချောလာစေဖို့ သံစီရတဲ့ အဆင့်ပဲဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ မီးမလိုပါဘူး။ သံကို အစိမ်းသက်သက် တူတွေနဲ့ ထုရတာပဲ ဖြစ်ပါတယ်။
Photo – Thet Oo Mon ဓားသွားပေါ်ကနုတ်ပန်းရိုက်နေစဉ်
”အိုးကို နာနာထုသလို သံကိုကောင်းအောင် တူနဲ့နာနာထုရတာ ချောနေအောင် အဲဒါမှသံကောင်းတာ”လို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။
သံစီပြီးရင်တော့ ဓားမျက်နှာပြင်နှစ်ဖက်နဲ့ အသွားတွေကို ကော်ပတ်အကြမ်းတပ်ထားတဲ့ ကျောက်စက်နဲ့ ချောရပါတယ်။ အဲဒီအဆင့်မှာပဲ ဓားကို ကိုယ်လိုချင်တဲ့ ပုံစံအသေးစိတ်တွေ ပြုလုပ်ပါတယ်။ အကော့အညွတ်၊ အလေးချိန်၊ ဓားမျက်နှာပြင်ပေါ်မှာ မျော့ချောင်းခေါ် သွေးစီးချောင်းဖောက်တာတွေ ပြုလုပ်ပါတယ်။ ပြီးတော့ ဓားသွားမှာ ကနုတ်ပန်းတွေလည်း ထည့်ပါတယ်။ ကနုတ်ပန်းထည့်တဲ့နေရာမှာ နှစ်မျိုးရှိပြီး တစ်မျိုးက ဓားမျက်နှာပြင်ပေါ်မှာ ကြက်ခြေခတ်ပုံစံ ခပ်စိပ်စိပ် အရာပေးပြီး ထိုအပေါ်မှာ လိုချင်တဲ့ ကနုတ်ပုံစံအလိုက် ကြေးနန်းကြိုးမျှင်လေးတွေကို တူနဲ့တေသွင်း (ရိုက်ကပ်ခြင်း) ပြုလုပ်ပါတယ်။ နောက်ထပ် တစ်မျိုးကတော့ ဓားသွားပေါ်မှာ ဆူးနဲ့ ကနုတ်တွေ ထွင်းတာပါ။
”ထွင်းတာ တော်တော်အနုစိတ်တယ်၊ လက်ဝင်တယ်၊ တစ်ရက်လုံးကုန်တယ်” လို့ ဦးကျော်ညွန့်က ဆိုပါတယ်။
နောက်တစ်ဆင့်ကတော့ ဓား(လက်ကိုင်မပါ)အပြီးသတ် နောက်ဆုံးအဆင့်ဖြစ်တဲ့ မီးဆေးခြင်းပါ။ ကိုယ်လိုချင်တဲ့ ဓားပုံစံရပြီ ဆိုရင် ဓားကို မီးနဲ့ ရဲနေအောင်ဖုတ်ပြီး ရေထဲကို ရှဲခနဲမြည်အောင် မီးခိုးတွေ ထောင်းထောင်းထအောင် ရေစိမ်ရတဲ့ အဆင့်ဖြစ်ပါတယ်။ အရေးကြီးတဲ့ အဆင့်ဖြစ်ပြီး မီးမဆေးတတ်ရင် သံက ကော့ထွက်သွားတာတွေ၊ ပုံပျက်သွားတာတွေ ဖြစ်တတ်ပါတယ်။
မီးအယူအဆလည်း သူ့အချိန်နဲ့ အမှန်းအဆနဲ့ အသွင်းအထုတ်လုပ်ပြီး ဆေးရပါတယ်။ ဒီမီးဆေးခြင်းက အတွေ့အကြုံရင့်ကျက်တဲ့ ဝါရင့်ပန်းပဲဆရာတွေသာ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ မီးဆေးပြီးရင်တော့ သံကို ပုံပြန်သွင်းလို့ မရတော့ဘဲ သွင်းရင်လည်း သံပျက်၊ ဓားပျက်ပါတယ်။ မီးဆေးပြီးရင်တော့ ဓားသွားကို ကော်ပတ်အချောနဲ့ အရောင်တင်ပြီးရင် ဓားသွားပြုလုပ်ခြင်း ပြီးဆုံးပါတယ်။
ပြီးရင်တော့ ဓားအိမ်ပြုလုပ်တာ လက်ကိုင်တပ်တာတွေ ပြုလုပ်ပါတယ်။ ဓားအိမ်မှာလည်း မှာတဲ့လူ ဆန္ဒအရ သစ်သားခံပြီး အပေါ်က ကြေးတွေ ပတ်ကာ ကနုတ်ပန်းထည့်တာတွေ၊ ဇာတ်တော်တွေ၊ ရုပ်လုံးဖောင်းကြွ ဖော်တာတွေလည်း လုပ်ရပါတယ်။ လက်ကိုင်လည်း ဒီအတိုင်းပါပဲ။
Photo – Thet Oo Mon ငှက်ကြီးတောင်ဓား
အားလုံးပြီးတဲ့အခါမှာတော့ လှပပြီးအကြမ်းခံတဲ့ ဓားတစ်ချောင်းရပါပြီ။ အချိန်ကတော့ ဓားပေါ်မူတည်ပြီး အသွားနဲ့လက်ကိုင်တပ်တာတွေ ဓားအိမ်တွေလုပ်အပြီး တစ်ချောင်းကို နှစ်ရက်လောက်ကနေ ဆယ်ရက်လောက်အထိ ကြာတတ်တယ်လို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။
ဓားကောင်း
ဦးကျော်ညွန့်က သူ့ဓားတွေကို အာမခံနဲ့လည်း ရောင်းပါတယ်။ သူလုပ်တဲ့ဓားနဲ့ လေးလက်မ အိမ်ရိုက်သံ ပြတ်အောင် ခုတ်နိုင်ပါတယ်။ တပ်မတော်မှာ အသုံးပြုမယ့် ဓားတွေကိုလည်း သူက စာချုပ်နဲ့ အာမခံပြီး ရောင်းရတာပါ။
တပ်မတော်အတွက် သူလုပ်ပေးရတဲ့ ဓားတွေကတော့ အစုံပါပဲ။ စစ်ရေးပြဓား၊ အကယ်ဒမီဆုပေးဓား (ငွေဓား)၊ ရှေ့တန်းမှာ သုံးတဲ့ ခြောက်လက်မ၊ ရှစ်လက်မ စစ်သုံးဓားမြှောင်တွေ၊ တောရှင်းဓား စသဖြင့် တစ်နှစ်ကို အလက်တစ်ရာခန့် အသစ် ပြုလုပ်ပေးရပြီး သုံးရာခန့်က တစ်နှစ်ပတ်လုံးစစ်ရေးပြလေ့ကျင့်တာကြောင့် ဓားရိုးကျွတ်တာနဲ့ ဓားအိမ်တွေ ပျက်တာကြောင့် ပြင်ရတယ်လို့ ဦးကျော်ညွန့်က ဆိုပါတယ်။
တပ်မတော်နဲ့ စတင်အလုပ်လုပ်တဲ့ နှစ်က ၁၉၈၁ လောက်ဖြစ်မယ်လို့ ဦးကျော်ညွန့်က ခန့်မှန်းပြောပြပါတယ်။ အဲဒီအချိန်က တပ်မတော် အင်အားချဲ့တဲ့အခါ လိုအပ်တဲ့ ဓားတွေကို နိုင်ငံခြားက မှာရင် ဈေးနှုန်းမြင့်တာကြောင့် သူတို့ဆီကို ဓားလုပ်ခိုင်းဖို့ တပ်မတော်က တာဝန်ရှိသူတွေ ရောက်လာခဲ့ပြီး ဓားပုံစံတွေလည်း ယူလာခဲ့ကာ ဦးကျော်ညွန့်တို့ကို ပုံစံတူ စမ်းသပ်လုပ်ခိုင်းခဲ့ပါတယ်။ လေးငါးခါ စမ်းသပ်လုပ်ကိုင်ပြီးတဲ့အချိန်မှာ အဆင်ပြေသွားတာကြောင့် ယနေ့အချိန်ထိ ပြုလုပ်ပေးနေရတာဖြစ်တယ်လို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။
အဲဒီအချိန်ကဆို တီဗီမှာ စစ်ရေးပြ အခမ်းအနားတွေလာရင် သူငယ်ချင်းတွေနဲ့တောင် နောက်ပြောင်နေကျ စကားတစ်ခွန်း ရှိပါသေးတယ်။
အဲဒါကတော့ ”ဗိုလ်ချုပ်မှူးကြီးက နောက်ကပါကွာ၊ ငါ့ဓားက ရှေ့က” လို့ စစ်ရေးပြ အခမ်းအနားတွေမှာ ရှေ့ ဦးက ဓားကိုင်ပြီး ထွက်ရတဲ့သူတွေကို ရည်ညွှန်းပြီး သူတို့နောက်ပြောင်ခဲ့ပုံကို ပြန်ပြောပြရင်း ရယ်နေပါတော့တယ်။
ဓားကောင်းကို မည်သို့ သတ်မှတ်နိုင်ပါသလဲလို့ ဦးကျော်ညွန့်ကို မေးကြည့်ပါတယ်။ သူက ဓားရဲ့အလေးချိန်က အတိအကျ မရှိသော်လည်း ဓားအလယ်ကို လက်ဖဝါးပေါ်တင်ပါက အသွားက ထောင်နေပြီး ဓားအရှေ့နဲ့အနောက်က ဘယ်ဘက်ကိုမှမညွှတ်ဘဲ ငြိမ်နေသည့်ဓားမျိုးမှ ဓားကောင်းစာရင်းဝင်တယ်လို့ ရှင်းပြပါတယ်။ ဒါ့အပြင် သံကောင်းမှု၊ သပ်ရပ်မှုနဲ့ ထက်မြက်မှုတွေလည်း လိုပါတယ်။
Photo – Thet Oo Mon ဦးကျော်ညွှန့် ပြုလုပ်ထားသည့် ဓားများ
မြန်မာ့သမိုင်းမှာလည်း ငှက်ကြီးတောင်ဓားက နာမည်ကြီးပါတယ်။ ဓားပုံစံမှာ ငှက်အတောင်လို အရင်းမှ အဖျားဘက်သို့ ကော့တက်နေတာကြောင့် ငှက်ကြီးတောင်လို့ ခေါ်ဆိုတာဖြစ်ပြီး ဓားအရှည်မှာ ၂၄ လက်မခန့်၊ အရိုး ၉ လက်မခန့် ရှိပါတယ်။
မြန်မာ့သမိုင်းတစ်လျှောက်မှာလည်း ပန်းပဲလုပ်ငန်းက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပြီး ဘုရင်များ စစ်သူကြီးများနဲ့ စစ်သားတွေ ကိုင်ဆောင်ရတဲ့ ဓားလှံလက်နက်တွေကို ပြုလုပ်ပေးရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပန်းပဲပညာဟာ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးဖြစ်တဲ့ ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းတဉ်းဆိုတဲ့ အထဲက ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။
ပန်းပဲနဲ့ပတ်သက်ပြီး အထင်အရှားရှိတဲ့ ရာဇဝင်တစ်ခုကတော့ တကောင်းခေတ်က ပန်းပဲမောင်တင့်တယ်ဆိုတဲ့ ပန်းပဲလုပ်ငန်းလုပ်ကိုင်တဲ့ သူတစ်ဦးပါ။ သူက ခွန်အားကြီးမားတဲ့အခါ ဘုရင်က သူ့ထီးနန်းကို လုမှာ ကြောက်ရွံ့တဲ့အတွက် ကွပ်မျက်လိုက်ပြီး ယနေ့ခေတ် အိမ်တွေမှာ အုန်းသီးတင်ဆက်ရတဲ့ မင်းမဟာဂီရိနတ် (အိမ်တွင်းနတ်) ဖြစ်လာတယ်လို့ ကျမ်းတွေမှာ ဆိုထားကြပါတယ်။
ယခင် ဦးကျော်ညွန့်တို့ အဘိုးတွေလက်ထက်တုန်းက ပန်းပဲမောင်တင့်တယ်နတ်ကို ပူဇော်တာ၊ ပသတာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲဒီအလေ့အထတွေက ပျောက်ကုန်ပါပြီ။ သူကိုယ်တိုင်လည်း အိမ်တွင်းနတ်မထားပါဘူး။ သူ့အယူအဆကတော့ ဘုရားမှတစ်ပါး အခြားမကိုးကွယ်ချင်ဘဲ နတ်တွေကိုတော့ မရိုမသေမလုပ်ဘူးလို့ ဆိုပါတယ်။
ဓားလုပ်နေရရင် ပျော်နေတတ်သူ
ယခင်ခေတ်တွေတုန်းကတော့ ဓားရှည်တွေဟာ အိမ်တွေ၊ ရပ်ကွက်တွေနဲ့ တိုင်းပြည်ကာကွယ်ရေးအထိ အဓိက အသုံးပြုခဲ့ကြပေမယ့် ဒီကနေ့မှာတော့ လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့လူတိုင်း ဓားကိုင်ဆောင်လို့မရအောင် ဥပဒေနဲ့ တားမြစ်ထားတဲ့အတွက် အိမ်တွေမှာ အလှချိတ်ဆွဲရုံသာ ရှိပါတော့တယ်။
ဦးကျော်ညွန့်ကတော့ ဓားတွေပြုလုပ်နေတာဟာ လက်နက်အနေနဲ့ မဟုတ်ဘဲ ရိုးရာ ပန်းပဲပညာကို ထိန်းသိမ်းပြီး လူတွေအတွက် မရှိမဖြစ် လူ့အသုံးအဆောင်ပစ္စည်းတွေ လုပ်နေတယ်လို့သာ သဘောထားပါတယ်။ ဓားနဲ့ ခိုက်ရန်ဖြစ်တာတွေ၊ ဓားထိုးမှုတွေဟာ သူ့ဒေါသအလျောက်သာ ဖြစ်နေကြပြီး အသုံးပြုသူအပေါ်သာ မူတည်တယ်လို့ ဆိုပါတယ်။
တစ်လောကလည်း ဓားဆိုင်တွေမှာ လူတစ်ဦးက ဓားရှည်တွေ အလက်ရာကျော် လာရောက်ဝယ်ယူခဲ့တာကြောင့် ပဋိပက္ခဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကဓားရှည်တွေ ဆိုင်ပေါ်မှာ ခင်းကျင်းရောင်းချခွင့် လက်ရှိမှာ တားမြစ်ထားပါတယ်။ ဒါ့အပြင် ဓား ၁ဝ လက်နဲ့အထက် လာရောက် ဝယ်ယူခဲ့ရင်လည်း သတင်းပို့ဖို့ မှာကြားထားတယ်လို့ ဦးကျော်ညွန့်က ရှင်းပြပါတယ်။
Photo – Thet Oo Mon ကားလမ်းဘေးက ဓားအရောင်းဆိုင်တစ်ဆိုင်
ဦးကျော်ညွန့်ကတော့ ငယ်စဉ်ကတည်းက လုပ်လာတဲ့ ဒီပန်းပဲပညာကိုပဲ ဆက်လက်လုပ်ကိုင်ဖို့ပဲ စဉ်းစားထားပါတယ်။ အသက် ၇ဝ ကျော်ပြီဖြစ်ပေမယ့် ဒီပန်းပဲပညာနဲ့ ဓားတွေ လုပ်နေရတာကို စိတ်ပါဝင်စားစွာနဲ့ တက်ကြွနေတုန်းပါပဲ ။
သူ့မှာ သားသမီးလေးဦးရှိပြီး အားလုံးက အိမ်ထောင်ကျနေကြပါပြီ။ ကားလမ်းဘေးမှာလည်း သူ့သားသမီးတွေက တောင်သူသုံးပစ္စည်းနဲ့ ဓားဆိုင်တွေ ဖွင့်ထားကြပါတယ်။ သူ့အိမ်ထောင်ဖက်ကတော့ ဆုံးပါးခဲ့တာ ဆယ်နှစ်ကျော်ရှိပါပြီ။ အိမ်ထောင်ရေးကတော့ ကံမကောင်းအကြောင်းမလှတဲ့အတွက် အိမ်ထောင်သုံးဆက်အထိ ထူထောင်ခဲ့ရတယ်လို့ ဦးကျော်ညွှန့်က ဆိုပါတယ်။
ပထမဆုံး အိမ်ထောင်ကတော့ ကွယ်လွန်သွားပြီး နောက်ထပ်နှစ်ဆက်ကတော့ ပြတ်စဲသွားပါပြီ။ လက်တလောမှာလည်း သူက တစ်ယောက်တည်းနေရတာ ညည်းငွေ့တဲ့အတွက် နောက်ထပ် အိမ်ထောင်ပြုဖို့ စဉ်းစားနေပြီလို့ အရွှန်းဖောက်ရင်း တဟားဟား ရယ်ပါတယ်။
ကျန်းမာရေး ဆိုးရွားတာမရှိပေမယ့် မျက်စိအနည်း ငယ်မှုန်လာပြီဖြစ်တဲ့သူက အရင်လို အင်တိုက် အားတိုက် ဓားတွေကိုထုရိုက်လုပ်ဖို့ အဆင်မပြေတော့ပေမယ့် စွမ်းသလောက် နိုင်သလောက်ကို နားနားပြီး လုပ်နေတုန်းပါပဲ။ ဓားအသစ်အဆန်းတွေလည်း ထွင်ဖို့ ကြိုးစားနေတုန်းပါပဲ။
သူက ဓားတွေလုပ်နေရရင် ပျော်နေတတ်ပြီး ”ဓားကတော့ သေသည်အထိ လုပ်မှာပဲ”လို့ ဆိုပါတယ်။
၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။