သံတွဲက ရေသူရဲ

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Profile ဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

                      ပုဂံရာဇဝင်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဆိုသည့် သူရဲ ကောင်းလေးဦး ထင်ရှားခဲ့သည်။ ကျန်စစ်သား သည် ပုဂံပြည့်ရှင်မင်းဖြစ်ခဲ့သလို ငထွေရူးသည် တစ်မနက်တည်းနှင့် ထန်းအပင်တစ်ထောင်ကို တက်နိုင်သည်။ ငလုံးလက်ဖယ်သည် နွားအရှဉ်း ၃၀ နှင့်အတူ ထွန်ရေးမှန်အောင် လယ်ထွန်နိုင် သည်။ ညောင်ဦးဖီးက ဧရာဝတီမြစ်၏ ညောင်ဦး ကမ်းပါးမှ တစ်ဖက်ကမ်းသို့ ရေကူးသွားနိုင်ပြီး တစ်ဖက်သို့ရောက်လျှင် မြေကြီးပေါ်သို့ ခြေ ထောက် မထောက်ဘဲ ညောင်ဦးကမ်းပါးသို့ ပြန်၍ကူးနိုင်သည်။ ပြီးလျှင် ညောင်ဦးကမ်းပေါ်သို့ မနားတမ်း အပြေးတက်နိုင်သည်အထိ အရည် အချင်းများရှိသည်။ ယင်းသို့သော အရည်အချင်း များ ကိုယ်စီရှိခြင်းကြောင့်လည်း ၎င်းင်းတို့အား ထိုစဉ်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် အနော် ရထာမင်းက သူရဲကောင်းများအဖြစ် မြှောက်စား ခဲ့သည်ဟု ပုဂံရာဇဝင်တွင် မှတ်သားခဲ့ဖူးသည်။

                      သံတွဲမြို့နယ်၊ ရွှေကျောင်းပြင် ကျေးရွာအုပ်စု၊ ခြံပြင် ကျေးရွာမှ ဦးစိုးသိန်းသည် ပုဂံခေတ်တွင် မွေးဖွားခဲ့မည်ဆိုပါက သူရဲကောင်းအဖြစ် မြှောက်စားခံရလေမလားဟု မေးရမလိုပင်။ အကြောင်းက သူသည်ရေကို ကြာကြာငုပ်နိုင်သည့်အတွက် ကြောင့်ပင် ဖြစ်သည်။ သူနှင့် ရင်းနှီးသူများ၊ သူရေငုပ်တာကို မြင်ဖူးသူများကတော့ သူရေငုပ်သည့်အခါ ၁၅ မိနစ်၊ နာရီဝက်မျှ ကြာသည်ဟုပင် ဆိုကြသည်။

                      သို့သော် ဦးစိုးသိန်းကိုယ်တိုင်က တကယ်တမ်းသူရေငုပ်နိုင် သည့်ကြာချိန်မှာ သုံးမိနစ်ဝန်းကျင်ခန့်သာရှိသည်ဟု ဆိုသည်။ ထိုမျှကြာသော ရေငုပ်သည့်အချိန်ကို အပေါ်မှစောင့်ကြည့်သူများ က အချိန်ကြာသည်ဟုထင်ကာ ၁၅ မိနစ်၊ နာရီဝက်မျှ ကြာသည် ဟုဆိုကြခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

                     သို့တိုင် သူရေငုပ်သလို ငုပ်နိုင်သည့်သူကို တခြားနေရာများ တွင် ရှိ၊ မရှိ မသိသော်လည်း သူနေထိုင်သည့် သံတွဲခရိုင်အတွင်း မှာတော့ ယနေ့အထိ မတွေ့ ဖူးသေးဘူးဟု ဦးစိုးသိန်းကဆိုသည်။ အလားတူ သူ့အကြောင်းသိသူများကလည်း သူ့လိုရေငုပ်နိုင် သည့်သူကို ယနေ့အထိ မကြားဖူးသေးဘူးဟုဆိုကြသည်။

                      အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် ဦးစိုးသိန်း၏ ပုံသဏ္ဌာန်က ၀၀ဖိုင့်ဖိုင့်၊ တုတ်တုတ်ခိုင်ခိုင်ဖြစ်သည်။  မျက်နှာတွင် အရေး အကြောင်းများ ထင်နေပြီဖြစ်သော်လည်း သူ့မျက်လုံးများက ဖျတ်ဖျတ်လတ်လတ်ပင်။ သူ့ဆံပင်များက ပါးလွှာကာ နီ ကြင့်ကြင့် အရောင်ရှိ၏။  စကားပြောနေရင်း ဆေးလိပ်ကို ပါး စောင်တွင်ကိုက်ထားသည်။ စကားကို ဖြည်းဖြည်းအေးအေးဖြင့် လေးလေးနက်နက်ပြောသည်။

                       ဦးစိုးသိန်းသည် သံတွဲမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ကျောက်ကြီးကျေးရွာ ဇာတိဖြစ်သည်။ သူနှင့် တစ်နယ်တည်းသား ဖြစ်သလို ဘော်လီဘောကစားဖော် ကစားဖက်တစ်ဦးလည်းဖြစ် သူ ဦးလှရွှေက သူသိသော ဦးစိုးသိန်းကို ယခုလို ပုံဖော်ပြသည်။

                       ““သူ သံတွဲကိုလာရင် ဆူးနဲ့ မျက်မှန်ပဲပါတာ။ အဲဒါ တည်း ခိုခန်းမှာ တည်းတယ်၊ ညနေ ထမင်းစားမယ်ဆိုမှ ချောင်းထဲဆင်း ငါးထိုးပြီး ထမင်းနဲ့လဲစားတာ။ တည်းခိုခန်းခလည်း ဒီလိုပဲ ပေး တာပဲ””ဟု ဆိုသည်။

                          သံတွဲချောင်းတစ်လျှောက် ဦးစိုးသိန်းနှင့်အတူ ရေငုပ်ဖော်၊ ငုပ်ဖက်တစ်ဦးဖြစ်သလို အတူစားဖော်သောက်ဖက်တစ်ဦးလည်း ဖြစ်သည့် ဦးမောင်မောင်ဦးက ““စိုးသိန်းနဲ့သွားရင် ဘာလဲမပူနဲ့ (ဘာမှ ပူစရာမလိုဘူး)။ စားဖို့လည်း မပူရဘူး။ သောက်ဖို့လည်း မပူရဘူး။ ဆူးတစ်ချောင်းပါရင်ရပြီ””ဟု ဆိုသည်။

                            ဦးစိုးသိန်းသည် ရေအောက် သဘောသဘာဝတွေကို    ကောင်းကောင်းသိသူတစ်ယောက်ဖြစ်သလို သာမန်ထက်လည်း အချိန်ကြာကြာရေငုပ်နိုင်သူတစ်ဦးဖြစ်သည်ဟု ဦးမောင်မောင်ဦး က အတည်ပြုသည်။

                          ““သူက အသက်ကြာကြာအောင့်နိုင်တယ်။ ပြီးတော့ အသက်ကို ခိုးရှူတတ်တယ်။ ရေအောက်မှာ လိုအပ်ရင် ရေကိုမျို ချတာတွေကိုလည်း လုပ်တတ်တယ်””ဟု ဦးစိုးသိန်း၏ ရေငုပ် ကြာရခြင်းအကြောင်းကို အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးမောင်မောင်ဦးကဆိုသည်။

 

ရေသူရဲ စိုးသိန်း

                         ဦးစိုးသိန်းသည် ရှစ်နှစ်သားအရွယ်လောက်ကတည်းက ရေကူးတတ်နေပြီဟုဆိုသည်။ ယင်းသို့ရေကူးမတတ်ခင် တစ် ကြိမ် ရေနစ်ခဲ့ဖူးသေးသည်။ ကျောက်ကြီးကျေးရွာရှိ ဘုန်းကြီး ကျောင်းတွင် ကျောင်းတက်နေစဉ် နေ့လယ် ထမင်းစားကျောင်း ဆင်းသည့်အခါ ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ ကမြစ် ချောင်းတွင် အတန်းဖော်များနှင့်အတူ ရေဆင်းချိုးရာက ရေနစ်ခဲ့ ခြင်းဖြစ်သည်။

                         ““သူများတွေက ရေကူးနေတာ ကိုယ်က တိမ်တိမ်လေး ထင်ပြီး ခုန်ချလိုက်တာ မြုပ်သွားတယ်။ သူငယ်ချင်းတွေက ဝိုင်း ဆယ်တယ်””ဟု ဦးစိုးသိန်းက ပြောပြသည်။

                          ထိုအချိန်က ရေနစ်သွားခဲ့သော်လည်း စိတ်ထဲတွင် မည်သို့ မျှ မခံစားရသလို ကြောက်စိတ်လည်း မရှိခဲ့ဘူးဟု သူကဆိုသည်။

                         သူရေနစ်ပြီးနောက်တစ်ရက်တွင် အဘိုးဖြစ်သူက သူ့ကို ကမြစ်ချောင်းအထက်ဘက် သပြေကုန်းသောင်သို့ခေါ်သွားကာ ရေကူးသင်ပေးလေသည်။ အဘိုးက သူ့ကို ငှက်ပျောတုံးတစ်တုံး ပေးသည်။ အဆိုပါ ငှက်ပျောတုံးကို လက်တစ်ဖက်က ကိုင်ကာ ကျန်လက်တစ်ဖက်က ကူးခတ်ခြင်းဖြင့် စတင်ရေကူးသင်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။ သူသည် သုံးရက်အတွင်း ခွေးကူးကူးခြင်း၊ လက်ပစ်ကူးခြင်းနှင့် ပက်လက်လှန်ကူးခြင်းစသည့် ရေကူးနည်း သုံးမျိုးကို တတ်သွားခဲ့သည်။

                         ရေကူးတတ်ပြီး နောက်တစ်လလောက်မှာတော့ ရေငုပ် ခြင်းကို စတင်ခဲ့တော့သည်။ ကျောက်ကြီးကျေးရွာ ကမြစ်ချောင်း အတွင်းက ဘုရားတောင်အိုင်တွင် လူကြီးများနှင့်အတူ ပုစွန် ငုပ်ခဲ့ခြင်းဖြစ်သည်။ ပထမတွင် ကမ်းနားရှိ ကျောက်ခဲများတွင် စတင်ငုပ်ခဲ့သည်။ လက်မအရွယ်ခန့်ရှိ ပုစွန်များရခဲ့သည်။ သို့ သော် ရေနက်ပိုင်းတွင် ငုပ်သော လူကြီးများက ပုစွန်အကောင် ကြီးများကို ရကြလေသည်။

                       ထို့ကြောင့် ဦးစိုးသိန်းက ““ကိုယ်လည်းလိုချင်တော့ (ရေ အနက်ထဲ)ဆင်းငုပ်တာပေါ့။ နောက်ဆိုရင် ကိုယ့်ကို ဘယ်သူလဲ မမီ။ သုံး၊ လေးပိဿာရအောင် နှိုက်တယ်””ဟု လူကြီးများထံမှ အတုယူပြီး တဖြည်းဖြည်း ရေငုပ်သမားဖြစ်လာသည့် အကြောင်း ကို ရှင်းပြသည်။

                         တစ်ခါတစ်ရံတစ်ယောက်တည်းလည်း သွားငုပ်တတ် သည်။ ထိုအချိန်ကတည်းကပင် သူသည် သာမန်ထက်ပိုပြီး ရေ ငုပ်နိုင်နေပြီဟုဆိုသည်။

                       သူ ၁၂ နှစ်သားအရွယ်က ချောင်းထဲရှိ ရေမြုပ်နေသော သစ်တုံးကြီးအောက်တွင် ပုစွန်ဝင်ငုပ်လေသည်။ သစ်တုံးကြီးမှာ တစ်ဖက်က မြေကြီးထဲမြုပ်နေပြီး တစ်ဖက်က ရေပေါ်သို့ပေါ်နေရာ တစောင်းအနေအထားဖြစ်နေသည်။ ယင်းသစ်တုံးအောက်သို့ ဝင်ခိုနေသည့် ပုစွန်များကို မောင်စိုးသိန်းက ရေငုပ်ကာ ဝင်ဖမ်းသည်။

                        သူသည် ပုစွန်တွေကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းကာ ခါးပိုက်ထဲထည့်သည်။ ခန္ဓာကိုယ်က ရေပေါ်သို့ ပြန်ပေါ်သွားမှာ စိုး သည့်အတွက်လည်း သစ်တုံးကြီးကို သူ့ကျောနှင့် ပိုးထားရသေး ၏။ ထိုသို့ပုစွန်ဖမ်းနေစဉ် သူနှင့်မလှမ်းမကမ်းတွင် လှေတစ်စီးဖြင့် ကွန်ပစ်နေသည့် တစ်ရွာတည်းနေ ကိုတလုတ်ဆိုသူက သူရေငုပ် သွားတာကို မြင်လိုက်သည်။ သို့သော် ရေပေါ်သို့ ပြန်မပေါ်လာ သေးသည့်အတွက် မောင်စိုးသိန်း ငုပ်သွားသည့်အနားသို့ လာ ကာ သူ့ခြေထောက်ကို ကိုင်ပြီး သစ်တုံးအောက်မှ ဆွဲထုတ်ခဲ့ သည်ဟု ဦးစိုးသိန်းက ဆိုသည်။

                      ““တုံးကြားမှာ ညပ်ပြီးသေနေပြီထင်လို့ လာပြီးဆွဲထုတ် တာ။ အဲဒီလိုအထုတ်ခံခဲ့ရသေးတယ်။ ငုပ်တာကြာလို့ပေါ့””ဟု အသက် ၁၂ နှစ်အရွယ်က ကြုံတွေ့ခဲ့ရသည့် အမှတ်တရကို သူက ပြောပြသည်။

                    ထိုအချိန်က မောင်စိုးသိန်းတွင် ရေငုပ်မျက်မှန် မရှိသေး။ ရေထဲတွင် ပုစွန်ကို ဝါးတားတားသာမြင်ရသည်။ ဆူးနှင့်ပစ်သည့် အခါ ရှပ်ထိတာမျိုးလည်း ဖြစ်တတ်သည်။ ထို့ကြောင့် ကျောင်း စာအုပ်တွင်ပါသည့် ပုလဲငုပ်သမားပုံက ရေငုပ်မျက်မှန်ကို လိုချင် ခဲ့မိသည်။

                      သူ့အသက် ၁၈ နှစ်အရောက်မှာတော့ သူလိုချင်သည့် ရေ ငုပ်မျက်မှန်တစ်လက်ရခဲ့လေသည်။ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာ၊ ဇလပ်ထုံကျွန်းတွင် ငါးဖမ်းပိုက်လှေနောက်လိုက်နေ သည့် အချိန်ဖြစ်သည်။ လှေပိုင်ရှင်က သူ့အတွက် အဆိုပါ မျက် မှန်ကို ဝယ်လာပေးသည်။ မျက်မှန်ဖိုးဘယ်လောက်ပေးရမလဲဟု မေးသည့်အခါ သူ့ကို ယောက်သွားငုပ်ပေးဖို့ တောင်းဆိုသည်။

                      ထို့ကြောင့် ““ယောက်သွားဟာ ဆာလာအိတ်နဲ့ နှစ်လုံး လောက် ငုပ်ပေးလိုက်ရတယ်””ဟု သူက ဆိုသည်။

                     သူ၏ ရေငုပ်မျက်မှန်မှာ ဘဲဥပုံသဏ္ဌာန်မျက်မှန်ဝိုင်းကြီး ဖြစ်သည်။ မျက်လုံးနှင့် နှာခေါင်းတို့ကို ဖုံးအုပ်ထားနိုင်သဖြင့် နှာခေါင်းထဲသို့ ရေမဝင်။ မြင်ကွင်းလည်းကျယ်သဖြင့် ရေအောက် တွင် ရှင်းရှင်းလင်းလင်းမြင်ရသည်။

                   မျက်မှန်ရပြီးသည့်နောက်မှာတော့ ကျောက်ကြီးကျေးရွာ တစ်ဝိုက်တွင် သူ့လောက် ငါး၊ ပုစွန်ရသူ မရှိတော့။ တခြားသူများ ထက် ထူးထူးခြားခြား ပိုပြီးရတတ်လာသည်ဟု ဦးစိုးသိန်းက ဆိုသည်။ သူရေငုပ်သည့်အခါ သူရောင်းလိုသည့် ပုစွန်အရွယ် အစားကိုသာ ရွေးငုပ်ပြီး အကောင်အသေးများကို လွှတ်ပေးသည်။

                   ထိုသို့ ငါး၊ ပုစွန်များရတတ်သဖြင့် ကျောက်ကြီးကျေးရွာ တွင် သူ့ကို မည်သို့သဘောထားကြသနည်း၊ မည်သို့ခေါ်ကြ သနည်းဟု မေးကြည့်သည့်အခါ သူက ““ရွာထဲမှာကတော့ အဲဒီ လောက်အထိ မပြောကြဘူး။ ဒီကောင်လေး ရတတ်တယ်။ ရ တယ်။ ဒီလောက်ပဲ။ စလူကျွန်းရွာကိုရောက်တဲ့အခါကျတော့ ရေသူရဲလို့ခေါ်ကြတယ်””ဟု ဆိုသည်။

                    စလူကျွန်းရွာဆိုသည်မှာ ကမြစ်ချောင်းအထက်ဘက် ကျောက်ကြီးကျေးရွာမှ မိုင်ဝက်ခန့်အကွာအဝေးရှိသည့် ကျေး ရွာတစ်ခုဖြစ်ပြီး မောင်စိုးသိန်း မကြာခဏ ငါး၊ ပုစွန်သွားငုပ် သည့်ရွာဖြစ်သည်။   မျက်မှန်ရပြီးသွားငုပ်သည့်အခါ ငါး၊ ပုစွန်များ အရများသဖြင့် သူနေထိုင်သည့်အိမ်မှ အိမ်ရှင်အဘိုး၊ အဘွားက ““ရေသူရဲ””ဟု စခေါ်ရာက တစ်ရွာလုံးခေါ်ကြခြင်းဖြစ်သည်ဟု သူက ပြောသည်။

 

ဖခင် မကြိုက်သည့်အလုပ်

                           မောင်စိုးသိန်း ရေငုပ်ခြင်းနှင့်ပတ်သက်၍ အမေဖြစ်သူက ဘာမှမပြောသည့်တိုင် အဖေက မကြိုက်။ ရေမငုပ်ဖို့ တားမြစ် သည်။ တစ်ခါတစ်ရံ ရိုက်နှက်ကာ ဆုံးမသည်။ သူ၏အဖေမှာ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသူ တစ်ဦးလည်း ဖြစ်သည်။ သူများအသက် သတ်တာကို မကြိုက် သလို သူကိုယ်တိုင်လည်း မသတ်၊ ထန်းရည်၊ အရက် အသောက် အစားလည်း မရှိဟု ဦးစိုးသိန်းက ဆိုသည်။

                          အဖေဖြစ်သူက မောင်စိုးသိန်းကို ကျောင်းဆရာလုပ်စေ ချင်သည်။ သို့သော် သူက ဝါသနာမပါ။ သူသည် ဘုန်းကြီး ကျောင်းတွင် စာတော်သည့်ကျောင်းသားတစ်ဦးဖြစ်ပြီး သင်္ချာ ဘာသာရပ်တွင် ထူးချွန်သည်ဟု သူကဆိုသည်။ ရှစ်တန်း အောင် ပြီးသည့်အခါ ကျောက်ကြီးကျေးရွာနှင့် မိုင် ၂၀ ကွာဝေးသည့် သံတွဲမြို့သို့သွားကာ အထက်တန်းကျောင်းကို ဆက်တက်ရမည် ဖြစ်သည်။ သို့သော် မိသားစုစီးပွားရေးအခြေအနေမကောင်း သဖြင့် ကျောင်းဆက်မတက်ဖြစ်တော့ပေ။

                           ကျောင်းတက်နေသည့်ကာလတစ်လျှောက် သူကိုယ်တိုင် ကလည်း မည်သည့်အလုပ်ကို လုပ်မည်ဆိုသည့် ရည်ရွယ်ချက် မရှိခဲ့ဟုဆိုသည်။ သူ့အဖေ၏ လုပ်ငန်းဖြစ်သော တိုင်းရင်းဆေး ပညာကိုလည်း စိတ်မဝင်စား။

                         ““ပတ်ဝန်းကျင်က တံငါ၊ မုဆိုးဆိုတဲ့အခါ ငါးရှာဖို့၊ လေးခွနဲ့ ငှက်ပစ်ဖို့ အဲဒီဘက်ကိုပဲ ဝါသနာကပ်နေတာ””ဟု သူက ဆိုသည်။

Photo-Kyaw Zayar Htunပင်လယ်ရေအောက်တွင် ဘောင်းကောက်နေသည့်ဦးစိုးသိန်း

                        သို့ဖြင့် ကျောင်းထွက်လိုက်သည့်အခါ မိဘ၏ လယ်ယာ လုပ်ငန်းကို ဝိုင်းကူပေးသလိုတစ်ဖက်တွင် သူဝါသနာပါသည့်  ရေ ငုပ်ကာ ငါး၊ ပုစွန်ဖမ်းသည့် တံငါအလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။

 

ချောင်းမှသည် ပင်လယ်ဆီ

                         ကျောင်းထွက်လိုက်သည့် နောက်ပိုင်းမှာတော့ မောင်စိုး သိန်းသည် ဆင်ခေါင်း၊ဂြိတ္တော၊ ကျီးကန်းရဲ၊ မော်ရှည်စသည့် ရေလုပ်ငန်းလုပ်ကိုင်သည့် ပင်လယ်ကမ်းနားကျေရွာများတွင် လှည့်လည်ကာ အလုပ်လုပ်ခဲ့သည်။ ပင်လယ်ထွက်သည့် ငါးဖမ်း ကျော့ပိုက်လှေတွင် လုပ်ခဲ့ခြင်းဖြစ်သည်။

                            ငါးဖမ်းလှေက ငါးဖမ်းရင်း ပိုက်ငြိသည့်အခါမျိုးတွင် သူ သည် ရေထဲသို့ငုပ်ကာ ပိုက်ဖြုတ်ပေးရသည်။ ထို့ကြောင့် သူ အတွက် မည်သည့်ငါးဖမ်းလှေမဆို အချိန်မရွေး အလုပ်လုပ်၍ ရသည်။ သို့သော် နောက်ပိုင်းတွင် ငါးဖမ်းပိုက်လှေ၌ အလုပ်လုပ် ရာတွင် အားလပ်သည့်အချိန် မကြာခဏအပြင်ထွက်ကာ ငါး ငုပ်ခြင်းကြောင့် လှေပိုင်ရှင်က လစာဖြတ်သဖြင့် ငါးဖမ်းပိုက်လှေ များတွင် အလုပ်မလုပ်ဖြစ်တော့ဟု သူကဆိုသည်။

                            ယင်းနောက်ပိုင်းတွင် သံတွဲမြို့နယ်အတွင်းက ချောင်း များတွင် ငါး၊ ပုစွန်များ ငုပ်ခဲ့သည်။ ပုစွန်ဈေး မကောင်းသည့်အခါ ပင်လယ်သို့ထွက်ကာ ဘောင်း(စေတီခရုဟုလည်းခေါ်သည့် ပင်လယ်ခရုကြီးတစ်မျိုး)နှင့် ခရုကမာကောင်များကို ငုပ်သည်။ တစ်ခါတစ်ရံ မိတ်ဆွေများနှင့် စုပေါင်းကာ သုံးပတ်၊ လေးပတ် ကြာ ပင်လယ်ထွက်ကာ ငါးရှာကြသည်။

 

အစိုးရဝန်ထမ်းမလုပ်လိုသူ

                        တစ်ခါက မွေးမြူရေးဦးစီးဌာနက ဦးစိုးသိန်းကို ဝန်ထမ်း အဖြစ်လုပ်ပေးရန် ကမ်းလှမ်းသည်။ အကြောင်းက ကမာမွေးမြူ ရေးလုပ်ငန်းက ပျောက်ဆုံးခဲ့သည့် ကျောက်ဆူးကြီးကို ပြန်လည် ဆယ်ယူပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ကမြစ်ချောင်း အတွင်း၌ မွေးမြူရေးဦးစီးဌာနက ကမာမွေးမြူလုပ်ငန်းများ လုပ်နေကြရာ ချောင်းရေကြီးသည့်အခါ လုပ်ငန်းအားလုံး ပျက် စီးသွားခဲ့သည်။ ဤသို့ဖြင့် ယင်းလုပ်ငန်းအတွက် အသုံးပြုသည့် ကျောက်ဆူးကြီးတွေလည်း ပျောက်ဆုံးသွားခဲ့သည်။

                         အဆိုပါ ကျောက်ဆူးကြီးကို အစိုးရဌာနမှ ရေငုပ်သမား များက အောက်ဆီဂျင်ဘူးများဖြင့် လာရောက်ကာ ရေငုပ်ရှာကြ သေးသည်။ သို့သော် မတွေ့ ခဲ့ကြ။ တစ်ရက်တွင် ဦးစိုးသိန်းသည် ထိုနေရာ၌ပင် ငါးငုပ်လေသည်။ ရေအနက် ပေ ၃၀ အထိ ငုပ်ဆင်း သွားသည့်အခါ ကြိုးတစ်ပင်ကို တွေ့လေသည်။ အဆိုပါကြိုးတစ် လျှောက်လိုက်ကြည့်လိုက်သည်။

                        ““ကြိုးက အရှည်ကြီး။ ကြိုးဆုံးတော့ ကျောက်ဆူးတစ်ခု တွေ့တယ်””ဟု သူကဆိုသည်။

                        ထိုအခါ ကျောက်ဆူးကြီးကို ရောင်းပစ်ဖို့ စိတ်ကူးမိသည်။ သို့သော် ယင်းပတ်ဝန်းကျင်အနား မေးကြည့်သည့်အခါ ကမာ မွေးမြူရေးလုပ်ငန်းမှ ကျန်ခဲ့သည့်ကျောက်ဆူးဖြစ်ကြောင်း သိရ သဖြင့် ကျေးရွာပြည်သူ့ကောင်စီဥက္ကဋ္ဌထံ အပ်လိုက်သည်။ ၎င်းင်း ကလည်း လက်မခံရဲသဖြင့် ရဲစခန်းသို့ သွားအပ်သည်။ ရဲစခန်းမှ တစ်ဆင့် ပုလဲနှင့်ငါး မွေးမြူရေးဌာနသို့ ဖုန်းဆက်လိုက်သည့်အခါ ရခိုင်ပြည်နယ်မွေးမြူရေးဦးစီးဌာနမှ ဗိုလ်မှူးတစ်ယောက် ဌာန ကားဖြင့် ရောက်လာသည်။ သူနှင့်အတူ ရဲစခန်းမှူးနှင့် ကောင်စီ ဥက္ကဋ္ဌလည်း လိုက်ပါလာခဲ့သည်။

                        ဗိုလ်မှူးဖြစ်သူက နောက်ထပ်ကျောက်ဆူးများရှိသေး ကြောင်း ပြောသဖြင့် ထပ်မံရေငုပ်ရှာကြည့်သည့်အခါ ကြိုးတစ် ပင်နှင့် ကျောက်ဆူးတစ်ခု ထပ်တွေ့ ခဲ့လေသည်။

                         ““ဗိုလ်မှူးက အလုပ်ခန့်မယ်ပြောတယ်။ ကျွမ်းကျင်အဆင့် နဲ့ တိုက်ရိုက်ခန့်ဖို့။ လစာ တစ်ထောင်””ဟု အစိုးရဝန်ထမ်း ဖြစ်ဖို့ အကြောင်းဖန်ခဲ့သည့်အဖြစ်ကို သူကပြောပြသည်။

                         သို့သော် ပုလဲကျွန်းတွင် ပုလဲခိုးမှုများဖြစ်နေသည့်အတွက် ယင်းပြဿနာထဲတွင် ကိုယ်ပါသွားမည်ကို စိုးရိမ်မှုဖြစ်ခြင်းနှင့် မိဘများနှင် ခွဲနေရမည့်အရေးကို တွေးပြီး ကမ်းလှမ်းသည့် အလုပ်ကို ငြင်းဆန်ခဲ့သည်ဟု သူက ဆိုသည်။ ဗိုလ်မှူးသည် နောက်ငါးရက်ကြာသည့်အခါ ထပ်မံရောက်ရှိလာပြီး အလုပ်လုပ် ဖို့ကို ဒုတိယအကြိမ် ထပ်မေးသည်။ မလုပ်လိုကြောင်းသာ ပြော သည့်အခါ ရေငုပ်မျက်မှန်တစ်ခု လက်ဆောင်ပေးခဲ့သည်ဟု ဦးစိုး သိန်းက ဆိုသည်။

                          ထိုစဉ်က ကျပ်တစ်ထောင်သည် ရွှေတစ်မတ်သားနှင့် ညီမျှ သဖြင့် ယခုခေတ်နှင့်နှိုင်းယှဉ်ပါက တစ်လလျှင် ကျပ်နှစ်သိန်းခွဲ လစာဖြစ်သည်ဟု သူက ထွက်ချက်ပြသည်။  

                           ဗိုလ်မှူးက လက်ဆောင်ပေးခဲ့သည့် ရေငုပ်မျက်မှန် ဟောင်းသွားသည့်အခါတွင် ဦးစိုးသိန်းသည်ဂြိတ္တောရှိ ပုလဲမွေး မြူရေးရုံးတွင် အသစ်တစ်ခုနှင့် သွားလဲလေ့ရှိသည်ဟု ဦးမောင် မောင်ဦးက ဆိုသည်။

 

ပင်လယ်အမှတ်တရများ

                            ဦးစိုးသိန်း ရေငုပ်ခဲ့သည့်ကာလတစ်လျှောက် အမှတ်တရ အဖြစ်ဆုံး အဖြစ်အပျက်ကို မေးကြည့်သည့်အခါ နံ့သာကျွန်းတွင် ကျွဲမတမ်းအရွယ်ရှိသည့် ငါးတောက်တူငါးကြီးကို ရခဲ့သည့် အကြောင်းကို ဦးစွာပြောပြလေသည်။ ထိုစဉ်က သူအပါအဝင် လုပ်ဖော်ကိုင်ဖက်ငါးယောက် ကျော့ပိုက်စက်လှေကြီးတစ်စီး၊ နောက်တွဲလှေငယ်တစ်စီးကိုငှားကာ ပင်လယ်ထွက်ခဲ့သည့် အချိန်ဖြစ်သည်။

                               အဆိုပါ ငါးရှာသည့်ခရီးစဉ်က တစ်လမျှအချိန်ကြာခဲ့သည်။ သူတို့သည် မော်ရုံမှ နံ့သာကျွန်းသို့ ဦးစွာထွက်ခဲ့ကြသည်။ အဆိုပါကျွန်းတွင် နတ်မော်ချိုင်၊ ကျောက်ကြီးချိုင်၊ သမန်ချိုင်၊ ဖော့နှစ်ပင်ချုပ်ချိုင် စသဖြင့် ကျွန်းပတ်လည်တွင် ချိုင်များရှိလေ သည်။ ချိုင်၏အပြင်ဘက် မလှမ်းမကမ်းတွင် ကျောက်ကျွန်းများ၊ ရေမြုပ်ကျွန်းများ ရှိလေသည်။ ထိုစဉ်က ကျွန်းတွင် လယ်ယာ ကိုင်းများလုပ်ကိုင်သည့် ဦးထွားဖေဆိုသည့် လူတစ်ဦးတည်းသာ နေသည်ဟု ဦးစိုးသိန်းက ဆိုသည်။

                          သူတို့အရင်ဆုံးငုပ်သည့်ချိုင်မှာ ဖော့နှစ်ပင်ချုပ်ချိုင် ဖြစ် သည်။ အဆိုပါချိုင်တွင်လည်း ကမ်းခြေမှဆင်းလာသည့် ကျောက် ကြောတစ်ခုရှိသည်။ ကျောက်ကြောအဆုံးတွင် ကျောက်ကွက်၊ သဲကွက်ခံပြီး ကျောက်ကျွန်းတစ်ခုဖြစ်နေသည်။ ယင်းကျောက် ကျွန်း၏ ခပ်လှမ်းလှမ်းတွင် ကျောက်ကျွန်းတစ်ခု ထပ်၍ရှိသည်။  

                          ထိုနေရာသည် ရေအနက် ၇၅ ပေခန့်နက်ပြီး ရေစီးလည်း ရှိသည်။ ရေပြင်မှ အောက်သို့ တစ်ဝက်ခန့် ငုပ်ပြီးမှ ပင်လယ်ကြမ်း ပြင်က ဘောင်းကောင်များကို မြင်ရသည်။ ထို့ကြောင့် လူတိုင်း မငုပ်နိုင်။ ဦးစိုးသိန်းသည် ထိုနေရာတွင် ငုပ်ကြည့်သည့်အခါ ဘောင်းကောင် ၁၅ လုံးခန့်ရလေသည်။ သို့သော် ရေစီးရှိသဖြင့် ပင်ပန်းသောကြောင့် ပြန်ဖို့လုပ်လိုက်သည်။ ထို့ကြောင့် စက်လှေ ကြီးနောက်တွင် လိုက်သည့် တွဲလှေလေးလာသည့်အခါ ဘောင်း များကို လှေထဲသို့ထည့်ပေးသည်။

                             သူလှေပေါ်မတက်ခင် ငါးတစ်ကောင်၏ အမြီးဖျားကို ကျောက်တုံးကြီးအကွယ်တွင် မြင်လိုက်ရသည်။ ထို့ကြောင့် လှေ ပေါ်မတက်သေးဘဲ ငါးတစ်ကောင်ကို ဆူးနဲ့ထိုးဖို့ ပြင်လိုက်၏။ လှေပေါ်မှ သူက ““အကြီးလား၊ ဘယ်လောက်ရှိဖို့လဲ””ဟု မေး သဖြင့် ““(ပိဿာချိန်) အစိတ်၊ သုံးဆယ်လောက်ရှိဖို့””ဟု ပြန် ဖြေလိုက်သည်။ ထိုအခါ သူ့ကို မှိန်းတွင် ကြိုးချည်သွားဖို့ သတိ ပေးသည်။

                        ထို့ကြောင့် လက်သန်းလုံးအရွယ် လှေကျောက်ကြိုးကို မှိန်းတံ၏ သံဆူးတွင် တစ်ချက်၊ မှိန်းတံတွင်တစ်ချက်၊ မှိန်းတံ၏ အနောက်ဘက် သားရေတွင်တစ်ချက် ချည်ထားလိုက်သည်။ ပြီး လျှင် လက်ထဲတွင် ကြိုးကိုခွေကာ ရေထဲသို့ ငုပ်ဆင်းသွားခဲ့သည်။

                        ငါးကြီး၏ အမြီးဖျားက ကျောက်ဆောင်အောက်ဘက်တွင် မြင်နေရသည်။ ဦးခေါင်းကို ထိုးမည်ဆိုသည့်အတွက် ကျောက် ဆောင်တစ်ဖက်သို့ ပတ်၍ ကူးသွားလိုက်သည်။

                         ““ငါးက အပေါ်ဘက်ကို ထောင်ပြီးတက်လာတယ်။ ငါးက အကောင်ကြီးမှန်းသိတဲ့အခါ ခပ်သွက်သွက်လေး ထိုးလိုက်ရ တော့ ကိုယ်ထိုးချင်တဲ့နေရာကို မထိဘူး။ လက်တစ်အုပ်လောက် လွဲသွားတယ်။ တစ်ပေခွဲရှည်တဲ့ ဆူးဟာ ငါးရဲ့အလယ်ကျောရိုးကို ထောက်ရုံပဲထောက်တယ်””

                         ဦးစိုးသိန်းထိုးစိုက်လိုက်သည့် မှိန်း၏ သံဆူးက ငါး၏    အသားထဲသို့တစ်ဆုံးမြုပ်ဝင်သွားသော်လည်း တစ်ဖက်သို့ ဖောက်ထွက်မသွားဘဲ ကျောရိုးကို ထိရုံကလေးသာ ဖြစ်သွား သည်ဟု သူကဆိုသည်။  

                        ““ပစ်လိုက်တဲ့အချိန်မှာ “ဒိန်း” ဆို မြေကြီးပါတုန်ပြီး လှေ ပါဆွဲယူသွားတာ။ ချက်ချင်းထွက်ပြေးတာ””ဟု ငါးကြီး အမြီး ခပ်ပြေးသဖြင့် မြေကြီးပါတုန်သည့် အဖြစ်ကို ဦးစိုးသိန်းက ပြော ပြသည်။

                        ဦးစိုးသိန်း ရေပေါ်သို့ ပြန်ပေါ်လာသည့်အခါ လှေကို ငါးကြီးက ဆွဲပြေးနေပြီဖြစ်သည်။ လှေပေါ်မှ လူက ““စပိဘုတ် ဘယ်သူစီးမလဲဟေ့””ဟု လှေတက်မကို ကိုင်ထားရင်း လှမ်း နောက်သည်။ ငါးက ရေအနက်ပိုင်းသို့ ဆွဲပြေးသဖြင့် လှေဦးက မြုပ်မြုပ်သွားရာ လှေပေါ်မှ လူသည် ကြောက်လာလေသည်။ သို့သော် ငါးသည် ရေအနက်ပိုင်းရောက်သည့် အခါ ခဏရပ်နေပြီး ကျွန်းဘက်သို့ပြန်ပြေးလာသည်။

                       ဦးစိုးသိန်းသည် သူ့လက်ထဲတွင် မှိန်းမရှိတော့သဖြင့် လှေ ကြီးကို လှမ်းခေါ်ကာ မှိန်းတစ်ချောင်းထပ်တောင်းပြီး ငါးကြီးကို လိုက်ပစ်လေသည်။

                         ““မြင့်ခိုင် တစ်ချောင်းပစ်တယ်။ ငကျယ် တစ်ချောင်းပစ် တယ်။ ဦးလေးက သုံးချောင်းပစ်တယ်။ ကြိုးချည်ပြီးပစ်ရတယ်။ ငကျယ်က ကြိုးမချည်ဘဲ ကပျာကယာပစ်တဲ့အတွက် ငါးကို ကြီး မှန်း၊ ငယ်မှန်း မသိဘူး။ ငါးကိုဖော်တဲ့အခါမှ လန့်ပြီး လှေပေါ်ချိတ် တက်တယ်””ဟု ဦးစိုးသိန်းက ပြောပြသည်။

                           ငါးကြီးသည် ရေပေါ်သို့ပေါ်လာသည့်အခါ ဆူးများတန်း လန်းနှင့်ဖြစ်သည်။ သို့သော် မသေသေး။ ထို့ကြောင့် လှေကြီးမှ ဓာတ်ခဲလုံးအရွယ်ခန့်ရှိသည့် ကျောက်ကြိုးကို ဝါးလုံးတွင် သား ရေကြိုးများနှင့် ချည်လိုက်သည်။ ပြီးလျှင် အသက်ရှူသည့်အခါ   “ဟ ဟ”လာသည့် ငါး၏ပါးဟပ်ကြားထဲသို့ ဝါးလုံးကိုထိုးထည့် လိုက်သည်။ ထိုအခါ ငါးကြီးသည် ဝါးလုံးကို ကိုက်ထားသည်။ သို့ဖြင့် လှေတက်မဖြင့် ကလန့်ကာ ကျောက်ကြိုးကို ဆွဲယူကြ သည်။ ပြီးခါမှ ငါးကို ရေပေါ် ပေါ်အောင်ဆွဲမပြီး စက်လှေဦးမှာ ကြိုးကိုချည်လိုက်သည်။

                              ပြီးလျှင် စက်လှေကို ကျွန်းတစ်ပတ် အမြန်မောင်းပစ် လိုက်သည်။ ““စက်လှေမောင်းလိုက်တော့ ဦးကြွပြီး သူ့ပါးစပ်က ပေါ်သွားတယ်။ ပါးစပ်ထဲလေဝင်ပြီး သေရော။ ပြီးတော့ အဲဒီ ကျွန်းကို ရောက်နေတဲ့ ငါးဖမ်းသမားတွေကို ခေါ်ပြီး လူအားနဲ့ လှေပေါ်ဝိုင်းတင်ရတယ်””

                             ငါးကြီး၏ အလေးချိန်မည်မျှ ရှိမည်ကို မပြောတတ်သော် လည်း ငါး၏ထိပ်နှင့် အမြီးမှာ ၁၅ ပေခန့်ရှိပြီး သူကိုယ်တိုင် ငါး ကြီးအပေါ် တက်ခွကြည့်သည့်အခါ ““တစ်ဖက်က ခြေဖျား ထောက်ထားရင် တစ်ဖက်က (ကြမ်းပြင်ကို) မမီဘူး”” ဟု ဆို သည်။ ငါးခေါင်းကို လူနှစ်ယောက် မ,သည့်အခါ ခါးကြောတင်း အောင် မ,ရသည်ဟု ဦးစိုးသိန်းက ဆိုသည်။  

                            ငါးကိုဗိုက်ခွဲသည့်အခါ ငါးအူထဲမှ ကိုးလက်မခန့်ရှည်သည့် ငါးလိပ်ကျောက်ဆူးတစ်ချောင်းရသည်ဟုဆိုသည်။ ငါးကို ဓား ဖြင့် ခုတ်မရသဖြင့် ရဲဒင်းဖြင့်ခုတ်ရလေသည်။ ထိုအခါမှ အရေ ပြားကို ဓားဖြင့် ထိုးနွှာရသည်။ အသားတုံးများကို တုံးပြီး ဆား နယ်ကာ အခြောက်လှန်းထားလိုက်သည်။

                            ဦးစိုးသိန်းက ငါးကြီးကို နည်းမျိုးစုံဖြင့် စားသောက်ခဲ့ပုံကို ယခုလို ပြန်ပြောပြသည်။

                           ““သူ့အစာအိမ်ကြီးကို ပြုတ်ပြီး သုပ်စားတယ်။ ဦးလေး တို့မှာ အရက်လည်းပါတာကိုး။ အရက်နဲ့မြည်း၊ ထမင်းနဲ့စား၊ အခြောက်လှန်း။ အခြောက်လှန်းတာကို ပြန်ပြုတ်လိုက်ရင် ပြန်ပွ လာတယ်””

                         ““သူ့နံရိုးတွေက ဆေးလိပ်လုံးလောက်ရှိဖို့။ အဲဒီနံရိုးမှာ ကပ်နေတဲ့အသားကို အခြောက်လှန်းပြီး ကင်တဲ့အခါ ကြည့်လိုက် ရင် ကြက်ပေါင်လိုကိုဖြစ်နေတာ။ ရဲနေတာ။ စားလို့လည်း အရသာက ကောင်းတယ်””

                          သူတို့သည် နံ့သာကျွန်းတွင် နောက်တစ်ရက် ဘောင်းငုပ် ပြီးသည့်နောက် ထပ်မံခရီးဆက်ခဲ့ကြသည်။ နံ့သာကျွန်းမှတစ် ဆင့် မောင်းဒေါက်၊ ကျိန္တလီ၊ ကူးတို့လေးဝ၊ ဘဲကျွန်း၊ ဆပ်သွား၊ ဂွကျွန်း စသဖြင့် ပင်လယ်ကမ်းခြေတစ်လျှောက် ငါးဖမ်းထွက်ခဲ့ ခြင်းဖြစ်သည်။ စက်လှေတွင် လှန်းထားသည့် ငါးခြောက်သည် သူတို့အတွက် ရိက်္ခာပင်ဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် ဆန်များ လိုအပ်ပါက ကုန်းပေါ်တက်ကာ ငါးခြောက်နှင့်လဲကြသည်။  

 

ရေအောက်က အန္တရာယ်

                           အထက်ပါ ခရီးစဉ်မှာပင် ဦးစိုးသိန်းသည် သူ့ဘဝအတွက် အမှတ်တရဖြစ်စေမည့် အဖြစ်အပျက် ထပ်မံကြုံတွေ့ရပြန်သည်။ ဦးစိုးသိန်း ရေထဲငုပ်သည့်အခါ အထူးသတိထားရသည့် ရေ သတ္တဝါက ငါးမန်းနှင့် ရေမျောက်ခေါ် ရေဘဝဲပင်ဖြစ်သည်။ ရေ ဘဝဲကို ဆူးနှင့်ထိုးပြီးပါက ဝေးရာကို ထွက်ပြေးရသည်။ ထိုသို့ မဟုတ်ပါက သူ၏လက်တံများ ရစ်ပတ်ခြင်းကို ခံရမည် ဖြစ်သည်။ မည်သို့ပင် အကောင်ငယ်သော်လည်း လူတစ်ယောက်၏မျက်နှာ ကို သူ၏ စုပ်ခွက်များဖြင့် ဖုံးအုပ်မိပါက အသက်ရှူပေါက်ပိတ်ပြီး သေနိုင်သည်ဟု သူကဆိုသည်။

                           ရေဘဝဲကို ဆူးနှင့်ထိုးမည်ဆိုပါက အပေါ်တည့်တည့်မှ ထိုးရသည်။ ထိုသို့မဟုတ်ဘဲ ၎င်းင်း၏ဘေးမှ ထိုးမည်ဆိုပါက ရေ ဘဝဲသည် လူကို ပိုက်ကွန်နှင့်ပစ်သလို လျင်မြန်စွာ ပြေးကပ်နိုင် သည်ဟု ဦးစိုးသိန်းက ရှင်းပြသည်။

                            နောက်တစ်ကြိမ် သူမှတ်မှတ်ရရ ရင်ဆိုင်တွေ့ကြုံခဲ့ရသည့် ရေသတ္တဝါက ရေဘဝဲဖြစ်သည်။ သူတို့ငါးယောက် နံ့သာကျွန်းမှ ခရီးဆက်ခဲ့ရာက ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက ကုလား ချောင်းကျေးရွာအနီးသို့ ရောက်လာခဲ့သည်။ ယင်းနေရာတွင် ရေ အနက်က ပေ ၃၀ ခန့်ရှိသည်။ အချိန်က မွန်းလွဲ နှစ်နာရီခန့်ဖြစ် သည်။ ဦးစိုးသိန်းတို့သည် ဘောင်းငုပ်နေကြခြင်း ဖြစ်၏။

                              ဘောင်းတွေကို ရေငုပ်မျက်မှန်ဖြင့် ရေပေါ်မှရှာဖွေနေရင်း စေတီပုံသဏ္ဌာန်ဘောင်းနှစ်လုံး ပက်လက်လန်နေသည်ကို ဦးစိုး သိန်း မြင်လိုက်သည်။ ရေငုပ်ပြီး ဆင်းကောက်ဖို့ ပြင်ဆင်လိုက်စဉ် ခေါင်းထဲသို့ အသိတစ်ခုဝင်လာသည်။  

                          ““ဘောင်းကောင် ပက်လက်လန်နေပြီဆိုရင် ဇွတ်ကောက် လို့ မရဘူး။ ရေမျောက်မဟုတ်ရင် ငါးဖရုံစုပ်တာပဲ””ဟု သူက ဆိုသည်။

                          ထို့ကြောင့် သူသည် ထိုနေရာတစ်ဝိုက်ကို သေချာကြည့် သည်။ ဘာမှ မတွေ့။ ရေအနက် ၁၅ ပေလောက်အထိ ဆင်းငုပ်ကာ ပတ်ကြည့်သည်။ ကျောက်တုံးတစ်တုံး၏ ခပ်စောင်းစောင်းလေး ဘက်သို့ ရောက်သွားသည့်အခါ လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရ သည်။ ထို့ကြောင့် သူသည် အပေါ်သို့ အမြန်တက်လာခဲ့လိုက်သည်။ ပြီးလျှင် အပေါ်ဘက်မှ သေချာစေ့စေ့စပ်စပ်ထပ်ကြည့်သည်။

                          ရေဘဝဲကိုယ်ပေါ်ရှိ အစက်ကလေးများသည် တဖျပ်ဖျပ် ပြေးနေသည်။ ထိုအခါမှ ရေဘဝဲ၏ နီပြာရောင်မျက်လုံးကို သေ ချာမြင်လိုက်ရလေသည်။ ရေဘဝဲမှာ အပုံလိုက်ကြီးဖြစ်၏။ ထို အခါ ဦးစိုးသိန်းသည် ရေဘဝဲ၏ အပေါ်တည့်တည့်တွင် နေရာ ပြန်ယူလိုက်ပြီး ရေအောက်သို့ ငုပ်သွားလေသည်။ ပြီးလျှင် ရေ ဘဝဲ၏ မျက်လုံးနှစ်လုံးကြားသို့ ဆူးချွန်ကို ထိုးစိုက်လိုက်လေ၏။

                          ““ဒေါက်ခနဲ ထိုးပြီးတာနဲ့ ဦးလေးက အပေါ်ကို ဖားခြေ ထောက်နဲ့ အားနဲ့တက်ပြေးရတယ်။ (ရေပြင်)ပေ ၅၀ လောက်ဟာ အကုန်မဲသွားတယ်”” ဟု ဆူးနှင့်ထိုးမိသည့်အခါ ရေဘဝဲသည် သူ့ခန္ဓာကိုယ်တွင်ရှိသည့် မည်းအိုးမှ အမည်းရောင်တွေကို ထုတ် လွှတ်သည့်မြင်ကွင်းကို ပြောပြသည်။

                           ရေကစီးနေသဖြင့် ခဏကြာသည့်အခါ ရေက ပြန်ကြည် သွားသည်။ ဆူးကိုပတ်ထားသည့် ရေဘဝဲ၏ နှာမောင်းများသည် ရေပေါ်သို့ ဝှေ့ယမ်းကာ တက်လာသည်။ လှေကိုလှမ်းခေါ်ပြီး ဆူး တစ်ချောင်းထပ်တောင်းကာ ထပ်ထိုးလိုက်သည်။ ပြီးလျှင် ထွက် ပြေးသည်။ ခဏကြာတော့ ရေဘဝဲ၏ နှာမောင်းများ ရေထဲသို့ ကျသွားသည်။

                        ““သေသွားတဲ့အခါမှာ အကောင်ကြီးက မြေကြီးအောက် မှာ အပုံလိုက်ကြီးဖြစ်နေတာ””ဟု သူက ဆိုသည်။

                        မှိန်းဆူးတံများကို သားရေကြိုးမှဆွဲပြီး လှေ၏ ပေါင်းတိုင် တွင် ချိတ်လိုက်သည်။ လှေပေါ်မှ လူတစ်ယောက်ကလည်း ငရုတ် သီးထောင်းကာ ရေပုံးထဲတွင် အရည်ဖျော်ပေးထားရသည်။ ရေဘဝဲအပေါ်သို့ရောက်ပြီး သူ၏ခြေလက်တွေ မယမ်းခင်မှာပဲ ပါးဟပ်ထဲသို့ ငရုတ်ရည်များပက်ထည့်လိုက်ရသည်။

                       ““ပြောင်းတိ ပြောင်းပြန်တွေဖြစ်ပြီး ခဏနေ သေသွား ရော။ အန္တရာယ်တအားများတယ်””ဟု ရေဘဝဲဖမ်းရသည့်အပေါ် သူက မှတ်ချက်ပြုသည်။

                         ဦးစိုးသိန်းတို့ရသည့် ရေဘဝဲအရွယ်မှာ ဆန်ကောတစ်ချပ် အရွယ်ဖြစ်ပြီး လက်ချောင်းများမှာ တစ်ဖက်လျှင် ၁၃ ပေခန့် အရှည်ရှိသည်ဟု ဆိုသည်။ အကောင်ကြီးသဖြင့် သူတို့က မစား ဝံ့ကြပေ။ ထို့ကြောင့် ကမ်းစပ်သို့ရောက်သည့်အခါ တချို့က ဟင်းစားပေးဖို့ တောင်းကြသဖြင့် လက်ချောင်းများကို ဖြတ်ကာ ဝေပေးလိုက်ကြသည်။

                     သို့ဖြင့် သူတို့ငါးယောက်အတွက် ခေါင်းလုံးကြီးနှင့် လက် တစ်ပိုင်းသာကျန်သည်။ ခေါင်းလုံးကြီးထဲကရသည့် ဥများကို တော့ ပြုတ်ပြီး စားသောက်လိုက်ကြသည်။ လက်ချောင်းအသား များကို စားလို့မရ။

                         ““တစ်ရည်၊ နှစ်ရည်ပြုတ်တဲ့အခါ မနူးဘူး။ သုံးရည်ပြုတ်လို့ နူးတဲ့အခါ အသားက အရသာမရှိဘူး။ နွားထမ်းပိုးကျောကို ဝါးရ သလိုကိုဖြစ်သွားတာ”” ဟု ဦးမောင်မောင်ဦးက ရှင်းပြသည်။

 

သေလူ စိုးသိန်း

                            ပင်လယ်ရေအနက် ပေ ၃၀၊ ၄၀ တွင် ရေငုပ်ကာ ရေသတ္တဝါ မျိုးစုံနှင့် ကြုံတွေ့ဖူးသော ဦးစိုးသိန်းအနေဖြင့် ကြောက်စိတ်ရှိ မရှိ မေးကြည့်မိသည်။

                            ““ပင်လယ်မှာ စငုပ်တုန်းက နည်းနည်းကြောက်တယ်။ ကြောက်တယ်ဆိုတာ ငါးကြီးများလာကိုက်ဖို့လား၊ နောက် ပြန် တွေးကြည့်တယ်။ ငါးကြီးကိုက်ဖို့လာရင်ရော ဘယ်ပြေးဖို့လဲလို့ ကိုယ်က တွေးလိုက်တယ်။ ကိုယ်က ရေထဲမှာကိုး။ အဲဒီအခါ ဘာ ထပ်တွေးလဲဆိုတော့ ငါးကြီးလာလို့ကိုက်ရင် ငါသေမှာပဲ။ သေဖို့ လူက ကြောက်စရာပဲ မလို။ အဲတော့ ဆင်းသွားကတည်းက ကိုယ့်ကိုယ်ကိုယ် သေလူလို့ သဘောထားလိုက်တယ်”” ဟု ရေ ငုပ်သည့်အခါ သူနှလုံးသွင်းထားသည့် သူ့ခံယူချက်ကို ရှင်းပြသည်။

                         ထို့ကြောင့် သူသည် မည်သည့်အရာပဲ လုပ်လုပ် ရဲရဲ ရင့်ရင့်နှင့် ဉာဏ်ကိုသုံးကာ ရင်ဆိုင်သည်။ သို့မှသာ ကိုယ်လိုချင် သည့် အရာကို ရမည်ဟုဆိုကာ ယခုလိုဆက်ပြောသည်။

                         ““သတိကတော့ မလွတ်ဘူး။ ရေထဲမှာ သတိလွတ်လို့က တော့ သေပြီ””

                        ပင်လယ်ထဲတွင် ရေငုပ်သည့်အခါ ကိုယ်လိုချင်သည့်အရာတစ်ခုတည်းကိုသာ အာရုံစိုက်၍ မရ။ ပတ်ဝန်းကျင်ကို လေ့လာ ရသည်။ သို့မဟုတ်ပါက ငါးဖရုံလည်း ကိုက်နိုင်သလို၊ ရေမျောက် လည်း ပတ်နိုင်သည်ဟုဆိုသည်။

                         ထို့အပြင် ချောင်းတွင် ရေငုပ်သည့်အခါဖြစ်စေ၊ ပင်လယ် တွင် ငုပ်သည့်အခါဖြစ်စေ သက်ဆိုင်ရာနတ်များကို ပူဇော်ပသ ခြင်း၊ ရှိခိုး အရိုအသေပေးခြင်းများ လုပ်ဖြစ်သလားဟု မေးကြည့် သည့်အခါ သူက ““ဦးလေးအဖေက ပြောတယ်။ ဗုဒ္ဓဘာသာမှာ နတ်ကိုးကွယ်တာ မရှိတဲ့။ ရတနာသုံးပါးက လွဲပြီး ကိုးကွယ်ရာ မရှိတဲ့။ နတ်ကိုမကိုးကွယ်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ နတ် ဆိုတာ လူတွေစွန့်ပစ်ပေးကမ်းမှ စားရတာတဲ့။ နို့မို့ရင် မစားရ ဘူးတဲ့။ ဒါတွေက နတ်စိမ်းတွေ၊ လူလောက်မမြတ်ဘူးတဲ့။ ရှိခိုး စရာလည်း မလိုဘူးတဲ့””ဟု ဆိုသည်။

                        ထို့ကြောင့် ချောင်းထဲ၊ ပင်လယ်ထဲဆင်းသည့်အခါ ရှိခိုး အရိုအသေးပေးခြင်းမျိုးမလုပ်။ သို့သော် ပတ်ဝန်းကျင်ကိုပဲ လေ့ လာသည်ဟုဆိုသည်။ ယခုရာသီက ရေခူ၊ ရေတန်းရှိသည့် ရာသီ ဟုတ်မဟုတ်၊ ရေအတိမ်၊ အနက်၊ အောက်ဘက်တွင် ကျောက် ဆောင်နှင့် လူနှင့်အကွာအဝေး၊ ပြီးလျှင် ကျောက်ဆောင်များတွင် ငါးဖရုံ၊ ရေမျောက် ရှိ မရှိ၊ ငါးကြီးလာနိုင်၊ မလာနိုင် စသည့် အချက်များကိုသာ ဂရုစိုက်သည်ဟုဆိုသည်။  

                       ““ပင်လယ်မှာ အဓိကကြောက်စရာကောင်းတာ ငါးမန်းပဲ။ ငါးကြီးတွေကလည်း ကျောက်ဆောင်မှာကပ်ပြီး သားကောင်ကို ချောင်းနေတာ။ ကိုယ်က နမော်နမဲ့နဲ့ဆိုရင် အကိုက်ခံရမှာပဲ””ဟု ဦးစိုးသိန်းက သေချာရှင်းပြသည်။

                       ထို့သို့ သတိထားသည့်ကြားကပင် ဦးစိုးသိန်းသည် တစ်ခါတွင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသေးသည်။ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ၊ ဇလပ်ထုံကျွန်းတွင် ကြုံတွေ့ခဲ့ရခြင်း ဖြစ် သည်။ သူသည် ရေပေါ် ပေါ်နေသည့် ကျောက်ဆောင်ကြီး တစ်ခု အနားတွင် ဘောင်းငုပ်နေသည့်အချိန်ဖြစ်သည်။ ကျောက်ဆောင် ကြီး၏ ခြေရင်းတွင် ရေအနက်က ၁၈ ပေခန့် နက်သည်။ ကျောက် ဆောင်ကြီးတွင် အဖြူရောင် ဂျင်းကွက်များက အပြည့်ဖြစ်သည်။  

                            ထိုကျောက်ဆောင်ကြီးအောက်တွင် ဘောင်းတစ်လုံးကို သူမြင်လိုက်သည်။ ထို့ကြောင့် လှိုင်းအခြေအနေကို ကြည့်ကာ ရေအောက်သို့ ငုပ်သွားလိုက်သည်။ ပင်လယ်လှိုင်း၏သဘောက သုံးလုံးလာပြီးပါက နောက်တစ်လုံးသည် လှိုင်းချိုးဖြစ်သည်ဟု ဆိုသည်။

                          ဦးစိုးသိန်းသည် သူတွေ့လိုက်သည့် ဘောင်းတစ်လုံးကို ကောက်လိုက်သည်။ ရေပေါ်သို့ တည့်တည့်ပြန်ထွက်လျှင် လှိုင်း နှင့်ပါပြီး ကျောက်ခဲပေါ်တင်မည်စိုး၍ ဘေးဘက်သို့ ပြန်ထွက် သည့်အခါ ဘောင်း လေး၊ ငါးလုံးခန့်တွေ့သည်။ သူသည် ထို ဘောင်းများကို အကုန်လိုက်ကောက်ပြီး အိတ်ထဲထည့်ကာ အပေါ်သို့ ပြန်တက်လာခဲ့သည်။

                          ““အဲဒီလိုထည့်ပြီး ပေါ်လာလို့ တစ်ပိုင်းလောက်ရောက် တယ်ဆိုရင်ပဲ လှိုင်းက ကောင်းကောင်းပင့်ချသွားတာ။ ကိုယ့်ကို ကောက်ပင့်သွားတဲ့အလုံးက ဒုတိယအလုံး၊ အဲဒီတော့ ကျောက်ခဲ အနားရောက်သွားတယ်။ ပြန်တော့ ကူးတယ်။ နောက်တစ်လုံးက ဆိုတော့ ဝုန်းဆိုပြီး တစ်ချက်တည်း ကျောက်ခဲပေါ်တင်သွားတယ်။ တင်သွားလို့ ကုန်းထတာနဲ့ နောက်က အလုံးကြီးက ချိုးလာတာ။ ရိုက်ချလိုက်တာများ တစ်ကိုယ်လုံးမှာ မုန့်ဟင်းခါးမျှင်ချည်းပဲ ထွက်သွားတယ်။ အသားစတွေ အမျှင်အမျှင်””ဟု ကျောက် ဆောင်ပေါ်ရောက်ပြီး တစ်ကိုယ်လုံးဂျင်းရှခဲ့သည့်အဖြစ်ကို သူက ပြောပြသည်။

                         ထိုအခါ သူသည် ကျောက်ဆောင်ပေါ်ကနေ ခြေဖဝါး အပြတ်ခံပြီး တစ်ဖက်သို့ ထိုးပြီး ခုန်ချလိုက်ရသည်။ ဘောင်းထည့် ထားသည့် အိတ်က သူ့ကိုယ်တွင် တန်းလန်းပါလာသည်။ တံ တောင်ဆစ်တွင် ဒဏ်ရာချည်းဖြစ်နေသည်။ တစ်ကိုယ်လုံးတွင် သွေးကလည်း ရဲနေ၏။  ကျောက်ဆောင်အဝေးသို့ ကူးခပ်သွားပြီး သည့်အခါ အပေါ်တွင် ကျန်ခဲ့သည့်လှေသမားက သူ့ကို လာခေါ် သည်။ ပင်လယ်ဆားငန်ရည်ကြောင့် ဒဏ်ရာများက စပ်သည်၊ နာလည်း နာသည်ဟု သူကဆိုသည်။

                          ““ဆင်ခေါင်းရွာမှာ ဆေးမှူးကလည်းရောက်နေတော့ ဆေးထိုး၊ ဆေးထည့်လုပ်လိုက်ရတယ်။ အနာတွေကောင်းသွားတဲ့ အခါ အမျှင်အမျှင်တွေကို ကတ်ကြေးနဲ့ဖြတ်ပစ်လိုက်ရတယ်။ အပေါ်အရေပြားက အမျှင်တွေထွက်သွာတာ။ သင်္ဘောသီးကို ခြစ်နဲ့ ခြစ်ချသလိုကို ဖြစ်သွားတာ””ဟု သူခံလိုက်ရသည့်အဖြစ်ကို ဥပမာပေးကာ ရှင်းပြသည်။

                            သူသည် ဒဏ်ရာများပျောက်အောင် တစ်ပတ်အနားယူ လိုက်ရသည်။ ယင်းသို့ဖြစ်ခဲ့သည့်အတွက် ရေငုပ်သည့်အလုပ်ကို မလုပ်ချင်တာမျိုး မဖြစ်ဘူးလားဟု မေးကြည့်သည့်အခါ သူက    ““ မဖြစ်ဘူး။ အဲဒါကျတော့ ကိုယ်လောဘကြီးလို့ဖြစ်သွားတယ်လို့ပဲမြင်တယ်””ဟုဆိုသည်။

                         ယင်းဖြစ်စဉ်က သူက ““လောဘနဲ့ သတိလွတ်လို့ဖြစ် တာ””ဟု မှတ်ချက်ပြုပေးသည်။

 

ငါးတို့သဘာဝ

                            ပင်လယ်တွင် ဘောင်းငုပ်သည့်အခါ ဦးစွာ ရေပေါ်မှနေပြီး အောက်ဘက်က ဘောင်းကို ရှာရသည်။ ဘောင်းတွေ့သည့်အခါ မှ ရေအောက်သို့ ငုပ်သွားပြီး ကောက်ရသည်။ ချောင်းထဲတွင် ငါး ငုပ်မည်ဆိုပါက ဦးစွာ ရေအောက်ဘက်သို့ ငုပ်သွားပြီး ကျောက် ဆောင်ကိုကိုင်ကာ မည်သည့်ကျောက်ဆောင်တွင် ငါးကပ်သလဲ ဆိုတာ ကြည့်ရသည်။ ငါး၏သဘောသည် လူအနားသို့ကပ်လာပြီး လူကိုလာကြည့်တတ်သည်ဟုဆိုသည်။ ထိုသို့လာကြည့်သည့် အခါတွင် ဆူးနှင့်ထိုးရသည်ဟု သူကဆိုသည်။

Photo-Kyaw Zayar Htun ဘောင်များနှင့်အတူတွေ့ရသည့်ဦးစိုးသိန်း

                              ““သဘောက အထူးအဆန်းသတ္တဝါဆိုပြီးလာကြည့်တာ။ အခုခေတ်တွေကတော့ ပါးသွားပြီ။ လူကိုရိပ်ခနဲမြင်လိုက်တာနဲ့ ပြေးပြီ။ အရင်ခေတ် ငါးကတော့ လူလာကြည့်တယ်”” ဟု သူက ငါးသဘာဝကို ရှင်းပြသည်။

                               ချောင်းထဲတွင် တွေ့ရသည့် ငါးခွေးနက်ဆိုသည့် ငါး၏သဘောသဘာဝကို သူက ယခုလိုရှင်းပြသည်။

                               ““လူက ကျောက်ခဲရဲ့တစ်ဖက်က ငုပ်လာရင် သူက တစ် ဖက်ကနေ လာကြည့်တယ်။ လူကိုမြင်ရင် နောက်ဘက်ကို တဖြည်းဖြည်းချင်းဆုတ်သွားတယ်။ ပြီးရင် ပြန်လာပြီး ထပ် ချောင်းကြည့်တယ်။ ဒါက မနပ်တဲ့ငါးပေါ့။ လည်တဲ့ငါးကျတော့ လူမြင်တာနဲ့ လစ်ခနဲဆိုပြေးတော့တာပဲ။ ဘယ်အခါလည်း ပြန် မလာတော့ဘူး။ စောစောက ငါးကျတော့ နောက်တစ်ကြိမ် ထပ် လာတာနဲ့ ထိုးပစ်လိုက်ပေါ့””

                            ပင်လယ်ထဲတွင် ငါးဂုံးဆိုသည့်ငါးကို တွေ့ပါက သူ့ကို ချက် ချင်းဆူးနှင့်ထိုးစရာ မလို။ ငါးကြက်တူရွေးတစ်ကောင်ကိုရှာကာ ဆူးနှင့်ထိုးရသည်။ ပြီးလျှင် ထိုငါး၏ဗိုက်ပွင့်ထွက်သွားအောင် ဆူးကိုဆောင့်ဆွဲနုတ်ရ၏။

                           ““(ဗိုက်)ပွင့်သွားရင် ငါးကလွတ်သွားရော။ လွတ်သွားရင် အဲဒီငါးမျိုးက ကျောက်ခဲအခေါင်းထဲ ဝင်ပြေးတတ်တယ်။ သူ့ကို အပေါ်က ကြည့်နေ။ ခဏဆို ငါးဂုံးကလာပြီ။ အဲဒီအခေါင်းကို တစောင်းနှိုက်တာ။ ခန္ဓာကိုယ်က ပြားပြားကြီးဖြစ်နေရော။ ကျောက်ခဲကို တဂုတ်ဂုတ်နဲ့ကိုက်ပြီး ဆွဲထုတ်တာ။ အဲငါးကို မရ၊ ရအောင်ကို ဆွဲထုတ်တာ။ အဲဒီအခါ မှိန်းနဲ့ထိုးပေါ့။ (ငါးဂုံး က)ဒီအတိုင်းထိုးရင် မလွယ်ဘူး””ဟု ငါးဂုံး၏သဘာဝကို ရှင်း        ပြသည်။

 ငါးတောက်တူငါးကို ဆူးနှင့်ထိုးရသည့် နည်းကိုလည်း သူက ယခုလို ဆက်ရှင်းပြသည်။

““ငါးတောက်တူက နှစ်ယောက်ဆိုရင် လွယ်တယ်။ သူ့ကို တစ်ယောက်က ရေပေါ်ကနေ ကပြပေး။ သူက အဲဒီကိုကြည့် နေတတ်တယ်။ ထိုးမယ့်သူက သူ့နောက်ဘက်ကို ရောက်အောင် အဝေးကနေ ပတ်သွားရတယ်။ လာပြီးတော့ အဲဒီငါးနောက်ဘက် ကနေ ငုပ်။ သူမသိဘူး။ အဲဒီအချိန်မှာ ထိုးရတယ်””

                             သံတွဲချောင်းထဲတွင် ဦးစိုးသိန်းနှင့်အတူ ငါးရှာဖော်၊ ငါး ရှာဖက်တစ်ဦးဖြစ်သလို ငယ်သူငယ်ချင်းလည်းဖြစ်သည့် သံတွဲ မြို့၊ အမှတ် ၄ ရပ်ကွက်မှ ဦးကျော်ဆူက ဦးစိုးသိန်း၏ အားသာ ချက်သည် အပင်ပန်းခံနိုင်ခြင်းနှင့် အကြမ်းခံနိုင်ခြင်းဖြစ်သည် ဟုဆိုသည်။ ပင်လယ်တွင်ဖြစ်စေ၊ ချောင်းထဲတွင် ဖြစ်စေ တစ်နေ ကုန် ရေကူးနေနိုင်သည်ဟုဆိုသည်။

                                 ““ငါတို့က အအေးဒဏ်မခံနိုင်ဘူး။ သူက ရေကူးတာ အအေးဒဏ်ခံနိုင်တယ်။ ခံနိုင်စွမ်းအား ကောင်းတယ်””ဟု မှတ် ချက်ပြုသည်။   

                        ကျောက်ကြီးကျေးရွာမှ သံတွဲသို့ ဦးစိုးသိန်း ငါး၊ ပုစွန် လာငုပ်သည့်အခါ သူနှင့်ပထမဆုံး တွေ့ခဲ့ရခြင်းဖြစ်ပြီး သံတွဲ ချောင်းအတွင်း မည်သည့်နေရာတွင် ငါးရှိသည်၊ မည်သည့်နေရာ တွင် ပုစွန်ရှိသည်ဆိုတာကို သူကိုယ်တိုင်ပင်ပြသပေးခဲ့ခြင်းဖြစ် သည်ဟု အသက် ၅၉ နှစ်ရှိပြီးဖြစ်သည့် ဦးကျော်ဆူက ဆိုသည်။

                         သူကိုယ်တိုင်က ငါး၊ ပုစွန်ဖမ်းသည့်အခါ ကွန်ပစ်ခြင်း၊ ပိုက်တားခြင်းနည်းများကိုသာ အဓိက အသုံးပြုပြီး ယနေ့အထိ သံတွဲချောင်းအတွင်း ငါး၊ ပုစွန်ရှာနေဆဲဖြစ်သည်။

                        ““ရေငုပ်ပြီး ငါးကို ဆူးနဲ့ထိုးရှာတဲ့နေရာမှာတော့ သူက ဆရာတစ်ဆူပဲ။ ငါထိုးတာ ဘယ်လိုမှ မထိဘူး””ဟု သူက အရယ် တစ်ဝက်ဖြင့်ပြောပြသည်။ ပြီးတော့ သူက ဆက်ပြီး…

                        ““သံတွဲမြို့မှာ ရေငုပ်မျက်မှန်တပ်ပြီး ငါးထိုးတာဟာ သူ ပထမဆုံးပဲ””

                      ဦးစိုးသိန်း၏ ညီငယ်တစ်ဦးလည်းဖြစ်သလို အသက် ၁၅ နှစ်အရွယ်ကတည်းက ယနေ့အထိ ရေအတူငုပ်နေသူ ကိုမြင့်စိုး အောင်က အစ်ကိုဖြစ်သူ၏ အဓိက အားသာချက်မှာ ရေငုပ်နိုင် တာအပြင် ရေငုပ်ရဲသည့်သတ္တိရှိခြင်းဖြစ်သည်ဟု ဆိုသည်။ သူနှင့် သူ့အစ်ကို ဦးစိုးသိန်းက ၁၆ နှစ် ကွာသည်ဟုဆိုသည်။

                          သူ့အသက် ၁၇ နှစ်အရွယ်က သူ့အစ်ကိုနှင့်အတူ ပင်လယ် ထဲမြုပ်နေသည့် ငါးဖမ်းသင်္ဘောတစ်စီးကို ဆယ်ယူဖို့ ကြိုးစား ခဲ့ဖူးသည်။ သင်္ဘောဆယ်ယူပေးရန် သူတို့ကို လာရောက် ငှားရမ်း ခဲ့ခြင်းဖြစ်သည်။ ကျိန္တလီမြို့နယ်အနီးတွင် ငုပ်ပေးခဲ့ရခြင်း ဖြစ် လေသည်။

                           ငါးဖမ်းသင်္ဘောမှာ ပဲ့ပိုင်းက ပင်လယ်သဲထဲသို့နစ်မြုပ်နေပြီး ဦးပိုင်းက အပေါ်ဘက်သို့ ထောင်နေသည်။ ယင်းနေရာ၏ ရေ အနက်မှာ ပေ ၅၀ ခန့်အနက်ရှိသည်။ သူတို့ညီအစ်ကိုနှစ်ဦးသည် အသက်ရှူပိုက်များတပ်ဆင်ထားသည့် ရေငုပ်မျက်မှန်များတပ် ကာ ငါးဖမ်းသင်္ဘောရှိရာသို့ ငုပ်သွားကြသည်။

                              သင်္ဘောဆီသို့ရောက်သွားသည့်အခါ အစ်ကိုဖြစ်သူ ဦးစိုး သိန်းသည် လက်တစ်ဖက်က သင်္ဘော၏ ဖောင်းကိုကိုင်ပြီး ကျန် လက်တစ်ဖက်က သင်္ဘောဖောင်းတွင်ကပ်နေသည့် နုန်းတွင် စာရေးပြလေသည်။

                          ““ငါးတောက်တူကြီး နင်မသွားနဲ့ အနားမှာနေ”” ဟူ၏။ သူ တို့နှစ်ယောက်၏မျက်နှာတွင် ရေအလုံးလေးများကလည်း ထွက် နေသည်ဟု ကိုမြင့်စိုးအောင်က ဆိုသည်။

                        အစ်ကိုရေးပြသည့် စာကိုဖတ်ပြီးသည့်အခါ ကိုမြင့်စိုး အောင်သည် ရေအောက်ဘက်သို့ သေချာစိုက်ကြည့်လိုက်သည့် အခါ ငါးကြီးကို တွေ့လေသည်။

                       ““ကလေးဆိုတော့ အစ်ကို့အနားတော့ ကပ်သွားတာပေါ့။ ငါးက အပေါ်ကိုထောင်ပြီး တက်လာတာ မှောင်သွားတာပဲ””ဟု နေရောင်ကျနေသည့် ရေအောက်တွင် ငါးပုံသဏ္ဌာန်ကို သူက ပြောပြသည်။

                       ထိုအခါ ““မှိန်းနဲ့ထိုးပါလား”” ဟု အစ်ကိုဖြစ်သူကို ပြန်ရေး ပြသည့်အခါ ““မှိန်းဆုံးဖို့”” လို့ ပြန်ရေးပြသည်။  

                      ““အဲဒါ လက်နဲ့လိုက်တိုးတာ ငါးကလူကို လန့်ပြီးပြေးတယ်။ ငါးဘယ်လောက်ကြီးသလဲဆိုရင် ငါးပြေးတဲ့အရှိန်နဲ့ ခြေထောက် တွေ လွင့်ပါသွားတယ်””ဟု ကိုမြင့်စိုးအောင်က ပြန်ပြောပြသည်။

 

အစားကြီးသူ စိုးသိန်း

                           ဦးစိုးသိန်းသည် ရေထဲတွင် အပင်ပန်းခံ၊ အကြမ်းခံသလို အစားစားသည့်နေရာတွင်လည်း သူများထက် ထူးကာစားနိုင် သည်ဟု ညီဖြစ်သူ ကိုမြင့်စိုးအောင်အပါအဝင် သူနှင့် လုပ်ဖော် ကိုင်ဖက်များက ဆိုကြသည်။ ထမင်းမစားဘဲ တစ်ရက်၊ နှစ်ရက် အလုပ်လုပ်နိုင်သလို ထမင်စားသည့်အခါမှာလည်း နို့ဆီဘူး သုံးလေးဘူးခန့်စားသည်ဟုဆိုကြသည်။

                           ““ပြိုင်စားမယ်ဆိုရင် သူက တစ်ပြည်ချက်ကို ကုန်အောင် စားနိုင်တယ်”” ဟု ဦးစိုးသိန်း၏ ငယ်သူငယ်ချင်း ဦးမောင်မောင်ဦး က ဆိုသည်။

                           ဦးစိုးသိန်းအစားကြီးခြင်းနှင့်ပတ်သက်၍ ညီဖြစ်သူ ကိုမြင့် စိုးအောင်က ““အိမ်မှာ ဝက်သားဝယ်ရင် နှစ်ပိဿာဝယ်ရတယ်။ တစ်ပိဿာက သူစားဖို့။ ကျန်တစ်ပိဿာက ကျန်မိသားစုတွေ စားဖို့။ အိမ်မှာ သူတစ်ယောက်တည်းစားတာ။ မဝဘူးဆိုရင် လယ်ထဲလိုက်လာပြီး လာစားသေးတာ”” ဟု ဆိုသည်။

                              အစ်ကိုဖြစ်သူနှင့်အတူတူ ငါးသွားငုပ်ကြသည့်အခါ ထမင်း ဆိုင်တွင် ထမင်းဝင်စားကြရသည်။ အားလုံးက ဟင်းနှင့်ထမင်း ကို အသီးသီးမှာကြပြီး စားသောက်ကြသည်။ အားလုံးစားပြီး သော်လည်း အစ်ကိုဖြစ်သူမှာ အမြဲနောက်ကျတတ်လေသည်။ အကြောင်းက သူများမကုန်သည့် ဟင်းများအားလုံးကို သူ့ပန်း ကန်ထဲသို့ထည့်ကာ စားလေ့ရှိခြင်းကြောင့်ဟုဆိုသည်။

                            ““ထမင်းမဝရင်တောင် ထမင်းဆိုင်က ရှာပေးရတယ်””ဟု သူ့အစ်ကိုအကြောင်းကို တဟားဟားရယ်လျက် ပြောပြသည်။

                            ထို့ကြောင့် ထမင်းဆိုင်တွင် ဝင်စားမည်ဆိုပါက အကြောင်းသိ၊ ဓာတ်သိ ရင်းနှီးသည့်ဆိုင်များတွင်သာ ဝင်စား သည်ဟု သူကဆိုသည်။

                          ဦးစိုးသိန်းကိုယ်တိုင်ကလည်း မုန့်တီကို သုံးပိဿာအထိ စားခဲ့ဖူးကြောင်း ဝန်ခံသည်။ သို့သော် ““ကြီးလာတော့ အဲ လောက် မစားဘူး”” ဟု ဆိုသည်။

                          သူသည် အမြှောက်ကြိုက်သည့်သဘောရှိပြီး အလုပ်လုပ် သည့်အခါ သူများထက် “ကွန့်” ကာ လုပ်တတ်သည်ဟု ညီဖြစ်သူ ဦးမြင့်စိုးအောင်အပါအဝင် သူ၏ လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

                         တစ်ခါက မင်္ဂလာဆောင်သို့ သွားခဲ့ကြသည်။ မင်္ဂလာ ဆောင်တွင် အမဲသားဖြင့် ဧည့်ခံခြင်းဖြစ်သည်။ ဦးစိုးသိန်းတို့ သူ ငယ်ချင်းတစ်စု ထမင်းစားနေရင်း အမဲသားပြိုင်စားဖို့ စကား စပ်မိကြသည်။

                      ““ထမင်းစားနေရင်း သူက အဝေ့ နင်ဘယ်လောက် စား နိုင်လဲဟေ့။ ငါနဲ့ပြိုင်စားဖို့လား”” ဆိုပြီး အသိတစ်ယောက်က အမဲသားပြိုင်စားဖို့ စကားစသည့်ဟု ဦးစိုးသိန်းက ဆိုသည်။ ထို့ကြောင့် အားလုံးပေါင်း သုံးဦးပြိုင်စားဖြစ်ကြလေသည်။

                        ““ဦးရဲ့ ညီက ပန်းကန်ပြားနဲ့ ၁၁ ပန်းကန်စားတယ်၊ ဦးက ၁၂ ပန်းကန်စားတယ်။ သေသွားတဲ့သူက ၁၂ ပန်းကန်နဲ့ တစ်ဝက်။ ဦးထက်ပိုတယ်။ ရှုံးတယ်။ ရှုံးတယ်ဆိုတာက ရှေ့ဆက် စားရင် ဒုက်္ခရောက်ဖို့ပဲဆိုပြီး အရှုံးပေးလိုက်တာ””ဟု အမဲသား ပြိုင်စားခဲ့သည့်အဖြစ်ကို ဦးစိုးသိန်းက ပြန်ပြောပြသည်။   

                                သူတို့ညီကိုဝမ်းကွဲနှစ်ယောက်သည် မင်္ဂလာဆောင်မှ ပြန်သွားသည့်အခါ လမ်းတွင် ဗိုက်တင်းလာပြီး မနေနိုင်သဖြင့်      ““ထိုးအန်လိုက်တယ်””ဟု သူကဆိုသည်။ ထိုစဉ်က စားခဲ့သည့် အမဲသားမှာ တစ်ဦးလျှင် နှစ်ပိဿာကျော်၊ သုံးပိဿာခန့် စားခဲ့ ခြင်း ဖြစ်သည်ဟု ဆိုသည်။

                            သို့သော် စိန်ခေါ်သူမှာတော့ မင်္ဂလာဆောင်မှအပြန် ဆေးရုံရောက်ပြီး အသက်ဆုံးရှုံးသွားခဲ့သည်ဟု သူ့အသက် ၁၇ နှစ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို ဦးစိုးသိန်းက ပြန်ပြော ပြသည်။ (သေဆုံးသူ၏ ဂုဏ်သိက်္ခာကို ငဲ့ကွက်သဖြင့် ယခု အကြောင်းကို ထည့်မရေးရန် ဦးစိုးသိန်းကပြောသည်။ ထို့ ကြောင့် ဒုတိယအကြိမ်ခွင့်တောင်းပြီး ရေးထားခြင်းဖြစ်သည်။)

                             ယခုအခါ သူ့အသက်သည် ၅၆ နှစ်ရှိပြီဖြစ်သည်။ တစ် ရက်လျှင် ပုံမှန် နို့ဆီဘူးနှစ်ဘူးလောက်ပဲ စားတော့သည်ဟု ဆို သည်။

                           သူသည် မိုးတွင်ကာလတွင် ကျောက်ကြီးတွင်နေပြီး နွေ ရာသီရောက်သည့်အခါ သံတွဲသို့ရောက်လာတတ်သည်။ သံတွဲသို့ ရောက်လျှင် လုပ်ဖော်ကိုင်ဖက်များ၊ အပေါင်းအပါများ၊ တပည့် များနှင့်အတူ ချောင်းတစ်လျှောက် ငါး၊ ပုစွန်ငုပ်လေ့ရှိလေသည်။ မနက်ပိုင်း ပုစွန်ငုပ်ပြီးလျှင် သူ၏နောက်လိုက် အပေါင်းအပါ များက မြို့ပေါ်လှည့်ကာရောင်းသည်။ ပိုက်ဆံရလာသည့်အခါ အရက်ဝယ်သောက်ကြသည်။ နေ့လယ်ပိုင်းရောက်လျှင် ငါးထပ် ငုပ်သည်။ ရောင်းသင့်တာကို ရောင်းကာ ကျန်သည့်ငါးများကို အရက်နှင့် အမြည်းလုပ်ရန် မီးဖုတ်စားသည်၊ မီးကင်စားကြသည်။

                        ““အဲဒီအချိန်တုန်းက အရက်လည်း တအားသောက်ခဲ့ တယ်””ဟု ဦးစိုးသိန်းက ဆိုသည်။

                          သူသည် အရက်ကို အသက် ၂၀ ကျော်တွင် သောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အိမ်ထောင်ကျပြီး သားယောကျ်ားလေး ရလာသည့်အခါ(သူ့အသက် ၃၅ နှစ်တွင်) အရက်ဖြတ်လိုက်သဖြင့် အရက်မသောက်သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီဟု ဆိုသည်။  

                            ဦးစိုးသိန်းသည် မြန်မာဂီတာနှင့် မယ်ဒလင်ကိုလည်း တီး ခတ်တတ်သူ တစ်ဦးဖြစ်သည်။ သံတွဲသို့ ငါးလာငုပ်သည့်အချိန် မျိုး ဆိုလျှင် အပေါင်းအသင်း၊ တပည့်နောက်လိုက်များနှင့် ဝိုင်းဖွဲ့ ကာ စားကြ၊ သောက်ကြရင် မြန်မာဂီတာကို တီးခတ်သီချင်းဆို လေ့ရှိကြသည်။ ထို့ကြောင့် သူ့မိတ်ဆွေ၊ အပေါင်းအသင်းများက သူ့လက်သံနှင့် သူ့အသံကို ရင်းနှီးပြီးသားဖြစ်သည်။

                           သံတွဲမြို့နယ်တွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပသည့်အခါ သူ့ကို ဝင်ပြိုင်ဖို့ တိုက်တွန်းကြသည်။ ထို့ကြောင့် မြန်မာဂီတာနှင့် သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ခဲ့လေသည်။ သူအိမ်ထောင်ကျပြီး အသက် ၃၁ နှစ်တွင်ဖြစ်သည်။  ပြိုင်ပွဲဝင်သူ ၁၅၀ ဖြင့် သုံးည ဆက်တိုက်ကျင်းပခဲ့သည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဖြစ်သည်။ ဦးစိုးသိန်းက ဒုတိယညတွင် ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အတီး၊ အဆို နှစ်ခုလုံးရသူက ရှားပါးသည်ဟု သူကဆိုသည်။

                              သူစတိတ်စင်ပေါ်သို့ တက်မဆိုခင် သူငယ်ချင်းတစ်ယောက် က ကွမ်းတစ်ရာကျွေးလိုက်သည်။ သီချင်းဆိုမည်ဖြစ်၍ မစားဟု ဆိုသော်လည်းအတင်းကျွေးသဖြင့် စားလာရခြင်းဖြစ်သည်။ သူ့ အလှည့်ရောက်သည့်အခါ ပါးစပ်ထဲမှာ ကွမ်းကို ထွေးပြီး စင်ပေါ် သို့တက်သွားလိုက်သည်။ စတိတ်စင်၏ ရှေ့ဆုံးတွင် အကဲ ဖြတ်ဒိုင်များက ထိုင်နေကြသည်။ ၎င်းင်းတို့နောက်တွင် ပရိသတ် များက အပြည့်။

                                 ဦးစိုးသိန်းဝင်ပြိုင်သည့် သီချင်းက မောင်မောင်ညွန့် သီဆို သည့် ချစ်နှင်းမှုန်မှုန် သီချင်းဖြစ်သည်။ သီချင်းကို ကိုယ်တိုင်တီး ခတ်သီဆိုသွားသည်မှာ အားလုံးအဆင်ပြေသည်။ အကဲဖြတ်ဒိုင် များကလည်း အားပေးကြသည်။ သို့သော် သီချင်းအဆုံးသတ်တွင် “ချစ်နှင်းမှုန်မှုန် xxxတဖွဲဖွဲရယ်နဲ့xxxဝဲကာကျဲတော့xxxဒယ် (တယ်)”ဟု အသံကိုမြှင့်ပြီး ဆွဲ၍ဆိုလိုက်သည့်အခါ “ဒယ်”ဆိုသည့်နေရာတွင် အသံပြတ်ကျသွားခဲ့လေသည်။

                              ““ကွမ်းဖတ်တွေ ထွေးတော့ မစင်ဘူးရှိဖို့။ ဆိုတော့ သီချင်း ဆိုရင်း အဆုံးတစ်လုံး “ဒယ်”မှာမှ ကွမ်းဖတ်ကထွက်လာပြီး လျှာ ခင်မှာ လာကပ်တော့ ဒယ်ဆိုပြီး တိခနဲဆို ပြတ်သွားတာ”” ဟု ဦးစိုးသိန်းက ပြန်ပြောသည်။

                           သူသည် လူပျိုဘဝက မြန်မာဂီတာကို ဘယ်သွားသွား သယ်သွားတတ်သည်။ တစ်ရက်တွင် ပိုက်ချဖို့ ပင်လယ်ထဲ ဆင်း သွားသည့်အခါ မြန်မာဂီတာကို တဲအိမ်တွင် ခဏထားခဲ့သည်။ တဲအိမ်တွင် ကျန်ခဲ့သည့် လူငယ်များ စကားများရန်ဖြစ်ရာက သူ၏ ဂီတာနှင့် ရိုက်ကြသဖြင့် ပိန်္နဲသားဖြင့်လုပ်ထားသော ထွင်း အိုးဂီတာသည် ပျက်စီးသွားခဲ့သည်ဟုဆိုသည်။ ယင်းနောက်ပိုင်း မြန်မာဂီတာကို မတီးဖြစ်တော့ဘဲ မယ်ဒလင်ကိုသာ တီးဖြစ်   တော့သည်။

                             ရေကြာကြာငုပ်နိုင်ပြီး အစားစားလျှင် သာမန်ထက် ပိုစား နိုင်သည်ဟုဆိုသော ဦးစိုးသိန်းကို တွေ့ချင်သဖြင့် ကျွန်တော်သည် ခြံပြင်ကျေးရွာရှိ သူ့အိမ်အနီးက လက်ဖက်ရည်ဆိုင်တွင် သွား စောင့်နေခဲ့သည်။ ညနေ ခြောက်နာရီတွင် သူသည် ပန်းရန်အလုပ် ဆင်းရာက ပြန်လာပြီး လက်ဖက်ရည်ဆိုင်သို့ လိုက်လာသည်။

                             သို့သော် ကျွန်တော်နှင့် စကားပြောနေစဉ် နာရီဝက် အတွင်း စားပွဲပေါ်ရှိ ရေနွေးအိုးတစ်အိုးကို အကုန်သောက်ပစ် လိုက်သည်။ ဆိုင်ရှင်ထံက ထပ်မှာလိုက်သည့် နောက်ထပ် ရေနွေး အိုးကိုပင် လက်ဖက်ခြောက်ဖတ်ပါမကျန် ကုန်အောင်သောက် ပစ်လိုက်သည်။

                           ယခုအခါ သူသည် ချောင်းထဲမှာသာ ရေငုပ်တော့သည်။ ရေမငုပ်ဖြစ်သည့်နေ့များတွင် ပန်းရန်အလုပ်ကို ဝင်လုပ်သည်။ သားသမီးသုံးယောက်ရှိပြီး သံတွဲမြို့၊ ခြံပြင်ကျေးရွာတွင် နေထိုင် လျက်ရှိသည်။ ယခု ဘာကြောင့် ရေမငုပ်ဖြစ်သလဲဟု မေးကြည့် သည့်အခါ ““သံတွဲမှာ မြောင်းတွေ တူးနေလို့ ချောင်းရေက ငုပ်လို့ မကောင်းဘူး။ မှောင်နေတယ်””ဟု သူက ဖြေသည်။  

                          ပင်လယ်ထဲ ရေငုပ်နေသည့်ပုံများ ဓာတ်ပုံရိုက်လိုကြောင်း ပြောသည့်အခါ သူအားလပ်သည့်ရက်တွင် ပင်လယ်ထဲတွင် ရေ လိုက်ငုပ်ပေးသည်။ ထိုနေ့က သူ့လက်ထဲတွင် ဆွဲခြင်းတစ်လုံး ပါသည်။ ယင်းဆွဲခြင်းအတွင်း၌ ရေငုပ်မျက်မှန် တစ်လက်နှင့် ပုစွန်ထိုးသည့် ဆူးတစ်ချောင်းပါသည်။

                           ရေငုပ်မည့်နေရာသို့ရောက်သည့်အခါ သူသည် ရေငုပ် မျက်မှန်တပ်ကာ ရေထဲသို့ ဆင်းသွားလေသည်။ သူသည် ယင်း နေရာတစ်ဝိုက်ရှိ ကျောက်ဆောင်များအနီးတွင် ကူးခပ်လိုက်၊ ရေငုပ်သွားလိုက်လုပ်နေသည်။ လှေသို့ပြန်မလာဘဲ ထိုသို့ကူးခပ် နေသည်မှာ တစ်နာရီကျော်ကြာလေသည်။ လှေသို့ ပြန်ရောက် လာသည့်အခါ လက်ထဲတွင် ဘောင်းသုံးလုံးကို ကိုင်လာသည်။ ပြီးလျှင် သူ့ဘောင်းဘီထဲက ဘောင်းများကို လှေထဲသို့ တစ်ခုချင်း ထည့်သည်။ စုစုပေါင်း ဘောင်း ၁၅ လုံးခန့်ရှိသည်။

                         သူသည် လှေပေါ်သို့တက်ပြီး ငါးမိနစ်ခန့် ဆေးလိပ် သောက်သည်။ ပြီးလျှင် ရေထဲသို့ ပြန်ဆင်းသွားလေသည်။ ယခု အကြိမ်မှာ တစ်နာရီခန့်ကြာသည်။ သူပြန်လာသည့်အခါ ပထမ အကြိမ်ကဲ့သို့ပင် ဘောင်းများပါလာလေသည်။ နှစ်ကြိမ်ဆင်း ငုပ်လိုက်သည့်အချိန်အတွင်း၌ပင် ဘောင်းများမှာ သူယူလာ သည့် ဆွဲခြင်းတစ်လုံးအပြည့်ရသွားသည်ကို တွေ့ရသည်။  

                        ဦးစိုးသိန်းသည် အသက် ၅၆ နှစ်ရှိပြီဖြစ်သည်။ ရေထဲတွင် ကူးခပ်လိုက်၊ ငုပ်သွားလိုက်လုပ်နေသည်မှာ ပင်ပန်းသလိုပင် မတွေ့ရ။ သို့သော် သူသည် အရင်ကလောက် ရေမငုပ်နိုင်တော့ဟု ဆိုသည်။

                                   ““တစ်မိနစ်တောင် မနည်းငုပ်ရဖို့””ဟု သူက ဆိုသည်။

  • #mawkun
  • #Kyaw_Zayyar_Htun
  • #magazine
  • #chronicle



အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."