သံတောင်မှာ မိုးကြီးပြီးမြေပြိုတာကြောင့် လူရှစ်ဦးသေဆုံး

သံတောင်မှာ မိုးကြီးပြီးမြေပြိုတာကြောင့် လူရှစ်ဦးသေဆုံး

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၆ (မော်ကွန်း)

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မနေ့ကညပိုင်းက မိုးသည်းထန်ပြီး မြေပြိုကျတာကြောင့် လူရှစ်ဦးထက်မနည်းသေဆုံးသွားပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ၎င်းဒေသခံတချို့ကပြောပါတယ်။

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်မှာရှိပြီး တောင်ပေါ်အပန်းဖြေစခန်းတွေရှိရာမြို့ဖြစ်တဲ့ သံတောင်ကြီးမြို့က တောင်စောင်းတွေအနီးက ကျေးရွာတချို့မှာ မနေ့ကညပိုင်းက တောင်မြေပြိုတာတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

သံတောင်ကြီးမြို့နယ်က လူနေအိမ်တွေ၊ လမ်းတွေနဲ့ ဥယျာဉ်ခြံမြေတွေ အများအပြားလည်း ပျက်စီးသွားပြီး ကျေးရွာငါးရွာထက်မနည်းက ဒေသခံတွေကို နေရာရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းထိ မြေပြိုလို့သေဆုံးသွားသူ ရှစ်ဦးထိရှိလာပြီး ပျောက်ဆုံးနေသူတွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေတာပါ။ ပျောက်ဆုံးသူအရေအတွက်ကိုတော့ အတိအကျမသိရသေးပါဘူး။

တောင်ပေါ်မြို့ဖြစ်တဲ့ သံတောင်ကြီးမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း မြေပြိုတာတွေ မကြာခဏရှိပေမယ့် ဒီနှစ်မှာတော့ အဆိုးဆုံးဖြစ်သွားတာလို့ သံတောင်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။

“ခုထိ မိုးအရမ်းသည်းနေပါတယ်၊ လမ်းတွေလည်း မြေပြိုပိလျက်ရှိနေပါတယ်။ တောင်ငူ ပရဟိတအဖွဲ့နဲ့ဒေသခံ နယ်ခံအချင်းချင်တွေ ပျောက်ဆုံးသူရှာနေတာလုပ်ဆောင်နေပါတယ်” လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

မြေပြိုကျတာကြောင့် သံတောင်ကြီးအဝင်က ချောင်းကူးတံတားတစ်စင်းလည်း ကျိုးကျသွားတဲ့အပြင် တောင်ငူ-သံတောင် ကားလမ်းလည်း ပိတ်နေတာပါ။

“ငလျင်တုန်းက မြေအက်ကွဲကြောင်းက အခုမိုးရွာတော့ ပြိုကျတယ်လို့ ပြောကြပါတယ်။ မနေ့တည်းက နည်းနည်းနည်းနည်းချင်းစီ ပြိုကျလာတာ။ တချို့လည်းမသိလိုက်ဘူးပေါ့။ မိသားစုလိုက်ပိမိသွားတာ။ အခုတော့ လမ်းတွေလည်းပိတ်နေတော့ လမ်းတွေအရင်ပြင်နေကြတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေတော့ တက်လာကြပါပြီ” လို့ ၎င်းဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ သံတောင်ကြီးမြို့နယ်အတွင်း မြေပြိုမှုကြောင့် ကားလမ်းတွေရှင်းလင်းဖို့၊ ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ လူအင်အား၊ စက်အင်အားတွေလိုတယ်လို့ ဒေသခံပရဟိတအသင်းတွေကလည်း အကူအညီတောင်းခံနေကြပါတယ်။

သံတောင်ကြီးမှာ ပြီးခဲ့တဲ့လကုန်ပိုင်းတည်းက ဆက်တိုက်ရွာနေတဲ့မိုးကြောင့် တောင်ကျချောင်းရေတွေ စီးဆင်းလာပြီး ပြီးခဲ့တဲ့နှစ်ရက်ကလည်း တောင်ပြိုတာကြောင့် ဥယျာဉ်ခြံမြေတချို့ ပျက်စီးခဲ့ပါသေးတယ်။

နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းတို့မှာ ဒီနေ့မနက်ပိုင်းမှာ ယာယီမိုးသည်းထန်ပြီး တောင်ကျချောင်းရေ ကျဆင်းနိုင်တဲ့အတွက် သတိပြုဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။



ပုံစာ – သံတောင်ကြီးက မြေပြိုကျနေတဲ့ မြင်ကွင်းတချို့

ဓါတ်ပုံ – Saw Tin Ohn

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."