ရန်ကုန် -၂၀၂၄ ဇွန် ၅ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကိုဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗောဓိရိပ်သာလမ်းက နေအိမ်မှာပြုလုပ်နေပါတယ်။
ဦးတင်ဦးရဲ့ဇနီး ဒေါက်တာတင်မိုးဝေနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက ကွယ်လွန်သူအတွက်ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
နေအိမ်မှာတော့ သူရဦးတင်ဦးရဲ့ ရုပ်အလောင်းကို ပြင်ဆင်ထားပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ရေဝေးသုဿာန်မှာ ဂူသွင်းသင်္ဂြိုဟ်သွားမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကပေးပို့ထားတဲ့ လွမ်းသူ့ပန်းခြင်း၊ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်ကပေးပို့ထားတဲ့ လွမ်းသူ့ပန်းခြင်းတွေကို နေအိမ်တွင်းမှာတွေ့ရပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပန်းခြင်းကို နေအိမ်ပြင်ပမှာချိတ်ဆွဲထားတာလည်းတွေ့ရပါတယ်။
NLD ပါတီရဲ့ နာယကဖြစ်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ အခုလ ၁ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်ပါတယ်။
သူရဦးတင်ဦးဟာ ၁၉၇၄ မတ်လ ၈ ရက်ကနေ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်အထိ တပ်မတော်မှာ စတုတ္ထမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တပ်မတော်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သလို သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နဲ့ သူရဘွဲ့ ရရှိထားသူဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၈၈ ဒီဇင်ဘာ ၃ ရက်ကနေ ၁၉၈၉ ဒီဇင်ဘာ ၂၂ ရက်အထိ NLD ပါတီဥက္ကဌတာဝန်ယူခဲ့ပါတယ်။
သူရဦးတင်ဦးဟာ ၂၀၀၃ ခုနှစ်မေလတုန်းက ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအရေးအခင်းမှာ စစ်ခေါင်းဆောင်တွေရဲ့ ပုဒ်မမျိုးစုံတပ် တရားစွဲခံခဲ့ရပြီး ထောင်ရှစ်လကျခဲ့သလို နေအိမ်အကျယ်ချုပ်လည်း ငါးနှစ်ကျခံခဲ့ရပါသေးတယ်။
ပုံစာ-သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနား။
ဓာတ်ပုံ-mawkun

