ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၉ (မော်ကွန်း)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်းဓမ္မကုန်းပေါ်မှာရှိတဲ့ ကျောက်တော်ကြီးဘုရားမှာ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်၊အဘိဓမ္မာ အခါတော်နေ့မှာ ဘုရားဖူးလာရောက်သူတွေနဲ့ မနက်အစောပိုင်းကတည်းက စည်ကားနေတယ်လို့ ဘုရားဂေါပကအဖွဲ့ကတာဝန်ရှိသူတွေနဲ့ ဈေးသည်တွေကပြောပါတယ်။
ကျောက်တော်ကြီးဘုရားမှာ အခုလို အခါကြီးရက်ကြီးတွေနဲ့ လပြည့်လကွယ်တွေမှာပဲ လူစည်ကားလေ့ရှိတယ်လို့ ဘုရားပန်းရောင်းတဲ့ ဈေးသည်တစ်ဦးကပြောပါတယ်။
“မနက်ကတည်းက နှင်းဆီပန်းကုန်သွားတာ၊ ထပ်ဝယ်လို့တောင် မရဘူး။ ရှိတဲ့ပန်းတွေပဲရောင်းနေရတယ်။ ဒီလိုရက်တွေပဲဈေးရောင်းကောင်းတာ။ ကျန်တဲ့ရက်တွေက လာတော့လာကြတယ်။ လူနည်းတယ်” လို့ပြောပါတယ်။
ကျောက်တော်ကြီးဘုရားအနီးမှာရှိတဲ့ ဆင်ဖြူတွေထားရာနေရာမှာလည်း အခုလိုရက်တွေသာ လာရောက်လည်ပတ်သူများတယ်လို့ ဆင်စာရောင်းချသူတွေနဲ့ သစ်တောဝန်ထမ်းတချို့က ဆိုပါတယ်။
ဆင်ဖြူတွေကို လူစိတ်ဝင်စားမှုနည်းတဲ့အပြင် ငှက်ပျောအူ၊ကြံ၊ ပြောင်းဖူး၊ ဖရဲသီး စတာတွေပါတဲ့ ဆင်အစာတစ်ခြင်းကို ကျပ်နှစ်ထောင်ကနေ ငါးထောင်အထိ ရောင်းချတာကြောင့် ဆင်စာကျွေးတဲ့သူ နည်းပါးတာကိုလည်း မော်ကွန်းက မြင်တွေ့ခဲ့ရပါတယ်။
COVID-19 ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်မြို့က နာမည်ကြီးဘုရားတွေဖြစ်တဲ့ ရွှေတိဂုံ၊ဆူးလေ၊ဗိုလ်တထောင်နဲ့ ကျောက်တော်ကြီး အစရှိတဲ့ဘုရားတွေမှာ ဘုရားဖူးလာရောက်သူတွေ အရင်ကထက်ပိုနည်းသွားတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ အခုနှစ်သတင်းကျွတ်မှာ လူစည်ကားဖို့ ရန်ကုန်မြို့အနှံ့မှာ မီးပုံးတွေချိတ်ဆွဲတာ၊ ပြည်သူ့ရင်ပြင်မှာ ဆိုင်ခန်းပေါင်းရာချီပါဝင်တဲ့ ဈေးရောင်းပွဲတော်တွေလုပ်ဆောင်နေပါတယ်။
ပုံစာ-ကျောက်တော်ကြီးဘုရားလာဖူးသူတွေနဲ့ ဆင်ဖြူအစာကျွေးသူများ
ဓာတ်ပုံ-mawkun

