တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးခြင်းခံရတဲ့ ကျေးရွာငါးရွာက အိမ်ခြေ ၉၀ ကျော် အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံက ပြောပါတယ်။
၂၀၂၁ ခုနှစ် သဩဂုတ်လ ကနေ ဒီဇင်ဘာလကုန်ပိုင်းအထိ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျ ကျေးရွာ ၊ ကျီကုန်းကျေးရွာ ၊ကျွန်းလယ်ကျေးရွာ ၊ ပုတီးကျေးရွာ ၊မြောက်အင်း ကျေးရွာတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီဟာ စစ်ကြောင်းထိုးခြင်း ၊ ဝင်ရောက်မွှေနှောက်ခြင်း ၊ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း ၊နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း နဲ့ အများပြည်သူပိုင် ဆိုင်ခန်း ၊ ဆိုင်ကယ်များ ဖျက်ဆီးခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာဟာ အများဆုံးဖျကိဆီးခံရပြီး အိမ်ပေါင်း ၆၁ အိမ်နဲ့ ဆိုင်ကယ် အစီး ၃၀၊ ကျီကုန်းရွာက နေအိမ် ၂၄ အိမ်၊ ကျွန်းလယ်ရွာက လေးအိမ်၊ ပုတီးရွာက တစ်အိမ်၊ မြောက်အင်းရွာက လေးအိမ်နဲ့ ဆိုင်ခန်းတစ်ခန်း၊ စုစုပေါင်း ၉၄အိမ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကာပေါင်းကျကျေးရွာက အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ကျွန်းလယ်ရွာက အမျိုးသား ၂ ဦး စုစုပေါင်း ၁၁ဦး စစ်ကောင်စီတပ်တွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကျီကုန်းကျေးရွာက စပါးတင်းရေ နှစ်ထောင်ခန့်နဲ့ မြောက်အင်းကျေးရွာက ပစ္စည်းတန်ဖိုး သိန်း နှစ်ထောင်ဖိုးခန့် မီးရှိူ့ဖျက်ဆီးခံလိုက်ရပါသေးတယ်။
စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးမှုတွေကြောင့် အဆိုပါကျေးရွာက ပြည်သူတွေဟာ အကူအညီအထောက်အပံ့တွေ လိုအပ်နေတယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အသိပေးပါတယ်။
လက်တလောအရေးပေါ်လိုအပ်နေတဲ့ အနွေးထည်များ ၊ စောင်များကိုလည်း တက်နိုင်သမျှ ပေးပို့လှူဒါန်းထားပြီး နေအိမ်များပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်း အကူအညီပေးနေသူနယ်ခံတွေက ပြောပါတယ်။
ပုံစာ- ဒီဇင်ဘာလဆန်းပိုင်းက တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာအတွင်း စစ်ကောင်စီတပ်ဝင်ရောက်မီးရှို့ဖျက်ဆီးပြီးနောက်တွေ့ရစဥ်
ဓါတ်ပုံ-နယ်ခံ
#Dailynews

