၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Essay ဖြစ်ပါသည်။
မြတ်စုမွန်
မကြာသေးခင်တစ်နေ့က ကျွန်မနှင့် အဒေါ်ဝမ်းကွဲ ဖြစ်သူတို့ စကားနိုင်လုရင်း စကားအချေအတင် များ ကြသည်။ စိတ်ဆိုးရလောက် အောင် မပြင်းထန်သော် လည်း မျက်နှာပျက်လောက် တဲ့အထိတော့ အငြင်းပွားခဲ့ ကြသည်။
ထိုနေ့က ထိုအဒေါ်နှင့် အိမ်နီးချင်းအမျိုးသမီးကြီး တစ် ယောက်တို့ သူတို့ကြည့်နေကျ ကိုရီးယားဇာတ်လမ်းတွဲအကြောင်း ဝေဖန်လျက်ရှိသည်။ ထိုဇာတ်လမ်းတွဲထဲတွင် ယောကျ်ားလေး များနှင့် မိန်းကလေးများ အဖွဲ့လိုက် ယှဉ်ပြိုင်ကစားကြသည့် အားကစားပွဲတော်တစ်ခု ကျင်းပကြသည်။
ကစားပွဲတော်တွင်ပါဝင်သည့် ကစားနည်းများအနက် တစ်ဖက်နှင့်တစ်ဖက် ခြေထောက်နှင့် ကန်ကြသည့် ကစားနည်း ကို မကြိုက်ကြောင်း၊ ယောက်ျားလေးမှာ ဘုန်းကံမြင့်ပြီး၊ မိန်း ကလေးကဘုန်းနိမ့်သူများ ဖြစ်သည့်အတွက် ဘုန်းမြင့်သူများကို ခြေထောက်နှင့် မကန်သင့်ကြောင်း ပြောဆိုလျက် ရှိကြသည်။
ဘုန်းကံနိမ့်ခြင်း၊ မြင့်ခြင်းသည် ယောက်ျား၊ မိန်းမဆိုသည့် မွေးရာပါ အင်္ဂါကိုကြည့်၍ ဆုံးဖြတ်နိုင်တာ မဟုတ်ကြောင်း၊ ယခု ကစားနည်းသည် ဘုန်းတွေကံတွေနှင့် မဆိုင်ကြောင်း၊ အခြား နိုင်ငံများတွင် မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ တန်းတူသာ ဖြစ်ကြောင်း ကျွန်မပြောလိုက်သည်။
ထို့ပြင် ဘုန်းကံဆိုသည်မှာ လူတို့၏ ကောင်းမွန်မြင့်မြတ် သော အလုပ်ပေါ်မူတည်၍သာ ဆုံးဖြတ်သင့်ကြောင်း၊ မွေးရာပါ အင်္ဂါအပေါ် မူတည်၍ ဘုန်းမြင့်ခြင်း၊ ဘုန်းနိမ့်ခြင်းကို မဆုံးဖြတ် သင့်ကြောင်း ပြောမိသည်။
ကျွန်မ၏အဒေါ်သည် ကျွန်မကို အထူးအဆန်းပြန်ကြည့် ကာ ““ဘုန်းကြီးတွေဟောတဲ့တရားတွေ နားမထောင်ဖူးဘူးလား၊ ယောက်ျားဆိုတာ ပိုဘုန်းမြင့်တယ်””ဟု ဆိုသည်။
““ဘုန်းကြီးတွေကိုယ်တိုင်က ယောက်ျားတွေလေ၊ သူတို့ ဘုန်းမြင့်ကြောင်းပဲ သူတို့ဟောမှာပေါ့ အန်တီကလဲ၊ တကယ့် ထေကြီးဝါကြီး၊ စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်တဲ့ သံဃာတွေက ယောက်ျားကမှ ဘုန်းမြင့်တယ်၊ မိန်းမကတော့ ဘုန်းနိမ့်တယ် ဆိုတာ မဟောဘူး။ ဘုရားရှင်ကလည်း ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ မရှိဘူးလို့ပဲ ဟောခဲ့တာ””ဟု ကျွန်မက ပြန်ပြောသည်။
ထို့နောက်တွင်တော့ စကားဝိုင်းအခြေအနေက အနည်း ငယ် အရှိန်မြင့်လာသည်။
မိန်းမများက ဘုန်းနိမ့်သဖြင့် မိန်းမဝတ်သော လုံချည်ကို အိမ်ရှေ့တွင် မလှန်းကြောင်း၊ ယောက်ျားဝတ်သော ပုဆိုးများသာ အိမ်ရှေ့တွင်လှန်း၍ သင့်တော်ကြောင်း၊ ဘွဲ့ရ ပညာတတ်သွားရုံနှင့် လူတိုင်းလက်ခံကျင့်သုံးနေသည့် ရှေးထုံးကို မပယ်သင့်ကြောင်း ထိုအဒေါ်က ကျွန်မကို ပြန်၍ ပြောလေသည်။
““ရှေးထုံးတွေက ခေတ်နဲ့ အံဝင်ခွင်ကျမဖြစ်တော့၊ လူတွေ ကို အကျိုးမပြုတော့ဘူးဆိုရင် ပယ်သင့်တာ ပယ်ပစ်ရမယ်၊ ရှေး ထုံးဆိုတာ မဖြစ်မနေလိုက်နာရမယ်လို့ ဘုရားဟောထားခဲ့တာ မဟုတ်ဘူး၊ လူတွေ ချဲ့ကားပြီး လိုရာဆွဲယူလာလို့သာ မရှိသင့် တော့တဲ့ ရှေးထုံးတွေ ဒီနေ့ထိ ရှိနေတာ။ ဒါကို ကိုယ့်သားသမီးတွေ လက်ထက်မှာ ဆက်ဆွဲယူမသွားအောင် အမြစ်ဖြတ်သင့်တယ်””ဟု ကျွန်မက ပြန်၍ ပြောသည်။
သားသုံးယောက်နှင့် သမီးတစ်ယောက် မွေးထားသော ထိုအဒေါ်ဖြစ်သူသည် ကျွန်မ၏ စကားကို အတော်ပင် မခံမရပ် နိုင်ဖြစ်သွားပုံရသည်။
““ငါတို့ကတော့ သားသမီးတွေကို ဒီရှေးထုံးတွေကို မပယ် ဖို့ပဲ သင်ပေးရမယ်၊ ဒါတွေဟာ လိုက်နာသင့်တဲ့ ရှေးထုံးတွေပဲ၊ ဘာပဲပြောပြော ယောက်ျားတွေက မိန်းမတွေထက် ဘုန်းကံမြင့် တယ်””ဟု ဆိုလေသည်။
ကျွန်မလည်း မည်သို့မျှ ဆက်၍ အငြင်းမပွားလိုတော့ဘဲ စိတ်ထဲကသာ ပြောမိသည်။
““လူ့ပတ်ဝန်းကျင်အတွက် အကျိုးမရှိတဲ့ ရှေးထုံးတွေကို လက်ကိုင်ထားပြီး ကြီးပြင်းလာမယ့် အဲဒီသားသမီးတွေဟာ လူ တွေအားလုံး တန်းတူညီမျှတယ်ဆိုတဲ့ ယဉ်ကျေးမှုကို လက်ခံ ကျင့်သုံးလာနေတဲ့ လူ့အသိုင်းအဝိုင်းထဲကို ရောက်သွားတဲ့အခါ စိတ်ကျန်းမာရေး ချို့တဲ့တဲ့လူတွေအဖြစ် အမြင်ခံရလိမ့်မယ်””ဟူ၏။
ထိုအဒေါ်သည် သူပြောသည့်အတိုင်းပင် သူ့သားသမီးများ အပေါ် လက်တွေ့ကျင့်သုံးသည်။
သားယောက်ျားလေးများသည် သူတို့အိမ်တွင် အခွင့်ထူးခံဖြစ်သည်။ ကိုယ့်ဝေယျာဝစ္စများကို ကိုယ်တိုင်လုပ်ရန်မလို။ သမီး မိန်းကလေးကသာ အိမ်မှုကိစ်္စ ဝန်ထုပ်ဝန်ပိုးများကို မနိုင်ရင်ကာ ထမ်းပိုးရသည်။
ဘုန်းမြင့်ကံမြင့်သော ယောက်ျားသားများ၏ အဝတ် အထည်များကို သီးသန့်လျှော်ဖွပ်ရသည်။ ဘုန်းကံနိမ့်သည်ဟု အစဉ်အလာက သတ်မှတ်ပေးထားသော မိန်းမသားဖြစ်သည့် အလျောက် သူ၏ အဝတ်နှင့် ရောနှော၍ မလျှော်ဖွပ်ရ။
မိသားစုတစ်ခုလုံး၏ ဝေယျာဝစ္စတာဝန်များဖြင့် အမြဲ တစေ ဝန်ထုပ်ဝန်ပိုးများ ပိနေသည့် ထိုညီမဖြစ်သူကို ကျွန်မက““သူတို့အဝတ် သူတို့လျှော်ဖွပ်နိုင်နေပြီ၊ နင်လျှော်ပေးနေစရာ မလိုဘူး၊ သူတို့တာဝန်ကို သူတို့ကို ယူခိုင်း””ဟု ပြောလျှင် သူက မည်သို့မျှ ပြန်မပြော။ ရယ်ကျဲကျဲဖြင့်ပင်နေသည်။
အင်္ဂလိပ်စာအဓိကဖြင့် ကျောင်းပြီးထားသော ကျွန်မ၏ ထိုဝမ်းကွဲညီမသည် သူ့အမေပြောသည့် မိန်းမဆိုတာ ဘုန်းနိမ့် တယ်၊ ယောကျ်ားဆိုတာ ဘုန်းမြင့်တယ်ဆိုသည့် အယူအဆ ပုံစံခွက်ထဲတွင် ကြီးပြင်းလာခဲ့သည်။ သူတို့မိသားစုသာမက ကျွန်မနှင့် နီးစပ်သည့် မိသားစုများ အားလုံးနီးပါးကလည်း ထိုရှေးရိုးထုံးစံနှင့် နေသားတကျဖြစ်ကာ မိန်းကလေးများကို ခွဲခြားနှိမ်ချသလောက် သားယောက်ျားလေးများကို မျက်နှာသာ ပေးကြသည်။
မည်သည့် ကိုယ်ပိုင်အရည်အချင်းမျှ မရှိသည့် သား ယောက်ျားဖြစ်စေကာမူ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်းအပေါ် အခွင့်ကောင်းယူကာ ဘုန်းကံမြင့်သူ၊ မိန်းမများထက် သာလွန် မြင့်မြတ်သူများအဖြစ် မိခင်များ၊ ကြီးတော်၊ အဒေါ်များက အဓိက ပုံဖော်ကြသည်။ မိန်းမဖြစ်ရခြင်းအပေါ် သိမ်ငယ်နေသည့် သူတို့၏ အငုံ့စိတ်များဖြင့် သားယောကျ်ားလေးများ၊ အစ်ကို မောင်ဖွားများကို သခင်ကဲ့သို့၊ ဘုရားကဲ့သို့ အထင်ရောက်လျက် ရှိသည်။
ဤနည်းဖြင့် မိမိကိုယ်ကိုယ် ဘုန်းရှင်ကံရှင်ဆိုသည့် အယူ အဆကိုလက်စွဲပြုကာ လူမှုရေးအရဖြစ်စေ၊ အလုပ်သဘော အရဖြစ်စေ၊ အိမ်ထောင်ရေးအရဖြစ်စေ ပတ်သက်ဆက်နွှယ်ရသော မိန်းမများအပေါ်တွင် အထင်အမြင်သေးစိတ်၊ ခွဲခြားနှိမ်ချ လိုသော အတွင်းသဘောပိုင်ရှင် ယောက်ျားအများအပြား ပေါ် ထွက်လာစေတော့သည်။
မိန်းမများသည် ယောကျ်ားများထက် ဘုန်းကံနိမ့်ကျ သည့်အတွက် ယောကျ်ားများကို အရာရာ ရှေ့တန်းတင်ရမည်၊ ဦးစားပေးရမည်ဆိုသည့် အတွေးအခေါ်က ကျွန်မတို့ လူမှုပတ် ဝန်းကျင်တွင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလောက် အောင် လွှမ်းမိုးလျက်ရှိသည်ကို ငြင်း၍မရ။
အထူးသဖြင့် ပညာရေး အပါအဝင် အစစအရာရာ ဖွံ့ဖြိုး နေသည့် မြို့ပြဒေသထက် ဖွံ့ဖြိုးမှုနောက်ကျနေဆဲ နယ်နှင့် ကျေးလက်များတွင် ထိုအတွေးအခေါ် အယူအဆများက ပို၍ တွင်ကျယ် ကျင့်သုံးလျက်ရှိသည်။
ယင်းအယူအဆများထဲတွင် ယောက်ျားများက ဆံပင်မှ စ၍ ခြေထောက်အထိ ဘုန်းနှင့်ကံနှင့် မြင့်မြတ်သူများ ဖြစ်နေလေ့ ရှိပြီး၊ မိန်းမများက ဆံပင်မှလွဲလျှင် ခန်္ဓာကိုယ်တစ်ခုလုံးက ဘုန်းနိမ့်ကံနိမ့် ညစ်နွမ်းစုတ်ပဲ့နေလေ့ ရှိသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် ယောက်ျားအချို့သည် ကိုယ် ပိုင်အရည်အချင်းမရှိသည့်တိုင် မွေးရာပါအင်္ဂါအစိတ်အပိုင်း တစ်ခုကိုအကြောင်းပြုကာ ဘုန်းကံမြင့်သူ၊ အရာရာတွင် ရှေ့ တန်းက နေခွင့်ရှိသူဆိုသည့် ဓလေ့ထုံးစံအယူအဆဖြင့် လူ့အဝန်း အဝိုင်းအတွင်း သက်သောင့်သက်သာ နေထိုင်ခွင့်ရှိသည်ကို တွေ့ရသည်။
သို့သော် “ငါကယောကျာ်းအဖြစ်မွေးဖွားလာသည်၊ ငါက ဘုန်းကံမြင့်သည်၊ ထို့ကြောင့် ငါကပို၍ ရှေ့တန်းရောက်သင့် သည်”ဆိုသည့် အတွေးအခေါ်သည် ယနေ့ခေတ်နှင့် အံဝင်ခွင် ကျမရှိတော့သည့်အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ ရှိသူအဖြစ်ပါ ဖယ်ကြဉ်ခံရနိုင်သည်ကို သတိပြုသင့်သည်။
တစ်ခါက ကျွန်မနှင့် ညီအစ်မကဲ့သို့ ခင်မင်ရင်းနှီးနေသည့် ညီမငယ်တစ်ဦး၏ မင်္ဂလာပွဲ ကျင်းပသည်။
ထိုမင်္ဂလာပွဲရက်တွင် ခရီးလွန်နေသဖြင့် မသွားဖြစ်လိုက်သည့် ကျွန်မသည် သူတို့ှဇနီး မောင်နှံအတွက် မင်္ဂလာလက်ဆောင်ကို နောက်ကျမှ ပေးဖြစ်ခဲ့ သည်။ ထိုလက်ဆောင်တွင် ကျွန်မနှင့် ခင်မင်ရင်းနှီးသူ ညီမငယ် ၏ အမည်ကို ရှေ့ကရေးကာ သူ၏ အမျိုးသားနာမည်ကို နောက် က ကပ်၍ ရေးလိုက်သည်။
သူတို့ဇနီးမောင်နှံလက်ထဲသို့ လက်ဆောင်ပစ်္စည်းလေးပေး လိုက်ချိန်တွင် ရေးထားသည့် နာမည်ကိုဖတ်ကာ သတို့သား ဖြစ်သူ မျက်နှာပျက်သွားသည်ကို တွေ့လိုက်ရသည်။ တစ်ဆက် တည်း ထိုသူက သူ၏နာမည်ကို နောက်မှရေးသည့်အတွက် မျက်နှာမသာမယာနှင့် မေးခွန်းထုတ်သည်။
ထိုသို့မေးလာမည်ဟု မထင်မှတ်ထားသည့်အတွက် ရုတ် တရက် မည်သို့ ပြန်ပြောရမှန်းမသိဘဲ ဖြစ်သွားသည်။ ထို့နောက် ကျွန်မနှင့် ရင်းနှီးသိကျွမ်းသူမှာ သတို့သမီးဖြစ်သည့်အတွက် သူ့ နာမည်ကို ရှေ့မှထည့်ခြင်းဖြစ်ကြောင်း၊ သတို့သားက ယခုမှ သိရသည့်အတွက် နာမည်ကို နောက်မှရေးခြင်းဖြစ်ကြောင်း ကျွန်မက ရှင်းပြလိုက်သည်။ သူက မကြည်မလင်နှင့် နှုတ်ဆိတ် သွားသော်လည်း မိန်းကလေးဖြစ်သူကတော့ ကျွန်မကို အားတုံ့ အားနာဖြစ်ကာ ရယ်နေလေသည်။
ထိုအခြေအနေသည် မိနစ်ပိုင်းအတွင်း ပြီးဆုံးသွားသော် လည်း ကျွန်မအား ဆက်လက်တွေးတောစရာတွေ များစွာ ပေးခဲ့ သည်။ ထိုလူငယ်သည် ကျွန်မနှင့် ခင်မင်ရသည့် မိတ်ဆွေ၏ အိမ် ထောင်ဘက်ဖြစ်လာသော်လည်း ကျွန်မနှင့် မည်သည့်အခါမျှ မိတ်ဆွေဖြစ်လာမည့်သူမဟုတ်ကြောင်း ထိုခဏအတွင်း တွေးနေ မိသည်။
နောက်ထပ်အဖြစ်အပျက်တစ်ခုက ကျွန်မကိုယ်တိုင် ကြုံရ ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ကျွန်မနှင့် ကျွန်မ၏ အမျိုးသားဖြစ်သူတို့ ရေးသားထားသည့် လူမှုဘဝဆောင်းပါး များကို အတူတွဲဖော်ပြကာ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ဖူးသည်။
ထိုစာအုပ်ထွက်လာချိန်တွင် ကျွန်မတို့၏ မိတ်ဆွေများက အများဆုံးမေးကြသည့် မေးခွန်းတစ်ခွန်းရှိသည်။ ထိုမေးခွန်းမှာ စာရေးသူနာမည်များတွင် ကျွန်မ၏အမည်က ကျွန်မအမျိုးသား ၏ အမည်ရှေ့ကို ဘာကြောင့်ရောက်နေသလဲဆိုသည့် မေးခွန်း ပင်။ ပို၍ ခင်မင်ရင်းနှီးသည့် မိတ်ဆွေများက ““မိန်းမနာမည်ကို ရှေ့ကထားတယ်၊ ခင်ဗျားက မိန်းမ ကြောက်ရသလားဗျ”” ဟု ရယ်ရယ်မောမော မေးတတ်ကြသေးသည်။
ထိုမေးခွန်းကို ကျွန်မ မည်သည့်အခါမျှ မဖြေခဲ့။ ကျွန်မ အမျိုးသားကတော့ သူ့မိတ်ဆွေများကို ပြန်၍ ဖြေလေ့ရှိသည်။““ကျွန်တော့်အမျိုးသမီးရဲ့ သတင်းသမားလုပ်သက်က ကျွန်တော့် ထက်ပို စီနီယာကျလို့ပါ”” ဟူ၍ ဖြစ်သည်။
သူတို့က နောက်နောက်ပြောင်ပြောင် ရယ်ရယ်မောမော မေးခွန်းထုတ်ကြသော်လည်း ကျွန်မတို့၏ လူမှုအသိုင်းအဝိုင်း သည် အမျိုးသမီးများကို ရှေ့မှ နေရာမပေးချင်သည့် စိတ်အခံ ရှိနေသည်ကို သွားမြင်မိသည်။
ကျွန်မတို့ကြီးပြင်းခဲ့ရသည့် လူမှုပတ်ဝန်းကျင်သည် သား ယောက်ျားလေးအဖြစ် မွေးဖွားလာသူများကို “ငါဟာ ယောက်ျားဖြစ်တယ်၊ ငါဟာ မိန်းမတွေထက် ပိုမြင့်မြတ်တယ်၊ ငါ့ ကို ရှေ့တန်းတင်ရမယ်”ဆိုသည့် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုများနှင့် အတူ မျိုးဆက်ပေါင်းများစွာ ပုံစံသွင်းခဲ့ကြသည်။
မိန်းကလေးအဖြစ် မွေးဖွားကြီးပြင်းလာသူများကို ခွဲခြား နှိမ်ချသလောက် သားယောက်ျားလေးအဖြစ် မွေးဖွားလာသူများ ကိုမူ တစ်ဖက်သတ် ဘုံမြှောက်ဝါဒများ ရိုက်သွင်းခဲ့ကြသည်။ ရလဒ်အဖြစ် အသေးအဖွဲကအစ အရေးပါချင်၊ နေရာပေးခံချင် သော ယောက်ျားများနှင့် လူမှုပတ်ဝန်းကျင်က နေရာမပေးချင်၊ ရှေ့တန်း မရောက်စေချင်သည့် အမျိုးသမီးများအကြား မညီမျှမှု များ ဖြစ်လာခဲ့သည်။
မိန်းမတစ်ဦးအဖြစ် မွေးဖွားကြီးပြင်းလာပြီး ခွဲခြားနှိမ်ချမှု၊ ကန့်သတ်ချုပ်ချယ်မှုများကို တွေ့ကြုံဖူး၊ မုန်းတီးဖူးသည့် ကျွန်မ သည် တစ်နေ့တွင် သားယောက်ျားလေးမွေးဖွားပါက ထိုအယူ ဝါဒများကို တိုက်ဖျက်သည့် မိခင်တစ်ယောက်ဖြစ်ချင်သည်ဟု အမြဲတစေ တေးမှတ်ထားခဲ့သည်။
မိမိထက် တော်သော၊ ထူးချွန်ထက်မြက်သော မိန်းမများ နှင့် ကြုံရသည့်အခါ ကိုယ့်ကိုယ်ကိုယ် သာလွန်မြင့်မြတ်သည်၊ ဘုန်းမြင့်သည်ဟူသော အတွင်းစိတ်အခံနှင့် မနာလိုဝန်တိုတတ် သော ယောကျ်ားမျိုးမဖြစ်စေရန် အစွမ်းကုန် ပြုစုပျိုးထောင်ပေး မည်။ ကျား၊ မ တန်းတူညီမျှရေး ယဉ်ကျေးမှုတိုက်ပွဲတွင် သား ယောက်ျားလေးများ မွေးထားသည့် မိဘများ၏ သွန်သင်ဆုံးမမှု သည် အခရာကျသည်ဟု ကျွန်မ အပြည့်အဝယုံကြည်မိသည်။
မိန်းကလေးက ယောက်ျားလေးကို ခြေထောက်ဖြင့် မကန် သင့်လျှင်၊ ယောက်ျားလေးကလည်း မိန်းကလေးကို ခြေထောက် ဖြင့် မကန်သင့် ဆိုသည့် အယူအဆကို လက်ခံတတ်သော ဉာဏ် ပညာရှိသူအဖြစ် သင်ကြားပေးမည်။
ထဘီနှင့် ထိမိလျှင်ဘုန်းနိမ့်သည်၊ ထဘီတန်းအောက်ဝင်မိ လျှင် ဘုန်းနိမ့်သည် ဆိုသည့် အယူအဆများသည် အမျိုးသမီး များကို ခွဲခြားနှိမ်ချလိုသော စိတ်အခံဖြင့် ဖန်တီးထားခြင်းများ သာဖြစ်ကြောင်း သေချာစွာရှင်းပြမည်။
ထို့အပြင် ကျား၊ မ တန်းတူညီမျှရေးဝါဒ၊ လူကိုလူလို တန်ဖိုးထားသည့် လူယဉ်ကျေးတစ်ယောက်ဖြစ်စေရန်၊ မွေးရာပါ ကိုယ်အင်္ဂါအစိတ်အပိုင်းအပေါ် မူတည်ပြီး မြင့်မြတ်ခြင်း၊ နိမ့်ကျ ခြင်းကို သတ်မှတ်သည့် ရှေးအစဉ်အလာအယူအဆများကို ပယ် ဖျက်ရဲသူဖြစ်စေရန် ပြုစုပျိုးထောင်ပေးမည်ဟု ဆုံးဖြတ်မိလေသည်။
#mawkun #magazine #chronicle