ကျွန်မအပျိုဘော်ဝင်စ မြီးကောင်ပေါက်အရွယ်က စာအုပ်တစ်အုပ် ဖတ်ခွင့်ရခဲ့သည်။
စာအုပ်၏အဖုံးက ိုလှပကြော့ရှင်းသော မိန်းမပျိုလေးတစ်ယောက် ကနွဲ့ကလျလေး ထိုင်နေဟန်သရုပ်ဖော်ပုံဖြင့် အလှဆင်ထား၏။ ထိုအဝါရောင်စာအုပ်လေးသည ်အတော်ပင် ဟောင်းနွမ်းနေပြီဖြစ်ပြီး အချို့စာရွက်များမှာ အနှောင့်မှ ပြုတ်၍ပင်ထွက်နေပြီ။စာအုပ်ကို ဘေးတိုက်ထောင်ကြည့်လျှင ်တချို့နေရာတွင် ခြကိုက်ရာလေးများကို တွေ့ရသည်။စာအုပ်၏ နောက်ကျောဖုံးတွင ်ပိုးမွှားတို့၏ ခြေရာကရွတ်ကြောင်းလေး တချို့ကိုလည်း တွေ့နိုင်သည်။
ကျွန်မ၏ ကျောင်းစာအုပ်များနှင့်အခြားဗဟုသုတ ရစေမည့်စာအုပ်အချို့ တင်သည့်စင်ပေါ်တွင် ထိုစာအုပ်က အခန့်သား ရောက်နေသည်။လက်သန်းလုံးလောက ်အထူရှိသော ထိုစာအုပ်သည် ကျွန်မတို့အိမ်သို့ မည်သို့မည်ပုံ ရောက်လာခဲ့သည်မသိ။ကျွန်မ၏မိဘများက အခြားမှယူလာသလား သို့တည်းမဟုတ် ဘုန်းကြီးလူထွက်တစ်ဦးဖြစ်သည့် ကျွန်မ၏ဦးလေးက ယူလာပြီး တင်ထားခဲ့လေသလား မမှတ်မိ။
သို့သော်စာဟုဆိုလျှင် ကျောင်းစာမှတစ်ပါး အပြင်စာကိုပိုစိတ်ဝင်စားသည့် ကျွန်မသည် ထိုစာအုပ်၏ အမည်နှင့်စာရေးသူအမည်ကိုမူကား ကောင်းစွာမှတ်မိနေဆဲဖြစ်သည်။ထိုစာအုပ်က ိုသုတေသီ ဟုဆိုသည် စာရေးသူတစ်ဦးက ရေးပြီးစာအုပ်ပါအကြောင်းအရာများမှာ အမျိုးသမီးများ သိသင့်သည်ဟု သူယူဆထားသည့် အကြောင်းအရာများနှင့် အလားတူအဆိုအမိန့်များက ိုအစီအစဉ်တကျ ရေးသားထားခြင်းဖြစ်သည်။အရှင်းဆုံးဆိုရလျှင ်အမျိုးသမီးများက ိုဆုံးမထားသည့် စာများဖြစ်သည်။
မိန်းမတို့သည် မည်သည့်အရာတို့ကိုလိုက်နာသင့်ကြောင်း၊မည်သည့်အရာများကို လိုက်နာကျင့်သုံးပါက မိန်းမတို့သည် အင်မတန်မြင့်မြတ်သူများ ဖြစ်လာမည့်အကြောင်း၊မည်မျှဣေြကြီးရမည့် အကြောင်းများ ကို ဖွဲ့တနွဲ့ကွန့်ညွန့် ရေးသားထား လေသည်။
မှတ်မှတ်ရရ ထိုစာအုပ်ကိုကျွန်မသုံးကြိမ်ခန့်လှန်လှောဖတ်ကြည့်ဖူးသည်။ဖတ်ကြည့်တိုင်း မိန်းမများအပေါ် စည်းမျဉ်းများ၊အဆုံးအမများ၊အဆိုအမိန့်တို့နှင့် ကန့်သတ်လိုသည့် အချက်များကိုခံစားရသည်။စိတ်သည်မွန်းကျပ်၍လာသည်။ဖိစီးလာသည်။ သြော်…မိန်းမတစ်ယောက်အဖြစ် မွေးလာတဲ့ဘဝမှာ လိုက်နာစရာတွေကလည်း များလိုက်တာဟုအတွေးပေါ်မိသည်။ထို့ထက်ပို၍ဆိုရလျှင် စာရေးသူကို ဒေါသဖြစ်သည့်စိတ်က တွဲ၍ ဖြစ်ပေါ်လာတတ်သည်။
မိန်းကလေးမို့မည်သို့နေရမည်၊ မည်သို့ထိုင်ရမည်ဆိုသည့် ကန့်သတ်ချုပ်ချယ်ခြင်းများကိုမုန်းသည့်စိတ်သည်အရွယ် ရောက်မှ ပေါ်လာခြင်းတော့မဟုတ်။ထိုအရွယ်မတိုင်မီ ပြေးလွှား ဆော့ကစားသည့်ကလေးအရွယ်ကတည်းက ဟုဆိုရမည်။
ကျွန်မငယ်စဉ်က အဘိုးဖြစ်သူက ထိန်းသည်။အဒေါ်နှစ် ယောက်အနက်အငယ်ဖြစ်သူက ညနေတိုင်းအိမ်နှင့်မလှမ်းမကမ်းရှိ ရေတွင်း၌ သောက်သုံးရေသွား၍ ခပ်ရသည့်တာဝန်ကိုယူရသည်။လုံချည်ကိုတိုတိုဝတ်၊ ရေသံစည်ပိုင်းကို ခါးစောင်းတင်ကာ အိမ်ရှိစဉ့်ရေအိုးများထဲသို့ အခေါက်ခေါက်အခါခါ ရေ ဖြည့်ရသည်။
အဒေါ်အငယ်သည် ရေဖြည့်ပြီးသည့်အခါတိုင်း စိတ်ပေါ့ပါးသွားဟန်ရှိသည်။ ရေပုံးအလွတ်ကို ကိုင်ကာ ရေတွင်းဆီသို့ ပြန်ထွက်သွားသည့် အချိန်တွင်လမ်းတစ်လျှောက် သီချင်းညည်းတတ်သည်။တခါတစ်ရံတွင် ထိုသီချင်းသံစဉ်အလိုက် လေချွန်တတ်သည်။ထိုသို့ လေချွန်သည့်အသံကို ကျွန်မအင်မတန် သဘောကျသည်။သူလေမချွန်လျှင် ”နားထောင်လို့ကောင်းတယ်။ လေချွန်ပြပါ”ဟုကျွန်မကပူဆာလေ့ရှိသည်။
တစ်နေ့တွင်သူ့သမီး လေချွန်သံကိုကြားသည့် ကျွန်မ၏အဘိုးက ”ဟဲ့…မိန်းကလေးဖြစ်ပြီးတော့ လေမချွန်နဲ့”ဟု လှမ်း၍ဟန့်သည်ကို သေသေချာချာ မှတ်မိနေသေးသည်။ထိုနောက်ပိုင်း အဒေါ်ဖြစ်သူ လေချွန်သည့်အသံကိုကြားရသလား၊မကြားရတော့ဘူးလား ကျွန်မမမှတ်မိတော့ပေ။သို့သော်ထို့နောက်ပိုင်းမှစ၍ ‘ဟဲ့…မိန်းကလေး ဖြစ်ပြီးတော့’ဆိုသည့်စကားက ကျွန်မမည်သည့်အခါမျှ မေ့မည်မဟုတ်သည့် စကားလုံး ဖြစ်လာသည်။
ဖခင်ဖြစ်သူနှင့် လမ်းလျှောက်ထွက်လျှင ်သူလမ်းလျှောက်သည့်ပုံကို အတုယူကာလက်ကိုအားကုန်လွှဲ၍ လျှောက်တတ် သောကျွန်မအား ”မိန်းကလေးဆိုတာ လမ်းလျှောက်ရင် အဲဒီလိုလက်နဲ့ခန္ဓာကိုယ်နဲ့ တအားကြီးခွာပြီး မလွှဲရဘူး။ ဖြည်းဖြည်းချင်း လွှဲရတယ်”ဟု ဖေဖေကဆုံးမသည်။
သူငယ်ချင်းများနှင့် အတူရယ်စရာမောစရာများ ပြောကာ ပျော်ပျော်ရွှင်ရွှင် အော်ရယ်မိလျှင်လည်း ”ဟဲ့…မိန်းကလေးက အဲဒီလိုအသံထွက်ပြီး မရယ်ရဘူး”ဟုအနီးအနားရ ှိလူကြီးသူမတို့က ဆိုကြပြန်သည်။
ကလေးသဘာဝ ဆော့ကစားရင်းကပင်အခြားယောက်ျား လေးသူငယ်ချင်းများနည်းတူ သစ်ပင်လိုက်၍တက်လျှင်ထို ‘ဟဲ့ …မိန်းကလေးဖြစ်ပြီးတော့’ဆိုသည့်အသံကိုကြားရမည်။ ဂေါ်လီလိုက်၍လှိမ့်လျှင်၊ ဘောလုံးလိုက်၍ ကန်လျှင်၊စစ်တိုက်တမ်းကစားလျှင်၊ လေချွန်လျှင် ‘ဟဲ့…မိန်းကလေးက’ဆိုသည့် စကားကိုနားဆင်ရမည်။ယုတ်စွအဆုံး မိမိမွေးကတည်းက နေထိုင်ခဲ့သည့်အိမ်၏ ဝရန်တာကိုချိတ်တက်လျှင်ပင် ‘ဟဲ့…မိန်းကလေးကလည်း’ဆိုသည့်ဓာတ်ပြားဟောင်းက အလိုအလျောက် ဖွင့်ပြီးသား ဖြစ်လေသည်။
”ဟဲ့..မိန်းကလေးဖြစ်ပြီးသစ်ပင်ပေါ်မတက်နဲ့”
”ဘာဖြစ်လို့လဲ”
”ပြုတ်ကျလိမ့်မယ်၊ဆင်း”
”မိန်းကလေး သစ်ပင်တက်လို့ ပြုတ်ကျမယ်ဆိုရင် ယောကျ်ား လေးကရော မပြုတ်ကျနိုင်ဘူးလား”
ထိုပြောစကားများသည ်ကျွန်မအဒေါ်များ သို့မဟုတ် အိမ်နီးဝန်းကျင်မ ှဦးကြီး၊ ဒေါ်ကြီးများနှင့် ကျွန်မတို့ အပြန်အလှန် ပြောရလေ့ရှိသည့် စကားများဖြစ်သည်။အကြောင်းအရာသာ ကွဲသွားမည်။သူတို့ပြောမည့် စကားလုံးများ၏ အစသည် ‘မိန်းကလေးဖြစ်ပြီးတော့’ဆိုသည့်စကားကတော့မည်သည့်အခါမျှမလွဲပေ။
ကျွန်မ၏ ငယ်ဘဝတစ်လျှောက်တွင် သူတို့ပြောသည့် ဆုံးမစကားများကိုကလန်ကဆန် လုပ်လိုစိတ်နှင့် ယုတ္တိရှိသည့် အဖြေတစ်ခုက ိုရလိုစိတ်ကကြီးစိုးခဲ့သည်။ကျွန်မကို ပြောကြသည့် ဆုံးမစကားများ၏ အဓိပ္ပာယ်က ိုသိလိုသည်။အကြောင်းပြချက် မခိုင်လုံသည့် ဆုံးမစကားများကို ကျွန်မမကြိုက်။ဥပမာ- မိန်းကလေးဖြစ်နေ၍ လေမချွန်ရ ဆိုသည့်စကားမျိုးဖြစ်သည်။
လူဖြစ်ကြရခြင်း အတူတူ မိန်းကလေးအဖြစ် မွေးဖွားကြီး ပြင်းရသည့် လူတစ်ယောက်အတွက် မဆုံးနိုင်သော အဆိုအမိန့်၊အယူအဆ၊ဓလေ့ထုံးစံများက မမြင်နိုင်သည့်ဖိအားများ ဖြစ်ခဲ့ရသည်။
ငယ်စဉ်က ပင်သဘာဝမကျသည့် ဆုံးမစကားများ၊ အကြောင်းပြချက်မရှိသော ချုပ်ချယ်မှုများကိုမနှစ်မြို့သော ကျွန်မသည် ကျွန်မစာအုပ်စင်ပေါ်သို့မည်သို့မည်ပုံ ရောက်လာမှန်းမသိသည့် စာအုပ်ထဲက ဆုံးမစာများကိုအဘယ်မှာနှစ်မြို့နိုင်ပါမည်နည်း။စာရေးဆရာသည် သူရေးထားသောစာအုပ်ကို မီးနှင့်ရှို့မပစ်ခဲ့သည့်အတွက် ကျွန်မအား ကျေးဇူးပင်တင်သင့်သေး တော့သည်။
သည်လိုနှင့်မိန်းကလေးတစ်ယောက ်တဖြည်းဖြည်းအရွယ် ရောက်လာချိန်တွင် လိုက်နာစရာ၊ ဆောင်စရာ၊ ရှောင်စရာ စည်းမျဉ်းဥပဒေသများက ပို၍သာ များလာခဲ့သည်။
‘မိန်းကလေးဆိုတာ ထမင်း၊ဟင်းချက်တတ်ရမည်’
‘နေဝင်သည်နှင့် အိမ်ထဲမှအိမ်ပြင်သို့ မထွက်ရ’
‘မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖ ိငြိမ်ငြိမ်ဝပ်ဝပ် နေရမည်’
‘တိတ်ဆိတ်ငြိမ်သက်ခြင်းသည် မိန်းမတစ်ယောက်အတွက ်အကောင်းဆုံး အဆင်တန်ဆာ’
စသည့် မိန်းကလေးများအတွက ်သီးသန့် သတ်မှတ်ထား သောမဆုံးနိုင်သည့် စည်းမျဉ်းစည်းကမ်းများ၊ကန့်သတ်ချက်များ၊သတ်မှတ်ချက်များစွာကိုဖန်တရာတေအောင် ကြားကြရမည်ဖြစ်သည်။
မိန်းမသားများအတွက် ဆုံးမစကားတို့က နေရာအနှံ့တွင်ရှိသည်။မိဘဆွေမျိုးများ ထံတွင်လည်းရှိသည်။ပတ်ဝန်းကျင်တစ်ခုလုံး၏ ပါးစပ်ဖျားတွင်လည်း ရှိသည်။စာနှင့်ပေနှင့်မှတ်တမ်းတင်၍ လည်းရှိသည်။တချို့ဘုန်းတော်ကြီးများ ဟောသည့်တရားများ၌ပင် မဆီမဆိုင်အမျိုးသမီးများကို နှိမ်ချစော်ကားသည့် စကားများပါသည်။အမျိုးသမီးများကို ဆုံးမသည့်စကားများ၊စာအုပ်စာပေများကား ပြောမကုန်အောင် ရှိသည်။
စာတစ်တန်၊ ပေတစ်တန် ရေးဖွဲ့ခဲ့ကြသူအများစုမှာ ယောက်ျားများသာ ဖြစ်သည်။အချို့စည်းကမ်းချက်များမှာ မိန်းမမုန်းသည့် စိတ်ရောဂါဖြစ်နေသူများ ရေးသားထားသလားဟု ထင်ရလောက်အောင် တစ်ဖက်သတ် ဆန်လွန်းသည်။အချို့ဆုံးမစာများမှာမူ အမျိုးသမီးများအား နှိမ်ချစော်ကားလိုခြင်းက ိုအထင်းသား မြင်နေရသည်။ ယောကျ်ားများအတွက ်အလိုအလျောက် အသာစီးရပိုင်ခွင့် ပေးထားသည့်စကားလုံးများဖြစ် နေသည်။
အိမ်ထောင်ရေးဆိုင်ရာ အဆိုအမိန့်များတွင်လည်း အမျိုးသမီးများကို အမျိုးသားများထက် အဆင့်နှိမ့်၍ သြဝါဒခြွေကြသည်။အိမ်ထောင်ရေးသာယာစေရန်အတွက ်အစစအရာရာ အလိုလိုက်အကြိုက်ဆောင် ဖြည့်ဆည်းပေးရန ်တာဝန်အရှိဆုံးသူများမှာ အမျိုးသမီးများဖြစ်နေကြောင်း အတင်းအဓမ္မပုံဖော် ပြသည်ကို တွေ့နေရသည်။
အချို့ဆုံးမစကားများ၊စည်းမျဉ်းများက ိုကျွန်မခွဲခြမ်းစိတ်ဖြာကြည့်မိသည်။ဥပမာ- ‘မိန်းကလေးသည် နေဝင်လျှင် အိမ်ထဲမှအိမ်ပြင်သို့မထွက်ရ’ဆိုသည့်ဆုံးမစကားနှင့်ပတ်သက်၍ စဉ်းစားမိသည်။ထိုဆုံးမစကားသည် အခြားသောစကားများနှင့်နှိုင်းစာလျှင် ပို၍အဓိပ္ပာယ်ရှိသေးသည်။ယုတ္တိရှိသေးသည်။ဘာကြောင့်ထိုသို့ဆုံးမရသနည်း။ နေဝင်၍အပြင်သို့ထွက်လျှင် အန္တရာယ်ဖြစ်မည်စိုး၍ ဖြစ်သည်။ထို့ထက်ပို၍စဉ်းစားရလျှင် ယောက်ျားများထံတွင် နှောင့်ယှက် စော်ကားခံရမည်က ိုစိုး၍ဖြစ်သည်။ စေတနာနှင့် ဆုံးမပဲ့ပြင်သောစကားဟု ဆိုနိုင်သည်။
သို့သော် ထိုသို့ဆုံးမနေခြင်းထက် နေဝင်သည့်တိုင် အပြင်ထွက်ရန် လိုအပ်သည့်အမျိုးသမီးများအတွက် လုံလောက်သော အကာအကွယ်ပေးမည့်စနစ်များ ဖော်ဆောင်ရမည်။အမျိုးသမီးများကို အပြင်မထွက်ရန် တားမြစ်ခြင်းထက အန္တရာယ်နှင့်ကြုံပါက မည်သို့တုံ့ပြန ်ကာကွယ်ရမည်ဆိုသည့်ပညာရပ်များက ိုငယ်စဉ်ကပင် လေ့ကျင့်သင်ကြားပေးထားသင့်သည်။
အလားတ ူအမျိုးသမီးများအား လိုက်လံနှောင့်ယှက်သည့် ယောက်ျားများအား ပြင်းထန်သောဥပဒေများဖြင့် ထိရောက်စွာ အပြစ်ပေးမည့် စနစ်များကိုဖန်တီးထားရမည်။အမျိုးသမီးများ အချိန်အခါမရွေး လုံခြုံစိတ်ချစွာ သွားလာနိုင်မည့် အခြေအနေများက ိုလုပ်ဆောင်ပေးရမည ်မဟုတ်ပါလား။
ယခုမူကား မိန်းမသားတို့သည် ဆိုဆုံးမခံရခြင်းများ၊စည်းမျဉ်းစည်းကမ်းများနှင့် ကြီးပြင်းခဲ့ရသော်လည်း ညအချိန်မဆိုထားနှင့်၊ နေ့အချိန် လူစည်ကားရာ အရပ်သို့သွားသည့်တိုင် ဘေးဘီဝဲယာမှ ယောက်ျားသားများ၏ ပါးစပ်အရသာခံခြင်း၊နှုတ်ဖြင့် စော်ကားခြင်းများက ိုခံနေရသည်။
ထိုမျှလောက် စေတနာပါပုံရသော၊အဓိပ္ပာယ်အနည်းငယ်ရှိသော စကားသည်ပင်လျှင် ဤမျှလွဲချော်ချက်များ ရှိနေလျှင ်အခြားသောဆုံးမစကားများသည ်မည်မျှ အဓိပ္ပာယ်မဲ့လိုက်မည်နည်း။
ကာကွယ်ပေးရန် တာဝန်ရှိသူများကပင်လျှင် ‘စကတ်အတိုဝတ်လို့ မုဒိမ်းမှုဖြစ်တာ၊အမျိုးသမီးတွေ စကတ်အတိုမဝတ်ကြနှင့်’ဟူသည့် တားမြစ်ချက်များကို အချို့မြို့ရွာများရှိ လူမြင်ကွင်း လမ်းဆုံလမ်းခွ၌ပင် ဆိုင်းဘုတ်ထောင်၍ တားမြစ်ထားသည်ကို တွေ့နိုင်သည်။မည်မျှ ညံ့ဖျင်း နုံနဲ့လိုက်သည့်အတွေးအခေါ်နည်း။
ထိုမျှမက ကျွန်မတို့၏ လူ့အဖွဲ့အစည်းသည်လည်း အကျူးလွန်ခံ မိန်းမသားများကိုဆုံးမစကားများဖြင့် ထိန်းကွပ်ရန ်ကြိုးစားတတ်ကြသလောက ်ကျူးလွန်သူတရားခံများဖြစ်သည့် ယောက်ျားများကိုမူ ခွင့်လွှတ်နိုင်စွမ်း ရှိကြသည်။ ယောက်ျားများထံတွင် စော်ကားနှောင့်ယှက်ခံရသည့် အမျိုးသမီးကိုသာ ဦးစွာ အပြစ်တင်လိုသည့်စိတ်က ပို၍များသည်။
မိန်းကလေးတစ်ယောက်အား အဓိပ္ပာယ်မည်မည်ရရမရှိ သောဆုံးမစကားအချို့ကို သုံးနှုန်းကာ ထိန်းကွပ်ရန် ဝန်မလေးသည့်ကျွန်မတို့လူ့အဖွဲ့အစည်းသည် ယောက်ျားများက လူ့ကျင့်ဝတ်အရဖြစ်စေ၊ဘာသာရေးအရဖြစ်စေ တားမြစ်ထားသည့် အပြစ်ကြီးများကို ကျူးလွန်သည့်တိုင် ‘ယောက်ျားပဲလေ’ဟုဆိုကာ ခွင့်လွှတ်နိုင်စွမ်း ရှိကြသည်။လွတ်လပ်စွာ ရှင်သန်ကြီးပြင်းခွင့်ရသည့် ထိုယောက်ျားအများစုသည ်ပတ်ဝန်းကျင်အမြင်တွင ်ဘာလုပ်လုပ်တင့်တယ်ကြသည်။ ယောက်ျားဖြစ်နေ၍ ခွင့်လွှတ်ခြင်းက ိုခံကြရသည်။
လက်တွေ့ကျကျ တွေးခေါ်ရလျှင် မိန်းမသားများလိုက်နာ နေရသည့် စည်းမျဉ်းစည်းကမ်းများ၊ဆုံးမစကားများသည် သူတို့ကို အမှန်တကယ် အကာအကွယ်ပေးနေသည့် အရာများမဟုတ်။တစ်ဖက်သတ်ဆန်သည့် ကန့်သတ်ချက်များသာ ဖြစ်နေသည်က များလေသည်။
‘မိန်းကလေးဆိုတာ ထမင်းဟင်းချက်တတ်ရမည်’ဆိုသည့်စကားသည် ယနေ့ခေတ်ပညာတတ်ပြီး ကိုယ့်ခွန်ကိုယ့်အားနှင့် လုပ်ငန်းခွင်ဝင်နေကြသည့် အမျိုးသမီးများအတွက် များစွာဝန်ထုပ်ဝန်ပိုး ဖြစ်၍နေသည်။ပညာမတတ်၊ဝင်ငွေရအလုပ်ကို လုပ်ကိုင်နိုင်စွမ်းမရှိသည့် မိန်းမများက လက်ခံကောင်းလက်ခံနိုင်သော်လည်း ပညာတတ်၊အလုပ်လုပ်နိုင်သူ အမျိုးသမီးများအတွက ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အမျိုးသားအများစုအတွက ်ထာဝရအသာစီးရနေစေသည့် ဆုံးမစကားပင်။
အမျိုးသမီးတစ်ယောက်အဖြစ် မွေးဖွားကြီးပြင်းလာသည့် ကျွန်မအတွက်ဆိုလျှင် ထိုသို့သောဆုံးမစကားများ မလိုအပ်။ကျွန်မအား ထိုသို့ဆုံးမနေခြင်းထက် ပညာတတ်ဖြစ်အောင် သင်ကြားပေးစေ ချင်သည်။မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည့်လူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပေးစေလိုသည်။လူပီသစွာ နေထိုင် အသက်ရှင်ရန်အတွက် လောကနီတိ၊ ပြည်သူ့နီတိများက ိုသာသင်ကြားပြသ စေလိုသည်။
အလားတူ သားယောက်ျားလေးများ မွေးထားသည့် မိဘများသည် မိမိတို့၏သားငယ်များကို အမျိုးသမီးများအား တန်ဖိုးထားတတ်စေရန် ငယ်စဉ်ကတည်းက သွန်သင်သင့်သည်။အမျိုးသမီးတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် လှောင်ပြောင် စော်ကားရန်အတွက် မဟုတ်၊လူသားချင်း အတူတူတန်းတူညီမျှ တန်ဖိုးထားတတ်စေရန် လိုအပ်ကြောင်း ဆုံးမသင့်သည်။
သမီးမိန်းကလေးများက ိုသင်ကြားဆုံးမသည့်နည်းတူ သားယောက်ျားလေးများကိုလည်း မိမိတို့၏ ဝေယျာဝစ္စများ ဖြစ်သည့် ချက်ပြုတ်လျှော်ဖွပ်ခြင်းများကို တတ်မြောက်စေရန် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြား ပေးသင့်သည်။တစ်ကိုယ် ရေလုပ်ငန်းဆောင်တာများက ိုမိမိဘာသာတာဝန်ယူတတ် သော၊အချောင်မခိုတတ်သော ယောက်ျားကောင်းများ ဖြစ်လာ စေရန် အဆိုအမိန့်များ၊ဆုံးမစကားများနှင့် ထိန်းချုပ်ရန ်လိုအပ်သည့် ခေတ်ကို ရောက်လာပြီဖြစ်သည်။
ထို့ကြောင့်အရပ်စကားဖြင့်ဖြစ်စေ၊စာတစ်တန် ပေတစ်ဖွဲ့ ဖြင့်ဖြစ်စေ အမျိုးသမီးများအား ဆုံးမသည့်ဆုံးမစာတို့သည် သည်လောက်ဆိုလျှင် လုံလောက်ပြီ။မိန်းမသားများအတွက် သတ်မှတ်ကန့်သတ်ထားသော စည်းမျဉ်းစည်းဘောင်များသည် လုံလောက်ရုံသာမက ပိုလျှံ၍ပင် နေပေပြီ။လူမှုအသိုင်းအဝိုင်းတွင် ယောက်ျားအဖြစ် မွေးဖွားလာသူများအတွက် သာဆုံးမစကားများနှင့် ဥပဒေသများ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာရန် လိုအပ်နေပေပြီ။
အမျိုးသမီးများအား အမှန်တကယ် ကာကွယ်မှုပေးလိုလျှင်၊လိမ်မာရေးခြားရှိစေလိုလျှင် ပညာတတ်ဖြစ်အောင်သင် ပေးပါ။လူပီသစွာ နေထိုင်ရပ်တည်နိုင်ရန်၊မိမိကိုယ်စွမ်းကိုယ်စ ဖြင့်ရှင်သန်ကြီးပြင်းနိုင်ရန ်သင်ကြားပေးပါ။မိမိကိုယ်ကိုယ်ကာကွယ်နိုင်သည့်သတ္တိဗျတ္တိနှင့် ပြည့်စုံသူများအဖြစ် လေ့ကျင့် သင်ကြားပေးပါ။အမျိုးသမီးများအတွက ်လုံခြုံစိတ်ချစွာ နေထိုင်သွားလာခွင့်ရှိမည့် ပတ်ဝန်းကျင်မျိုးနှင့် ဥပဒေများပြဋ္ဌာန်း ပေးကြပါ၊အမျိုးသားများက ိုပိုမို၍ထိန်းသိမ်းကြပ်မတ် ကြပါဟုသာ ပြောချင်မိသည်။
အမျိုးသမီးများအား ‘ငါတို့ပညာပေးမှပ ဲမိန်းမတွေ ပညာရတော့မယ်’ဆိုသည့်ဟန်ဖြင့် တစ်ဆင့်နှိမ့်၍ ရေးသားဖော်ပြ နေကြသည့် ဆုံးမစာများ၊အဆိုအမိန့်များသည် ခေတ်ကာလနှင့်မလျော်ညီတော့သဖြင့် ရပ်တန်းက ရပ်သင့်ပြီ။
ကျွန်မငယ်စဉ်က ဖတ်ခဲ့ဖူးသည့် ထိုစာအုပ်အဝါကလေးသည် ကျွန်မကြီးပြင်းခဲ့သည့် နယ်ကအိမ်တွင် ယနေ့တိုင်ရှိသေးသည်။အကယ်၍သာ တစ်ချိန်တွင်ကျွန်မသည ်သမီးရှင်တစ် ယောက်ဖြစ်ခဲ့သည်ရှိသော် ကျွန်မ၏သမီးအား မည်သည့်အခါမျှ ပေးမဖတ်မည့် စာအုပ်တစ်အုပ်လည်းဖြစ်၏။ဤသည်မှာမြီး ကောင်ပေါက်အရွယ်က ကျွန်မဖတ်ဖူးခဲ့သည့် ထိုစာအုပ်နှင့်ကျွန်မမုန်းဖူးခဲ့သည့်စာရေးသူကို ပြန်လည်အမှတ်ရရင်း တွေးမိ သောအတွေးစုများသာ ဖြစ်လေသည်။။
၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၃၈)မှအက်ဆေး ဖြစ်ပါသည်။
မြတ်စုမွန် ရေးသည်။