ရန်ကုန်- ၂၀၂၃ မတ် ၂၂ (မော်ကွန်း)
ရန်ကုန်မြို့ရှိပြည်သူတွေလာမယ့်သင်္ကြန်မှာအပြင်မထွက်ဘဲ တိတ်တဆိတ်ဖြတ်သန်းပြီး စစ်ကောင်စီကို တော်လှန်ကြဖို့ရန်ကုန်ရှိတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်။
“တစ်နိုင်ငံလုံး အပူမီးတွေလောင်နေပါတယ်၊အတာရေလည်းမအေးနိုင်ပါဘူး။ ရန်သူက သူ့ရဲ့ဘောင်ဝင်မှုကိုပြသချင်လို့ အတင်းကိုစည်ကားအောင်လုပ်ပါလိမ့်မယ်။ တစ်ကမ္ဘာလုံးကို လိမ်ပါလိမ့်မယ်။ ဒါကြောင့် ရန်သူကစည်ကားစေချင်တဲ့အချိန်မှာ အပြင်မထွက်ဘဲနေခြင်းဖြင့် တော်လှန် နှစ်သစ်ကို ကူးကြရအောင်လို့ပဲပြောချင်ပါတယ်” လို့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဗဟန်းမြို့နယ်အခြေစိုက်ပျောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Bahan Guerrilla Force ကလည်း “ ပျော်ချင်ကြလည်း ကြိတ်ငိုနေရသူတွေကိုတွေးပြီး တိုးတိုးတိတ်တိတ် ပျော်ပေးကြပါ။ တိုးတိုးတိတ်တိတ်ဆိုတာ ခိုးကြောင်ခိုးဝှက်လို့အဓိပ္ပါယ်မရပါဘူး။ ကိုယ်ချင်းစာတရားကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ မြို့တော်ခန်းမရှေ့နဲ့ပြည်သူ့ရင်ပြင်မှာ ရေကစားမဏ္ဍပ်တွေဆောက်လုပ်နေသလို မြို့နယ်အလိုက်ရေကစားမဏ္ဍပ်ဆောက်လုပ်လိုသူတွေကိုလည်းဖိတ်ခေါ်နေကြောင်း သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာနဲ့ပြည်တွင်းက ဒီဂျေတွေလာရောက်ဖျော်ဖြေကြမယ့် Rangoon Water Festival၊ Myanmar Thingyan Music Festival၊ Thingyan Vina Festival၊ Sodden Water Festival တို့ကိုလည်း စစ်ကောင်စီကကျင်းပခွင့်ပြုထားတယ်လို့သိရပါတယ်။
ရန်ကုန်ပျောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့ကတော့ Rangoon Water Festival မှာပါဝင်မယ့် ပြည်တွင်းဒီဂျေတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်မှာမပါဝင်ကြဖို့ သတိပေးထားပြီး ဆက်လက်လုပ်ဆောင်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ယခုလ ၁၅ ရက်က နောက်ဆုံးအကြိမ်သတိပေးထားပါတယ်။
လက်ရှိ ရန်ကုန်မြို့အတွင်းမှာ စစ်ကောင်စီဘက်တော်သားတွေ ခပ်စိပ်စိပ်ပစ်သတ်ခံရနေပြီး စစ်ကောင်စီက မြို့နယ်တစ်ချို့မှာ ရှောင်တခင်ဧည့်စာရင်းစစ်တာတွေအပြင် လုံခြုံရေးတင်းကြပ်လာတာကိုမြင်တွေ့ရပါတယ်။
#Dailynews

