ရန်ကုန်၊ ၂၀၂၃ မေ ၂၂ (မော်ကွန်း)
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းတွေပျက်စီးခဲ့ပြီး စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းခန့်ဟာ နေထိုင်ရေးအခက်အခဲဖြစ်နေတယ်လို့ အဆိုပါစစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့မြို့နယ်တွေက စစ်ဘေးရှောင်စခန်း ၅၀ ခန့် ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေဟာ ယာယီစခန်းတွေဖြစ်တဲ့အတွက် မုန်တိုင်းကြောင့် အားလုံးနီးပါးပျက်စီးသွားခဲ့ကာ အရေးပေါ်နေထိုင်ရေးအတွက် နေရာချထားပေးဖို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက မော်ကွန်းကိုပြောပါတယ်။
“ပြန်လည်နေရာချထားရေးကိစ္စတွေက တော်တော်လေးကို အရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။ အခုဆိုရင် သူတို့ဟာ ကျေးရွာဘက်တွေမှာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ သွားရှောင်တယ်။ ဒါပေမယ့် အဲ့ဒီနေရာတွေမှာလည်း အမိုးအကာတွေ အကုန်ပျက်စီးတာတွေဖြစ်နေတော့ နေစရာမရှိဘူးဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေ ပြန်လည်ပြင်ဆင်ဖို့နဲ့ ယာယီနေထိုင်နိုင်ရေးအတွက် အမိုး၊ အကာတွေ လိုအပ်နေတယ် မုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းတစ်ခုလုံးပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က တိမ်ညိုစစ်ရှောင်စခန်း တာဝန်ခံတစ်ဦးကပြောပါတယ်။
“အမိုးအကာတွေ ဈေးကလည်း လိုက်မမီအောင်တက်နေတယ်။ ပြန်ပြင်ပြီး နေလို့ရအောင် ရသလောက်တော့ ပြင်နေတာပေါ့။ စခန်းကလည်း တစ်ခုလုံးနေလို့မရအောင်ပျက်သွားတာ၊ စခန်းကလူတွေကတော့ အခုလတ်တလောမှာ နီးစပ်တဲ့ရွာတွေမှာ ခိုနေကြရတယ်၊ အဲ့ဒါလည်း အမိုးအကာမရှိဘာမရှိနဲ့ နေကြရတယ်၊ ကြာရင် ကျန်းမာရေးထိခိုက်လာမယ်” လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က စားနပ်ရိက္ခာထောက်ပံ့မှုအချို့တော့ စတင်ရရှိနေပြီလို့ မြောက်ဦးမြို့နယ် မြို့ဦးဖိုးခေါင်စစ်ဘေးရှောင်စခန်းက တာဝန်ခံတစ်ဦးက ပြောပါတယ်။
“မနေ့ကတော့ WFP က စားနပ်ရိက္ခာအတွက်ဆိုပြီး ထောက်ပံ့ကြေး တစ်ဦးကို တစ်လကို နှစ်သောင်းခွဲကျပ်နှုန်းနဲ့ နှစ်လစာ ငါးသောင်းစီပေးသွားတယ်။ ကလေးတွေအတွက် အဟာရမှုန့်တို့ ဆပ်ပြာတို့ ဆေးဝါးတို့လည်း ထောက်ပံ့ပေးသွားတယ်လို့” လို့ သူကပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ အဆိုပါ စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်ဖို့ မြေပြင်မှာ စာရင်းကောက်ယူမှုတွေကို ကွင်းဆင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
AA လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ခုနစ်သောင်းခန့် နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ UNHCR က မေ ၁ ရက်ကထုတ်ပြန်ထားပါတယ်။
ပုံစာ – ကျောက်တော်မြို့နယ်က ပျက်စီးသွားတဲ့ စစ်ဘေးရှောင်စခန်း
Photo – Supplied
#Dailynews

