လွှတ်တော်ကို နားရွက်တံတွေးဆွတ်သည့် ၄၈ ပွင့်

လွှတ်တော်ကို နားရွက်တံတွေးဆွတ်သည့် ၄၈ ပွင့်

ဇန်နဝါရီ၊ ၂၀၁၅
ဇန်နဝါရီ ၁၂ ရက်က သမ္မတ၏ ဖိတ်ကြားမှုဖြင့် နေပြည် တော်ရှိ သမ္မတအိမ်တော်၌ နိုင်ငံရေးပုဂ္ဂိုလ် ၄၈ ဦး တွေ့ဆုံခဲ့ခြင်း သည် ဥပဒေပြုလွှတ်တော်ကို နားရွက် တံတွေးဆွတ်လိုက်သလို ဖြစ် သွားသည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကသမ္မတ၊ ကာချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယကတို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံ၍ နိုင်ငံရေးအကျပ်အတည်းများကို ဆွေးနွေးရန် တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်နေသော သူရဦးရွှေမန်းကသာ သဘောတူလက်ခံခဲ့ပြီး သမ္မတနှင့် ကာချုပ်တို့ဘက်ကမူ အကြောင်းအမျိုးမျိုးပြ၍ တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့မလာမီ နှစ်ပတ်အလိုတွင်တော့ “နိုင်ငံရေးအင်အားစုငါးစု” ဟု အမည်တပ်ကာ ယင်းလေးဦးအပါအဝင် အခြားပုဂ္ဂိုလ်များကိုပါ သမ္မတက ဖိတ်ကြားပြီး ၁၄ ပွင့်ဆိုင်တွေ့ဆုံစေခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် လူတစ်ဦးလျှင် ၁၀ မိနစ်စီ ဆွေးနွေးခွင့်သာရခဲ့ပြီး မည်သည့် အကြောင်းအရာမှလည်း မည်မည်ရရ ဆွေးနွေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် ဆုံးဖြတ်ချက်လည်း မချနိုင်ခဲ့ပေ။
တိုင်းပြည်အတွက် တစ်စုံတစ်ရာရလဒ်မထွက်သော ယင်းဆွေးနွေးပွဲကို လာမည့်ဆွေးနွေးပွဲများ၏ အစသာဖြစ်ကြောင်း သမ္မတဘက်မှ ပြောဆိုခဲ့သည်။ ယင်းသို့ရလဒ်မထွက်သော ဆွေးနွေးပွဲအစား ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားသော လေး ပွင့်ဆိုင်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းရင်းသားကိုယ်စားပြုသူတစ်ဦးကို ထည့်သွင်းပြီး ခြောက်ပွင့်ဆိုင်ရန် ပြည်ထောင်စုလွှတ်တော်က တညီတညွတ်တည်း တိုက်တွန်းပြန်သည်။
ပြည်ထောင်စုလွှတ်တော်၏ တိုက်တွန်းမှုသည် သမ္မတပြု လုပ်ပေးမည့် ၁၄ ပွင့်ဆိုင်နှင့်ပင် ဝေးသွားစေနိုင်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့သည်။
ယခုနောက်ဆုံးပြုလုပ်သော ဆွေးနွေးပွဲတွင်တော့ သမ္မတ က “နိုင်ငံရေးအင်အားစုငါးစု”ဟု ၎င်းတို့ရည်ညွှန်းသော ပုဂ္ဂိုလ် ၁၄ ဦးအပြင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦးနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်တိုင်းရင်းသားပါတီတို့မှ ကိုယ် စားလှယ်တစ်ဦးစီ ထည့်သွင်းပြီး စုစုပေါင်း ၄၈ ပွင့် ဆိုင်စေခဲ့သည်။ ယင်းကာလသည်လည်း တိုက်ဆိုင်စွာပင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသာ မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်တွင်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ပါဝင်သော တိုင်းရင်းသားရေးရာဝန်ကြီးများဆိုသည်မှာ အစိုးရအဖွဲ့ဝင်များပင်ဖြစ်ကြပြီး ၎င်းင်းတို့ သည် ၂၀၁၀ ရွေးကောက်ပွဲများမှ တက်လာကြသူများဖြစ်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသောယင်းရွေးကောက်ပွဲမှတစ်ဆင့် တက်လာသူများသည် တိုင်းရင်းသားများကို မည်မျှကိုယ်စားပြုသနည်းဟူသည်မှာလည်း မေးခွန်းထုတ်စရာပင်ဖြစ်နေသည်။
အုပ်ချုပ်ရေးယ္တရား လက်အောက်တွင်ရှိသော ယင်းတိုင်း ရင်းသားရေးရာဝန်ကြီးများ၏အသံကို နားထောင်လိုပါက သမ္မတအနေဖြင့် မည်သည့်အချိန်တွင်မဆို ခေါ်ယူတွေ့ဆုံနိုင် သည်။ သို့သော် သမ္မတအနေဖြင့် ၎င်းင်းတို့ကို တိုင်းရင်းသားအသံ ကိုယ်စားပြုသည်ဟုဆိုကာ ဆွေးနွေးပွဲသို့ ထည့်သွင်းပြီး ဆွေး နွေးစေခဲ့သည်။
သမ္မတနှင့် ဒုတိယသမ္မတနှစ်ဦးအပါအဝင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ၂၈ ဦးဖြင့် အုပ်ချုပ်ရေးဘက်ကပင် ၃၁ ဦးထည့် သွင်းပြီး ဆွေးနွေးသည့်အတွက် ဆွေးနွေးပွဲချိန်ခွင်လျှာ ဇောက်ထိုးပင်ဖြစ်စေခဲ့သည်ဟု ဆိုနိုင်သည်။
အဆိုပါပွဲတွင်ဆွေးနွေးသည့်ကိစ္စများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနှင့် လာမည့် ရွေးကောက်ပွဲကိစ္စတို့ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာများ က သတင်းထုတ်ပြန်သည်။
တိုင်းရင်းသားများအားလုံး၊ အတိုက်အခံအင်အားစုတို့နှင့် ပြည်သူများတောင်းဆိုနေကြသည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပင်ဖြစ်သည်။ မျိုးစေ့မှန်မှသာ အပင်သန်မည်ဖြစ် သဖြင့် စစ်အာဏာရှင်များတစ်ဖက်သတ်ရေးဆွဲထားပြီး ဒီမိုကရက်တစ် စံနှုန်းများနှင့် မကိုက်ညီသော အဆိုပါအခြေခံဥပဒေ ကို ပြင်ဆင်နိုင်မှသာလျှင် ဒီမိုကရေစီ ဖော်ဆောင်နိုင်မည် ဖြစ်သည်။
ယင်းတို့ကိုလျစ်လျူရှုပြီး ၎င်းင်းတို့လိုချင်သည့် လူကိုသာ ရွေးဖိတ်ပြီး ဆွေးနွေးစေခြင်းသည် ရုပ်ပြတွေ့ဆုံပွဲသာ ဖြစ်လာ သည်။ “မတွေ့တာထက် တွေ့တာက ကောင်းပါတယ်”ဟု ၁၄ ပွင့် ဆိုင်အပေါ် မလိုလားသည့်တိုင် နားလည်ပေးသော ဒေါ်အောင် ဆန်းစုကြည်ပင်လျှင် ယခုတစ်ကြိမ်တွင်တော့ ဘယ်လိုမူနှင့် ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို ဖိတ်ကြားဆွေးနွေးခဲ့သလဲ ဆိုတာကို စဉ်းစားရခက်နေသည်ဟု တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်တွေကို ညဉ်းတွားပြောဆိုခဲ့သည်။
ပြည်သူငါးသန်းက တောင်းဆိုထားပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ဆွေးနွေးရန် တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကို ဆွေးနွေးသည့်ခေါင်းစဉ်ထဲတွင် ထည့်သွင်းမထားသည့်အပြင် ပြည်ထောင်စုလွှတ်တော်က ရွေးချယ် ထားသော တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်အစား ယင်းတို့ပါတီတွင် ၎င်းထက်ရာထူးနိမ့်သော ဦးအေးသာအောင်အား အမည်တပ်ဖိတ်ကြားဆွေးနွေးစေခဲ့ရာ ပြည်သူ့ဆန္ဒ ကို ဂရုမစိုက်သည့်အပြင် လွှတ်တော်၏နားရွက်ကိုပါ တံတွေးဆွတ်လိုက်ရာကျသွားသည်။
အခုရက်ပိုင်းအတွင်းပင် လွှတ်တော်ပြန်စတော့မည်ဖြစ်ရာ ယင်းကိစ္စကို လွှတ်တော်က မည်သို့ကိုင်တွယ်မည်ကိုတော့ စောင့်ကြည့်ရပေဦးမည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."