လွှတ်တော်ကို အလေးမထား ထင်ရာစိုင်းနေသည့် ရန်ကုန်တိုင်းအစိုးရ

လွှတ်တော်ကို အလေးမထား ထင်ရာစိုင်းနေသည့် ရန်ကုန်တိုင်းအစိုးရ

၂၀၁၈ ဖေဖေါ်ဝါရီထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

ရန်ကုန်(ဖေဖေါ်ဝါရီ ၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြဆွေး နွေးခြင်းမရှိဘဲ အစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်နေပြီး စီမံကိန်းများမှာလည်း အောင်မြင်မှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က ဝေဖန်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ ဘယ်စီမံကိန်းကိုမှ ကျွန်မတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်ပြခဲ့တာမရှိခဲ့ဘူး။ လွှတ်တော်က မေးလို့သာလာဖြေတာ။ စီမံကိန်းတစ်ရပ်အနေနဲ့ လွှတ်တော်ကိုတင်ပြရမယ်ဆိုတာမျိုးကို စီမံကိန်းဝန်ကြီးက လုံးဝမလုပ်ခဲ့ဘူး” ဟု ဝေဖန်သည်။ သူသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။

ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို)ကော်မတီ (မထသ)မှ  လွဲှပြောင်းပေးခဲ့သည့် ငွေများထဲမှ  ငွေကျပ်ငါးဘီလီယံဖြင့် ကျောင်းကားများဝယ်ယူခဲ့ခြင်းကို အစိုးရကလွှတ်တော်သို့မတင်ပြဘဲ အသုံးပြုခဲ့သည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီဟု ဆိုသည်။

“လွှတ်တော်လည်းမပြော၊ ဘယ်သူမှမပြောဘဲ အစိုးရက သူ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်ထည့်လိုက်တာ။ မထသက လွှဲတဲ့ငွေဟာ ပြည်သူ့ငွေ။ ဘတ်ဂျက်ငွေ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်နေပြည်သူလူထုကို သက်ရောက်မှုကြီးမားခဲ့သည့် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုစနစ် (YBS)၊ Yangon Water Bus လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီကိုလုပ်ခွင့်ပေးခြင်း၊ ကျောင်းကားစနစ်ပြုပြင်ပြောင်းလဲရန်ဆောင်ရွက်ခြင်း၊ လမ်းဘေး ဈေးသည်လျှော့ချခြင်းနှင့် ကျူးကျော်ရှင်းလင်းရေးစီမံချက်များမှာ လွှတ်တော်ကိုမတင်ပြဘဲ အစိုးရ၏ဆုံးဖြတ်ချက် ဖြင့်သာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

ဒီမိုကရေစီအစိုးရနှင့် ပွင့်လင်းမြင်သာမှု

ရန်ကုန်တိုင်းအစိုးရ၏ ဘတ်ဂျက်ငွေထဲမှ ငွေကျပ် ၇၀ ဘီလီယံ အသုံးပြုထားသည့် YBS စနစ်ပြောင်းလဲရာတွင်လည်း ပြောင်းလဲမှုမလုပ်မီ ခြောက်ရက်အလိုမှသာ လွှတ်တော်ကိုယ်စားလှယ်များကို အစိုးရအဖွဲ့ကအသိပေးခဲ့သည်။ အသိ ပေးသည့်အခါတွင်လည်း လွှတ်တော်ထဲတွင် တင်ပြခြင်းမဟုတ်ဘဲ မီဒီယာခန်းမအတွင်းမှာသာ အသိပေးခဲ့ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

YBS စနစ်မှာ တစ်နှစ်ကျော်သွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်းအစိုးရ၏ ယခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လပတ် အရအသုံးငွေလျာထားချက်စာရင်းတွင် ပါဝင်လာခြင်းမရှိသေးဟု ဦးကျော်ဇေယျက ထောက်ပြသည်။

တိုင်းဒေသကြီးအတွင်း၌ရှိသော လုပ်ငန်းများမှ တိုင်းဒေသကြီးအစိုးရရရှိမည့် အခွန်အခများ၊ မြေနေရာနှင့် အဆောက်အဦ ငှားရမ်းခမှရရှိသောဝင်ငွေများနှင့် တိုင်းဒေသကြီးအတွင်း သုံးစွဲရန်လျာထားသည့် အစိုးရ၏ ခြောက်လပတ် တ်ဂျက်ဖြစ်သည်။

“ခြောက်လပတ် အစိုးရ ဘတ်ဂျက်လျာထားချက် ထွက်ပြီ။ ဘယ်နေရာတွေက ငွေကြေးရနိုင်တယ်ဆိုတာ ခန့်မှန်ခြေ ပြရတယ်။ အဲဒီမှာ YBS က မပါဘူး။ အမှန်က ပါရမှာ။ ပါသင့်နေပြီ။ ကျပ်ငွေ ဘီလီယံ ၇၀ သုံးထားတယ်။ အဲဒါဘယ် ရောက်သွားလဲ” ဟုဦးကျော်ဇေယျက မေးခွန်းထုတ်သည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က YBS စနစ်ပြောင်းလဲရာတွင် အစိုးရမှ အသုံးပြုထားသည့် ကျပ်(၇၀)ဘီလီယံကို ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(Yangon Bus Public Company)နှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက် တို့တွင် ရင်းနှီးမတည်ငွေအဖြစ်ထည့်ဝင်ခဲ့သည်ဟု ပြီးခဲ့သည့်နှစ်ဒီဇင်ဘာတွင်ပြုလုပ်သည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

နှစ်စဉ်ရရှိမည့် ကုမ္ပဏီမှအမြတ်ဝေစုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဘတ်ဂျက် သာမန်ငွေစာရင်း ခေါင်းစဉ်တွင် သာမန်ရငွေအဖြစ်သာ စာရင်းတင်သွားမည်ဟုလည်းဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သလို ရန်ကုန်စောင့်ကြည့်အဖွဲ့ (Yangon Watch) တည်ထောင်သူလည်းဖြစ်သည့် ဒေါက်တာညိုညိုသင်းက အစိုးရ၏စီမံကိန်းများကို လုပ်ခွင့်ရသွားသည့် စီးပွားရေး လုပ်ငန်းရှင်များသည် သူတို့၏လက်ထဲတွင်ရှိနေသည့် တရားမဝင်ငွေများကို တရားဝင်ဖြစ်လာအောင် လုပ်လာနိုင် သောကြောင့် ရွေးချယ်မည့်ကုမ္ပဏီများသည် နိုင်ငံတော်ကိုအခွန်ဆောင်ပြီးသည့် ကုမ္ပဏီ ဟုတ်၊ မဟုတ် စီစစ်ရွေးချယ် သင့်သည်ဟု ဆိုသည်။

“အဲဒါကြောင့် စီမံကိန်းတွေက ပွင့်လင်းမြင်သာမှုရှိရမယ်လို့ပြောတာ” ဟု ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

YBS စနစ်တွင် Yangon Payment Service_YPS (ကတ်စနစ်)လုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် Excel KC Myanmar Co., Ltd ကုမ္ပဏီမှာ တင်ဒါမခေါ်မီနှစ်လအလိုမှသာ ထူထောင်ခဲ့သော ကုမ္ပဏီဖြစ်သည့်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ဦးကျော်ဇေယျက ထိုကဲ့သို့သောစီမံကိန်းကို လုပ်ကိုင်မည့်ကုမ္ပဏီမှာ နိုင်ငံတော်ကို အခွန်ဆောင်ထားသည့်ကုမ္ပဏီ ဖြစ်ရမည်ဆိုသော်လည်း တည်ထောင်ထားသည်မှာ လပိုင်းသာရှိသေးသည့် ကုမ္ပဏီကို  တင်ဒါပေးလိုက်ခြင်းမှာ နည်းလမ်းမမှန်ဟု ထောက်ပြသည်။

“ အခွန်ဆောင်တာက နှစ်ရှည်ကုမ္ပဏီမှ ဆောင်ထားမှာလေ။ လပိုင်းပဲရှိသေးတဲ့ကုမ္ပဏီကို တင်ဒါပေးလိုက်တာ မဟာ အမှားပဲ။ အဲဒီကုမ္ပဏီမှာ ဘယ်လုပ်ငန်းရှင်တွေပါတယ်ဆိုတာ အတိအကျတော့ မပြောနိုင်ဘူး။ အပြင်က လုပ်ငန်းရှင် တွေအနေနဲ့ ပြန်ကြည့်ရင် ဒီနေရာမှာ မသမာမှုဖြစ်နိုင်တယ်ဆိုတာ  သုံးသပ်လို့ရတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၇ ဇွန်အတွင်း လှည်းကူးမြို့နယ်မှ ကျူးကျော်များအားရှင်းလင်းနေစဉ် (Photo: Kyaw Zayar Tun)

ဆက်လုပ်မည့် စီမံကိန်းများ

ယခင်အစိုးရလက်ထက်ကတည်းက မြို့သစ်တည်ဆောက်မည်ဟုလျာထားခဲ့သည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ မြို့သစ် စီမံကိန်းကို ယခုအစိုးရလက်ထက်တွင် ဆက်လက်အကောင်အထည်ဆောင်ရွက်မည်ဖြစ်သည်။ ထိုမြို့သစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဖို့ အစိုးရက လွှတ်တော်သို့တင်ပြလာသည့်အခါတွင်လည်း လွှတ်တော်ပုံမှန် အစည်းအဝေး၌ တင်ပြခြင်းမျိုးမဟုတ်ဘဲ အရေးပေါ်အစည်းအဝေးတွင်တင်ပြကာ ဆွေးနွေးခွင့်တစ်ရက်သာ အချိန်ပေးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

စီမံကိန်းနှင့်ပက်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးချိန်မရခြင်း၊ စီမံကိန်းအချက်အလက်မပြည့်စုံခြင်းတို့ ကြောင့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် တင်ပြန်ဆွေးနွေးရန် လွှတ်တော်ကိုယ် စားလှယ်များက အစိုးရအဖွဲ့ကို တောင်းဆိုထားသော်လည်း မြို့သစ်စီမံကိန်းကို လွှတ်တော်သို့တင်ပြလာခြင်းမရှိသေးဟု ၎င်းတို့ကဆိုသည်။

၎င်းမြို့သစ်စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောက်ရွက်မည် ဖြစ်ပြီး စီမံကိန်းတွင်တိုင်းဒေသကြီးအစိုးရမှ ထည့်ဝင်မည့်ငွေမှာ ကမ္ဘာ့ဘဏ်ချေးငွေဖြစ်သည်ဟု ဦးကျော်ဇေယျက ဆိုသည်။

ထိုကဲ့သို့ ရင်းနှီးမြုပ်နှံမှုကြီးမားသည့်စီမံကိန်းများကို တိုင်းဒေသကြီးအစိုးရမှဆောင်ရွက်ပါက တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြရမည်ဖြစ်သည်။ စီမံကိန်းသည် ပြည်သူလူအအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိနိုင်မည်ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ပါက စီမံကိန်းကို အစိုးရအနေဖြင့် အကောင်အထည်ဖော်၍မရဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

“ချေးငွေဆိုတော့လည်း နိုင်ငံတော်က ပြန်ဆပ်ရမှာပဲ။ ချေးငွေနဲ့ဆောက်မယ်ဆိုတော့ ဘဏ္ဍာရေးစနစ်မခိုင်မာဘူး။ နိုင်ငံတော်ကလည်း အကြွေးတွေတော်တော်များနေတယ်။ ဒီလိုအချိန်မှာ ဒီစီမံကိန်းကို လုပ်သင့်သလား။ ကုန်ရင် နိုင်ငံတော်ဘဏ္ဍာငွေကုန်မှာလေ” ဟု သူကဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လွှတ်တေ်ာကိုမတင်ပြဘဲ စီမံကိန်းများဆောင်ရွက်နေသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်နေခြင်းနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမအကြိမ် တိုင်း၊ခရိုင်တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား မော်ကွန်းက မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့်စီမံကိန်းများမှာ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ရန်ကုန်မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းရေးဆွဲထားသည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၄၀ အထိဆောင်ရွက်မည့် Master Plan (မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်း)မှ ဖြစ်ကြောင်း၊ ယင်း Master Plan ကို ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအတည်ပြုပြီးသား စီမံကိန်းများကို Review (ပြန်လည်သုံးသပ်မှု)လုပ်ပြီး ယခုဒုတိယအကြိမ်လွှတ်တော်တွင်လည်း ဒေသန္တရစီမံကိန်းအဖြစ် တင်ပြခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖြေကြားခဲ့သည်။

“လွှတ်တော်သက်တမ်းအဆက်ဆက်မှာ ဆောင်ရွက်ခဲ့တဲ့အခြေအနေအားလုံးကို သတင်းမီဒီယာဘက်က ဆောင်းပါး ရေးနေတဲ့သူတွေရော၊ လွှတ်တော်ပိုင်းမှာ တာဝန်ယူနေတဲ့သူတွေရောအားလုံး အဲဒီအချက်အလက်တွေကို သိသင့်တယ်။ အခုကမသိဘူးဖြစ်နေတယ်။ အဲဒီစီမံကိန်းတွေအားလုံးဟာ လွှတ်တော်မှာအတည်ပြုထားတဲ့ စီမံကိန်းတွေချည်းပဲ။ အသစ်တွေမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (Photo: Sai Zaw)

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောင်ရွက်နေသည့် စီမံကိန်းများမှာ ပထမအကြိမ် လွှတ်တော်တွင် အတည်ပြုပြီးသားစီမံကိန်းများဖြစ်သည်ဟု ပြောဆိုခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ယခုလိုထောက်ပြသည်။

ကြည်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်းကို ပြီးခဲ့သည့်အစိုးရက ကုမ္ပဏီသုံးခုဖြင့် အကောင်အထည်ဖော်မည်ဟု သဘောတူညီခဲ့သည်ကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဖျက်သိမ်းခဲ့ပြီး ယခုအခါ အစိုးရက ယင်းစီမံကိန်းကို ရင်းနှီးမြုပ်နှံသူအသစ်၊ အစီအစဉ်အသစ်၊ ပုံစံအသစ်ဖြင့်ဆောက်ရွက်မည်ဖြစ်သောကြောင့် လွှတ်တော် တွင် တင်ပြဆွေးနွေးရန်လိုအပ်သည်ဟု သူကဆိုသည်။

“အရင်အစိုးရနဲ့လွှတ်တော်က သဘောတူခဲ့တဲ့အတိုင်း ဒီစီမံကိန်းကိုလုပ်တယ်ဆိုရင်တော့ အခုလွှတ်တော်ကို တင်စရာ မလိုဘူး။ အခုအစိုးရက အစီအစဉ်အသစ်နဲ့လုပ်မှာလေ။ ဒီအသစ်တွေက အစိုးရ လုပ်ချင်တိုင်းလုပ်လို့မရဘူး။ ပုံစံအသစ်နဲ့ လုပ်မယ်ဆိုရင် လွှတ်တော်ကိုတင်ပြပေါ့” ဟု ၎င်းက ထောက်ပြဝေဖန်သည်။

ဆက်လက်ပြီး “အခု အစိုးရလုပ်မယ့်အစီစဉ်သစ်က လူထုအတွက်အကျိုးရှိတဲ့ကိစ္စလား၊ မြို့သစ်ဆောက်မယ့် သူတွေကပဲ စားသွားမယ့် ဟာမျိုးလား။ ဒါမျိုးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခွင့်ရှိတယ်” ဟု သူကပြောသည်။

ဒေါက်တာ ညိုညိုသင်းကလည်း ယခင်အစိုးရလက်ထက် ပထမအကြိမ်လွှတ်တော်တွင် အတည်ပြုပြီးသော စီမံကိန်းများဖြစ်သော်လည်း ပြည်သူလူထုအတွက် အကျိုးမရှိပါက ယခုတက်လာသည့်အစိုးရအနေဖြင့် စီမံကိန်းများကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်သင့်သည်များကိုပြင်ဆင်ပြီး ပယ်ဖျက်သင့်သည်များ ပယ်ဖျက်သင့်သည်ဟု ဆိုသည်။

“အရင် အစိုးရလုပ်ခဲ့တဲ့အတိုင်းသာ လုပ်ငန်းတွေ၊ စီမံကိန်းတွေ လိုက်လုပ်နေမယ်ဆိုရင်  ပြည်သူလူထုဆီကနေ ပြောင်းလဲချိန်တန်ပြီလို့ ပြောပြီး ဘာလို့မဲတောင်းခဲ့တာလဲ။ ဒါကို မေးခွန်းထုတ်ရမယ်” ၎င်းက မေးခွန်းထုတ်သည်။

ယင်းအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ်မှ  မြေဧက ၁,၆၀၀ ကျော်တွင် Alliance Star Group ကုမ္ပဏီအုပ်စုမှ တာဝန်ယူဆောင်လုပ်မည့် Eco Green City မြို့သစ်စီမံကိန်းပန္နက်ရိုက်ဖွင့်ပွဲသို့ ပြည်ထောင်စု အဆင့် ဆောက်လုပ်ရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် တိုင်းဒေသကြီးလွှတ်တော်ကို အလေးမထားဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

၎င်းစီမံကိန်းမှာ ယခင်အစိုးရသက်တမ်းမကုန်ဆုံးမီ Alliance Star Group ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုအဆင့်လွှတ်တော်များတွင်ရော တိုင်းဒေသကြီး လွှတ်တော်တွင်ပါ တင်ပြဆွေးနွေးခြင်းမရှိသေးဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

ကုမ္ပဏီဘက်မှ စီမံကိန်းနှင့်ပတ်သက်ပြီး အသေးစိတ်အစီအစဉ်များရေးဆွဲနေသောကြောင့် အစိုးရနှင့် အကျိုးအမြတ် ခွဲဝေမှုစာချုပ် မချုပ်ရသေးဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊  မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးမြင့်နိုင်က ဇန်နဝါရီ ၂၃ ရက်က စီမံကိန်းလုပ်မည့်နေရာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သူကဆက်လက်ပြီး ယခုစီမံကိန်းကို လွှတ်တော်များတွင် တင်ပြဆွေးနွေးခြင်းမရှိခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် များမေးမြန်းလာပါက ဝန်ကြီးဌာနမှဖြေကြားသွားမည်ဟု ဆိုသည်။ ထိုစီမံကိန်းလုပ်မည့် ဧရိယာအတွင်း ကျူးကျော် ဝင်ရောက်နေထိုင်သူများကို ၂၀၁၇ ဇွန်က ရန်ကုန်တိုင်းအစိုးရက လူအင်အား ၂,၀၀၀ ကျော်သုံးပြီး ဖယ်ရှားခဲ့သည်။

၂၀၁၇ ဇွန်အတွင်း လှည်းကူးမြို့နယ်မှ ကျူးကျော်များအားဖယ်ရှားစဉ် (Photo: Kyaw Zayar Tun)

ထိုကဲ့သို့သော စီမံကိန်းမျိုးကို ပြည်ထောင်စုအစိုးရအဆင့်က ဆောင်ရွက်သည်ဆိုပါက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြပြီး အတည်ပြုချက်ရယူရန်လိုအပ်သလို တိုင်းဒေသကြီးအစိုးရကလုပ်ပါက တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြပြီး အတည်ပြုချက်ရယူရမည်ဟု ဒေါ်စန္ဒာမင်းကဆိုသည်။

Eco Green City စီမံကိန်းကို ဆောင်ရွက်မည့်ဟု ပြီးခဲ့သည့်အစိုးရက ကုမ္ပဏီနှင့်အကြမ်းဖျင်း သဘောတူညီ ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် လွှတ်တော်သို့လည်းမတင်ပြသည့်အပြင် အကျိုးအမြတ်ခွဲဝေမှုစာချုပ် မချုပ်ရသေးဘဲ စီမံံကိန်းကို မြေပြင်တွင်အကောင်အထည်ဖော်နေမှုနှင့်ပက်သတ်ပြီးတော့လည်း ဒေါ်စန္ဒာမင်းက ယခုလိုပြောသည်။

“အခုအစိုးရနဲ့လည်း အကျိုးအမြတ်ခွဲဝေမှု သဘောတူစာချုပ် ဘာမှမလုပ်ထားဘူး။ မလုပ်ထားဘဲနဲ့မြေပြင်မှာ ပန္နက်သွားရိုက်တယ်ဆိုတာ တော်တော်မှားတဲ့ကိစ္စလေ” ဟု သူကဝေဖန်ထောက်ပြသည်။

လစ်လျူရှုခံထားရသည့် လွှတ်တော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရမှ ချမှတ်ထားသော မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟု ပြဌာန်းထားသည်။

လက်ရှိ ရန်ကုန်တိုင်းအစိုးရ၏ ဆောင်ရွက်ချက်များသည်  ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသည့်တိုင်းဒေသကြီး အစိုးရ၏ လုပ်ပိုင်ခွင့်ကိုကျော်လွန်နေသည့်သဘောဖြစ်နေပြီဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်လာကြသည်။

ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များသည် အပြန်အလှန်ထိန်းကျောင်းမှု၊ လေးစားမှုရှိရန်လိုအပ်သော်လည်း လက်ရှိရန်ကုန်တိုင်းအစိုးရ၏ စီမံကိန်းများ၊ လုပ်ငန်းများလုပ်ဆောင်နေမှုများသည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့်လွှတ်တော်ကို မလေးမစားပြုလုပ်နေသည့် သဘောသက်ရောက်နေသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ဒေါ်စန္ဒာမင်းက တိုင်းဒေသကြီးအစိုးရသည် ဒေသန္တရစီမံကိန်းဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည့်  စီမံကိန်း အသေးစားများကို လွှတ်တော်သို့သီးသန့်တင်ပြရန်မလိုအပ်ဘဲ လုပ်ပိုင်ခွင့်ရှိသော်လည်း အစိုးရနှင့်ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အများပြည်သူနှင့်သက်ဆိုင်သည့်စီမံကိန်းများကို လွှတ်တော်၏ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသည်ဟု ဆိုသည်။

ဒေသန္တရစီမံကိန်းဥပဒေတွင် တစ်ပါတည်းထည့်သွင်းရေးဆွဲထားသည့်  စီမံကိန်းအသေးဆိုသည်မှာ ဥပမာအားဖြင့် ရန်ကုန်မြို့တော်စည်ပင်ကပြုလုပ်သည့် မြောင်းဖောက်သည့် လုပ်ငန်းများ၊ လမ်းပြင်သည့်လုပ်ငန်းများ စသည့် ငွေကြေးအရ တန်ဖိုးနည်းသည့်လုပ်ငန်းများဖြစ်ပြီး လွှတ်တော်၏အတည်ပြုချက် ရယူရန်လိုအပ်သည့်စီမံကိန်းများမှာ အများပြည်သူ အပေါ်တိုက်ရိုက်အကျိုးသက်ရောက်နိုင်သော YBS ကဲ့သို့ စီမံကိန်းများ၊ ရင်းနှီးမြုပ်နံှမှု ကြီးမားသည့် မြို့ပြစီမံကိန်းများ ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“လွှတ်တော်ထဲမှာ အတည်ပြုပြီးမှ လုပ်တဲ့ စီမံကိန်းဆိုတာတော့ မရှိဘူး။ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲတွေမှာတော့ အစိုးရ ရှေ့လုပ်မယ့် လုပ်ငန်းစဉ်များဆိုပြီး ပြောပြတာတော့ရှိတယ်။ ဒါပေမဲ့ ဒါကလွှတ်တော်ထဲမှာ ဆွေးနွေးတာမဟုတ် တဲ့အတွက် တရားဝင်မဖြစ်ဘူး” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ဒေါက်တာညိုညိုသင်းက ယခင်အစိုးရလက်ထက်တွင်လည်း စီမံကိန်းများကို လွှတ်တော်သို့ မတင်ပြဘဲ ဆောင်ရွက်ခဲ့ သည်များရှိသော်လည်း အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်သည့်အခါ အစိုးရအဖွဲ့ မှသက်ဆိုင် ရာဝန်ကြီးက လွှတ်တော်တွင် အလေးထားလာရောက်ဖြေကြားပေးသည် ဟုဆိုသည်။

“ဒီအစိုးရလည်း လွှတ်တော်မှာ အများစုအနိုင်ရထားတာပဲ။ သူတို့လုပ်ဆောင်ချက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဘာကြောင့် လွှတ်တော်မှာ ချမပြတာလဲ။ အဲဒါကို အံ့သြတာ။       ချပြလို့ မဲခွဲပြီးဆုံးဖြတ်ရင်လည်း ကိုယ်နိုင်နေမှာပဲ။ အဲဒါကို ဘာလို စီမံကိန်းတွေကို ဘယ်သူနဲ့ဘယ်လို လုပ်ပါတယ်ဆိုတာကို ချမပြရဲတာလဲ။ တဖြည်းဖြည်းနဲ့ မေးခွန်းထုတ် စရာတွေက များလာတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့်မေးခွန်းများကို အစိုးရအဖွဲ့မှ အလေးထားဖြေကြားမှုမရှိခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းသည့် အဆိုများအောင်မြင်သော်လည်း အစိုးရမှ လိုက်ပါမဆောင်ရွက်ခြင်းတို့သည် ဒီမိုကရေစီစနစ်ကို အားနည်းအောင်လုပ်နေသည့် သဘောဖြစ်နေသည်ဟု ဝေဖန်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် သူက ယခုကဲ့သို့ ဆက်လက်ဝေဖန်ထောက်ပြသည်။

“လွှတ်တော်က အဆိုပြုလိုက်တဲ့အဆိုတွေ အများကြီးပဲ။ ပြုပြီးသားအဆိုတွေကိုလည်း တိကျတဲ့၊ ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေပေါ် မလာဘူး။ အစိုးရက သူလုပ်ချင်တာလုပ်တယ်။ မလုပ်ချင်တာ မလုပ်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်”

YBS တစ်နှစ်ပြည့်အခန်းအနားတွင်တွေ့ရသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အချို့နှင့် တက်ရောက်လာသူများ (Photo: Khin Maung Myint)

ပြစ်တင်ရှုတ်ချနိုင်

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပြဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ရှိပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်နိုင်သည်ဟု ဖော်ပြထားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးကို ပုဒ်မခွဲ(က)ပါ အကြောင်း တစ်ရပ်ရပ်ဖြင့် စွပ်စွဲဖြစ်တင်လိုပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌထံ တင်ပြနိုင်ပြီး လွှတ်တော်ဥက္ကဌကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးနိုင်သည်ဟု ပြဌာန်းထားသည်။

ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်များကြီးစိုးသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင် ဝန်ကြီး  ဦးမင်းအောင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ၊ ပုဒ်မခွဲ (၅)အရ ဥပဒေအရပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ဟုဆိုကာ   ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးပြီး တာဝန်မှရပ်စဲရန် ပြီးခဲ့သည်နှစ် နိုင်ဝင်ဘာက စွပ်စွဲပြစ်တင်ခဲ့သည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ထိုစွပ်စွဲချက်များကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ရလာသည့် စုံစမ်းစစ်ဆေးချက်များကို လွှတ်တော်ဥက္ကဌက လွှတ်တော်ကို တင်ပြပြီး ယခုနှစ် ဇန်နဝါရီ ၂ ရက်က ရခိုင်ပြည်နယ် လွှတ်တော်၌ မဲခွဲကာ စည်ပင်ဝန်ကြီးကို တာဝန်မှရပ်စဲရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ တာဝန်မှစဲရန် စွပ်စွဲပြစ်တင်ရခြင်းမှာ ဝန်ကြီးသည် စည်ပင်ပိုင်ဈေးများကို တင်ဒါခေါ်သည့်အခါ လွှတ်တော်ကို အသိမပေးခြင်း၊ ဌာနပိုင်မြေများကို နီစပ်ရာသို့ လက်လွှဲရောင်းချခြင်း၊ ကူးတို့ဆိပ်တင်ဒါများကိုလည်း ပွင့်လင်းမြင်သာမှု မရှိဘဲ ခေါ်ယူခဲ့ခြင်းတို့အပါအဝင် စွပ်စွဲချက်ကိုးချက်ဖြင့် စွပ်စွဲပြစ်တင်ခဲ့ကြသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်အများစုဖြစ်သောကြောင့် စွပ်စွဲပြစ်တင်၍ ရသော်လည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှာ တစ်ပါတီတည်း ဖြစ်သည့်အတွက် စွပ်စွဲပြစ်တင်ရန် အခက်အခဲရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

သူကဆက်လက်ပြီး “(ရခိုင်က) လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်တာလည်း မမှားဘူးထင်တယ်။ ရန်ကုန်တိုင်းမှာလည်း လွှတ်တော်ကို အစိုးရက အလေးထားမှုအားနည်းတယ်။ ငါတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြစ်တင်မယ်ဆိုရင် ရတယ်။ ဒါပေမဲ့ မိဘ(ပါတီထိပ်ပိုင်းခေါင်းဆောင်များ)တော့ စိတ်မကောင်းဖြစ်သွားမှာပဲ။ အဲဒါကို ပြန်ကြည့်ရတယ်” ဟုဆိုသည်။

ဒေါက်တာညိုညိုသင်းကတော့ လက်ရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြည်သူဘက်မှရပ်တည်ပြီး  တိုင်းဒေသကြီးအစိုးရကို ဝေဖန်ထောက်ပြ နိုင်သည့်လွှတ်တော်ကိုယ်စားလှယ်မှာ အနည်းငယ်သာရှိသော်လည်း အများစုမှာ အစိုးရကို ဝေဖန်ထောက်ပြကြခြင်းမရှိဟုဆိုသည်။

“အစိုးရပိုင်းက ပြောကြတယ်။ ငါတို့လုပ်သမျှအကုန်လုံး လွှတ်တော်ကို ဘာကြောင့်တင်ရမှာလဲလို့ ပြောတယ်။ ကျွန်မတို့ဒီမိုကရေစီကိုဘာလို့ လိုချင်တာလဲဆိုတော့ အာဏာရတဲ့ လူနည်းစုတစ်စုက လုပ်ချင်ရာလုပ်တာကို ကာကွယ်ဖို့ပေါ့” ဟုဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးထားသည့် အခွင့်အရေး များကို အပြည့်အဝအသုံးချပြီး အစိုးရကို ထိန်းကျောင်းရန် လိုအပ်သည်ဟု၎င်းကဆိုသည်။

သူကဆက်လက်ပြီး “ကိုယ်စားလှယ်တွေက  အစိုးရလုပ်နေတာတွေလွဲနေရင် ဥပဒေနဲ့အညီထိန်းကျောင်းဖို့ တာဝန်ရှိတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ပြည်သူ့မျက်နှာကိုပဲကြည့်ရမယ်။ အစိုးရလုပ်လို့ နစ်နာရင် ပြည်သူပဲ နစ်နာမှာပေါ့” ဟုဆိုသည်။        ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."