လှိုင်းအလူး လှေအလိမ့် ဘဝအမြင့်အနိမ့်

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Profile  ဖြစ်ပါသည်။

ဗညားကျော် ရေးသည်။

ကြည့်မြင်တိုင် ဗားကရာစက်လှေဆိပ်ကနေ ရန်ကုန်မြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းကို ကူးလိုက်တာနဲ့ အလတ်ချောင်းလှေဆိပ်ကို ရောက်ပါတယ်။ လှေဆိပ်မှာတော့ သမ္ဗန်စီးသူတွေ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးပါပဲ ။

အဲဒီစက်လှေဆိပ်ရဲ့ ဘယ်ဘက်မှာတော့ သမ္ဗန်တွေကို စီကာစဉ်ကာ ဆိုက်ကပ်ထားတဲ့ မြင်ကွင်းက ရေပေါ်မှာ ဘဲအုပ် တန်းစီနေသလိုပါပဲ။ ရေကျရက်ဖြစ်လို့ အလတ်ချောင်း ကမ်းစပ် နဖူးစီးမှာ ရွှံ့နွံတွေ၊ အမှိုက်တွေကို အဖွေးသား တွေ့ပါတယ်။

ခြေမျက်စိလောက်ထိအနက်ရှိတဲ့ ရွှံ့ နွံတွေပေါ်မှာ လုံချည် တိုတိုဝတ်ထားတဲ့ အသားအရေ ခပ်လတ်လတ်နဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ခြေဗလာနဲ့ သွားလာရင်း ရပ်ထားတဲ့ သမ္ဗန်တွေကို ညီညီညာညာဖြစ်ဖို့ တွန်းထိုးညှိယူနေသလို သမ္ဗန်ချင်း ကပ်လျက် ချည်ထားတဲ့ ကြိုးတွေကို ခိုင်၊ မခိုင် လိုက်စစ်နေပါတယ်။ မခိုင်တဲ့ ကြိုးတွေကို ပြန်ဖြေ၊ ပြန်ချည်လုပ်နေပါတယ်။

တစ်ခေါင်းလုံးဖြူဖွေးနေတဲ့ သူ့ဆံပင်တွေကို အပေါ်ကို ပင့်သပ်စည်းနှောင်ထားပါတယ်။ သူဟာ စကားပြောရင် သူ့ကိုယ်သူ “ကြီးကြီး” လို့ ရည်ရွယ်သုံးနှုန်းသလို “အဘွား”လို့လည်း သုံးပါ တယ်။ ကွမ်းနဲ့ပါးစပ် မပြတ်တာကြောင့် သူ့အောက်နှုတ်ခမ်းက နှုတ်ခမ်းနီ ဆိုးထားသလို နီတွတ်နေပါတယ်။

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ဒေါ်ကြင်သန်းဟာ ကြည့်မြင်တိုင် ဗားကရာဆိပ်နဲ့ အလတ်ချောင်းကြား ကူးလူးခုတ်မောင်းတဲ့ သမ္ဗန်တွေကို ညဘက်မှာစောင့်ပေးရင်း အသက်မွေးနေတာ ဖြစ်ပါတယ်။ သူဟာ အလတ်ချောင်းရွာမှာ နေထိုင်ပြီး အဲဒီရွာဟာ ကြည့်မြင်တိုင်မြို့နယ်အပိုင်ထဲမှာရှိတာဖြစ်ပါတယ်။

သူ့အသက်အရွယ်အရ ဘုရားရိပ်၊ တရားရိပ် ခိုလှုံချင်နေပေမယ့် လင်မယားနှစ်ယောက်စားဝတ်နေရေးအတွက် ရုန်းကန် နေရတုန်းပါပဲ။

သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေက အသက် ၆ဝ နဲ့ အထက်ကို သက်ကြီးရွယ်အိုအဖြစ် သတ်မှတ်ပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့မှာ အသက်အရွယ် ၆ဝ နဲ့ ၆၄ နှစ်အကြား လူဦးရေဟာ နှစ်သိန်းနှစ်သောင်းနီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲက ခုနစ်သောင်းခွဲဝန်းကျင်ဟာ အလုပ်လုပ်နေကြတုန်းဖြစ်ပြီး ဒီအသက်အရွယ်အပိုင်းအခြား ဟာ သက်ကြီးရွယ်အိုတွေထဲမှာ လုပ်သားအင်အားပါဝင်မှုအများ ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အသက်အုပ်စုထဲမှာ ဒေါ်ကြင်သန်းလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ သူ့ဘဝရဲ့ သက်တမ်းသုံးပုံနှစ်ပုံလောက် ဟာ ဆင်းရဲစွာနဲ့ ဖြတ်သန်းခဲ့ရပြီးမိသားစု စားဝတ်နေရေးအတွက် အမျိုးသမီးတစ်ဦးအနေနဲ့ မအပ်စပ်ဘူးလို့ လူအများယူဆကြတဲ့ ဝါးဖောင်မျှောတဲ့အလုပ်၊ သမ္ဗန်စောင့်တဲ့အလုပ်တွေကို လုပ်ရင်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်လို့ ဒေါ်ကြင်သန်းက ဆိုပါတယ်။

ညဘက်သမ္ဗန်စောင့်တဲ့ အလုပ်ကို လုပ်နေတာ အခုဆိုရင် ၂၃ နှစ်ရှိနေပြီဖြစ်ပြီး အဲဒီကာလအတွင်းမှာ သမ်္ဗန်ခိုးခံရတာ မရှိသလို ပျောက်ဆုံးခဲ့တာလည်း တစ်ခါမှ မဖြစ်ခဲ့ဘူးလို့ဆိုပါ တယ်။ ဘာကြောင့်လဲဆိုတော့ သူစောင့်ရတဲ့ သမ္ဗန်တွေကို သူ့ ကိုယ်ပိုင်ပစ္စည်းလို သဘောထားခဲ့လို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

““နာမည်အပျက်လည်း မခံချင်ဘူး။ ငါ့ ထမင်းရှင်တွေ ပါလား ဆိုပြီး အဲဒီအသိစိတ်ဓာတ်နဲ့ ကူညီပေးတာပဲ”” လို့ သူက ဆိုပါတယ်။

သမ္ဗန်စောင့်ခအဖြစ် တစ်စီးကို ၅ဝဝ ကျပ်ရတယ်လို့ ဒေါ်ကြင်သန်းက ဆိုပါတယ်။ အလတ်ချောင်းဆိပ်ရဲ့ဘယ်ဘက်မှာ သမ္ဗန်အစီး ၃ဝ ခန့်ကို သူတို့လင်မယားနှစ်ယောက်က ညတိုင်း စောင့်ကြတာပါ။

သမ္ဗန်စောင့်တာဟာ စက်ဘီး၊ ဆိုင်ကယ် စောင့်သလို မရိုးရှင်းပါဘူး။ ညအချိန်မှာ စောင့်ရတာဖြစ်လို့ မြစ်ရေ အတက်အကျ ကို သတိထားရသလို သမ္ဗန်မှာ တပ်ထားတဲ့ မော်တာစက်၊ ထိုး ဝါး၊ လှော်တက် စတာတွေကို မပျောက်အောင် စောင့်ပေးရတာ ဖြစ်လို့ အိပ်ရေးပျက်ရတဲ့ အလုပ်တစ်ခုပါ။

အဲဒီလို စေတနာထားပြီး စောင့်ပေးတာကြောင့် သူတို့ဆီ မှာပဲ ပုံမှန်သမ္ဗန်အပ်ဖြစ်တယ်လို့ ၁၅ နှစ်ဝန်းကျင်နီးပါး ရန်ကုန် မြစ်ထဲမှာ သမ္ဗန်မောင်းပြီး အသက်မွေးနေတဲ့ ဦးဟန်ဝင်းက ဆိုပါတယ်။

ဒေါ်ကြင်သန်းဟာ မော်လမြိုင်မြို့ဇာတိပါ။ သူ့အသက် ခြောက်နှစ်အရွယ်မှာ မိဘတွေ အိမ်ထောင်ကွဲလို့ မိခင်ဖြစ်သူနဲ့ ရန်ကုန်ရောက်လာခဲ့တာပါ။ သူ့မွေးချင်းတွေကတော့ မော်လမြိုင် မှာပဲ ကျန်နေခဲ့တယ်လို့ သူက ပြောပြပါတယ်။

သူ အသက် ၁၉ နှစ်အရွယ်မှာတော့ အိမ်ထောင်ကျခဲ့ပါ တယ်။ အဲဒီချိန်က သူ့ခင်ပွန်း ဦးသန်းထွန်းဟာ ကြည့်မြင်တိုင်ကမ်း နားမှာ သမ္ဗန်ခတ်ရင်း အသက်မွေးနေတာမို့ ဒေါ်ကြင်သန်းလည်း သျှောင်နောက်ဆံထုံးပါ ဆိုရိုးအတိုင်း ကြည့်မြင်တိုင်တစ်ဖက် ကမ်းက အလတ်ချောင်းရွာမှာ အခြေချဖို့ ဖြစ်လာတယ်လို့ သူက ပြောပြတယ်။

သူတို့မှာ သားသမီး ခြောက်ဦး ထွန်းကားခဲ့ပါတယ်။ ဒါပေ မဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွန်းက သမ္ဗန်ကို နေ့စဉ်ပုံမှန်မခတ်သလို ခတ်လို့ရတဲ့ ငွေကိုလည်း အရက်ပဲ သောက်ပစ်လိုက်တာကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေခဲ့ဘူးလို့ ဒေါ်ကြင်သန်းက ဆိုပါတယ်။

မိသားစုစီးပွားရေးအဆင်မပြေတာကြောင့် သားသမီးတွေ ကို ပညာရေးဆုံးခန်းတိုင်အောင်မထားနိုင်ခဲ့ဘဲ မူလတန်း အဆင့် လောက်ပဲ ထားပေးနိုင်ခဲ့တယ်လို့ သူက ဖွင့်ဟပါတယ်။

အဲဒီအချိန်တုန်းက သားကြီးနှစ်ယောက်ဟာ လက်သမား အလုပ်နဲ့ ပန်းရန်အလုပ်တွေ ဝင်လုပ်ခဲ့ကြသလို သမီးဖြစ်သူတွေ ကလည်း ဆီးထုပ်ထုပ်တဲ့အလုပ်မှာ ဝင်လုပ်ခဲ့ကြပြီး ရတဲ့ ပိုက်ဆံ ပြန်အပ်ကြတယ်လို့ ဒေါ်ကြင်သန်းက ပြောပါတယ်။

““သားတစ်ယောက်ပြန်လာရင် ဆန်ဝယ်၊ ဟင်းလေးဝယ် လိုက်၊ ချက်လိုက်ပြုတ်လိုက်နဲ့ ရုန်းကန်ခဲ့ရတယ်””လို့ သူက ဟိုတုန်းက အကြောင်းတွေကို ပြန်ပြောပြပါတယ်။

နောက်ပိုင်း အိမ်စရိတ် လုံးဝမလောက်ငတဲ့အခါမှာတော့ သူကိုယ်တိုင် သားကြီးနှစ်ယောက်နဲ့အတူ ဝါးဖောင်မျှောတဲ့ အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလို ဝါးဖောင် မျှောဖို့ သူ့ဆုံးဖြတ်ချက်ကို ခိုင်မာစေတဲ့ တွန်းအားတစ်ခုကတော့ သူ့သားအငယ်ဆုံးဖြစ်သူကို ပညာရေးဆုံးခန်းတိုင်အောင်ထား ချင်တဲ့ စိတ်ဆန္ဒကြောင့် ဖြစ်တယ်လို့ သူက ပြောပြပါတယ်။

 

ဝါးဖောင်မျှောရင်း ဘဝရုန်း

ရန်ကုန်မြစ်ထဲမှာ ဝါးဖောင်စမျှောတော့ သူ့အသက်က ၃၇ နှစ်ဝန်းကျင်လောက်ရှိပြီး သားငယ်နှစ်ယောက်အသက်ဟာ ၁၃ နှစ်၊ ၁၄ နှစ်တွေသာ ရှိသေးတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက     ကြည့်မြင်တိုင်ကမ်းနားတစ်လျှောက်မှာ ရှိခဲ့တဲ့ ဝါးဒိုင်တွေဆီမှာ အလုပ်တောင်းရင်း ဒိုင်တွေ ပို့ခိုင်းတဲ့နေရာတွေကို တစ်လ နှစ်ကြိမ်လောက် စက်လှေကြုံနဲ့ ဝါးဖောင်မျှောရင်း ပို့ခဲ့သလို စက် လှေကြုံမရှိတဲ့အခါမှာ ရေထရက်တွေမှာ ထိုးဝါးနဲ့ မျှောခဲ့တယ်လို့ ဒေါ်ကြင်သန်းက ဆိုပါတယ်။

ကြည့်မြင်တိုင်ကမ်းနားကနေ သူပို့ပေးရတဲ့ နေရာတွေက တော့ ရခိုင်ချောင်၊ သီလဝါ၊ အုန်းပင်ချောင်၊ ဒလဘက်တွေဖြစ်ပြီး တစ်ခါတလေ လှိုင်သာယာဘက်တွေကို ပို့ပေးတာဖြစ်တယ်လို့ သူက ပြောပြပါတယ်။

ဝါးဖောင်တစ်ခေါက် ပို့တဲ့အခါ ကျပ်ငါးထောင်၊ ခြောက် ထောင်ဝန်းကျင်ရပြီး ““နပ်မှန်ရုံတော့ ပြေလည်တာပေါ့”” လို့ အဲဒီတုန်းက မိသားစုအခြေအနေကို သူက ပြောပြပါတယ်။

ရေလမ်းခရီးကို ကလေးနှစ်ယောက်နဲ့ဝါးဖောင်မျှောတာ မကြောက်ဘူးလားလို့ ဒေါ်ကြင်သန်းကိုမေးကြည့်တဲ့အခါ သူက တော့ လေသံခပ်အေးအေးနဲ့ ““ဝမ်းစာနဲ့ ကြောက်စိတ်ကတော့ တစ်လမ်းစီပေါ့””လို့ ဆိုပါတယ်။

ဒီလို မျှောတဲ့အခါမှာတော့ စက်လှေကြုံရတဲ့ အခေါက်တွေ မှာ စက်လှေနောက်မှာ ဝါးဖောင်ကို ကြိုးနဲ့ချည်ပြီး ဖောင်ပေါ်က ထိုင်လိုက်တယ်လို့ သူက ဆိုပါတယ်။ ဒီလိုဝါးဖောင်ပေါ်က ထိုင် လိုက်ရတဲ့အကြောင်းကတော့ ဝါးလုံးတွေကို ပတ်ထားတဲ့ နှီးချပ် တွေ ပြေမသွားအောင်နဲ့ လှိုင်းမိလို့ ဝါးဖောင်ရင်ကွဲရင် ပြန်စေ့ဖို့ စောင့်ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

““ဆွဲတဲ့သူက ဆွဲသွားပေမယ့် နောက်ကပြုတ်သွားရင် အကုန်လုံး ကိုယ်က လျော်ရမှာ””လို့ သူက ဆိုပါတယ်။

စက်လှေကြုံမရှိတဲ့ အခေါက်တွေမှာတော့ ဒီရေတက်ချိန် ကို စောင့်ပြီး မနက် နှစ်နာရီ သုံးနာရီဝန်းကျင်လောက်မှာ သားအမိတွေထိုးဝါးနဲ့ ထိုးဆင်းသွားပြီး ည ၁ဝ နာရီဝန်းကျင် လောက်မှ အိမ်ကိုပြန်ရောက်တယ်လို့ သူက ပြောပြပါတယ်။

ဒီအလုပ်ကို ငါးနှစ်နီးပါးလောက်လုပ်ခဲ့ပြီး အလုပ်မနားခင် လေးမှာ ဝါးဖောင်မျှောရင်း အသက်ဘေးနဲ့ တစ်ခါ ကြုံခဲ့ဖူးတယ် လို့ သူကဆိုပါတယ်။ အဲဒီတုန်းက မနက်အရုဏ်တက်ချိန် လေး နာရီဝန်းကျင်လောက်ဖြစ်ပြီး သူတို့ဝါးဖောင်ကို စက်လှေနောက် မှာ ကြိုးချည်ပြီး ဆွဲခဲ့တာဖြစ်တယ်လို့ သူက ပြောပြပါတယ်။

သားကြီးဖြစ်သူက စက်လှေပေါ်က လိုက်ခဲ့ပြီး သူကတော့ ဝါးဖောင်ပေါ်မှာ ထိုင်လိုက်ခဲ့တယ်လို့ ပြောပြပါတယ်။ သူတို့ ဝါး ဖောင်နံဘေးကို သဘောၤတစ်စီးဖြတ်သွားလို့ လှိုင်းအရှိန်ကြောင့် ဖောင်ရင်ကွဲထွက်သွားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

““အဲဒီတုန်းက မျက်လုံးတစ်ချက်ပြာသွားတယ်၊ ရင်ထဲ တလှပ်လှပ်ဖြစ်သွားတယ်””လို့ သူ စိုးရိမ်ခဲ့ရပုံကို ပြောပြပါတယ်။

အဲဒီလို မျက်လုံးပြာသွားတဲ့ တစ်ခဏအတွင်းမှာ ““သမီး မကြောက်နဲ့”” ဆိုတဲ့ စကားသံ ကြားလိုက်ရပြီး သူသတိပြန်ဝင်ခဲ့ တယ်လို့ဆိုတယ်။ သူ့စိတ်အထင်ကတော့ သူ ပုံမှန်ဘုရားရှိခိုး တာကြောင့် နတ်ကောင်းနတ်မြတ်တွေက ပြောတာလို့ပဲ မှတ်ယူ တယ်လို့ ပြောပြပါတယ်။

အဲဒီလို ဝါးဖောင်ရင်ကွဲသွားတာကြောင့် သားကြီးဖြစ်သူ က စက်လှေရပ်မလို့လုပ်ပါသေးတယ်။ ဒါပေမဲ့ ဒေါ်ကြင်သန်းက မရပ်နဲ့လို့ လှမ်းအော်ပြောပြီး ပြေသွားတဲ့ ကြိုးတွေကို အတင်း ဆွဲစေ့လိုက်တဲ့အခါမှာ ဖောင်ဟာ ရင်ပြန်စေ့သွားခဲ့တယ်လို့ဆိုတယ်။

နောက်ရက်တွေမှာတော့ ဝါးကုန်သည်တွေက သူ့အတွက် စိုးရိမ်ကြတာကြောင့် ဒီအလုပ်ဟာ အမျိုးသမီးနဲ့ မကိုက်ညီဘူးလို့ အကြောင်းပြပြီး အလုပ်မအပ်တော့ဘူးလို့ ဒေါ်ကြင်သန်းက ဆိုပါတယ်။ အဲဒီနောက်ပိုင်းတော့ သူခင်ပွန်းဖြစ်သူလည်း အရက် ပြတ်ပြီး ဝါးဖောင်မျှောတဲ့အလုပ်ကို သူ့အစား တစ်ခါတစ်ရံ ဝင်လုပ်ခဲ့ပါတယ်။

အရက်သောက်ခဲ့တဲ့အရှိန်ကြောင့် သူ့ခင်ပွန်းဟာ ကျန်းမာ ရေးသိပ်မကောင်းခဲ့ဘူးလို့ ပြောပြပါတယ်။ သားအလတ်ဖြစ်သူ ဆိုရင် အရက်သောက်များတာကြောင့် ပြီးခဲ့တဲ့ လေးနှစ်က ဆုံး ပါးသွားခဲ့ပါတယ်။

Photo-Banyar Kyaw သမ္ဗန်စီနေသည့် ဦးသန်းထွန်း

Photo-Banyar Kyaw သမ္ဗန်စီနေသည့် ဦးသန်းထွန်း

ရေနဲ့ အကျိုးပေး

ဝါးဖောင်မျှောတဲ့ အလုပ်နားတော့ သမ္ဗန်စောင့်တဲ့အလုပ် ကို သူ့အသက် ၄ဝ ဝန်းကျင်လောက်မှာ စလုပ်တာဖြစ်တယ်လို့ ဒေါ်ကြင်သန်းက ဆိုတယ်။  အဲဒီတုန်းက အလုပ်လည်း မရှိ၊ ခင်ပွန်းဖြစ်သူ ဦးသန်းထွန်းလည်း အသက်ကြီးလာတာကြောင့် သမ္ဗန်ခတ်တာ နားလိုက်တဲ့အချိန် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၂ နှစ်ဝန်းကျင်လောက်ကစပြီး သမ္ဗန်တွေကို စက်တပ်မောင်းလာတာကြောင့် သမ္ဗန်သမားတွေဟာ သူ့တို့ မော်တာစက်မပျောက်မရှအောင် အလုပ်သိမ်းချိန်၊ လုပ်ငန်းခွင် ဝင်ချိန်တိုင်းမှာ အထမ်းသမားခေါ်ပြီး မော်တာစက်ကို ဖြုတ် လိုက်၊ တပ်လိုက် အမြဲလုပ်ကြရပါတယ်။

ဒါကြောင့် အလတ်ချောင်းဆိပ်နားမှာနေတဲ့ ဒေါ်ကြင် သန်းတို့လင်မယားရယ်၊ သားအကြီးဖြစ်သူရယ်ကို ညအိပ်စောင့် ပေးဖို့ သမ္ဗန်သမားတွေက အကူအညီတောင်းလာတာကြောင့် သူတို့လင်မယားလည်း အလုပ်မရှိမယ့်အတူ တစ်စီး ၂ဝဝ ကျပ်နဲ့ စောင့်ပေးမယ်ဆိုပြီး စောင့်ဖြစ်တယ်လို့ ဒေါ်ကြင်သန်းက ပြောပြ ပါတယ်။

အဲဒီချိန်ကနေ တစ်စီးစောင့်၊ နှစ်စီးစောင့်နဲ့ ပြီးခဲ့တဲ့နှစ် အထိ အစီး ၄ဝ လောက် စောင့်ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။ ဒီနှစ်တော့ အလုပ်မနိုင်တော့တာနဲ့ အစီး ၃ဝ ကိုပဲ စောင့်တော့ တယ်လို့ ဆိုတယ်။

သမ်္ဗန်မောင်းသမားတွေရဲ့ ညနေအလုပ်သိမ်းချိန်ဟာ ဒေါ်ကြင်သန်းတို့လင်မယားအတွက် အလုပ်ဝင်ချိန်ဖြစ်ပါတယ်။ သူတို့ လင်မယားကတော့ ညနေ လေးနာရီလောက်ကနေ အလတ်ချောင်းဆိပ်မှာ သမ်္ဗန်တွေကို စလက်ခံနေပါပြီ။

အစောဆုံး မနက် သုံးနာရီထွက်မယ့် သမ္ဗန်ကို မြစ်ဘက် ခြမ်းမှာထားပြီး မနက် ခြောက်နာရီ ထွက်မယ့် သမ်္ဗန်တွေကို ကမ်းစပ်နဖူးပေါ် တင်ထားတယ်လို့ သူက ရှင်းပြပါတယ်။

Photo-Banyar Kyaw ဒေါ်ကြင်သန်းတို့ သမ္ဗန်ဆိပ်

Photo-Banyar Kyaw ဒေါ်ကြင်သန်းတို့ သမ္ဗန်ဆိပ်

အရှည် ပေ ၃ဝ နီးနီးရှိတဲ့ သမ္ဗန်တွေကို သူတို့လိုချင်တဲ့ ပုံစံဖြစ်ဖို့ တစ်စီးချင်းရွှေ့ရတာ၊ သမ္ဗန်ပေါ်အတက်အဆင်း လုပ်ပြီး သမ္ဗန်ချင်းကပ်လျက် ကြိုးချည်ရတာတွေဟာ ည ၈ နာရီဝန်းကျင် လောက်မှာ ပြီးစီးတယ်လို့ သူက ဆိုပါတယ်။

သမ္ဗန်တွေ စီလို့ပြီးတယ်ဆိုပေမယ့် ည ၁ဝ နာရီဝန်းကျင်ထိ တစ်စီးချင်းဝင်လာဦးမယ့် သမ္ဗန်တွေကို စောင့်ရင်း ခဏတဖြုတ် နားကြတယ်လို့ သူက ပြောပါတယ်။ ညအိပ်ခါနီးလောက်မှာတော့ ချည်ထားတဲ့ကြိုးတွေ ခိုင်ခံ့မှုရှိ မရှိ၊ လှေဝမ်းထဲ ရေစိမ့်ဝင် မဝင် လိုက်စစ်ဆေးပြီး ရေစိမ့်ဝင်လာရင် ခပ်ထုတ်ပေးတယ်လို့ သူက ပြောပါတယ်။

ညအိပ်ရင်တော့ ရပ်ထားတဲ့ သမ္ဗန်တွေထဲက ရေလုံတဲ့ သမ္ဗန်အကြီးတစ်စီးကိုရွေးပြီး လင်မယားနှစ်ယောက် တစ် ယောက်တစ်လှည့် တစ်မှေးစီအိပ်ကာ သမ္ဗန်စောင့်ရင်း ညကို ကုန်လွန်စေတယ်လို့ သူကရှင်းပြပါတယ်။ သူတို့သမ္ဗန်စောင့်တဲ့ သက်တမ်း ၂ဝ ကျော်အတွင်းမှာ သမ္ဗန်တွေကို လာခိုးတာမျိုး တော့ မကြုံဖူးဘူးလို့ ဆိုပါတယ်။

““နှစ်နှစ်ခြိုက်ခြိုက်တော့ မအိပ်နိုင်ပါဘူး။ ကြက်အိပ်၊ ကြက်နိုးပေါ့။ တစ်ခုခု အသံကြားရင် ဓာတ်မီးနဲ့ လှမ်းထိုးကြည့် တော့တာ””လို့ သမ္ဗန်စောင့်ပုံကို သူကပြောပြပါတယ်။

အရင်တုန်းက သွက်သွက်လက်လက် လုပ်နိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သမ္ဗန်တစ်စီးပေါ် တစ်စီး ကျော်ခွသွား လာရတာဟာ အသက် ၆ဝ ကျော်အရွယ် သူတို့လင်မယားအတွက် မလွယ်ကူလှဘူးလို့ ဦးသန်းထွန်းက ဆိုပါတယ်။ သမ္ဗန်ပေါင်နဲ့ ဒူးဆစ်တွေ ခိုက်မိတာ၊ ညို့သကျည်းနဲ့ တိုက်မိတာတွေ ကြိမ်ဖန် များလာတဲ့အခါမှာ သူ့ဒူးအရွတ်လည်း မကောင်းတော့ဘူးလို့ ဆိုပါတယ်။

နောက် သမ္ဗန်တစ်စီးနဲ့ တစ်စီး ကပ်ပြီးကြိုးချည်ဖို့ လုပ်တဲ့ အခါမျိုးမှာ ခြေလှမ်းတွေကို သတိထားရတယ်လို့ ဒေါ်ကြင်သန်း က ဆိုပါတယ်။ အခန့်မသင့်ရင် လှိုင်းထတဲ့အချိန်မျိုးမှာ ခြေ ချော်ပြီး ပြုတ်ကျသွားတတ်တယ်လို့ သူက ပြောပါတယ်။

ဒေါ်ကြင်သန်းဟာ သမ္ဗန်စောင့်ခါစမှာ ရေထဲကို မကြာခဏ ပြုတ်ကျခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ် ဆောင်းတွင်းတုန်းက ဒေါ်ကြင်သန်းဟာ သမ္ဗန်စီးရင်း တစ်ခါပြုတ်ကျခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရခဲ့တဲ့ဒဏ်ကြောင့် အခုချိန်ထိ ခါးနာနေဆဲပဲလို့ သူက ပြောပါတယ်။ အဲဒီအချိန်တုန်းက သူဟာ သမ္ဗန်တွေကို ကြိုးချည်ပြီး တစ်စီးနဲ့ တစ်စီး လိုက်ကပ်နေတာဖြစ်လို့ အရင် အတိုင်းပဲ သမ္ဗန်ပေါင်တွေကို နင်းကျော်လိုက်ပါတယ်။

ဒါပေမဲ့ သူနင်းလိုက်တဲ့ သမ္ဗန်ပေါင်ဟာ နှင်းရည်ကြောင့် ချော်နေပါတယ်။ လှိုင်းက သမ္ဗန်ဝမ်းဗိုက်ကို ရိုက်ပုတ်လိုက်တဲ့ အခါမှာ ဒေါ်ကြင်သန်းဟာ ခြေချော်သွားပြီး လှေအနောက်ကို ပက်လက်လန်လဲကျသွားတယ်။ အဲဒီလို လဲကျတဲ့အချိန်မှာ သူ့ ညာဘက်ပါးဟာ လှေအနောက်က မော်တာစက်နဲ့ ရိုက်မိသွားပြီး အဲဒီအရှိန်ကြောင့် လူလည်း ရေထဲကို ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်ကြင်သန်းတို့လင်မယားအတွက် နောက်ထပ် ရတက် မအေးရတဲ့ အရာကတော့ မိုးရာသီဖြစ်ပါတယ်။ မိုးမရွာခင်မှာ သမ္ဗန်ကို ပေါင်းမိုးကလေးလုပ်ပြီး မိုးလေမလုံ့တလုံနဲ့ သမ္ဗန် စောင့်တယ်လို့ သူက ပြောပါတယ်။ နောက်ပြီး လှိုင်းလေ အခြေ အနေကို အမြဲဂရုပြုနေရသလို မိုးရွာလို့ သမ္ဗန်ထဲဝင်တဲ့ မိုးရေ တွေကို ညတိုင်း ဂါလန်ပုံးတွေနဲ့ ခပ်ထုတ်ပေးရတယ်လို့ သူက ဆိုပါတယ်။

““မိုးရာသီကတော့ အသက်တောင်မရှူနိုင်ဘူး၊ ရင်ဘတ် တွေအောင့်တယ်”” လို့ သူက စိတ်ပျက်တဲ့လေသံနဲ့ ပြောရင်း ခေါင်းခါယမ်းလိုက်တယ်။

မိုးကောင်းတဲ့ ညတွေမှာဆိုရင် သမ္ဗန်အကြီးတွေဆို ရေထမ်းပုံးနဲ့ သုံးထမ်းလောက် ပက်ထုတ်ပေးရတာ မနက် ၃ နာရီအထိပါပဲ။ ဒီလိုပက်မထုတ်ရင် သမ္ဗန်မြုပ်ပြီး တပ်ထားတဲ့ စက် တွေထဲ ရေဝင်ပြီးပျက်စီးသွားမှာလို့ ဒေါ်ကြင်သန်းက ဆိုပါတယ်။ အဲဒီလို ရေခပ်ထုတ်ပေးရလို့ ပိုက်ဆံတော့ ပိုမရပါဘူး။ တစ်ခါ တလေမှာတော့ အလိုက်သိတတ်တဲ့ သမ္ဗန်ပိုင်ရှင်တွေက သူတို့ ကိုယ်တိုင် ရေလာခပ်ထုတ်ပေးတယ်လို့ သူက ဆိုပါတယ်။

သူ့ဘဝအတွက် အမှတ်ရနေတာကတော့ နာဂစ်မုန်တိုင်းတိုက်ခတ်တုန်းကပါပဲ။ အဲဒီအချိန်တုန်းကတော့ သူနဲ့ သား အလတ်ဖြစ်သူတို့ သမ္ဗန်စောင့်တာဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကျမယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကို သတိပေးသံတွေ ဆော်သြနေပေမယ့် ဘယ်သူမှ အလေးမထားကြသလို သူကိုယ်တိုင်လည်း အလေးမထားခဲ့ဘူး လို့ ဒေါ်ကြင်သန်းက ပြောပါတယ်။

ဒါကြောင့် သူတို့သားအမိတွေဟာ ပုံမှန်လုပ်နေကျ အတိုင်းပဲ သမ္ဗန်တွေကို စီတာ၊ ကြိုးချည်တာတွေ လုပ်လိုက်ပါ သေးတယ်။ လေစတိုက်တော့လည်း သူနဲ့ သူ့သားဟာ လှေဝမ်း ထဲမှာ ထိုင်ရင်း မိုးရိပ်မိုးကဲကို စောင့်ကြည့်နေခဲ့ကြပါတယ်။

နောက်ပိုင်း တဖြည်းဖြည်းလှိုင်းထလာသလို မိုးလေ လည်း ကြမ်းလာတဲ့အခါမှာတော့ သားဖြစ်သူက သူ့ကို ရွာထဲက သမ္ဗန်ပိုင်ရှင်တွေကို သွားနှိုးဖို့ပြောပါတယ်။ သူ ရွာထဲရောက် တဲ့အခါ မြစ်ရေဟာ သူ့ပေါင်ရင်းထိ တက်လာတယ်လို့ သူက ပြောပြပါတယ်။ အဲဒီလို မိုးလေတွေထဲမှာ တစ်ယောက်တည်း သွားနေတဲ့ သူ့ကို အုပ်ချုပ်ရေးမှူးက သူ့အိမ်ထဲမှာ ခေါ်ထားလိုက်တာကြောင့် သူလည်း အုပ်ချုပ်ရေးမှူးအိမ်မှာ တစ်ညလုံး နေခဲ့တယ်လို့ သူက ပြောပြပါတယ်။

မုန်တိုင်းကြောင့် လှိုင်းလုံးတွေ တဝုန်းဝုန်းတက်လာတဲ့ အခါမှာ ရပ်ကွက်လမ်းတွေလည်း ရေတိုက်စားသွားတာကြောင့် မြစ်ဆိပ်နားက အိမ်တွေလည်း ပြိုကျသွားပြီး အဲဒီနားက လူတွေ လည်း ကုန်းပေါ် တက်ပြေးခဲ့ရတယ်လို့ ဦးသန်းထွန်းက ပြောပြ   ပါတယ်။

လေတွေ တဝုန်းဝုန်းတိုက်လာတဲ့အခါမှာ ရွှေသရဖူဆိုတဲ့ ကုန်တင်သဘောၤကြီးကလည်း သူတို့မြစ်ဆိပ်တစ်လျှောက်က ရှိသမျှသဗ္မာန်တွေအကုန်လုံးကို ဝင်တိုက်သွားလို့ တစ်စီးမှ ရစရာ မရှိဘူးလို့ သူက ပြောပြပါတယ်။

““သမ္ဗန်တွေကို နင်းချေထားသလိုပဲ”” လို့ သူက ဆိုပါတယ်။

အဲဒီ ၂ဝဝ၈ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနဲ့ ဧရာ ဝတီတိုင်းဒေသကြီးမှာဆိုရင် လူပေါင်း တစ်သိန်းလေးသောင်း သေကျေပျောက်ဆုံးခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ သမ္ဗန်ဆိပ်မှာ လှေစောင့်ရင်း နေရစ်ခဲ့တဲ့ ဒေါ်ကြင်သန်းသားကတော့ အသက်ဘေးနဲ့ လွတ်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

မြစ်ဆိပ်နားက ဒေါ်ကြင်သန်းတို့အိမ်လည်း မုန်တိုင်းထဲ ပါသွားလို့ သူတို့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ကျန်ခဲ့ တယ်လို့ပြောရင်း အရင်သူ့အိမ်ဟောင်းနေရာကို လက်ညှိုးထိုး ပြပါတယ်။ သူထိုးပြတဲ့နေရာမှာတော့ ခဲပုပ်ရောင်ရွှံ့ နွံတွေနဲ့ သမ္ဗန်အဟောင်းတစ်စီးကို လှမ်းမြင်လိုက်ရတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရေတိုက်စားမှုကြောင့် ကမ်း ပြို၊ အိမ်ပါသွားတဲ့ သူတွေအတွက် လယ်သမားတွေဆီက မြေ အလှူခံပြီး မြေနေရာ မဲဖောက်ပေးခဲ့တယ်လို့ ဦးသန်းထွန်းက ဆိုပါတယ်။ ဒါပေမဲ့ ပျက်စီးသွားတဲ့ လှေတွေအတွက်တော့ ဘာ ထောက်ပံ့ကြေးမှ မရခဲ့ဘူးလို့ စက်လှေသမားတွေက ဆိုကြ ပါတယ်။

““အဲဒီတုန်းက တော်တော်ဒုက္ခရောက်ခဲ့ရတာ၊ ဝါးတိုင်တွေ လည်း အကြွေးယူပြီး ပြန်စိုက်ခဲ့ရတာ””လို့ ဦးသန်းထွန်းက ဆိုပါတယ်။

 

အလှူဒါယကာမကြီး ဒေါ်ကြင်သန်း

ဒေါ်ကြင်သန်းဟာ အလုပ်သိမ်းလို့ မနက်ပိုင်း ခုနစ်နာရီ ဝန်းကျင်လောက် အိမ်ပြန်ရောက်တာနဲ့ ထမင်း၊ ဟင်း အမြန် ချက်ပြီး ဘုန်းကြီးကျောင်းလေးကျောင်းကို ဆွမ်းကပ်လှူသလို ဘုန်းကြီးတွေကိုလည်း တစ်ပါးကို ၂ဝဝ ကျပ် လှူဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အလှူအတန်းလုပ်ရတဲ့ သူ့ရည်ရွယ်ချက်ကတော့ နောင်ဘဝမှာ သာသနာပြုနိုင်တဲ့ ပုဂ်္ဂိုလ်ထူး ဖြစ်ချင်လို့ဖြစ်တယ် လို့ သူ့ခံယူချက်ကို ပြောပြပါတယ်။ ဒီလိုလှူဒါန်းတာက အခုလို လင်မယားနှစ်ယောက် ပိုက်ဆံပြေလည်လာမှ မဟုတ်ပါဘူး။ မိသားစု အဆင်မပြေတုန်းကဆိုရင် လှူစရာငွေကြေး မရှိတာ ကြောင့် သူ့ဆံပင်ကို သုံးခါအထိဖြတ်ပြီး အလှူလုပ်တယ်လို့ သူက ပြောပြပါတယ်။

ဒေါ်ကြင်သန်းက သူ့ဘဝမှာ ငွေကြေးချမ်းချမ်းသာသာနဲ့ နေထိုင်ရတာထက် ဘုရားရိပ်၊ တရားရိပ် ခိုချင်နေပြီလို့ သူကဆို ပါတယ်။ နောင်ရေးအတွက် စုဆောင်းထားတဲ့ ငွေကြေးတော့ သူမှာမရှိပေမယ့် လက်ရှိ သူထပ်စိုက်ထားတဲ့ ဝါးတိုင်ဖိုးအကြွေး တစ်သိန်းပေးဖို့ရှိတယ်လို့ ရယ်မောရင်း သူက ပြောပါတယ်။

ဒီအကြွေးသာမရှိရင် အခုအလုပ်ကို နားပြီးတော့  ကျိုက္ခမီ မှာရှိတဲ့ သူ့အစ်ကိုကြီးဆီကို ရောက်နေပြီလို့ သူက ဆိုပါတယ်။ အခုမှာတော့ အအိပ်ပျက်၊ အစားပျက်နဲ့ တစ်ပိုင်တစ်နိုင်လုပ်ခဲ့တဲ့ ဒီအလုပ်လေးက သူတို့လင်မယားနှစ်ဦးရဲ့ ကျန်းမာရေးကို ပြန် ထိခိုက်လာပါပြီ။ သူတို့လည်း ကောင်းကောင်းမလုပ်နိုင်တော့  ပါဘူး။

ဒါကြောင့် ဒီမိုးရာသီမှာ လက်ရှိဝါးတိုင်ဖိုး အကြွေးတစ် သိန်းကျေရင် သမ္ဗန်စောင့်တဲ့ အလုပ်က နားတော့မယ်လို့ ဆိုပါ တယ်။ သူ့သားသမီးတွေထဲက လုပ်ချင်တဲ့သူရှိရင် လွှဲပေးထား လိုက်တော့မယ်လို့လည်း သူက ဆက်ပြောပါတယ်။

သူကတော့ ကျိုက္ခမီမှာရှိတဲ့ သူ့အစ်ကိုကြီးအိမ်ကိုသွားပြီး တရားဓမ္မအားထုတ်ဖို့ အရေးကို စိတ်အားထက်သန်စွာ သူက ပြောရင်း ရန်ကုန်မြစ်တစ်ဖက်ကို ငေးကြည့်နေပါတယ်။ ဖြတ်ကူး လာတုန်းက လှိုင်းလေအနည်းငယ်ထပြီး ရွှံ့ နွံနံ့သင်းနေတဲ့ ဝါ ကြင့်ကြင့် ရန်ကုန်မြစ်ပြင်ကတော့ နောက်တစ်ခါ ဒီရေတက်ဖို့ အားယူရင်း ငြိမ်သက်နေပါတယ်။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

Website: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."