မုံရွာ-၂၀၂၂ ဇန်နဝါရီ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော် မုံရွာမြို့က၊ ကန်သာဦးရပ်ကွက်၊ ကန်သာယာရေကန်အနီးမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးဘေးက ကန်သာယာကုန်စိမ်းဈေးကို လွတ်လပ်ရေးနေ့(မနက်ဖြန်)မှာ ပိတ်ထားဖို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောတဲ့အတွက် ဈေးကို ပိတ်ထားရတယ်လို့ ကန်သာယာဈေးမှာရောင်းချနေတဲ့ ဈေးသည်တစ်ဦးကပြောပါတယ်။
“စစ်သားတွေကပိတ်ခိုင်းတာ။ မနက်ဖြန်တစ်ရက်ပိတ်ပေးဖို့ပြောတာ။ ငါတို့ကစက်ကွင်းမလွတ်မှာစိုးလို့။ ငါတို့ကကြောက်လို့ဟေ့။ စစ်သားတွေကလူစိတ်ရှိတာမဟုတ်ဘူး” လို့ အထက်ပါဈေးသည်က ပြောပါတယ်။
မနက်ဖြန်ကျရောက်မယ့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကန်သာယာရေကန်အတွင်းက လွတ်လပ်ရေးကျောက်တိုင်မှာ ကျင်းပဖို့ရှိတာကြောင့် ပိတ်ခိုင်းတာလို့ ဒေသခံတချို့ကလည်း ပြောကြပါတယ်။
လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမယ့် ကန်သာယာကျောက်တိုင်နေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူနေကြတာရှိပြီး မုံရွာမြို့တွင်းလမ်းမတွေပေါ်မှာလည်း စစ်ဆေးမှုတွေ တင်းကြပ်နေတာရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ မုံရွာဒေသအခြေစိုက် အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ (SRAF-MWA) အဖွဲ့ကလည်း ပြည်သူတွေအနေနဲ့ လွတ်လပ်ရေးနေ့မှာ မနက် ၄နာရီကနေ ၁၁နာရီအထိ အခမ်းအနားလုပ်မယ့် ကန်သာယာကျောက်တိုင်၊ လွှတ်တော်ရုံးနဲ့ မြို့တော်ခန်းမအနီး သွားလာတာ မလုပ်ကြဖို့ ၎င်းတိုရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ အသိပေး သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ- ယနေ့ ပိတ်သိမ်းထားရသည့် ကန်သာယာဈေးမြင်ကွင်း
ဓါတ်ပုံ- မော်ကွန်း
#Dailynews

