ကချင်ပြည်ကို လွတ်လပ်သော ကချင်နိုင်ငံတော်အဖြစ် တည်ထောင်ရန် သဘောတူဆုံးဖြတ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်း မိုင်မြို့တွင် ကျင်းပသည့် ကချင်လူမျိုးများ၏အမျိုးသားညီလာခံမှ ထုတ်ပြန်လိုက်သည်။
ဇန်နဝါရီ ၁၂ မှ ၁၄ ရက်အထိ ကျင်းပခဲ့သော ယင်းညီလာခံမှ လွတ်လပ်သောကချင်နိုင်ငံတော်ကို ထူထောင်ရာတွင် မိမိလူမျိုးတို့၏ ခိုင်မာသောသမိုင်းဖြစ်စဉ်များ၊ နိုင်ငံတကာဥပဒေ၊လုပ်ထုံးလုပ်နည်းများကိုကျင့်သုံးသည့်လမ်းစဉ်နှင့် ငြိမ်း ချမ်းသော နိုင်ငံရေးဆွေးနွေးသည့်လမ်းစဉ်များဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန် ညီလာခံကသဘောတူဆုံးဖြတ် ကြောင်း ထုတ်ပြန်သည်။
ယင်းအပြင် ကချင်ပြည်သူလူထုများ၏ အနာဂတ်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အသက်အိုးအိမ်စည်းစိမ်နှင့် မြေယာလုံခြုံမှုဆိုင်ရာ ကိစ္စများကို ဆက်လက်လုပ်ဆောင်သွားကြရန်လည်း သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လွတ်လပ်သည့်ကချင်နိုင်ငံတော် တည်ထောင်ရေးဆုံးဖြတ်ချက်သည် ညီလာခံကျင်းပသည့် အဖွဲ့အစည်းများ၏ သဘော ထားနှင့်အမြင်သာဖြစ်ပြီး ယင်းဆွေးနွေးပွဲကိုလည်း တက်ရောက်ရခြင်းမရှိသည့်အပြင် ယင်းထုတ်ပြန်ချက်ပေါ်တွင် ထောက်ခံမှုပြုခြင်း၊ မပြုခြင်းမရှိကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ချို့က မှတ်ချက်ပြုသည်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP)၏ဥက္ကဌ ဒေါက်တာတူးဂျာက “ ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကတော့ သူတို့ရဲ့ လိုလားချက်၊ သူတို့ရဲ့ ပြောကြားချက်အဖြစ် ထုတ်ပြန်တာပေါ့ဗျာ။ ပြည်ပမှာရှိတဲ့ ကချင်တိုင်းရင်းသားတစ်ချို့ပေါ့။ အားလုံးတော့ မဟုတ်ပါဘူး။ ဒီလိုအယူအဆမျိုးလည်း ရှိကြပါတယ်” ဟု ဒေါက်တာ တူးဂျာက ပြောသည်။
၎င်းကဆက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကတိကဝတ်ပြုခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးသည်သာ သူတို့ ပါတီ၏ လိုလားချက်ဖြစ်ပြီး ခံယူချက်အနေဖြင့် ခွဲထွက်ရေးမပါ သည့် ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသည်ဟု ဆိုသည်။
ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် ယင်းညီလာခံကို ကချင်အမျိုးသားအဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များ၊ ဘာသာရေး အဖွဲ့အသီးသီးမှခေါင်းဆောင်များ၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များ၊ ကချင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ကချင်လူမှုဖွံ့ဖြိုးရေးအသင်းအသီးသီးမှခေါင်းဆောင်များအပါအဝင် လူဦးရေ ၂၀၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
- #mawkun
- #magazine
- #chronicle