လောင်စာဆီစျေးနှုန်း ခုန်တက်သွားတာကြောင့် အငှားယာဉ်မောင်းတွေနဲ့ အသေးစား၊အလတ်စားလုပ်ငန်းတွေ အခက်တွေ့

လောင်စာဆီစျေးနှုန်း ခုန်တက်သွားတာကြောင့် အငှားယာဉ်မောင်းတွေနဲ့ အသေးစား၊အလတ်စားလုပ်ငန်းတွေ အခက်တွေ့

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁ (မော်ကွန်း)

ဒီနေ့မနက်ပိုင်းမှာ လောင်စာဆီဈေးနှုန်းတွေ ရုတ်တရတ်ခုန်တက်သွားတာကြောင့် အငှားယာဉ်မောင်းတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ဓာတ်ဆီ 92 Ron တစ်လီတာကို ၂,၁၀၀ ကျပ်ကျော်ဝန်းကျင်မှာ ရှိနေရာက ဒီနေ့မနက်ပိုင်းမှာ တစ်လီတကာကို ၂,၅၁၀ ကျပ်ထိ မြင့်တက်ခဲ့သလို 95 Ron ကလည်း ၂,၃၀၀ ကျပ်ကနေ ၂,၆၄၀ ကျပ်အထိ ခုန်တက်သွားခဲ့တာပါ။

ဓာတ်ဆီဈေးဟာ တစ်ရက်အတွင်း အခုလို တစ်လီတာကို ကျပ် ၃၄၀ ဝန်းကျင်ထိ မြင့်တက်ခဲ့တာဖြစ်တဲ့အတွက် ဒီနေ့တစ်နေ့လုံး ကားမဆွဲဘဲ ရပ်ထားရတယ်လို့ တာမွေမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုအောင်ကိုဦးက ပြောပါတယ်။

“ခရီးသည်တွေကို ကားခတိုးတောင်းတော့လည်း အဆင်မပြေပါဘူး။ ဒီလောက်ကြပ်တည်းနေတဲ့ ကာလမှာ တိုးတောင်းလို့လည်း အဆင်မပြေဘူး။ ဘာမှလုပ်မရတော့ ကျွန်တော်ကတော့ ကားပါထိုးရပ်ထားရတယ်။ ထွက်တာနဲ့ ဆီကုန်မှာဆိုတော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အခုလို စက်သုံးဆီဈေးမြင့်တက်ခဲ့တာဟာ အငှားယာဉ်မောင်းတွေအပြင် အသေးစားလုပ်ငန်းအချို့လည်း ထိခိုက်မှုရှိလာတယ်လို့ ရန်ကုန်မြို့တွင်း သောက်ရေသန့်ပို့တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ ကိုကျော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ပုံမှန် တစ်ရက်ကို ဆီဖိုး တစ်သောင်း၊ တစ်သောင်းခွဲလောက်ပဲကျရာကနေ အခုတက်သွားတော့ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ထိဖြစ်သွားတယ်။ ကျွန်တော်တို့ အမြတ်ထဲက နုတ်လိုက်ရတာပေါ့။ အဲ့ဒီလို ဆီဈေးတက်လို့ဆိုပြီး ဈေးလိုက်တက်လို့လည်း မရသေးတော့ ကိုယ်ပဲ အိတ်ထဲကပိုစိုက်လိုက်ရတယ်။ အမြတ်တော့ လျော့သွားတာပေါ့” လို့ ကိုကျော်ဦးက ပြောပါတယ်။

အခုလို စက်သုံးဆီဈေး သိသိသာသာ ခုန်တက်လာတာဟာ စစ်ကောင်စီက ယခုလ ၅ ရက်ကစပြီး စက်မှုဇုန်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်အစီအစဉ်နဲ့ စက်သုံးဆီ ထုတ်ရောင်းပေးတော့မှာမဟုတ်ဘဲ မိမိအစီအစဉ်နဲ့ပဲ တင်သွင်းဖို့ ညွှန်ကြားလိုက်တာကြောင့်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တောင်ဒဂုံစက်မှုဇုန်က ဘတ္ထရီထုတ်လုပ်ရေး လုပ်ကိုင်သူတစ်ဦးကတော့ “အခုက ကျွန်တော်တို့ကြားတာက အပြင်က စက်ရုံလုပ်ငန်းရှင်ကြီးတွေက ဆီလိုချင်ရင် ကိုယ့်ဘာသာ သွင်းကုန်လိုင်စင်လျှောက်ပြီး တင်ရတော့မယ်ပေါ့။ သူတို့ ရည်ညွှန်းဈေးနဲ့ ချပေးတော့မှာမဟုတ်ဘူး။ အပြင်ပေါက်ဈေးနဲ့ ဝယ်ရမယ်လို့ သတင်းတွေထွက်လာတာ။ တရားဝင်တော့ ထုတ်ပြန်ထားတာမတွေ့သေးပေမယ့် အဲ့ဒီလိုပဲ သတင်းတွေကြားနေရတာ။ ဆီဈေးကလည်း အဲ့ဒါကြောင့် ခုန်တက်သွားတယ်လို့ သုံးသပ်ကြတာပေါ့” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့တွင်းအပါအဝင် နိုင်ငံတစ်ဝှမ်းက စက်သုံးဆီဆိုင်တွေမှာ ဆီအလုံအလောက် ဝယ်ယူလို့မရဘဲ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ကာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူရတဲ့အခြေအနေတွေ ဖြစ်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီ အလုံအလောက်ရှိပြီး ပုံမှန်အတိုင်းရောင်းပေးနေတယ်လို့ ပြီးခဲ့တဲ့လပိုင်းက ပြောထားသလို ပြည်တွင်းမှာ 92 Ron ဂါလံ ၁၃ သန်းကျော်ထိရှိပြီး နောက်ထပ်လည်း ဆီတင်သင်္ဘောတွေ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ပုံစာ – ရန်ကုန်မြို့က စက်သုံးဆီဆိုင်ကို မြင်တွေ့ရစဉ်

ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."